← Chapters

အခန်း (၆၈၆)

Vol. 46 Ch. 686

အခန်း (၆၈၆)

Vol. 46 Ch. 686

အရုဏ်မတက်ခင်အချိန်က အမှောင်မိုက်ဆုံးအချိန် ဖြစ်သည်။ နွေဦးရာသီနှောင်းပိုင်းနှင့် အစောပိုင်း နွေရာသီ အကူးအပြောင်းကာလတွင် လေလှိုင်းများက အတော်အသင့် အေးစက်နေသေး၏။ လမ်းမများပေါ်တွင် သွားလာနေကြသော လမ်းသွားလမ်းလာများက သာမန်လူသားများထက် မပိုခဲ့ပေ။

ညစောင့်များက လမ်းမများပေါ်တွင် လှည့်လည်သွားလာနေခဲ့ပြီး မြင်းလှည်းသမားများကလည်း မြည်းဆွဲထားသော လှည်းများကို အိမ်ထဲမှ သယ်ဆောင်လာကြသည်။

အဘိုးကြီးကျန်း အသုံးပြုနေသော မြင်းလှည်း၏နောက်မှနေ၍ ညှီစို့စို့ရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက ခန္ဓာကိုယ်ထဲမှ အအေးဒဏ်ကို ဖယ်ရှားရန်အတွက် ဈေးပေါသော အရက်ပုလင်းကို သောက်နေခဲ့၏။ ထို့နောက် သူက မြည်းအိုကြီးဆွဲသော လှည်းပေါ်တွင် တိတ်တဆိတ် သီချင်းဆိုနေခဲ့သည်။

ရုတ်တရက်ဆိုသလို သူ့မြင်ကွင်းက ဝေဝါးသွားခဲ့ပြီး လူတစ်ယောက်က ဖြတ်ကျော်သွားသလို ခံစားလိုက်ရသည်။ သူက သရဲတစ်ကောင်နှင့် တွေ့သည်ဟု စဉ်းစားမိသည့်အချိန်တွင် တစ်ကိုယ်လုံး တုန်လှုပ်သွားမိခဲ့၏။ မျက်စိတမှိတ်အတွင်း သူက ထိုလူရိပ်ပေါ်လာသည့်နေရာကို လှည့်ကြည့်လိုက်ရာ လမ်းနံရံပေါ်တွင် အဝါရောင် စာရွက်တစ်ရွက် ကပ်သွားသည်ကို တွေ့လိုက်ရသည်။

"အစောပိုင်း ဖြတ်သွားတဲ့အချိန်တုန်းက ဘာမှမတွေ့ရပါဘူး ..."

အဘိုးကြီးကျန်း၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။

မြင်းလှည်းက နံရံအနားသို့ ဖြည်းညင်းစွာ ကပ်လာသည့်အချိန်တွင် အဝါရောင်စာရွက်တစ်ခုလုံးပေါ်၌ ထူးဆန်းသော ပုံရိပ်များ ပြည့်နေကြောင်း မြင်လိုက်ရသည်။ ထိုအရာက လမ်းမများပေါ်တွင် တွေ့မြင်နေရသော အမှတ်အသားများကဲ့သို့ ဖြစ်နေ၏။

"ဒါက စိတ်ဝိညာဉ်ကို ဆင့်ခေါ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်လား…"

အဘိုးကြီးကျန်းက ကြောက်လန့်သွားသည့်အတွက် အလွန်ထိတ်လန့်သွားခဲ့သည်။ သူက တာအိုကျောင်းဆောင်ထဲရှိ အဝါရောင်အဆောင်လေးကို မှတ်မိနေသေး၏။ သူက ချက်ချင်းပင် မြင်းကို အလျင်အမြန် ဆက်မောင်းလိုက်သည်။

သူ မြင်ကွင်းထဲမှ ပျောက်သွားပြီး သိပ်မကြာခင် ယပ်တောင်(၆)လက်ကျောင်း၏ ဝတ်စုံဝတ်ထားသော ညစောင့်တစ်ယောက် ရောက်လာခဲ့သည်။ သူလည်း အဝါရောင်စာရွက်ကို မြင်လိုက်ရ၏။

"ကောင်းကင်(၉)သွယ် အပျက်အစီးရဲ့ဝင်ပေါက်မြေပုံ ..."

ထိုညစောင့်က တီးတိုးရေရွတ်လိုက်ပြီး စာရွက်ပေါ်တွင် ရှိနေသော ပထမဆုံး စကားလုံး အနည်းငယ်ကို ခက်ခက်ခဲခဲ ဖတ်ကြည့်လိုက်သည်။ သူက ထိုအရာများကို မှတ်မိသွားသည့်အချိန်တွင် အိပ်မက်ထဲကို ရောက်သွားသလို ခံစားလိုက်ရ၏။

တစ်မြို့လုံးတွင် အဝါရောင်စာရွက် မြေပုံများနှင့် ပြည့်နှက်နေသည်။ အရုဏ်မတက်ခင် အစီအစဉ်များလည်း ပေါ်လာရ၏။ သွေးသွားလူဆိုးထိန်း ယွမ်လိဟောင်ကလည်း အဝါရောင်စာရွက်နှင့် ကောင်းကင်(၉)သွယ် အပျက်အစီး၏ ဝင်ပေါက်မြေပုံကို တွေ့ခဲ့ရသည်။

"ငါတို့ကတော့ ဒီမြေပုံကိုရှာဖို့အတွက် လှုပ်ရှားနေကြရတာ ..။ အခုတော့ အလွယ်တကူ တွေ့လိုက်ရပြီ…"

ယွမ်လိဟောင်က ပျော်ရွှင်နေခြင်းမရှိဘဲ တီးတိုးရေရွတ်လိုက်မိသည်။

"စုမုန့် ပြောတာမှန်တယ်။ ဒါက တော်တော်လေးကို ကြီးမားတဲ့ ထောင်ချောက်တစ်ခုပဲ။ စီစဉ်တဲ့သူက ကြီးကြီးမားမားကို ထောင်ချောက်ဆင်ထားတာ ဖြစ်ရမယ်။ ကြည့်ရတာတော့ ဒီတစ်ကြိမ် လော့ရန်တစ်မြို့လုံး ရူးသွပ်သွားကြတော့မယ်…"

နေ့ခင်းပိုင်းတွင် မုန့်ချီ၏သတိပေးချက်က သူ့ဆီကို ရောက်လာပြီး သူက စောင့်နေသော အကူအညီများကို ဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူက အင်မော်တယ်များဆီသို့ သွားလည်ခဲ့ပြီးနောက် အရာအားလုံးက ပြောင်းလဲသွားခဲ့၏။ ယွမ်လိဟောင်က အရာရှိများ ဆက်လုပ်မည့်အရာကို ခန့်မှန်းမိနေသလို ဖြစ်နေသည်။ သူ၏လှည့်ကွက်နှင့် ပြင်ဆင်မှုများအားလုံးက စပင်မစရသေးခင် ပျက်စီးသွားခဲ့ရ၏။

"စုမုန့်ရဲ့ဘက်မှာ အခြေအနေတွေဘယ်လိုရှိလဲမသိဘူး ..."

လက်ထဲတွင် အဝါရောင်စာရွက်လေးကိုကိုင်ပြီး သူက တီးတိုးရေရွတ်လိုက်မိသည်။

စွန်းယွဲ့ရှိုက အလွန်ရှုပ်ထွေးသော အမူအရာနှင့် တည်းခိုဆောင်ထဲတွင် ရှိနေသော အခြားအခန်း(၂)ခုနှင့် သူမ၏ဂိုဏ်းတူအစ်မ ရန်ကျင်းရှိုကို လှည့်ကြည့်လိုက်သည်။ ရန်ကျင်းရှိုက တည်ငြိမ်နေပုံရသော်လည်း သူမ၏မျက်လုံးထဲတွင် စိုးရိမ်မှုအနည်းငယ် ရှိနေ၏။

အစောပိုင်း တွေ့ခဲ့ရသော တိုက်ပွဲကြောင့် သူမက စိတ်ပျက်နေပြီး ကြောက်စရာကောင်းသည့် အငွေ့အသက်များကို ထိန်းချုပ်ထားပုံရ၏။ သူမက ဂိုဏ်းတွင် သိုင်းသခင်အဆင့် အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူမကပင် ထိုကဲ့သို့ အဆင့်အတန်းမျိုးကို ရရှိနိုင်ရန် ခရီးရှည်ကြီး လျှောက်လှမ်းခဲ့ရသည်။ အခြေအနေ ပိုဆိုးသွားသည်မှာ သူမ၏ဂိုဏ်းက ဓားဂိုဏ်းတစ်ခုဖြစ်၏။

"အလင်းနိယာမ ဓားသိုင်းပညာ ...

ငါက သူ့ကို ကျော်နိုင်ဖို့ဆိုရင် ပိုပြီးကြီးမားတဲ့ ဓားဂိုဏ်းတွေရဲ့ ထိပ်တန်းသိုင်းပညာတွေ အများကြီးကို သင်ရမှာ စိုးတယ်…"

ရန်ကျင်းရှိုက တိုက်ပွဲအသေးစိတ်ကို စဉ်းစားနေရင်း တစ်ယောက်တည်းတွေးမိခဲ့သည်။

ထိုကဲ့သို့ အစွမ်းထက်သော ပညာရှင်တစ်ယောက်နှင့် နန်းတွင်းအရာရှိများ ပါဝင်ပတ်သက်လာသည့် အတွက်ကြောင့် သူမဆီတွင် အခွင့်အရေးမရှိတော့ကြောင်း သူမက သိနေခဲ့သည်။ ထို့ကြောင့်သူမက ဂိုဏ်းတူညီမလေးနှင့်အတူ လော့ရန်မှ ထွက်သွားရန် ဆုံးဖြတ်ခဲ့၏။

"ဟမ် ဂိုဏ်းတူအစ်မ ... သူတို့က ဘာကြည့်နေတာလဲ…"

စွန်းယွဲ့ရှိုက လူအများ ရပ်နေကြသည့် လမ်းဝကို လျှောက်လာခဲ့သည်။

ရန်ကျင်းရှိုကလည်း သူမ၏ဂိုဏ်းတူညီမလေး ကြည့်နေသည့်နေရာကို လှည့်ကြည့်လိုက်ရာ သူမ၏မျက်လုံးက အေးစက်သွားခဲ့၏။ သူမက တစ်ယောက်တည်း စကားပြောနေသလို ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

"ကောင်းကင်(၉)သွယ် အပျက်အစီးရဲ့ ဝင်ပေါက်မြေပုံ ...”

“ဘယ်လိုဖြစ်တာလဲ…"

စွန်းယွဲ့ရှိုက အလွန်ထိတ်လန့်သွားခဲ့သည်။

"ကြည့်ရတာတော့ အစစ်ထင်တယ်…"

ရန်ကျင်းရှိုက သူမ၏ဂိုဏ်းတွင် ရှိနေသော ရှေးဟောင်းမှတ်တမ်းများနှင့် ရွှမ်တျန်းဂိုဏ်းမှ အချိန်အရိပ်ဓားနှင့် ပတ်သက်သည့် ကောလာဟလမျိုးစုံကို ပေါင်းစပ်ပြီး စဉ်းစားမိခဲ့သည်။ သူမ ရရှိထားသော သဲလွန်စများစွာမှနေ၍ ထိုဝင်ပေါက်မြေပုံက အနည်းဆုံးတော့ တိကျနိုင်ကြောင်း ဆုံးဖြတ်နိုင်ခဲ့၏။

စွန်းယွဲ့ရှိုက ပင့်သက်ရှိုက်လိုက်ပြီး တည်ငြိမ်သွားခဲ့သည်။

"တစ်ခုခုတော့ မှားနေပြီ။ နေရာတိုင်းမှာ ထောင်ချောက်တွေ ရှိနေမှာစိုးရတယ်.."

"ညီမလေးပြောတာမှန်တယ်။ ငါတို့အတူတူ သွားမယ်ဆိုရင် အန္တရာယ်အများစုကို ကြောက်စရာမလိုဘဲ သိုင်းလောကထဲမှာ သွားလို့ရတယ်။ ဒါပေမဲ့ ဒီလိုထူးဆန်းတဲ့အရာမျိုးနဲ့ ပတ်သက်နေမယ်ဆိုရင်တော့ ငါတို့က မဆင်မခြင်မလုပ်တာ အကောင်းဆုံးပဲ။ ဂိုဏ်းကို စာတစ်စောင်ပို့ပြီး ဂိုဏ်းချုပ်ကို ဆုံးဖြတ်ချက်ချခိုင်းလိုက်မယ်…"

ရန်ကျင်းရှိုကသတိထား၍ ပြောလိုက်သည်။

မိန်းမပျိုများက အဝါရောင်စာရွက်ကို စူးစူးနစ်နစ်စိုက်ကြည့်နေပြီး ပုံရိပ်နှင့် စာရွက်ပေါ်ရှိ စကားလုံးများကို မှတ်သားနေခဲ့သည်။ ထို့နောက် သူတို့က စိမ်းပြာလဓားဂိုဏ်းကို စာတစ်စောင်ပို့ရန် လျင်မြန်စွာ ထွက်သွားခဲ့ကြသည်။

လွှတ်တော်ခန်းမထဲတွင်…

ဘုရင်ကြီးက တိုင်းပြည်ရေးဆွေးနွေးနေသော အမတ်ကြီးများကို ကြည့်နေခဲ့၏။ လက်ရှိအချိန်တွင် ပင်ကျင်းအမတ်ကြီး ကွေချင်းဟယ်တို့လည်း ရှိနေခဲ့သည်။

တစ်မြို့လုံးတွင် ကောင်းကင်(၉)သွယ်အပျက်အစီး၏ ဝင်ပေါက်မြေပုံများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရပြီးနောက် လော့ရန် ကျိုးမိသားစုအပါအဝင် အထက်တန်းလွှာ မိသားစုများစွာက သူတို့၏ထင်မြင်ချက်များကို လျင်မြန်စွာ ဆွေးနွေးလာကြသည်။ လက်ရှိဆွေးနွေးမှုကတော့ ထုံးတမ်းအစဉ်အလာအရ လုပ်ဆောင်မှုထက် မပိုခဲ့ပေ။

ကွေချင်းဟယ်ကတော့ သူ့တာဝန်ဖြစ်သည်ဟုသာ ယူဆထားခဲ့သည့်အတွက် သူ၏မျက်နှာပေါ်တွင် ကြီးကျယ်ခမ်းနားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

"ကောင်းကင်(၉)သွယ် အပျက်အစီးရဲ့ ဝင်ပေါက်မြေပုံက အစစ်ပဲ။ ဒါပေမဲ့ စီစဉ်သူရဲ့ လှုပ်ရှားမှုတွေကို ခန့်မှန်းလို့ မရနိုင်ဘူး…"

အကယ်၍ ပိုင်နင်၏လက်ထဲတွင် ရှိနေသော ဝင်ပေါက်မြေပုံတစ်ဝက်၏ စစ်မှန်မှုကို ဆုံးဖြတ်နိုင်ခြင်းမရှိလျှင် ဘာကြောင့် သူတို့က အချင်းချင်း အကွက်ချ စီစဉ်နေရမည်နည်း။

တိုင်းပြည်အကြံပေး ဝမ်ဝမ်းရှန်က ပြောလိုက်သည်။

"ဒီအဖြစ်အပျက်က လော့ရန်မှာဖြစ်ပျက်နေတာ ။ ကျွန်တော်တို့ရဲ့ဧည့်သည်တွေက အဝေးကနေ ရောက်လာကြမှာ။ ကျွန်တော်တို့က ဒီကိစ္စကို ခေါင်းထဲ မထည့်ထားလို့ ရမှာလား…"

ကွေချင်းဟယ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဒီကိစ္စက လော့ရန်မှာ ဖြစ်ပျက်နေမှတော့ ငါတို့က ထိုင်ကြည့်နေလို့ရပါ့မလား။ အရင်ဆုံး ငါတို့က လော့ရန်ဝင်္ကပါကို ပြည့်ပြည့်ဝဝ အသက်သွင်းဖို့ အကြံပေးချင်တယ်။ ပြီးတော့ ဖိနှိပ်ဖို့အတွက် နဂါးက(၉)ကောင်တံဆိပ်ကို အသုံးပြုရမယ် ...။ ပြီးတော့ မြို့တံခါးတွေကို အပြင်ဘက်ကမ္ဘာကြီးကနေ ယာယီပိတ်ဆို့ထားရမယ်။ ဒါဆိုရင် ငါတို့က ဝင်ပေါက်မြေပုံအကြောင်း အပြင်ဘက်ကို သတင်းပြန့်မသွားအောင် တားဆီးနိုင်တယ် ..."

ထိုအရာက မြေပုံအတွက် တိုက်ခိုက်နိုင်သော ပညာရှင်အရေအတွက်ကို လျော့ချလိုက်ခြင်းဖြစ်ပြီး လော့ရန်တွင် အချိန်ကြာမြင့်စွာ ပုန်းအောင်းနေသူများသာ ရှိနိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင် သတင်းကြားရပြီးနောက် ရောက်လာသည့် ဓမ္မကာရအဆင့် ပညာရှင်များကို တားဆီးနိုင်၏။

"ပြီးတော့ ငါတို့တွေက မြို့ထဲမှာရှိတဲ့ အရေးကြီးနေရာတွေမှာ လုံခြုံရေးတိုးမြှင့်ထားရမယ်။ စီစဉ်သူက အာရုံလွှဲပြီး ငါတို့သတိမထားမိအောင် လုပ်တာမျိုး၊ လမ်းမှားနတ်ဆိုးတွေက ဖရိုဖရဲအခြေအနေကို အခွင့်ကောင်းယူပြီး ငါတို့ကို တိုက်ခိုက်တာမျိုး မဖြစ်အောင် သေချာပေါက် ကာကွယ်ရမယ်။ နောက်ဆုံး ငါကိုယ်တိုင် ဦးဆောင်ပြီး ကောင်းကင်(၉)သွယ်ဝင်ပေါက်ကို ရှာဖွေမယ် .။ မြို့ထဲမှာရှိတဲ့ သိုင်းသခင်တွေနဲ့ ယပ်တောင်(၆)လက်ကျောင်းက ထိပ်တန်းလူဆိုးထိန်းတွေက ငါနဲ့အတူ လိုက်လာလို့ရတယ်။ သိုင်းသခင်အဆင့်ကို မရောက်သေးတဲ့သူတွေကတော့ သူတို့ရဲ့အသက်ကို မစွန့်စားသင့်ဘူး…"

ဘုရင်ကြီး၏ဘေးတွင် ရပ်နေသော ကျိုးကျင်းရှီက စစ်မာရှီကို လှည့်ကြည့်လိုက်ပြီး အရင်ဆုံး ပြောလိုက်သည်။

"ငါက နဂါး(၉)ကောင်တံဆိပ်ကို သုံးထားရမှတော့ လော့ရန်ကို ဖိနှိပ်ဖို့အတွက် တာဝန်ရှိတယ်။ ဒီတော့ လူဆိုးထိန်းခေါင်းဆောင်က အင်ပါယာဓားကိုယူပြီး ပင်ကျင်းအမတ်ကြီးနဲ့အတူ လိုက်သွားရင် မကောင်းဘူးလား…"

အင်ပါယာဓားက တော်ဝင်မိသားစု၏လက်ထဲတွင် ရှိနေသေးသော်လည်း ဓားကို စောင့်ကြပ်ရသော လွှတ်တော်ခန်းမမှ အဖွဲ့သားများက တစ်လှည့်ဆီ ပြောင်းလဲနေကြရသည်။ ထိုဓားကို ကိုင်ဆောင်ထားသော ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်က သိုင်းသခင်တစ်ယောက်ထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်နိုင်သည်။ ကျိုးကျင်းရှီကလွဲလျှင် တိုင်းပြည်အကြံပေး တစ်ယောက်ဖြစ်သော စစ်မာရှီက ထိုဓားကို ကိုင်ဆောင်ရန် အသင့်တော်ဆုံး လူတစ်ယောက်ဖြစ်သည်။

အကယ်၍ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ဖြစ်သော ကွေချင်းဟယ်ကသာ ထိုဓားကို ကိုင်ဆောင်လိုက်မည်ဆိုလျှင် တခြားမိသားစုများက အတော်လေးကို အခြေအနေ ဆိုးရွားသွားနိုင်၏။ ထိုကြောင့်သူတို့က ကျိုးကျင်းရှီ၏ အကြံပြုချက်ကို ကြားသည့်အခါ တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

လော့ရန်က ကျိုးမိသားစု၏ ဌာနချုပ်ဖြစ်နေသည့်အတွက် ထိုမိသားစုက မြို့ထဲတွင် ဖရိုဖရဲ မဖြစ်စေရန် ကာကွယ်လိုသည်မှာ သေချာပေါက် အလိုအပ်ဆုံးဖြစ်သည်။ ကျိုးကျင်းရှီက နဂါး(၉)ကောင်တံဆိပ်၏ နောက်ကွယ်တွင် နေထိုင်ပေးနေသည်မှာ ပို၍သင့်တော်၏။

အခြေအနေက အရေးကြီးနေသည့် အတွက်ကြောင့် သူတို့က တခြားအရာများကို စဉ်းစားနေရန် အချိန်မရနိုင်ခဲ့ပေ။ ကွေချင်းဟယ်ကလည်း ထိုအကြံပြုချက်ကို သဘောမတူခင် သေချာမစဉ်းစားနိုင်ခဲ့ချေ။

မိနစ်ပေါင်းများစွာ ကြာပြီးနောက် လော့ရန်၏ အပေါ်ဘက်တွင် လေလှိုင်းနှင့် တိမ်တိုက်များ စုစည်းလာခဲ့သည်။ ရွှေရောင်အလင်းတန်းများလည်း ထွက်ပေါ်လာပြီး သက်ရှိများအားလုံး၏ အငွေ့အသက်က လူသားမျိုးနွယ်၏ နဂါးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်သည့်အခါ သူတို့၏ဂိုဏ်းကို သတင်းမပို့ရသေးသော ရန်ကျင်းရှိုနှင့် စွန်းယွဲ့ရှိုတို့က မချိပြုံး ပြုံးလိုက်မိကြ၏။ ယွမ်လိဟောင်ကတော့ သူတို့၏စစ်ကူများ ရောက်မလာနိုင်တော့ကြောင်း နားလည်သွားမိသည့်အတွက် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

…………….

ကောင်းကင်ခုံရုံးအပိုင်းအစထဲတွင် ရှိနေသော နန်းတော်ထဲတွင်..

ဟန်ကွမ်းက အစောပိုင်းတွင် အနည်းငယ်ပြဿနာများခဲ့သော အခြေအနေကို ပြန်လည်ပြင်ဆင်လိုက်၏။ သူက သူ၏သိစိတ်ကို ဖြန့်ကျက်လိုက်ပြီး အေးအေးဆေးဆေး မေးလိုက်သည်။

"မင်းက လူတိုင်းကို ထွက်သွားခိုင်းခဲ့သေးလား…"

ကောင်းလန်က ကောင်းကင်ဧကရာဇ်ပုလ္လင်ပေါ်တွင် အေးစက်သော အမူအရာနှင့် ထိုင်နေခဲ့သည်။

"ထွက်သွားသင့်တဲ့သူတွေ အများစုက ထွက်သွားပြီးသွားပြီ ...။ အပေါ်ပိုင်းကောင်းကင်အလွှာတွေမှာ ဝင်သင့်တဲ့သူတွေကလည်း စောင့်နေကြတယ်။ ဒီတော့ အမှန်တကယ်လက်လွှတ်လိုက်မှာ သေချာပြီလား…"

ဟန်ကွမ်းက လက်(၂)ဖက်ကို နောက်သို့ ပစ်ထားခဲ့သည်။ သူက အပြုံးနှင့် ပြန်ဖြေလိုက်၏။

"ဒီနေရာရဲ့အသေးစိတ် တည်နေရာကို အပြင်လူတွေ သိသွားပြီဆိုမှတော့ ဘာများလွမ်းနေရဦးမှာလဲ။ တကယ်လို့ ငါက တစ်ခုခုရနိုင်တယ်ဆိုရင် ဒီနေရာကို စွန့်လွှတ်လိုက်ရမှာပေါ့။ ငါ့ရဲ့အားနည်းချက်က တခြားသူရဲ့ လက်ထဲရောက်နေတဲ့အချိန်မျိုးမှာ ငါက အဲဒီအရာကို ဘာမှမဖြစ်သယောင် ဟန်ဆောင်နေလို့ရမယ်လို့ ထင်နေတာလား။ တစ်ဖက်လူက ဒီကိစ္စကိုလျှို့ဝှက်ပေးဖို့ အသနားခံနေရမှာလား။ ငါက အရေးပါတဲ့ပစ္စည်းတွေကို ရွှေ့ဖို့အတွက် အချိန်ခဏပဲ လိုအပ်တယ် ..."

လူသားတိုင်းပြည်သို့ ရောက်လာသော ကောင်းကင်ဧကရာဇ်တစ်ပါးကဲ့သို့ ကောင်းလန်က ဟန်ကွမ်းကို စိုက်ကြည့်လိုက်သည်။

"မင်းက နှစ်ပေါင်းများစွာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ခဲ့တော့ မင်းရဲ့စကားလုံးတွေထဲမှာ တည်ငြိမ်ခြင်း အနှစ်သာရတွေပါနေတယ်…"

"ငါက ကျမ်းစာတွေကို ဖတ်ပြီး နက်ရှိုင်းတဲ့ နားလည်မှုတွေ ရခဲ့တယ် ။ ဒါပေမဲ့ ငါက အကောင်းဆုံးသင်ခန်းစာတွေကိုယူပြီး အမှိုက်တွေကိုတော့ စွန့်ပစ်ခဲ့တယ်…"

ဟန်ကွမ်းက ခန်းမကြီး၏အစွန်သို့ လှည့်ပတ်သွားလာနေပြီး အပေါ်ဘက်တွင် အလွန်သိပ်သည်းသော မြူခိုးများကိုကြည့်၍ မျက်လုံးထဲတွင် ခံစားချက်များ ပြည့်နှက်လာခဲ့သည်။

သူက အပြုံးနှင့် ပြောလိုက်၏။

"သူတို့က သိပ်မကြာခင် အဲဒီနေရာကို ရောက်တော့မယ်။ သူတို့က သေချာပြင်ဆင်ထားတာဆိုတော့ တစ်ကြိမ်တည်းနဲ့ တံခါးကို ဖွင့်နိုင်လိမ့်မယ်…."

ကောင်းလန်က လက်ရန်းကို ပုတ်ပြီး မတ်တပ်ရပ်လိုက်သည်။ သူ့ဆီမှ ကမ္ဘာမြေကြီးတစ်ခုလုံး ပြည့်နှက်နေသည့် အငွေ့အသက်များ ထွက်ပေါ်လာနေသည်။

ဟန်ကွမ်းက သူ့နောက်တွင် ရှိနေသော လက်(၂)ဖက်ကို စိုက်ကြည့်နေပြီး ကမ္ဘာမြေကြီးနှင့် ဘဝလျှို့ဝှက်ချက် ဆက်သွယ်မှုများကို ပြန်လည်စဉ်းစားကြည့်နေမိ၏။

"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ငါ ဒီနေရာကို ပထမဆုံး ဝင်လာခဲ့ပြီး အလွှာတေအများကြီးကို ရှာတွေ့ခဲ့တယ် ။ အဲဒီနေရာက ကောင်းကင်(၉)သွယ်ရဲ့ ဆန်းကြယ်နတ်သမီးလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတဲ့ နေရာတစ်ခုဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူးလေ။ လော်အဖွဲ့အစည်းက မိန်းကလေးကတော့ ငါထက်ပိုပြီး ဒီနေရာနဲ့ ရင်းနှီးနေတယ် ထင်တယ် ..."

"လော်အဖွဲ့အစည်းက နတ်ဘုရားမမျိုးဆက်တွေက အဂတိသခင်မရဲ့ လူဝင်စားတွေပဲလေ။ ဒီတော့ သူတို့မှာ ရှေးဟောင်းအင်အားကြီးတစ်ခု ရှိနေတာ အံ့သြစရာတော့ မဟုတ်ဘူး…"

ကောင်းလန်က ရှင်ဘုရင်တစ်ယောက်၏ အငွေ့အသက်မျိုးနှင့် ဟန်ကွမ်းဆီကို လျှောက်လာခဲ့သည်။

ဟန်ကွမ်းက နှာခေါင်းရှုံ့လိုက်၏။

"အဂတိသခင်မက ရှေးဟောင်းပညာရှင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့နောက်ကြောင်းက မရှင်းဘူး။ သူက ရှေးခေတ်ရဲ့နောက်ဆုံးနှစ်မှာ ပေါ်လာပြီး သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ ဗုဒ္ဓကျင့်စဉ်တွေကို ပေါင်းစပ်ခဲ့တယ်။ ပြီးတော့ အလယ်ခေတ်အစောပိုင်းမှာ သေသွားခဲ့တယ်။ သူ့ရဲ့အစစ်အမှန်နောက်ကြောင်းကို ဘယ်သူမှမသိကြဘူး ..."

……………..

ခြေထောက်အောက်တွင် အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မုန့်ချီနှင့်ကူရှောင်စန်းတို့က အပေါ်သို့ လျင်မြန်စွာ ပျံသန်းသွားနေကြသည်။ သူတို့က အဖြူရောင်တိမ်တိုက်များကဲ့သို့ အလွှာများကို တစ်လွှာပြီးတစ်လွှာ ဖြတ်သန်းသွားခဲ့ပြီး လေဟာနယ်ထဲတွင် သလင်းကျောက်နံရံကဲ့သို့သော အခန်းများကိုလည်း တွေ့နေရသည်။

ဤနေရာတွင် ပျက်စီးနေသော တိမ်တိုက်များ၊ တစ်စစီဖြစ်နေသော သမုဒ္ဒရာ၊ ပြောင်းပြန်ဖြစ်နေသော အထွဋ်အမြတ်တောင်ထိပ်၊ အက်ကွဲနေသော ကောင်းကင်မြစ်နှင့် နံရံများပျက်စီးနေသော နန်းတော်များသာ ကျန်နေတော့သည်။

ထိုအရာများအားလုံးက မုန့်ချီ၏ မြင်ကွင်းထဲတွင် ပေါ်လာရ၏။ သို့သော် သူက ထိုအရာများကို အနီးကပ်ကြည့်ရှုရန် ကြိုးစားလိုက်သည့်အချိန်တွင် တံလျပ်များကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူတို့က အချိန်မည်မျှကြာအောင် ပျံသန်းလာခဲ့ကြောင်း မသိသော်လည်း နောက်ဆုံးတော့ ခြေထောက်အောက်တွင် ထိတွေ့နိုင်သော အရာတစ်ခုကို ခံစားမိလိုက်သည်။

သူက တိမ်တိုက်တစ်ခုပေါ်တွင် ရပ်နေကြောင်း တွေ့လိုက်ရ၏။ သူ၏ပတ်ပတ်လည်တွင်တော့ ဝေဝါးနေပြီး ပတ်ပတ်လည်တွင် ကမ္ဘာကြီးတစ်ခုလုံးကို သန့်စင်ပေးနေသော ပင်မချီစွမ်းအင်ပင်လယ်ကြီးတစ်ခု ရှိနေခဲ့သည်။ ဤနေရာတွင် ရှိနေသော အနှစ်သာရများက ထိတွေ့၍ မရနိုင်သော်လည်း တိုက်ရိုက်အသုံးပြု၍ရနိုင်သည်။ ယခုတော့ အလွန်ထင်ရှားနေပုံရ၏။

မီးတောက်ငယ်လေးများက မီးပွားများအဖြစ် ပေါက်ကွဲလာပြီး လှုပ်ရှားနေသောရေများက ရေကန်များ ဖြစ်လာသည်။ ထိုကဲ့သို့ဖြစ်စဉ်များက သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့၏။

"အောက်မှာရှိတဲ့အလွှာတွေက အင်မော်တယ်တွေရဲ့စံအိမ်ပဲ ...။ ဌာနတစ်ခုချင်းဆီရဲ့နေအိမ်တွေ၊ ကောင်းကင်ဧကရာဇ် ယာယီစံအိမ်တွေလေ ။ အဲဒီအရာတွေထဲမှာတော့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ မရှိတော့တာကြာပြီ။ ငါတို့ရဲ့ဦးတည်ချက်ကတော့ ထိပ်ဆုံးအလွှာ(၃)ခုပဲ ..."

ကူရှောင်စန်းက မုန့်ချီကိုကြည့်ပြီး ပြုံးရုံလေးပြုံးလိုက်၏။

သူမက လက်ကိုင်ထားသည်ကိုပင် မေ့နေသလို ထင်မှတ်ရသည်။ ယခုတစ်ကြိမ် သူမ၏အငွေ့အသက်များက မတူညီသော ဆွဲဆောင်မှုတစ်ခု ရှိနေခဲ့၏။

"ဒီနတ်ဆိုးမဆီမှာ မျက်နှာတွေ အများကြီးရှိတာ သေချာတယ်…"

မုန့်ချီက သူမ၏လက်ကိုလွှတ်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် အဝေး၌ ဝဲကတော့တစ်ခုသာ ရှိနေပြီး ခရမ်းရောင်လျှပ်စီးကြောင်းများနှင့် ပိတ်ဆို့ထားသော တံခါးတစ်ခု ရှိနေသည်။ လေထဲတွင်လည်း အက်ကွဲသံများကို ကြားနေရ၏။ လျှပ်စီးကြောင်းများက ကိုယ်ပိုင်ကမ္ဘာကြီးတစ်ခုဖြစ်နေသလို ထင်မှတ်ရသည်။

"ကျေးဇူးပြုပြီး မိုးကြိုးအမှတ်အသားကို ပြသလိုက်ပါ ယောကျ်ား ..။ ပြီးတော့ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်နဲ့ တံခါးကို တိုက်ခိုက်လိုက်ပါ…"

ကူရှောင်စန်းက နောက်ကို တစ်လှမ်းဆုတ်လိုက်သည်။ သူမကတော့ လှပသော နတ်ဘုရားမတစ်ပါးကဲ့သို့ ရပ်နေခဲ့၏။ တိုက်ခိုက်ခြင်းမရှိသော်လည်း သူမ၏အဖြူရောင်ဂါဝန်လေးက လှုပ်ရှားနေခဲ့သည်။

မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီး လက်ခုံပေါ်တွင် ရှိနေသော မိုးကြိုးအမှတ်အသားကို ထုတ်ဖော်လိုက်၏။ သူက ညာဘက်လက်ထဲတွင် ဓားမောက်ကိုလွှဲပြီး သတိပေးနေခြင်းမရှိဘဲ ခုတ်ချလိုက်၏။ ထိုဓားမောက်က အပေါ်တည့်တည့်ကို ရောက်သွားခဲ့သည်။ ထိုအချိန်တွင် လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းက ယင်နှင့်ယန်ကို အသွင်ပြောင်းသွားစေပြီး ဓားမောက်ထိပ်ဖျားတွင် ယန်စွမ်းအားမိုးကြိုးများ ထွက်ပေါ်လာခဲ့သည်။

"ဂျိမ်း ..."

မုန့်ချီ၏ဓားမောက်က ခရမ်းရောင်တံခါးကို တိုက်ခိုက်မိသွား၏။ ထို့ကြောင့် စုစည်းလာသော မိုးကြိုးများက ပေါက်ကွဲသွားခဲ့သည်။ ယန်စွမ်းအားများ ပြည့်နှက်နေသော လေထဲတွင် ပေါက်ကွဲမှုများ ထွက်ပေါ်လာခဲ့သည့်အတွက် မုန့်ချီ၏ပင်မဝိညာဉ်ကပင် လှုပ်ရှားသွားခဲ့ရသည်။

သူ၏သိစိတ်ကလည်း အိပ်မက်နယ်မြေတစ်ခုထဲကို ကျရောက်သွားသလိုဖြစ်သွားပြီး သူ့ရှေ့တွင် ရှိနေသော ခရမ်းရောင်လျှပ်စီးကြောင်းများက ကိုင်တွယ်၍ ရသည့် ပုံသဏ္ဍာန် ပြောင်းလဲသွားသည်ကို စိုက်ကြည့်နေရသည်။

သူတို့က ကြေးနီရောင် အသားအရည်ရှိနေသော ဧရာမလူသန်ကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုလူသန်ကြီး၏ လက်ထဲတွင်တော့ လှံတစ်ချောင်းကို ကိုင်ထားခဲ့သည်။ ထိုအရာကို မြင်သည့်အခါ သူက အချိန်ဆွဲ၍မရတော့ကြောင်း မုန့်ချီက သိနေခဲ့၏။

သူ့လက်ထဲတွင် ရှိနေသော ဓားမောက်က ပျောက်ကွယ်သွားခဲ့ပြီး ဧရာမလူသန်ကြီး၏ လက်ထဲတွင် တိတ်တဆိတ် ပြန်ပေါ်လာခဲ့သည်။ ယင်စွမ်းအားများကို သယ်ဆောင်ထားသော လျှပ်စီးကြောင်းများက အရိုးထိအောင် လှုပ်ရှားသွားစေခဲ့သည်။

"ဘုန်း ..."

လူသန်ကြီးက လှံရှည်နှင့် တိုက်ခိုက်တော့မည့်အချိန်တွင် ရုတ်တရက် ရပ်လိုက်ပြီး ခုခံမှုများအားလုံးကို ရုပ်သိမ်းလိုက်သည်။ ထိုအစား သူက ယင်စွမ်းအားများနှင့် ပေါင်းစပ်နေသော မိုးကြိုးတစ်စိတ်တစ်ပိုင်းကို ဖယ်ရှားပေးလိုက်သည်။ ဧရာမလူသန်ကြီးကလည်း တဖြည်းဖြည်းပို၍ သေးငယ်လာခဲ့၏။

မုန့်ချီ၏ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ ဓားမောက်က ထွက်ပေါ်လာပြီး ကောင်းကင်မိုးကြိုး(၅)သွယ်ကို အသုံးပြုလိုက်၏။

"ဘုန်း ..."

နတ်ဘုရားအပြစ်ပေးမှုတစ်ခု ကျဆင်းလာပြီး လူသန်ကြီးက ပျောက်ကွယ်သွားခဲ့၏။ ထိုအချိန်တွင် နယ်မြေအမှတ်အသားတစ်ခုက အလင်းရောင်မှေးမှိန်သော ခရမ်းရောင်တံခါးဆီသို့ ပျံသန်းသွားခဲ့သည်။

မုန့်ချီက သစ်ခွပန်းကဲ့သို့ မွှေးရနံ့လေးတစ်ခုကို ရလိုက်သော်လည်း တစ်ချိန်တည်းတွင် ကူရှောင်စန်း၏အသံကို ကြားလိုက်ရသည်။

"အထဲကို ချက်ချင်း ဝင်ကြမယ် ။ အနားမှာတစ်ယောက်ယောက်က အလစ်ချောင်း တိုက်ခိုက်နိုင်တယ်…"

မုန့်ချီက အမြင့်ကို သတိထားနေပြီး ရှေ့ကို လျှောက်သွားခဲ့၏။ ထိုအခါ မုန့်ချီက လေဟာနယ်နှင့် ကမ္ဘာပေါင်းများစွာကို ဖြတ်ကျော်သွားသလို ခံစားလိုက်ရပြီး နောက်ဆုံးတွင်တော့ ကမ္ဘာကြီး၏ အဆုံးသတ်ကို ရောက်လာခဲ့သည်။

သူ့မျက်လုံးရှေ့တွင်လည်း အလင်းရောင်များ ထွက်ပေါ်လာပြီး သူက ရိုးရှင်းသော သစ်ကိုင်းခြောက်လေးနှင့် သစ်ခေါက်များကို တွေ့နေရသည်။ ထိုသစ်ခေါက်များက အနီရောင်ပြောင်းနေပြီး မြေပေါ်တွင်လည်း သွေးများ စိုရွှဲနေသည့်အလား မြေသားများ ရှိနေခဲ့သည်။ မုန့်ချီ၏နှာခေါင်းထဲတွင်လည်းအလွန်သိပ်သည်းသော သွေးရနံ့များ ထွက်ပေါ်လာခဲ့သည်။

"မက်မွန်ဥယျာဉ်…"

ကူရှောင်စန်း၏အသံက လေထဲတွင် တိတ်တဆိတ် ထွက်ပေါ်လာခဲ့၏။

Translated by Hein Htet.

All Chapters