← Chapters

အခန်း (၆၈၄)

Vol. 46 Ch. 684

အခန်း (၆၈၄)

Vol. 46 Ch. 684

"ဟန်ကွမ်းကို အပြင် မျှားခေါ်မှာလား…"

ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်၏နာမည်ကို ကြားသည့်အခါ မုန့်ချီကတော့ အတော်လေး လှုပ်ရှားသွားမိခဲ့သည်။ ကမ္ဘာမြေကြီး၏အစွမ်းကို အသုံးပြု၍ မရနိုင်သော အခြေအနေမျိုးတွင် မုန့်ချီက သာမန်သိုင်းပညာရှင် အများစုနှင့် ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်များကို ရင်ဆိုင်ရန် လုံလောက်သည်ဟု ယုံကြည်နေခဲ့သည်။ ဤနေရာတွင် အဆင့်ကွာဟမှု အများစုက ပျောက်ဆုံးသွားနိုင်၏။

သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကဲ့သို့ အကာအကွယ်ကျင့်စဉ်များ လေ့ကျင့်ထားသော သိုင်းသခင်များ၏ စွမ်းရည်ထက်ပင် ကျော်လွန်နေသည်ဟု ခံစားရသည်။ သူ၏ဓားမောက် သိုင်းပညာနှင့် ဓားရှည်နိယာမများကလည်း အဆင့်မြင့်ပြီး သူ၏သိုင်းကွက်များကလည်း အလွန်အဆင့်မြင့်မား၏။

ပြောရမည်ဆိုလျှင် သူက ချောင်ရှန်းကျိကဲ့သို့သော ပညာရှင်တစ်ယောက်နှင့် မတွေ့ရလျှင် လော့ရန်၌ ရှိနေသော ဓမ္မကာရအဆင့် ပညာရှင်များအောက်တွင် အစစ်အမှန် ပြိုင်ဘက်ကင်းဟု သတ်မှတ်နိုင်သည်။ ချောင်ရှန်းကျိကတော့ မုန့်ချီ၏ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်၏။

သူတို့၏စွမ်းရည်က ရိုးရှင်းသော်လည်း သူတို့က ပိုင်ရှင်များနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေခဲ့သည်။ သို့သော် ထိုကဲ့သို့ ပညာရှင်မျိုးကလည်း လက်တစ်ဖက်တည်းနှင့်ပင် ရေတွက်နိုင်လောက်အောင် အလွန်နည်းပါးသည်။

ရှေးအချိန်တွင် ဓမ္မကာရအဆင့်ဟူသည်မှာ သာမန်လူများနှင့် အင်မော်တယ်များကို ခွဲခြားနိုင်သော အဆင့်တစ်ခု ဖြစ်သည်။ ထိုအရာက ခန္ဓာကိုယ်၊ ပုံရိပ်ယောင်ခန္ဓာနှင့် မူလဝိညာဉ်ကို ပေါင်းစည်းနိုင်သော ပြောင်းလဲမှုကြီးတစ်ခုလည်း ဖြစ်၏။ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်က ကမ္ဘာမြေကြီး၏ အစွမ်းကိုမသုံးဘဲ မုန့်ချီကို နင်းချေပစ်နိုင်သည်။

ကူရှောင်စန်းက သူ့ကို ပြုံးပြလိုက်သည့်အခါ အဖြူရောင်သွားတက်လေးများပင် ပေါ်လာခဲ့သည်။

"စိတ်အေးထားပါ ယောကျ်ား...။ ငါက နင့်ကို အသက်စွန့်ခိုင်းပါ့မလား။ ငါက နင့်ကို ဟန်ကွမ်းနဲ့ တိုက်ခိုက်ဖို့ တောင်းဆိုနေတာ မဟုတ်ဘူး။ သူပေါ်လာတာနဲ့ ငါတို့က ပိုင်ချုံကို လက်လျှော့လိုက်ပြီး အဝေးကို ထွက်ပြေးကြမှာ..။ သူ့ရဲ့အဓိကပစ်မှတ်က ပိုင်ချုံကို ရှင်းပစ်ပြီး ဝင်ပေါက်မြေပုံကို ဖျက်ဆီးပစ်ဖို့ပဲ။ သူက ငါတို့နောက်ကို ဘယ်လိုလိုက်လာဦးမှာလဲ။ လော့ရန်ဆိုတာက သူလုပ်ချင်တိုင်း သွားချင်တိုင်း သွားလို့ရတဲ့ သူ့ရဲ့အိမ်မဟုတ်ဘူးလေ…"

သူမ ပေါ်လာသည်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး သန့်စင်နေခဲ့သည်။ သူမကတော့ သူမ၏ကျားစေ့လေး ပိုင်းချုံအကြောင်း ပြောနေသည့်အချိန်တွင် ခံစားချက်များ တွေဝေမှုများ အနည်းငယ်လေးပင် ပေါ်လာခဲ့ခြင်း မရှိပေ။

"တကယ်လို့ အဆိုးဆုံးအခြေအနေကို ရောက်လာပြီး ဟန်ကွမ်းက ငါ့ကိုသတ်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် ငါက လော့ရန်ဝင်္ကပါကို လှုပ်ရှားလာအောင်လုပ်ပြီး ငါ့ရဲ့အဆင့်အတန်းကို ဖော်လိုက်လို့ရတယ်။ တကယ်လို့ ကွေချင်းဟယ်ကသာ နတ်ဘုရားလက်နက်နဲ့ ပုန်းအောင်းနေမယ်ဆိုရင် သူကလည်း ဟန်ကွမ်း ထွက်ပြေးမသွားနိုင်အောင် ပြင်ဆင်ထားမှာပဲ…"

မုန့်ချီ၏ခေါင်းထဲတွင် အစီအစဉ်တစ်ခုကို တွက်ချက်မိနေခဲ့သည်။ ထိုအရာက လမ်းမှန်အဖွဲ့အစည်းမှ သခင်လေးတစ်ယောက်၏ အသာစီးရမှုလည်း ဖြစ်၏။ ယွမ်လိဟောင်နှင့် သူ့အဖော်များ၏ အစီအစဉ်က အချိန်မရလျှင် ကျရှုံးသွားမည်ဟု သူက ခံစားမိနေခဲ့သည်။

ဆုံးဖြတ်ပြီးသွားသည့်အချိန်တွင် မုန့်ချီက စကားဆက်မပြောတော့ပဲ မျက်လုံးကို မှိတ်လိုက်သည်။ သူက စွမ်းအားများကို စတင်စုဆောင်းနေပြီး နောက်ဆုံးတိုက်ပွဲအတွက် ခန္ဓာကိုယ် အခြေအနေကို ပြင်ဆင်နေခဲ့သည်။ သူ၏အရှိန်အဝါက တဖြည်းဖြည်း မြင့်တက်လာပြီး တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်နေခဲ့သည်။

ကူရှောင်စန်း၏ အပြုံးလေးကလည်း ပျောက်ကွယ်သွားပြီး သူမက ဂါဝန်ကိုမ၍ မတ်တပ်ရပ်လိုက်သည်။ သူမ၏အငွေ့အသက်များက အလွန်နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိ၏။ သူမ၏လက်ထဲတွင်လည်း ကျောက်စိမ်းပုလွေတစ်ချောင်းကို ကိုင်ထားခဲ့သည်။ သူမက ပုလွေပေါ်သို့ နှုတ်ခမ်းလေးတင်လိုက်ပြီး ခံစားချက်များကို ဖြေလျှော့ရန် ကြိုးစားနေသလို ထင်မှတ်ရသည်။

ညအချိန်တွင် မြစ်ထဲမှ လေလှိုင်းများ တိုက်ခတ်လာသည့်အတွက် အနည်းငယ် အေးစက်စက် ခံစားနေရသည်။ စွန်းယွဲ့ရှိုနှင့် ရန်ကျင်းရှိုတို့က မြို့ထဲတွင် လှည့်လည်သွားလာနေသော အထက်တန်းလွှာ မိန်းမပျိုများအဖြစ် ရုပ်ဖျက်ထားကြသည်။

ယခုတော့ သူတို့က ဈေးဆိုင်များတွင် ငွေထည်အသုံးအဆောင်များ၊ ပန်းထိုးပစ္စည်းများ၊ ပန်းချီများနှင့် လက်ရေးပစ္စည်းများကို ရွေးချယ်နေကြ၏။

"ခွပ်… ခွပ် …ခွပ် …"

ကျယ်လောင်သော မြင်းခွာသံများ ကြားလိုက်ရသည်။

ထိုအချိန်တွင် အဖြူရောင်မြင်းခွာများ ရှိနေသော်လည်း တစ်ကိုယ်လုံး အနက်ရောင်ဖြစ်နေသော မြင်းတစ်ကောင်က လမ်း၏တခြားတစ်ဖက်မှ ရောက်လာခဲ့သည်။ သူက တစ်လှမ်းချင်း လျှောက်လှမ်းလာနေပြီး နောက်ကျောပေါ်တွင်တော့ ခါးတွင် ဓားမောက်တစ်လက် ချိတ်ထားသည့် လူတစ်ယောက် ထိုင်နေခဲ့သည်။

အနက်ရောင် ဝတ်စုံကိုဝတ်ထားသော ထိုလူက လက်ထဲတွင် အရက်အိုးတစ်ခုကို ကိုင်ထားခဲ့သည်။ သူ့ပုံစံက လော့ရန်တွင် ရှိနေသော သာမန်ဂိုဏ်းသားများနှင့် ကွဲပြားမှုမရှိသော်လည်း သူ့ကို မြင်သည့်အချိန်တွင် စွန်းယွဲ့ရှိုနှင့် ရန်ကျင်းရှိုတို့က ရပ်တန့်သွားခဲ့ကြ၏။

တည်ငြိမ်အေးချမ်းသော အခြေအနေတွင် သူတို့၏ကြွက်သားများက တင်းကျပ်လာကြပြီး ကိုယ်တွင်းအင်္ဂါများကလည်း တစ်သားတည်း ဖြစ်လာကြသည်။ သူတို့၏ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအားများ ဆက်တိုက် စီးဆင်းလာနေကြ၏။

ထိုလူက ရုပ်ဖျက်ထားခဲ့သော်လည်း ထိုအရာက ပုံပြောင်းလက် ပိုင်ချုံဖြစ်ကြောင်း သူ့နောက်မှ လိုက်သွားခဲ့ဖူးသော စွန်းယွဲ့ရှိုက သေချာသိနေခဲ့သည်။

"အခြေအနေကို စောင့်ကြည့်ကြမယ်…"

ရန်ကျင်းရှိုက သူမကို စိတ်ဝိညာဉ်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။

စွန်းယွဲ့ရှိုက မဆင်မခြင်မလုပ်ကြောင်း ခေါင်းညိတ်အချက်ပြလိုက်သည်။ ဤလမ်းမပေါ်တွင် ပညာရှင်ပေါင်းများစွာ ရှိနေကြောင်း ဂိုဏ်းတူအစ်မက သူမကို သတိပေးထားခဲ့၏။ ပထမဆုံး ထွက်လာသည့်လူက လူအများ၏ ပစ်မှတ်ထားခြင်းကို ခံရပါလိမ့်မည်။ သူမက ပိုင်ချုံကို သတိထားမိစေရန် သူမ၏သိစိတ်ကို ဖြန့်ကျက်ရဲခြင်း မရှိချေ။ သူမကတော့ မျက်လုံးထောင့်မှနေ၍သာ တိတ်တဆိတ် ကြည့်နေခဲ့၏။

ပိုင်ချုံကတော့ အရက်သောက်နေရင်း ရှုခင်းများကို ငေးကြည့်နေခဲ့သည်။ သူ့ပုံစံက အလစ်ချောင်း တိုက်ခိုက်မှုကို မသိသလို ထင်မှတ်ရ၏။ ထိုအချိန်တွင် အရပ်မျက်နှာ(၄) ဘက်မှနေ၍ ဓားအလင်းတန်း (၄) ခု ထွက်ပေါ်လာပြီး လမ်းသွားလမ်းလာ (၄) ယောက်က ပိုင်ချုံဆီကို ပျံသန်းသွား၍ ပတ်ပတ်လည်မှ တိုက်ခိုက်လိုက်သည်။

ပိုင်ချုံက ချက်ချင်းရပ်လိုက်ပြီး သူ၏ဓားမောက်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ သူက ကမ္ဘာမြေကြီး၏အစွမ်းကို အသုံးပြုခဲ့ခြင်း မရှိသော်လည်း သူ၏လှုပ်ရှားမှုများက အလွန်လျင်မြန်လွန်းလှသည့်အတွက် အချိန်ကပင် အေးခဲသွားသလို အရိပ်များ ကျန်နေခဲ့သည်။

"ချွမ် ချွမ် ချွမ် ချွမ်..."

စွန်းယွဲ့ရှိုက ဓားချင်းထိခိုက်သံ (၄) ခုကို တစ်ပြိုင်နက်တည်း ကြားလိုက်ရသည်။ တစ်ချိန်တည်းတွင် သူမက လေဟာနယ်လက်စွပ်ကို ညာဘက်လက်နှင့် ကိုင်လိုက်၏။ သူမကလည်း ဓားကို ဆွဲထုတ်ရန် အဆင်သင့် ပြင်ထားခဲ့သည်။

ရုတ်တရက်ဆိုသလို သူမ၏နားထဲ၌ ဝမ်းနည်းပူဆွေးနေသော ငိုသံတစ်ခု ကြားလိုက်ရသည်။ ထိုအသံက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသူ တစ်ယောက်ကဲ့သို့ ထွက်လာခဲ့၏။ သာယာနာပျော်ဖွယ် အသံကလည်း ထွေးပွေ့သွားခဲ့ပြီး သူမ၏နှလုံးသားထဲတွင် ဝမ်းနည်းမှုတစ်ခု ပြန်လာခဲ့သည်။

"ဘယ်သူများလဲ…"

စွန်းယွဲ့ရှိုက ရွှေရောင်မြစ်ထဲကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် လှေငယ်လေးတစ်စင်းနှင့် လှေပေါ်၌ ရပ်နေသော မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်ရ၏။

သူမ၏လက်ထဲတွင် ပုလွေတစ်ချောင်းကို ကိုင်ထားပြီး တေးသံတစ်ခု မှုတ်နေခဲ့၏။ သူမ၏အမူအရာက ခန့်မှန်းကြည့်၍ မရသော်လည်း သူမ၏မျက်လုံးများကတော့ ကြယ်စုတန်းများကဲ့သို့ အလွန်ချစ်စရာကောင်းနေခဲ့သည်။ သူတို့ဆီတွင် ဝမ်းနည်းမှု၊ စိတ်ပျက်မှု၊ သနားမှုဟူသည့် ခံစားချက်များ ပေါ်လာကြ၏။

ကိုယ့်ကိုယ်ကိုယ် အလွန်လှပသည်ဟု ဂုဏ်ယူနေခဲ့သော စွန်းယွဲ့ရှိုက သူမနှင့် ယှဉ်လိုက်လျှင် ရုတ်တရက် နိမ့်ကျသွားသလို ခံစားလိုက်ရသည့်အတွက် အနည်းငယ် ရှက်ရွံ့သွားမိခဲ့သည်။

အဖြူဝတ်မိန်းမပျို၏အနားတွင် ထိုင်နေသည်မှာ အစိမ်းဝတ် လူရိပ်တစ်ခု ဖြစ်သည်။ ထိုလူက အမှန်တရားလမ်းစဉ် ဖြစ်ပုံရပြီး သူ၏အငွေ့အသက်များက ထူးခြားသည်။ သူကတော့ ပုလွေသံ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသည်ဟု ထင်ရ၏။

"အဲဒါက ဟိုသခင်လေးပဲ…"

စွန်းယွဲ့ရှို၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ ထိုအရာက သူမကို တစ်ကြိမ်ကူညီပေးခဲ့သော သခင်လေး မဟုတ်ပေလော။

မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး ခွန်အားအနည်းငယ်ကိုသုံးလိုက်ရာ မြစ်တစ်ဝက်ခန့်ကို ဖြတ်ကျော်သွားကြောင်း မြင်လိုက်ရသည်။ သူက ကမ်းစပ်တွင် ဆင်းလိုက်ပြီး ပိုင်ချုံဆီသို့ ပျံသန်းသွားခဲ့၏။

ထိုအချိန်တွင် ရန်ကျင်းရှို၏ ရေရွတ်သံကို ကြားလိုက်ရသည်။

"တော်တော်အစွမ်းထက်တာပဲ…"

ထိုသခင်လေးက မည်မျှအစွမ်းထက်ကြောင်း တစ်ယောက်မျှ မသိကြပေ။ သူမ၏တုံ့ပြန်မှုက အနည်းငယ် နှေးကွေးနေခဲ့၏။ ထိုအချိန်တွင် ငွေထည်ပစ္စည်းများ ရောင်းချနေသော အမျိုးသမီးကြီးက သူမ၏ဆိုင်ကို သိမ်းလိုက်သည်။ တစ်ချိန်တည်းတွင် ငွေထည်ပစ္စည်းများက အလင်းတန်းများသဖွယ် ပြောင်းလဲသွားခဲ့၏။ သူတို့က မုန့်ချီကို မုန်တိုင်းတစ်ခုသဖွယ် တိုက်ခိုက်လိုက်ကြသည်။

တစ်ချိန်တည်းလိုလိုပင် သက်လတ်ပိုင်းအရွယ် စာသင်သားတစ်ယောက်က သူ၏စုတ်တံကြီးနှင့်အတူ ဘေးဘက်မှ တိုက်ခိုက်လိုက်သည်။ အနီးဆုံးတွင် ရှိနေသော အဘိုးအိုတစ်ယောက်ကလည်း တုတ်ထိုးသကြားလုံးနှင့် မုန့်ချီကို တိုက်ခိုက်လိုက်သည်။

ထို (၃) ယောက်က တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြခြင်း ဖြစ်သည်။ သူတို့ထဲမှ (၂) ယောက်က ပြိုင်ဘက်ကင်း သိုင်းပညာရှင်များဖြစ်ကြပြီး တခြားတစ်ယောက်ကတော့ သိုင်းသခင်တစ်ယောက် ဖြစ်သည်။

စွန်းယွဲ့ရှိုက တွေဝေနေခဲ့၏။ သူမက မုန့်ချီကို ကူညီပေးရန် စဉ်းစားနေသည့် အချိန်တွင် သူကတော့ ရှောင်တိမ်းခြင်းမရှိဘဲ ရှေ့ကို ဆက်၍ လျှောက်လာကြောင်း တွေ့လိုက်ရ၏။ သူက ညာဘက်လက်ထဲတွင် ဓားမောက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး စုတ်တံနှင့် စာရေးသကဲ့သို့ ရိုးရှင်းစွာ တိုက်ခိုက်လိုက်သည်။

"ဖျောက်…"

စွန်းယွဲ့ရှို၏ မျက်လုံးထဲတွင် စာသင်သား အဝေးသို့ လွင့်သွားသောပုံရိပ်က ပေါ်လာခဲ့သည်။ သူ၏ညာဘက်လက်က သဘာဝမဆန်စွာ တွဲလောင်းကျသွားခဲ့၏။ သူ့လက်တွင် ရှိနေသော အက်ကွဲကြောင်းမှနေ၍ သွေးများ စီးကျလာနေပြီး ဝတ်စုံတစ်ခုလုံးကို နီရဲသွားခဲ့သည်။

အစိမ်းဝတ်သခင်လေး၏ ခန္ဓာကိုယ်ကို ထိခိုက်သွားပြီးနောက် ငွေထည်ပစ္စည်းများ အားလုံးက နောက်ပြန်လွင့်သွားပြီး လေထဲတွင် နှင်းပွင့်လင်းများကဲ့သို့ ပျံ့ကြဲသွားခဲ့သည်။ အမျိုးသမီးကြီးကတော့ အလွန်ကြောက်လန့်သွားသည့်အတွက် မြန်မြန်ရှောင်တိမ်းရန် ကြိုးစားလိုက်၏။ ခန္ဓာကိုယ်တစ်ခုက နတ်ဘုရားလက်နက်တစ်ခုကို မည်ကဲ့သို့ ယှဉ်နိုင်နေသနည်း။

"ဖပ်…ဖပ်….ဖပ်…"

စွန်းယွဲ့ရှိုက လေးလံသော ခြေလှမ်းသံများကို ကြားလိုက်ရသည်။

ထို့နောက် တုတ်ထိုးသကြားလုံးရောင်းသော သိုင်းသခင်က သူ၏တုတ်နှင့်အတူ ပျံသန်းလာကြောင်း မြင်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ၏လှုပ်ရှားမှုများ၊ ပြောင်းလဲမှုများ အားလုံးက အသုံးမဝင်တော့ပေ။

"သူက ချက်ချင်းကို လွင့်သွားတာပဲ…"

မုန့်ချီက ပိုင်ချုံဆီသို့ လျင်မြန်စွာ ပြေးဝင်သွားသည်ကိုကြည့်ပြီး သူမက မျက်လုံးပြူးနေခဲ့၏။

ထိုအချိန်တွင် ပိုင်ချုံကတော့ ဓားသမားကြောင့် နောက်ပြန်ဆုတ်သွားလိုက်ရ၏။ ရုတ်တရက်ဆိုသလို သူမက မကောင်းဆိုးဝါးတစ်ကောင်၏ ငို‌ကြွေးသံကဲ့သို့သော အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံက ပိုင်ချုံနှင့် မုန့်ချီတို့၏ ပတ်ပတ်လည်တွင် ပျံဝဲနေသလို ထင်မှတ်ရ၏။

"သူက ကမ္ဘာမြေကြီးရဲ့အစွမ်းကိုတောင် မသုံးဘဲ လေဟာနယ်အရိပ်ထဲမှာ ပုန်းအောင်းနိုင်တယ်…"

ရန်ကျင်းရှို၏အသံက စွန်းယွဲ့ရှို၏နားထဲတွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။

ဂိုဏ်းသူအစ်မ၏စကားကို ကြားသည့်အချိန်တွင် စွန်းယွဲ့ရှိုက ချက်ချင်း နားလည်သွားခဲ့သည်။ ထိုအရာက ဖျက်ဆီးရေးဂိုဏ်းမှ ကောင်းကင်ဖျက် မကောင်းဆိုးဝါး ဖြစ်သည်။ သူက အဆင့်မြင့် သိုင်းသခင်တစ်ယောက်ဖြစ်ပြီး မြေပြင်မှတ်တမ်းတွင် စာရင်းဝင်နေသော နာမည်ကျော် ပညာရှင်တစ်ယောက်လည်း ဖြစ်သည်။

သူမက အတွေးများကို မစုစည်းရသေးခင် မုန့်ချီက သူ့ဓားကို ဆွဲထုတ်လိုက်ကြောင်း စွန်းယွဲ့ရှိုက မြင်လိုက်ရသည်။ ထိုဓားက လေးလံဆန်းကြယ်ပြီး လိပ်ပုံသဏ္ဍာန်အင်းကွက်များ ထွင်းထုထား၏။ ထိုဓားတွင် နာမည် မရှိချေ။ မုန့်ချီ၏ လှုပ်ရှားမှုက သာမန်သာဖြစ်ပြီး မျက်လုံးများကတော့ ပိုင်ချုံကို စိုက်ကြည့်နေခဲ့သည်။

"ဖျောက်…"

လေဟာနယ်ထဲတွင် အရိပ်တစ်ခု ထွက်ပေါ်လာပြီး လိပ်ပုံအင်းကွက်နှင့်ဓားက လေထဲတွင် မမြင်ရသောအရာတစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။ ကောင်းကင်ဖျက်မကောင်းဆိုးဝါးကတော့ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် နောက်ကို ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားလိုက်ရ၏။

"သူက ဓားချက်တစ်ချက်တည်းနဲ့ နောက်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့တယ်.."

အစိမ်းဝတ်သခင်လေးနှင့် ယှဉ်လိုက်လျှင် သူမက ဘာမျှမဟုတ်ကြောင်း စွန်းယွဲ့ရှိုက နားလည်သွားခဲ့၏။

ထိုအချိန်တွင် သူမက အလွန်ရင်းနှီးသော အန္တရာယ် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ သူမက လမ်းဘေးတွင် ရှိနေသော ဧရာမသစ်ပင်ကြီးဆီကို သတိလက်လွှတ် ကြည့်လိုက်မိ၏။ သစ်ပင်ကြီး၏ အနောက်မှနေ၍ အလင်းရောင်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။ ထိုနေရာက ငရဲပြည်မှ စိတ်ဝိညာဉ်ကို ဆင့်ခေါ်နေသလိုမျိုး ဖြစ်၏။

အလင်းတန်းက မုန့်ချီကို နောက်ကျောမှ ထိုးဖောက်သွားခဲ့ပြီး သူနှင့် ပိုင်ချုံတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

"သတိထား..."

စွန်းယွဲ့ရှိုက အော်ဟစ်လိုက်၏။ တိုက်ခိုက်သူက ယမန်နေ့တွင် တွေ့ခဲ့ရသော ကြောက်စရာ ရန်သူဖြစ်ကြောင်း သူမက မှတ်မိနေသည်။ ထိုအရာက ကမ္ဘာမြေကြီး၏စွမ်းအား ကန့်သတ်ချက်အောက်တွင်ပင် သူမကို အလွယ်တကူ ဖိနှိပ်နိုင်သော ပညာရှင်လည်း ဖြစ်သည်။ သူက သာမန်သိုင်းသခင်များထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့၏။

သူမ အံ့သြသွားခဲ့သည်မှာ မုန့်ချီကတော့ ပြန်လှည့်မကြည့်ဘဲ သူ့ဓားနှင့် နောက်ပြန် တိုက်ခိုက်လိုက်သည်။ သူက မှေးမှိန်နေသော အလင်းရောင်အောက်တွင် ဆက်တိုက် တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး အသံတစ်စက်မျှ မထွက်ခဲ့ပေ။ သူက နွားရိုင်းသတ်ပွဲထဲကို ရောက်နေသော သားသတ်သမား တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

ရုတ်တရက်ဆိုသလို အနီးအနား အဆောက်အဦးအပေါ်မှ ကျလာသော ဓားအလင်းတန်းက ပိုင်ချုံဆီသို့ ရောက်လာခဲ့သည်။ အရှိန်အဝါက မြင့်တက်လာသော်လည်း ကမ္ဘာမြေကြီး၏ စွမ်းအားများကို လှုံ့ဆော်ရန် မလုံလောက်ပေ။ ထို့ကြောင့် စွန်းယွဲ့ရှုကပင် ထိတ်လန့်သွားခဲ့ရသည်။

"တော်တော်ကြောက်စရာကောင်းတာပဲ…"

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

"အဲဒါက အပြာရောင်လှေကားအဆင့် လုပ်ကြံသူ နတ်ဘုရားသတ်ဓားပဲ…"

ရန်ကျင်းရှိုက အလွန်ကြောက်စရာကောင်းသော ဒဏ္ဍာရီတစ်ခုကို အမှတ်ရသွားခဲ့၏။

"အရင်ရက်တုန်းက ငါတွေ့ခဲ့တဲ့ လုပ်ကြံသူက အစိမ်းဝတ်သခင်လေးနဲ့ တိုက်ခိုက်နေတယ်။ အဲဒီအချိန်မှာ နတ်ဘုရားသတ်ဓားကတော့ ပိုင်ချုံကို အလစ်ချောင်းတိုက်ခိုက်တယ်…"

စွန်းယွဲ့ရှိုက ရလဒ်ကို ခန့်မှန်းမိသလို ခံစားလိုက်ရသည်။

ရုတ်တရက်ဆိုသလို မုန့်ချီ၏ ဓားအလင်းတန်းက ပို၍ရှုပ်ထွေးလာပြီး အနက်ရောင်ရောင်ဓား၏ မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ထောင်ချောက်တစ်ခု ပေါ်လာခဲ့သည်။ သူ့အစွမ်းကလည်း ပေါက်ကွဲထွက်လာပြီး တုန်ခါမှုလှိုင်းများက အလွန်ပြင်းထန်လာသည့်အတွက် လုပ်ကြံသူကပင် နောက်ဆုတ်သွားလိုက်ရ၏။

သူက ပြန်ကန်သည့် စွမ်းအားများကို အသုံးချပြီး လေထဲမှ ဖြတ်သန်းလာသည့် ဓားအလင်းတန်းကို ရင်ဆိုင်လိုက်သည်။ စွန်းယွဲ့ရှိုကတော့ အိပ်မက်နေသလို ခံစားနေရ၏။ ထိုအချိန်တွင် သူမက အစိမ်းဝတ် သခင်လေး၏ဓားကို မမြင်ရတော့ပေ။

သူ့ခန္ဓာကိုယ်က အလွန်အစွမ်းထက်လွန်းလှသည့်အတွက် ကမ္ဘာမြေကြီး၏အစွမ်းကို မသုံးလျှင်ပင် အလွန်ထူးခြားသောအရှိန်နှင့် ဓားကွက်ကို လှုပ်ရှား၍ ရနိုင်သည်။ သူ့ဓားသိုင်းက အလွန်လျင်မြန်လှသည့်အတွက် မျက်လုံးနှင့်ပင် မမြင်ရပေ။

ထိုအချိန်တွင် ဓားအလင်းတန်းနှင့် အရိပ်များက စမ်းချောင်းများသဖွယ် ကူးချည်သန်းချည် လှုပ်ရှားနေကြောင်း တွေ့လိုက်ရသည်။ အစိမ်းဝတ် သခင်လေးက သူ၏ဓားသိုင်းပညာကို အလွန်လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုနှင့်တွဲဖက်၍ အသုံးပြုလိုက်ရာ အရိပ်များ၏ကြားထဲတွင် ကွဲပြားမှုပင် မတွေ့ရတော့ပေ။

အစွမ်းထက်သူနှင့် အားနည်းသူ အရာအားလုံးက အတူတူသာ ဖြစ်၏။ သူတို့က ပုံရိပ်ယောင်များထဲတွင် ‌အစစ်အမှန်ကို ခွဲခြားရန် ခက်ခဲနေသည်။

"ချွမ် ချွမ် ချွမ် ချွမ်…"

ဓားအလင်းတန်းနှင့် အရိပ်များက ကြာပန်းများ ပွင့်လာသလို ဖြစ်နေခဲ့၏။ အရိပ်များက ပြုတ်ကျလာပြီး ဓားအလင်းတန်းနှင့် အပြာရောင်လှေကားအဆင့် လုပ်ကြံသူ၏ နတ်ဘုရားသတ်ဓားတို့ကို လုံးဝဝါးမျိုသွားခဲ့သည်။

"ချွမ် ချွမ် ချွမ် ချွမ်…"

အရိပ်တစ်ခုက အမိုးပေါ်သို့ လွင့်သွားခဲ့၏။

မုန့်ချီက အောက်သို့ ပြုတ်ကျလာသည့်အချိန်တွင် ဘယ်ဘက်လက်ကို ထုတ်လိုက်သည်။ ထို့နောက်အလွန်ဆန်းကြယ်သော အနှစ်သာရများကိုသုံးပြီး သူက ပိုင်ချုံကို ဆွဲယူလိုက်၏။ သူက ပိုင်ချုံထက် ပို၍အဆင့်မြင့်သလို ထင်မှတ်ရသည်။

ဆက်တိုက် တိုက်ခိုက်မှုများကို ကာကွယ်ခဲ့ရပြီး နတ်ဘုရားသတ်ဓား၏ အလစ်ချောင်း တိုက်ခိုက်မှုကို ခံလိုက်ရသည့်အတွက် ပိုင်ချုံက အကောင်းဆုံး ကြိုးစားလိုက်သော်လည်း ထိုလက်ဝါးချက်ကို ခုခံရန် မတတ်နိုင်တော့ပေ။ ထိုလက်ဝါးချက်က သူ၏ခုခံမှုကို ထိုးဖောက်ပြီး ခေါင်းပေါ်သို့ ရောက်လာခဲ့၏။

"ဖျောက်…"

တိတ်ဆိတ်သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် စွန်းယွဲ့ရှို၏ မျက်လုံးထဲ၌ ကြယ်တာရာကောင်းကင်ကြီးကို မြင်လိုက်ရသလို ခံစားလိုက်ရပြီး သူမ၏ပင်မဝိညာဉ်ကပင် ပုံရိပ်ယောင်တစ်ခုကို တွေ့လိုက်ရကြောင်း သိသွားရသည်။

သူမက အံကြိတ်လိုက်မိသည့်အချိန်တွင် သစ်ပင်ပေါ်တွင် ဆူးချုံမည်းကြယ် မျက်နှာဖုံးဝတ်ထားသော လူထူးဆန်း တစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏လက်သီး (၂) ဖက်က ကြယ်ကြွေသည့် ပုံသဏ္ဍာန်ဖြစ်နေပြီး သူက အလွန်အမင်းကို ကြောက်စရာကောင်းသည်။ အကယ်၍ သူမကသာ တိုက်ခိုက်ရမည်ဆိုလျှင် နေရာ၌ ချက်ချင်း သေဆုံးသွားနိုင်၏။

မုန့်ချီက လက်တစ်ဖက်နှင့် ပိုင်ချုံကို ဆွဲခေါ်ပြီး တခြားလက်တစ်ဖက်နှင့် ဓားကို ဆုပ်ကိုင်ထားကြောင်း မြင်လိုက်ရသည့်အချိန်တွင် သူမဆီ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူက အလွန်တည်ငြိမ်သော အမူအရာနှင့် ဓားကို လှမ်းထိုးလိုက်သည်။ ဓားထိပ်ဖျားက သူ၏စွမ်းအားများ အားလုံးကို တစ်နေရာတည်းတွင် စုစည်းထားသည့်အလား နက်မှောင်နေခဲ့၏။

"ဖျောက်…"

တိုက်ခိုက်သည့်အသံက ပုံရိပ်ယောင်ဆန်သော်လည်း လူတစ်ယောက်၏ ပင်မဝိညာဉ်ထဲတွင် ပဲ့တင်ထပ်သွားစေနိုင်သည်။

ပြင်းထန်သော လေလှိုင်းများက နေရာတိုင်းတွင် ထွက်ပေါ်လာပြီး ဝေ့ကျင်းအဆင့် ပညာရှင်များအားလုံးက နောက်ကို လွင့်သွားကြ၏။ မြစ်ရေစီးဆင်းမှုကလည်း ကြမ်းတမ်းလာပြီး သစ်ပင်ကြီးက လဲကျသွားခဲ့သည်။ ထိုကဲ့သို့ ကြောက်စရာကောင်းသော ရလဒ်မျိုးက ထိပ်တန်းစွမ်းအားများကို အသုံးပြုထားခြင်းကြောင့်သာ ဖြစ်နိုင်သည်။

စွန်းယွဲ့ရှိုက ထိုမြင်ကွင်းကို စိုက်ကြည့်နေမိခဲ့၏။ ထိုအချိန်တွင် အလွန်လှပသော မြင်းကြီးက ခြေထောက်များပြတ်ပြီး မြေပေါ်သို့ လဲကျသွားကြောင်း တွေ့လိုက်ရသည်။ မုန့်ချီကတော့ ပိုင်ချုံကို လက်ထဲတွင်ကိုင်ပြီး မြင်းပေါ်တွင် ရပ်လိုက်၏။ သူက ဓားကိုတော့ ရင်ဘတ်ပေါ်သို့ တင်ထားလိုက်သည်။ ဆူးချုံမည်းကြယ်ကို ကြည့်နေသော မုန့်ချီက ဤလောကထဲတွင် အစွမ်းထက်ဆုံး လူတစ်ယောက် ဖြစ်နေသလို ထင်မှတ်ရသည်။

ထိုအချိန်တွင် ပုလွေသံကတော့ အလွန်ဝမ်းနည်းစရာ ကောင်းလွန်းလှ၏။ ဖြစ်ပျက်သည့် အရာအားလုံးက အလွန်လျင်မြန်နေသည့်အတွက် သံစဉ်ကပင် မဆုံးခဲ့ပေ။

"ဓားတစ်လက်နဲ့ လူတစ်ယောက် ၊ ပြိုင်ဘက်ကင်းသိုင်းပညာရှင်တွေ၊ သိုင်းသခင်တွေ အပြာရောင်လှေကားအဆင့် လုပ်ကြံသူ ဓမ္မကာရတစ်ဝက်အဆင့် .. ဒီလိုတိုက်ခိုက်မှုတွေ အများကြီးထဲကနေ သူက ဒီလူကို လုယူနိုင်တယ်ဆိုတော့..."

အစောပိုင်းတွင် ပေါ်လာခဲ့သော မြင်ကွင်းများက စွန်းယွဲ့ရှို၏ခေါင်းထဲတွင် အကြိမ်ကြိမ် ပြန်ပေါ်လာခဲ့သည်။ သူမ၏စိတ်ဝိညာဉ်ကလည်း အတွေးစများနှင့်အတူ နစ်မျောသွားသလို ခံစားနေရ၏။

Translated by Hein Htet.

All Chapters