အခန်း (၆၈၃)
Vol. 46 Ch. 683
သွေးသွားလူဆိုးထိန်း၏ စံအိမ်ထဲတွင် …
ယွမ်လိဟောင်က စာကြည့်ခန်းထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် အစိမ်းဝတ် မုန့်ချီက စာအုပ်စင်ရှေ့၌ တိတ်တဆိတ်ရပ်နေပြီး သူ စုဆောင်းထားသော စာအုပ်များကို စိတ်ဝင်တစား ငေးကြည့်နေကြောင်း တွေ့လိုက်ရသည်။ အလွန်တည်ငြိမ်သော သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်နေခဲ့၏။
သူက တံခါးကို ပြန်လှည့်ပိတ်လိုက်ပြီး အကာအကွယ် မှော်အစွမ်းကို အသက်သွင်းလိုက်သည်။
"မင်းက မြို့ထဲကနေ ထွက်သွားပြီလို့ ငါထင်နေတာ..."
ယွမ်လိဟောင်က ပြောလိုက်ပြီး မုန့်ချီကို လှည့်ကြည့်လိုက်သည်။ မုန့်ချီက ကျိုးဟမ်ကို အင်မော်တယ်အဖွဲ့နှင့် ပူးပေါင်းစေခဲ့ပြီး တာအိုလောကသိုင်းကွက်ကို နားလည်ခွင့်ရရန် စီစဉ်ပေးလိုက်ပြီးနောက် ကောင်းကင် (၉) သွယ် အပျက်အစီးက အန္တရာယ်များသော ကိစ္စတစ်ခုဖြစ်ကြောင်း ယူဆမိသည့်အတွက် ထိုအရာကို တတ်နိုင်သမျှ ရှောင်တိမ်းချင်ခဲ့သည်။
လက်ထဲတွင် ကိုင်ထားသော စာအုပ်ကိုချလိုက်ပြီး မုန့်ချီက စနောက်သလို ပြောလိုက်၏။
"ငါက မင်းကိုမနှုတ်ဆက်ဘဲ ဘယ်လိုထွက်သွားနိုင်မှာလဲ…"
မုန့်ချီကလည်း သူ့လို လူပြောင်တစ်ယောက်ဖြစ်ကြောင်း ယွမ်လိဟောင်က သိနေခဲ့၏။ သူက တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။
"ငါက ဒီနေ့ပဲ သတင်းအသစ် ထပ်ရခဲ့တယ်…"
"အဲဒါက ကောင်းကင် (၉) သွယ် အပျက်အစီးနဲ့ ပတ်သက်နေတာလား…"
မုန့်ချီက စားပွဲခုံပေါ်တွင် ရှိနေသော ခရမ်းရောင်ရေနွေးအိုးလေးကို ကောက်ယူပြီး သူတို့ (၂) ယောက်အတွက် ရေနွေးငှဲ့လိုက်သည်။
ယွမ်လိဟောင်က သူ့ကို သူစိမ်းတစ်ယောက်ကဲ့သို့ ဆက်ဆံနေခဲ့ခြင်း မရှိချေ။ သူက ထိုင်ခုံတွင်ထိုင်၍ လျင်မြန်စွာ စစ်ဆေးကြည့်လိုက်ပြီးနောက် ရေနွေးတစ်ငုံ သောက်လိုက်သည်။
"ပိုင်နင်က ကောင်းကင် (၉) သွယ် အပျက်အစီး ဝင်ပေါက်မြေပုံတစ်ဝက်ပဲ ယူလာခဲ့တာ မဟုတ်ဘူး။ သူက မြေပုံတစ်ခုလုံးကို ယူလာခဲ့တာ..."
"တခြားတစ်ဝက်ကရော ဘယ်မှာလဲ…"
စွန်းယွဲ့ရှိုနှင့် သူမ၏ဂိုဏ်းသားများက မည်သည့်အရာကို တိုက်ခိုက်နေကြကြောင်း ယခုတော့ မုန့်ချီက နားလည်သွားခဲ့ပြီ ဖြစ်သည်။
မုန့်ချီ၏ ထက်မြက်မှုကို နားလည်နေသည့်အတွက် ယွမ်လိဟောင်က အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
"ဘုရင်ကြီးနဲ့ နန်းတွင်းက ကတိမတည်ဘဲ သူ့ကို တိတ်တဆိတ် သတ်ပစ်မှာကို စိုးရိမ်နေတဲ့အတွက် ပိုင်နင်က တခြားတစ်ဝက်ကို သူ့ရဲ့အစ်ကိုပိုင်ချုံဆီမှာ ပေးထားခဲ့တာ...။ ပိုင်ချုံဆိုတာက ကျင်းအင်ပါယာထဲမှာ ခရီးသွားလာနေတဲ့ ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်ပဲ။ သူက ဘာသာရေးဂိုဏ်း (၃) ခုနဲ့လည်း မိတ်ဆွေဖြစ်နေတယ်။ လက်ရှိအချိန်မှာတော့ သူက လော့ရန်ဈေးထဲမှာ ပုန်းအောင်းနေတယ်။ သူ့ကို မြန်မြန်ရှာတွေ့ဖို့က တော်တော်လေးကို ခက်လိမ့်မယ်။ သူ့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ ပိုင်နင်တစ်ယောက်တည်းပဲ သိတာ..."
မုန့်ချီက ရေနွေးခွက်ကို ကိုင်ထားရင်း အေးအေးဆေးဆေး ကြည့်နေခဲ့သည်။ သူက ပိုင်ချုံ၏အကြောင်းကို ကြားခဲ့ဖူး၏။ လွန်ခဲ့သော နှစ် (၂ဝ) ခန့်တွင် စုဝူမင်က လောကတခွင်လုံး နာမည်ကြီးနေခဲ့အချိန်တွင် ပိုင်ချုံက ကျင်းအင်ပါယာထဲသို့ ရောက်လာခဲ့ပြီး တောင်ပိုင်းနှင့် အလယ်ပိုင်း စီရင်စုကဲ့သို့ နေရာမျိုးတွင် နာမည်တစ်ခု တည်ဆောက်နိုင်ခဲ့သည်။
သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာများကြောင့် နာမည်ကျော်ကြားလာခဲ့၏။ ထို့ပြင် သူက မိတ်ဆွေဖွဲ့ရာတွင် အလွန်ကျွမ်းကျင်ပြီး မိတ်ဆွေများစွာ ရှိနေခဲ့သည်။ သူက အလွန်ထူးချွန်သော လူတစ်ယောက်ဟုပင် သတ်မှတ်နိုင်၏။
ယနေ့တော့ စုဝူမင်က ဓမ္မကာရတစ်ဝက်အဆင့်ကို ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီး မြေပြင်မှတ်တမ်းတွင် ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်နေခဲ့သည်။ သူကတော့ ဓမ္မကာရအဆင့်ကို ရောက်နိုင်သော ခရီးလမ်းနှင့် အတော်ဝေးဝေးကို လျှောက်လှမ်းနေခဲ့ပြီးသား ဖြစ်သည်။ တစ်ဖက်တွင်တော့ ပိုင်ချုံက ဒုတိယကောင်းကင်လှေကားအဆင့်တွင် ရပ်တန့်နေခဲ့၏။ သိုင်းသခင် တစ်ယောက်ဖြစ်ချင်နေသော သူ့အနာဂတ်က မှေးမှိန်လာပုံရသည်။
"စွန်းယွဲ့ရှိုနှင့် သူ့ဂိုဏ်းသားတွေက လော့ရန်မှာရှိတဲ့ ယပ်တောင် (၆) လက်ကျောင်းနဲ့ နန်းတွင်းတို့ထက်အရင် ကောင်းကင် (၉) သွယ်အပျက်အစီး ဝင်ပေါက်မြေပုံ အကြောင်းကို ဘယ်လိုရှာတွေ့သွားခဲ့တာလဲ။ တစ်ယောက်ယောက်က ပညာရှင်တွေဆီကို တမင်တကာ ရည်ရွယ်ပြီး ဒီသတင်းတွေ ဖြန့်လိုက်တာလား…"
မုန့်ချီက ကူရှောင်စန်းကို တွေးလိုက်မိသည်။ သူမက လူမရှိသော တောင်ကြားထဲတွင် ပုန်းနေသည့် သစ်ခွလေးတစ်ပင်ကဲ့သို့ ဖြစ်နေ၏။
‘ဒီမိန်းကလေးလုပ်တယ်ဆိုတာ (၉၀) ရာခိုင်နှုန်းတော့ သေချာတယ်..’
“ကျိုးမိသားစုနဲ့ နန်းတွင်းအရာရှိတွေကရော ဘာတွေပြင်ဆင်နေကြတာလဲ.."
မုန့်ချီက သတိထား၍ မေးလိုက်သည်။
ယွမ်လိဟောင်က အပြုံးနှင့် ပြောလိုက်၏။
"ငါက နန်းတွင်းရဲ့ကိုယ်စား တိုက်ရိုက်ဆွေးနွေးတာ အကောင်းဆုံးလို့ ပြောခဲ့တယ်။ ဝင်ပေါက်မြေပုံအကြောင်းကို ဆွေးနွေးတာက အရမ်းနောက်ကျဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အရာရှိတွေအားလုံးက အထက်တန်းလွှာမိသားစုဝင်တွေ ဖြစ်နေတယ်လေ။ သူတို့မှာလည်း ကိုယ်ပိုင်အဖွဲ့အစည်းတွေ ရှိနေကြတယ်။ ဒီတော့ သူတို့က တခြားမိသားစုတွေကို အကျိုးအမြတ်တွေရယူဖို့ ခွင့်မပြုသလို ကျိုးမိသားစုကိုလည်း ဦးဆောင်ခွင့်မပေးချင်ဘူး။ ဉာဏ်ကောင်းတဲ့ ပြိုင်ဘက်ကင်းသိုင်းပညာရှင်တွေကတော့ ရူးမိုက်တဲ့ လှည့်ကွက်တွေ လုပ်နေကြတာပဲ။ အပေါ်ယံမှာတော့ သူတို့က အမှန်တရားနာမည်ခံပြီး ညှိနှိုင်းဆွေးနွေးနေကြတယ်။ အောက်ဘက်မှာတော့ သူတို့က အချင်းချင်း တိတ်တဆိတ် ဆက်သွယ်နေကြတာပဲ။ ပိုင်နင်က (၂) ဖက်လုံးကနေ အကျိုးအမြတ် ရယူနေတဲ့အတွက် သူကတော့ ဆန့်ကျင်ဖို့ ငြင်းဆန်လိမ့်မယ်…”
“ပြီးတော့ ဒဏ်ရာ ကုသနေတဲ့ လန်းယာ့ ရွမ်ကလန်နဲ့ မြစ်အရှေ့ပိုင်း ဝမ်ကလန်တို့ကတော့ သူတို့ရဲ့ဘိုးဘေးသင်ကြားမှုတွေကြောင့် ဒီနေရာကို ရောက်လာဖို့ နှောင့်နှေးမယ်လို့ ပြောခဲ့ကြတယ်။ တခြားထိပ်တန်း အထက်တန်းလွှာ မိသားစုတွေကတော့ သူတို့ကို ကူညီပေးဖို့ ပညာရှင်တွေ အချိန်မီရောက်လာမယ်လို့ ယုံကြည်နေကြတယ်။ သူတို့မှာ နတ်ဘုရားလက်နက်တွေ ရတနာတွေလည်း တပ်ဆင်ထားကြတယ်…"
သူက ပြောလိုက်၏။
"အဆင့်မြင့် ခရမ်းဝိညာဉ် ကွေ့ချင်းဟယ်ကတောင် ဒီနေရာကို တိတ်တဆိတ် ရောက်လာမလား မသိဘူး…"
အကယ်၍ ထိပ်တန်းအထက်တန်းလွှာ မိသားစုများကသာ မတူညီသော အဖွဲ့အစည်းများထဲသို့ ရောက်ရှိနေမည်ဆိုလျှင် သူတို့ကို ပေါင်းစည်းရန် ခက်ခဲနိုင်သည်။ လော့ရန် ဝင်္ကပါထဲတွင်တော့ ကျိုးကလန်က ဓမ္မကာရတစ်ဝက် အဆင့်နှင့် နတ်ဘုရားလက်နက်တစ်ခု ရှိနေသည့်အတွက် အသာစီးရနေသည်မှာ သေချာသည်။ ထို့ကြောင့် ကွေ့ချင်းဟယ် ရောက်လာမည်ဟု ယွမ်လိဟောင်က ခန့်မှန်းထားခဲ့၏။
ယွမ်လိဟောင်က မတ်တပ်ရပ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သသည်။
"ငါက ဒုတိယကောင်းကင်လှေကားအဆင့်မှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တယ်။ ငါ့အတွက် သေဆုံးခြင်းက ခြေတစ်လှမ်းပဲ လိုတော့တယ်။ ငါက ရနိုင်သမျှ အခွင့်အရေးတိုင်းကို ယူရမှာပဲ။ အခုပိုင်ချုံရဲ့ အကြမ်းမျဉ်းတည်နေရာကို ငါတို့က သိနေပြီ။ ကျေးဇူးပြုပြီး ငါ့ကိုကူညီပေးပါ။ ဒီအရာတွေ ပြီးသွားပြီဆိုရင် ငါက ငါ့ရဲ့ကျင့်စဉ်ကို အကူအညီပေးနိုင်တဲ့ ပစ္စည်းတွေပဲယူမယ်။ တခြားပစ္စည်းတွေကိုတော့ မင်းကိုပေးမယ်…"
အကယ်၍ သူက ဝင်ပေါက်မြေပုံတစ်ဝက်ကိုရခဲ့ပြီး ကောင်းကင် (၉) သွယ်ထဲသို့ ဝင်နိုင်ခြင်း မရှိလျှင်ပင် ထိုမြေပုံအတွက် တန်ကြေးတစ်ခုတောင်းဆို၍ ရနိုင်သည်။
မုန့်ချီကတော့ သက်သောင့်သက်သာ အမူအရာမျိုး ဖြစ်သွားပြီး ယွမ်လိဟောင်၏ မျက်လုံးထဲကို စိုက်ကြည့်လိုက်သည်။
"စီနီယာ … ဒါက ထောင်ချောက်တစ်ခုပဲ…"
တစ်ဖက်တွင်တော့ ပိုင်နင်က လောကတခွင်လုံးကို ဝင်ပေါက်မြေပုံတစ်ဝက် ပြသလိုက်သည်မှာ အထက်တန်းလွှာ မိသားစုများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် ဖြစ်သည်။ တစ်ဖက်တွင်တော့ ပိုင်ချုံက တခြားတစ်ဝက်ကို တိတ်တဆိတ် ဖုံးကွယ်ထားခဲ့ပြီး ဂိုဏ်းအဖွဲ့သားများ၊ တစ်ကိုယ်တော်ကျင့်ကြံသူများကို တိတ်တဆိတ် ဆွဲဆောင်နေခဲ့ခြင်း ဖြစ်သည်။ ထိုအရာကို စဉ်းစားမကြည့်လျှင်ပင် ထူးဆန်းနေကြောင်း ပြောနိုင်၏။
"ထောင်ချောက်တစ်ခုလား..."
ယွမ်လိဟောင်က မှင်တက်သွားခဲ့ပုံရသည်။ ထိုနေ့ရက်များ အတောအတွင်း သူ၏သတင်းအချက်အလက်က မုန့်ချီကို မယှဉ်နိုင်သော်လည်း သူက ပို၍အတွေ့အကြုံရှိကြောင်း သိနေခဲ့သည်။ သူက မုန့်ချီထက်ပို၍ အခြေအနေများကို ကြုံတွေ့ခဲ့ဖူး၏။ သူက ထိုထောင်ချောက်ကို မမြင်ရသည့် အကြောင်းပြချက်ကတော့ လောဘကြောင့်သာ ဖြစ်၏။
မုန့်ချီက စွန်းယွဲ့ရှိုနှင့် တခြားသူများ ဖြစ်ခဲ့သည့်အကြောင်းအရာကို အကြမ်းမျဉ်း ပြောပြလိုက်သည်။ နောက်ဆုံးတွင်တော့ သူက ပြောလိုက်၏။
"တကယ်လို့ သူတို့ကသာ ပိုင်ချုံကို လိုက်နေတာအမှန်ဆိုရင် သူတို့ရဲ့သတင်းက ဘယ်နေရာကနေ ထွက်လာတာလဲ…"
ယခု တည်ငြိမ်သွားပြီ ဖြစ်သည့်အတွက် ယွမ်လိဟောင်က ထိုကိစ္စတွင် ထူးဆန်းမှုများကို မြင်လာရသည်။
"တစ်ယောက်ယောက်က အခြေအနေ တစ်ရပ်လုံး ရှုပ်ထွေးလာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်အောင် စီစဉ်နေတာလား…”
‘တကယ်လို့ ငါကသာ နတ်ဆိုးမရဲ့အတွေးတွေ ဦးတည်ချက်တွေကို ခန့်မှန်းနိုင်မယ်ဆိုရင် ဒီနေရာမှာ ဘာလို့စကားလာပြောနေဦးမှာလဲ…’
မုန့်ချီက စိတ်ထဲတွင် တုံ့ပြန်ပြောဆိုမိသည်။
ထိုအစား အပေါ်ယံတွင်တော့ သူက အပြုံးနှင့် ပြောလိုက်၏။
"စီနီယာ … အခုတော့ ကျွန်တော်တို့က စောင့်ကြည့်နေလို့ပဲရမယ်…"
သူက စာချုပ်နှင့် ပတ်သက်၍ များများပြောဆိုနိုင်ခြင်း မရှိချေ။
"ဟင်းး….”
ယွမ်လိဟောင်က မျက်မှောင်ကြုတ်လိုက်မိ၏။
………..
မွှေးရနံ့များ သယ်ဆောင်ထားသော နွေးထွေးသည့် လေလှိုင်းများက လမ်းသွားလမ်းလာများကို ကြည်နူးသွားစေနိုင်သည်။ ညအချိန်ကတော့ ဆွဲဆောင်မှုများ ပြည့်နှက်နေခဲ့၏။ လမ်းမရှည်ကြီးကို အပြာရောင်ကျောက်တုံးများနှင့် ခင်းထားပြီး ရွှေမြစ်ကမ်း၏ကမ်းစပ်တွင်တော့ ခပ်မြင့်မြင့် သစ်ပင်တစ်ပင် ရှိနေခဲ့သည်။ လမ်းမပေါ်တွင် ရှိနေသော အဆောက်အဦးများဆီမှ ကျရောက်လာသော အလင်းရောင်များကြောင့် မြို့ကြီးက လှပနေသလို ထင်မှတ်ရသည်။
မုန့်ချီက သူ့ကိုယ်သူ ရုပ်ဖျက်ပြီး အစိမ်းရောင်ဝတ်စုံကိုဝတ်၍ မြစ်ကမ်းအတိုင်း လမ်းမပေါ်တွင် လမ်းလျှောက်နေခဲ့သည်။ သူက အဝေးတွင် ရှိနေသော ရွှေမြစ်ကမ်းတံတားဆီကို လျှောက်လာခဲ့၏။ ထိုနေရာတွင် ထူးထူးခြားခြားကို လူထူထပ်နေခဲ့သည်။
တချို့သော လမ်းသွားလမ်းလာများက သိမ်မွေ့ညင်သာစွာ စကားပြောနေကြ၏။ တချို့ကတော့ ဆူညံနေကြသည်။ တချို့ကတော့ အလျင်စလို သွားလာနေကြပြီး လမ်းဘေး (၂) ဖက်တွင်လည်း ဈေးဆိုင်များကိုလည်း တွေ့နေရ၏။ သူတို့က အဆောင်အယောင်များ၊ အဝတ်အစားများ၊ စားစရာ သကြားလုံးတုတ်ထိုးများကို ရွေးချယ်ဝယ်ယူနေကြသည်။
အလွန်ရှုပ်ထွေးနေသော အခြေအနေက သာမန်လူသားကမ္ဘာကြီး၏ အခိုက်အတန့်ကို ပြသနေခဲ့၏။ တံတားကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက သတိထားနေခဲ့သည်။ သူက နတ်ဆိုးမ၏အနားတွင် စိတ်အေးနေရဲခြင်း မရှိချေ။ ရုတ်တရက်ဆိုသလို သူက လမ်းလယ်တွင် ရပ်လိုက်မိ၏။
သူ့ရှေ့တွင် ရှိနေသော လူအုပ်ကြီးက လျင်မြန်စွာ ကြီးထွားလာပြီး သူက လူအုပ်ကြီး၏ အလယ်တွင် သာမန်ဟု ထင်မှတ်ရသော လူများကို အာရုံစိုက်လိုက်မိသည်။ လက်လုပ် လက်ဝတ်လက်စားများကို ရောင်းချနေသော အဘွားအိုတစ်ယောက်၊ တုတ်ထိုးသကြားလုံးများကို ရောင်းချနေသော အဘိုးအိုတစ်ယောက်၊ ပန်းချီဆွဲနေသော သက်လတ်ပိုင်းအရွယ် စာသင်သားတစ်ယောက်၊ ကံကြမ္မာဟောပြောသည့် စကားလုံးများ ရေးထားသည့် အလံတစ်ခုကို ကိုင်ထားသော မျက်နှာမည်းမည်းနှင့် တာအိုသခင်တစ်ယောက်၊ အနီရောင်အင်္ကျီနှင့် အစိမ်းရောင် ဂါဝန်ကိုဝတ်ထားသော မိန်းမပျိုတစ်ယောက်။
"တော်တော်စည်ကားတဲ့နေရာတစ်ခုပါလား…"
မုန့်ချီကတော့ အေးအေးဆေးဆေး လမ်းလျှောက်နေသယောင် ပြင်ဆင်လာခဲ့သည်။
သစ်သားဆံထိုး တာအိုသခင်၊ စွန်းယွဲ့ရှိုနှင့် ရန်ကျင်းရှိုတို့ သာမန်လူများအဖြစ် ရုပ်ဖျက်ထားမှုက တခြားလူများကို လှည့်စားနိုင်သော်လည်း အလွန်ထက်မြက်သော သူ၏စွမ်းရည်များကို လှည့်စားနိုင်ခြင်း မရှိချေ။
"ဒါဆိုရင် ပိုင်ချုံကရော ဒီည ဒီလမ်းပေါ်ကို လာမှာလား။ ကြည့်ရတာ နတ်ဆိုးမကူက ရွှေမြစ်ကမ်းတံတားမှာတွေ့ဖို့ တောင်းဆိုတဲ့အချိန် တစ်ခုခုစဉ်းစားနေတာ ထင်တယ်.."
ထိုအချိန်တွင် ရန်ကျင်းရှိုနှင့် စွန်းယွဲ့ရှိုတို့က လူအုပ်ကြီးထဲတွင် ရှိနေသော မုန့်ချီကို တွေ့သွားကြသည်။ မိန်းမပျို (၂) ယောက်က အံ့ဩသွားကြပုံပေါ်သော်လည်း ရုပ်ဖျက်ထားသော သူ့ကို မေးခွန်းများ မမေးနိုင်ကြပေ။
သူတို့က သူ့ကို စိတ်ဝိညာဉ် အသံပို့ဆောင်မှုနှင့် အန္တရာယ်ကို သတိပေးလိုက်ကြ၏။
"သခင်လေး …
ကျွန်မက စွန်းယွဲ့ရှိုပါ။ ဒီည ဒီလမ်းပေါ်မှာ ပြဿနာဖြစ်လိမ့်မယ်။ ကျေးဇူးပြုပြီး ချက်ချင်း ထွက်သွားပါ…"
မုန့်ချီက မှင်တက်သွားခဲ့ပြီး သူ့ကို ကျေးဇူးတင်သည့် အမူအရာနှင့် ခေါင်းညိတ်ပြလိုက်သည်။ သူက တခြားလမ်းတစ်ခုဆီသို့ ချိုးကွေ့သွားခဲ့ပြီး ရွှေမြစ်ကမ်းတံတားကို ကွေ့ပတ်သွားရန် ဆုံးဖြတ်လိုက်၏။
မုန့်ချီက သူတို့၏သတိပေးချက်ကို လက်ခံလိုက်ကြောင်း မြင်သည့်အချိန်မှသာ မိန်းမပျို (၂) ယောက်က သက်ပြင်းချလိုက်မိ၏။ စတုရန်းလမ်းကြား၊ စည်ကားခြင်းလမ်းကြားနှင့် ချမ်းသာခြင်းလမ်းကြားတို့ကို ဖြတ်ကျော်လာပြီးနောက် မုန့်ချီက တံတားကို နောက်တစ်ကြိမ် မြင်လိုက်ရသည်။
ထိုတံတားက မြစ်၏နာမည်အတိုင်း နာမည်ပေးထားကြသော်လည်း အဝေးမှ ကြည့်လိုက်မယ်ဆိုလည်း အတော်လေးကို အေးစက်ပြီး ခြောက်ကပ်နေသည်။ လူအနည်းစုကသာ ထိုတံတားကို အသုံးပြုတတ်ကြ၏။
မုန့်ချီက ကမ်းစပ်သို့ ရောက်လာသည့်အချိန်တွင် တံတားအောက်ခြေမှ လှေငယ်လေးတစ်စီး ပေါ်လာသည်ကို မြင်လိုက်ရသည်။ လှေပေါ်တွင် မိန်းမပျိုလေး တစ်ယောက်ထိုင်နေပြီး သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏မျက်နှာလေးက အလွန်နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းလွန်းလှသည်။ သူမကတော့ ရိုးရှင်းမှုနှင့် ကြီးကျယ်ခမ်းနားမှုများကို ပေါင်းစပ်ထားသလို ထင်မှတ်ရ၏။
ကူရှောင်စန်းက အလေးချိန်မရှိသည့်အလား လှေတစ်ဖက်တွင် ထိုင်နေခဲ့သည်။ သူမက နတ်သမီးလေးတစ်ပါးကဲ့သို့ မြစ်ရေထဲတွင် လှော်ခတ်နေပြီး သူမ၏မျက်လုံးများက ရွှန်းလဲ့နေခဲ့သည်။ ခရမ်းရောင် နှုတ်ခမ်းလေးများက တစ်ပိုင်းတစ်စ ဖွင့်ဟလာနေသည်မှာ အလွန်စိတ်လှုပ်ရှားစရာကောင်းလှ၏။
သူမက လက် (၂) ဖက်ကို လှေပေါ်သို့တင်ထားပြီး နောက်သို့ အနည်းငယ်မှီ၍ ရေလှိုင်းလေးများထဲတွင် ဆော့ကစားနေခဲ့သည်။ ထိုအရာက အတော်လေးကို ကြည်နူးစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။
"အစ်ကိုစု မလာသေးဘူးလား…"
ပထမဆုံးအကြိမ် ချစ်ခြင်းမေတ္တာကို အလေးထားနေသော အပြစ်ကင်းစင်သည့် မိန်းကလေးတစ်ယောက်ကဲ့သို့ ကူရှောင်စန်းက ချစ်စဖွယ် လှမ်းခေါ်လိုက်သည်။ သူမ၏အသံလေးက နားထဲတွင် ပျော်ဆင်းသွားသလို ခံစားလိုက်ရ၏။
နတ်ဆိုးမကူနှင့် အပြစ်ကင်းစင်သည်ဟူသော စကားလုံးက ကိုက်ညီမှုမရှိကြောင်း မုန့်ချီက သိနေခဲ့သည်။ သူက သက်ပြင်းချလိုက်ပြီး လှေပေါ်သို့ ခုန်ဆင်းသွားခဲ့၏။
ကူရှောင်စန်းကတော့ ရေထဲမှ ခြေထောက်ကို ရုတ်သိမ်းခဲ့ခြင်းမရှိဘဲ မုန့်ချီကို စိုက်ကြည့်နေခဲ့သည်။
"ယောကျ်ားက ဘာမှမစဉ်းစားဘဲ လှေပေါ်ကို တက်လာလို့ အံ့ဩနေတာ..."
"ငါတို့က စာချုပ်မှာ လက်မှတ်ထိုးမှတော့ လုပ်သင့်တဲ့အရာကို လုပ်ရမှာပဲလေ…"
မုန့်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ကူရှောင်စန်းက ပြုံးလိုက်၏။
"ယောကျ်ားရဲ့ပုံစံက ဘုန်းကြီးတစ်ပါးနဲ့တောင် ပိုပြီးတော့တူလာနေပြီပဲ…"
သူမက လက် (၂) ဖက်ကိုထောက်၍ မုန့်ချီ၏အနားသို့ ကပ်သွားခဲ့သည်။ သူမ၏ခြေထောက်ကတော့ ရေထဲတွင်သာ ရှိနေသေး၏။ သူမက အလွန်နူးညံ့သော သစ်ခွပန်းလေးတစ်ခုကဲ့သို့ ဖြစ်နေပြီး အနည်းငယ် စိတ်လှုပ်ရှားစရာကောင်းသည်။
"ယောကျ်ား …
ငါ နင့်ဆီက အကူအညီတောင်းချင်တယ်…"
"ကောင်းကင် (၉) သွယ်နဲ့ ပတ်သက်တာလား…"
မုန့်ချီက သူမ၏အနားမှ မသိမသာ အဝေးသို့ ရွှေ့သွားလိုက်သည်။
ကူရှောင်စန်းကတော့ ရွှန်းလဲ့နေသော မျက်လုံးကြီးများနှင့် လှည့်ကြည့်လိုက်၏။
"ငါက အစောပိုင်းတိုက်ပွဲမှာ ယင် ယန်လက်ဝါးချက်နဲ့ တိုက်ခိုက်ခံခဲ့ရတယ်။ တကယ်လို့ ငါကသာ ယင်နဲ့ယန်ကို ပေါင်းစည်းပြီး စိတ်ကျေနပ်မှု မရနိုင်ဘူးဆိုရင် အဲဒီရမ္မက်မီးတောက်တွေက ငါ့ရဲ့စိတ်ဝိညာဉ်ကို ချက်ချင်းလောင်ကျွမ်းပြီး ငါ့ရဲ့စိတ်ဝိညာဉ်က ပြာကျသွားလိမ့်မယ်…”
သူမက နောက်တစ်ကြိမ် နောက်သို့ မှီချလိုက်ပြီး သူမ၏အဖြူရောင် ဂါဝန်လေးကို ချွတ်ချရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် သူမ၏ လှုပ်ရှားမှုနှင့်အတူ ရင်ဘတ်က အနည်းငယ် ပွင့်သွားရာ အလွန်လှပသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။
မုန့်ချီက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူက တစ်ဖက်သို့ လှည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်၏။
"အပိုစကားတွေ ပြောမနေနဲ့…"
ကူရှောင်စန်းက ချက်ချင်းပင် တိုးတိုးလေး ရယ်လိုက်မိသည်။ သူမက မေးစေ့ကို လက်နှင့်ထောက်ပြီး ပြောလိုက်၏။
"ယောကျ်ား …
မသက်မသာဖြစ်နေတဲ့ နင့်ရဲ့မျက်နှာပုံစံက တော်တော်လေး သဘောကျဖို့ ကောင်းတယ်…"
"အဲဒီအရာက တကယ်ဖြစ်လာမှာကိုလည်း ဂရုစိုက်ဦး…"
မုန့်ချီက မနေနိုင်တော့ပဲ ပြန်ပြောလိုက်မိသည်။ သူမက သူ့ကိုကြည့်၍ရယ်နေကြောင်း သူလည်းသိ၏။
ကူရှောင်စန်းက ကြည်လင်တောက်ပနေသော မျက်လုံးလေးများကို လှုပ်ရှားလိုက်သည်။ သူမက အပြုံးနှင့် ပြောလိုက်၏။
"ယောကျ်ား …
နင်က အဲဒီအရာကို တကယ်ဖြစ်ချင်တယ်ဆိုရင် ငါက ခုခံမယ်လို့ ထင်လား။ ဒါမှမဟုတ် နင့်ရဲ့တောင်းဆိုမှုကို လက်ခံမယ်လို့ ထင်လား…"
"တော်လောက်ပြီ။ ငါက အရှက်မရှိတဲ့အရာမျိုးမှာ ဒီနတ်ဆိုးမနဲ့မပြိုင်သင့်ဘူး…"
မုန့်ချီက ချောင်းဟန့်လိုက်၏။
"နင်က ဘာလို့ငါ့ကိုရှာတာလဲ…"
သူမက အပြုံးလေးနှင့် အဝေးကိုကြည့်လိုက်ပြီး ရေထဲမှ ခြေထောက်ကို ရုတ်သိမ်းလိုက်သည်။ သူမ၏ခြေထောက်မှ ရေစက်လေးများ တစက်စက် ကျဆင်းနေသော်လည်း ခြေထောက်ပေါ်တွင်တော့ ရေစက်လေးများ လုံးဝမရှိချေ။ သူမက အဖြူရောင် ဖိနပ်တစ်စုံကို စီးလိုက်၏။
ထို့နောက် သူမက မုန့်ချီကို အေးအေးဆေးဆေး စိုက်ကြည့်လိုက်သည်။ သူမက မုန့်ချီကို လူစိမ်းတစ်ယောက်ကဲ့သို့ သတ်မှတ်ထားခြင်း မရှိချေ။ ထိုအရာများ လုပ်ဆောင်ပြီးသွားသည့်အချိန်တွင် သူမက ခြေထောက် (၂) ဖက်ကို ဘေးတွင် ချလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။
"ငါက ပိုင်နင်နဲ့ ပိုင်ချုံတို့ကို ကြိုးကိုင်နေတဲ့လူပဲ…"
"ငါ သိတယ်…"
မုန့်ချီက ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။
ကူရှောင်စန်းက ဉာဏ်နီဉာဏ်နက်များသော နတ်ဆိုးမတစ်ယောက်ကဲ့သို့ မုန့်ချီကို စိုက်ကြည့်လိုက်၏။
"ကောင်းကင် (၉) သွယ် ဝင်ပေါက်မြေပုံကလည်း ငါ့ရဲ့လက်ချက်ပဲ။ ငါက သေချာကြိုးစားလိုက်မယ်ဆိုရင်တောင် အဲဒီအရာကို ဖန်တီးလို့တော့ မရဘူးလေ…"
"နင်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ…"
မုန့်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ သူက ကူရှောင်စန်း၏မျက်လုံးကို စိုက်ကြည့်လိုက်၏။
သူမက လက်ဖဝါးလေးကို ညင်သာစွာဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ငါတို့က အတွေးရော နှလုံးသားရော တူနေတာပဲ။ ဒဏ္ဍာရီအဖွဲ့က ကောင်းကင် (၉)သွယ် အပျက်အစီးရဲ့ဝင်ပေါက်ကို ထိန်းချုပ်ထားတယ်။ ပြီးတော့ သူတို့က အဲဒီနေရာကို သူတို့ရဲ့စခန်းအဖြစ် သတ်မှတ်ထားတယ်။ ငါကတော့ ဟန်ကွမ်းကို မျှားမခေါ်ရင်လည်း အဆင်ပြေတယ်။ ငါက ဝင်ပေါက်ကို ဖြတ်ကျော်ဖို့အတွက် သံသရာတံဆိပ်ကိုသုံးပြီး ဝင်နိုင်တယ်။ ဒါပေမဲ့ ယောကျ်ား.. အဲဒါက နင့်အတွက်တော့ အသုံးမဝင်နိုင်ဘူး…"
မုန့်ချီက အံ့ဩမှင်တက်သွားခဲ့သည်။
"ဒါဆိုရင် ကောင်းကင် (၉) သွယ် အပျက်အစီးရဲ့ဝင်ပေါက်က ဒဏ္ဍာရီအဖွဲ့ရဲ့စခန်းကို ဦးတည်နေတယ်လို့ ပြောချင်တာလား…"
"ဟုတ်တယ်။ ငါက ပိုင်နင် ပေါ်လာအောင် စီစဉ်လိုက်ရတာက မြေပုံက အစစ်အမှန်ဖြစ်ကြောင်း ဒဏ္ဍာရီအဖွဲ့ကို ပြသဖို့ပဲ။ သူတို့အတွက် တစ်ခုတည်းသော ဦးတည်ချက်ကတော့ ကျန်တဲ့မြေပုံတစ်ပိုင်းကို ဖျက်ဆီးလိုက်ဖို့ပဲ။ မဟုတ်ရင် သူတို့က သံသရာအရှင်သခင်ရဲ့ အကူအညီကို တောင်းရပြီး မျှော်မှန်းမထားနိုင်တဲ့ တန်ကြေးတစ်ခုကို ပေးရလိမ့်မယ်…"
အလွန်လှပသော ကူရှောင်စန်းက အရေးကြီးသော ကိစ္စတစ်ခုကို ထမင်းစားရေသောက်သဖွယ် ပြောနေခဲ့သည်။
"ဒါဆို ဘာလို့ အဖွဲ့တွေအားလုံးက ဆက်သွယ်ပြီး ဒဏ္ဍာရီအဖွဲ့ကို ဝိုင်းဝန်းတိုက်ခိုက်တာမျိုး မရှိရတာလဲ…"
မုန့်ချီက ရှုပ်ထွေးသွားခဲ့၏။
ကူရှောင်စန်းက ပြုံးလိုက်သည်။
"ဟန်ကွမ်းက အရူးမဟုတ်ဘူး။ သူ့လက်ထဲမှာ သေချာပေါက် တစ်ခုခုရှိနေတယ်။ ငါ ကိုယ်တိုင်လည်း အန္တရာယ်မဖြစ်ချင်ဘူးလေ။ ပြီးတော့ ဒဏ္ဍာရီအဖွဲ့က လူတွေပါလာရင် ဒါက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတယ်…"
သူမက ရွှေမြစ်ကမ်းပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ဖျက်ဆီးရေးဂိုဏ်းနဲ့ ဒဏ္ဍာရီအဖွဲ့က အဲဒီနေရာကို သူတို့ရဲ့ပညာရှင်တွေ လွှတ်ထားတယ်။ သူတို့က ရက်စက်ခြင်းကျောင်းဆောင်က အစိမ်းရောင်လှေကားနဲ့ အပြာရောင်လှေကားအဆင့် လုပ်ကြံသူတွေကိုတောင် ဖိတ်ခေါ်ထားတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ပိုင်ချုံကို သတ်ပစ်ပြီး မြေပုံကိုဖျက်ဆီးပစ်ဖို့ပဲ…”
“လော့ရန်ဝင်္ကပါက အသင့်ဖြစ်နေပြီး ကမ္ဘာမြေကြီးရဲ့စွမ်းအားတွေကို အသက်သွင်းလို့မရတဲ့ အခြေအနေမျိုးမှာ ငါ့ယောကျ်ားကလွဲရင် ဘယ်သူကရော သူတို့ရဲ့ခွန်အားနဲ့ စွမ်းရည်ကိုသုံးပြီး ကာကွယ်နိုင်မှာလဲ။ ဒါကြောင့် ငါတို့က ဟန်ကွမ်းကို မျှားခေါ်နိုင်အောင် ဘယ်သူ့ကိုမှ အောင်မြင်ခွင့်ပေးလိုက်လို့ မရဘူး။ ငါတို့သာ သူ့ကိုတွေ့ပြီဆိုရင် ထွက်ပြေးပြီး ကောင်းကင် (၉) သွယ်ထဲကို ဝင်လို့ရပြီ.."
Translated by Hein Htet.