အခန်း (၆၈၇)
Vol. 46 Ch. 687
"မက်မွန်ဥယျာဉ်လား ..."
ယခင်ကတည်းက ရှေးဟောင်းကောင်းကင်ခုံရုံးနှင့် ပတ်သက်သော မှတ်တမ်းများက အနည်းငယ်လေးသာ ရှိကြသည်။ မုန့်ချီ ဖတ်ဖူးခဲ့သည့်အရာကလည်း အလွန်နည်းပါးနေသေး၏။ သူကတော့ ကြိုတင်ပြင်ဆင်မှုများမရှိဘဲ ဤခရီးကို လိုက်လာခဲ့ရသည်မှာ ကူရှောင်စန်းနှင့် စာချုပ်ကြောင့်သာ ဖြစ်သည်။
သို့သော် မက်မွန်ဥယျာဉ်ဟူသည်မှာ သူ စာအုပ်ဖတ်ရန် မလိုအပ်သော နေရာအနည်းငယ်များထဲမှ တစ်ခုဖြစ်သည်။ မက်မွန်ဥယျာဉ်နှင့် ပတ်သက်သော အချက်အလက်များက အနောက်သို့ခရီးသွားခြင်း ဇာတ်လမ်းကို ဖတ်ကြည့်သည့်အချိန်တွင် နားလည်နိုင်သည်။
ထိုမက်မွန်သီးများက နှစ်ပေါင်း(၃)သန်း၊ (၆)သန်းနှင့် (၉)သန်း အကြာတွင် ရင့်မှည့်ပြီး ထိုအသီးကိုစားမည်ဆိုလျှင် မသေမျိုးခန္ဓာကိုယ်နှင့် စွမ်းအားများကို ရရှိနိုင်ကြောင်း အမှတ်ရနေသေးသည်။ ထိုမှတ်ဉာဏ်များက ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် တချို့အချက်အလက်များက မမှန်ကန်နိုင်ကြောင်း သူလည်း နားလည်နေခဲ့၏။
သူ့စိတ်ထဲ၌ စပ်ဖျင်းဖျင်း ခံစားမှုတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ သူက ပတ်ပတ်လည်ကို ကြည့်လိုက်ရာ မက်မွန်ပင်များက သူ့နည်း သူဟန်နှင့် ထူးခြားနေကြောင်း မြင်လိုက်ရသည်။ တချို့သစ်ပင်များက သာမာန်အရွယ်အစားသာရှိပြီး တချို့ကတော့ ကောင်းကင်ထိအောင် မြင့်မားသော ဧရာမအပင်ကြီးများ ဖြစ်နေကြသည်။
သူတို့ဆီတွင် တူညီသော အရာတစ်ခုတည်းသာ ရှိပြီး ရှုံ့တွနေသော သစ်ကိုင်းများ၊ သစ်ရွက်များ၊ ခပ်ကျဲကျဲ ဖြစ်နေသော သစ်ခေါက်များ။ သစ်သီးနှင့် သစ်ခေါက်မရှိဘဲ ပင်စည်က နီရဲနေသည်မှာ သွေးများကို စုပ်ယူထားသော နတ်ဆိုးသစ်ပင်များကဲ့သို့ ဖြစ်နေကြသည်။ မြေကြီးများဆီမှ သွေးရနံ့များ ထွက်နေသည်မှာ ကြောက်စရာ အကောင်းဆုံးလည်းဖြစ်၏။ မြေကြီးများက နှစ်ပေါင်း(၁)သောင်းကျော် သွေးများထဲတွင် လုံးဝနစ်မြုပ်နေသလို ထင်မှတ်ရသည်။
ထိုနတ်ဆိုးသွေးစက်များကြောင့် မုန့်ချီက သတိကြီးကြီး ထားနေရသည်။ ဘယ်ဘက်လက်ထဲတွင် ရေလှိုင်းမီးတောက်ဓားကို ကိုင်ထားပြီး ညာဘက်လက်ထဲတွင် ကောင်းကင်ပြစ်ဒဏ်ဓားကို ကိုင်ထားခဲ့သည်။ သူက ပတ်ဝန်းကျင်ကို အာရုံစိုက်၍ စစ်ဆေးကြည့်နေခဲ့၏။
ရှေးအချိန်မှ ကောင်းကင်ခုံရုံးပျက်စီးမှုက ရှင်းပြ၍ မရနိုင်ပေ။ မက်မွန်ဥယျာဉ်ထဲတွင် မည်သည့်ပြောင်းလဲမှုများ ရှိမရှိ မည်သူက သိနိုင်မည်နည်း။ သူက သူ၏သိစိတ်ကို ဖြန့်ကျက်တော့မည့် အချိန်တွင် သွေးပင်လယ်ကြီးတစ်ခုထဲကို နစ်မြုပ်သွားပြီး သွေးရောင်ရေများထဲသို့ ရောက်သွားကြောင်း ခံစားလိုက်ရသည်။ ထိုပင်လယ်ကြီးက သူ၏သိစိတ်ကို ဖယ်ရှားလိုက်ပြီး အာရုံခံစွမ်းရည်များအားလုံးကို ဖယ်ရှားလိုက်၏။ သစ်ခေါက်များ အောက်တွင် ရှိနေသော သွေးများကလည်း စတင်လှုပ်ရှားလာခဲ့သည်။
မုန့်ချီကတော့ အောက်ဘက်တွင် အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ရှိနေကြောင်း အတိအကျ သိနေခဲ့၏။ သူက ချက်ချင်းပင် သူ၏သိစိတ်ကို ဖယ်ရှားလိုက်ပြီး နောက်ထပ်အသုံးပြုခဲ့ခြင်း မရှိတော့ချေ။ သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို ပြည့်ပြည့်ဝဝ အသက်သွင်းလိုက်ရာ သူ့အတွက် အလွန်အန္တရာယ်များတော့မည်ဖြစ်ကြောင်း ခံစားမိလာခဲ့သည်။
ကူရှောင်စန်း၏ မျက်လုံးများက အလွန်နက်ရှိုင်းနေပြီး ရိုးရှင်းသည့် မျက်နှာလေးက ခန့်မှန်း၍ မရနိုင်သည့်အတွက် တခြားသူများက သူမ၏ခံစားချက်များကို နားလည်ရန် ခက်ခဲနိုင်သည်။ သူမက ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီး ရုတ်တရက် ပြုံးလိုက်၏။
"ဒါက ဘယ်လိုမက်မွန်ဥယျာဉ်မျိုးလဲ…”
“ဒါက သေချာပေါက် အသက်ဝါးမျိုခြင်းဥယျာဉ်ပဲ ... ယောကျ်ား ..။ နောက်ပိုင်းဘာကိစ္စပဲ ဖြစ်လာဖြစ်လာ နောက်ပြန်လှည့်မကြည့်နဲ့။ လမ်းလျှောက်တာကို မရပ်နဲ့။ ဘာပစ္စည်းမှလည်း မကောက်နဲ့။ မဟုတ်ရင် ထာဝရပြီးဆုံးသွားလိမ့်မယ်…"
"ပြန်မလှည့်ရဘူး။ လမ်းလျှောက်တာကိုရပ်ပြီး ပစ္စည်းတွေ မယူရဘူးလား။ နတ်ဆိုးမကူက တော်တော်လေး သိထားတာပဲ…"
ရှေးဟောင်းမိုးကြိုးနတ်ဘုရား၏ အမှတ်အသားကို အသက်သွင်းလိုက်ပြီးနောက် ကူရှောင်စန်းအတွက် မုန့်ချီ၏အသုံးဝင်မှုက သိသိသာသာ လျော့ကျလာခဲ့သည်။ ထိုကြောင့် သူမက သူ့ကို သစ္စာဖောက်သွားမှာ စိုးရိမ်နေရ၏။
သူက သူမ၏စကားလုံးတိုင်းကို သေချာခွဲခြားစစ်ဆေးကြည့်နေခဲ့သည်။ စာချုပ်အရ သူမက သူ့ကို တိတ်တဆိတ် သတ်ပစ်နိုင်ခြင်း မရှိချေ။ ပြောရမည်ဆိုလျှင် သူမက သူ့ကို ထောင်ချောက်တစ်ခုထဲသို့ မျှားခေါ်ရန် လှည့်စားနိုင်ခြင်း မရှိသော်လည်း အန္တရာယ်ရှိသော အချက်အလက်များကို သတိမပေးဘဲ ရပ်ကြည့်၍ ရနိုင်သည်။ နတ်ဆိုးမကူက အပေါ်ယံတွင် မည်မျှသဘောကောင်းစေကာမူ မည်မျှလှပစေကာမူ သူကတော့ လုံးဝကို သတိမလွတ်ရဲပေ။
‘နောက်ပိုင်း ငါက သူလုပ်တဲ့အရာတိုင်းကို လိုက်လုပ်ရမယ် ...’
မုန့်ချီက အသံတိုးတိုးနှင့် မေးလိုက်သည်။
"ဘာလို့ နောက်ပြန်မလှည့်ရတာလဲ ။ လမ်းလျှောက်တာကို မရပ်ရတာလဲ…"
သူမက သူ့ကို လှပစွာ ပြုံးပြလိုက်သည်။ ထို့ကြောင့် သူမက အလွန်ချစ်စရာကောင်းသော နတ်ဘုရားမလေးတစ်ပါးကဲ့သို့ ထင်မှတ်ရ၏။
"ပြောရမှာတော့ အရှည်ကြီးပဲ။ ဒဏ္ဍာရီအဖွဲ့က ပညာရှင်တွေလည်း အချိန်မရွေး သဲလွန်စ ရှာတွေ့သွားနိုင်မှတော့ ငါတို့က ဒီနေရာကို မြန်မြန်ဖြတ်သွားသင့်တယ်။ နင် ငါ့ကိုမယုံဘူးလား ယောကျ်ား ..."
သူမ၏မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ပြည့်လာခဲ့သည်။
"ယောကျ်ား ...
နင်က ငါ့ကိုယုံကြည်နိုင်အောင် ငါက နင့်ကို အကြိမ်တစ်ထောင်လောက် ကယ်ပြရမှာလား"
"သူက ဒီစကားကို နောက်တစ်ကြိမ် ထပ်ပြောပြန်ပြီ ..."
မုန့်ချီ၏နှုတ်ခမ်းက ရှုံ့မဲ့သွားခဲ့၏။ သူ မည်သို့မေးစေကာမူ နတ်ဆိုးမကူက ရိုးရိုးသားသား ပြောပြမည် မဟုတ်ကြောင်း သိနေခဲ့သည်။
ထို့ကြောင့် သူက တိတ်တိတ်နေပြီး မက်မွန်ဥယျာဉ်ထဲသို့ဝင်ရန် ကူရှောင်စန်းနှင့်အတူ ဘေးချင်းယှဉ်၍ လျှောက်လိုက်သည်။ သူ၏ခြေထောက်အောက်တွင် ရှိနေသော မြေသားများက ပျော့ပြောင်းနေသလို ခံစားနေရသည့်အတွက် သူက ရွှံထဲကို နစ်မြုပ်သွားသလို ခံစားနေရ၏။ မုန့်ချီက သူ၏ချီစွမ်းအားများကို အနည်းငယ် သုံးလိုက်ပြီး ရှေ့ကို ညင်သာစွာ လျှောက်လှမ်းသွားခဲ့သည်။ ဤနေရာက ကောင်းကင်ခုံရုံး၏ ပိုင်နက်ဖြစ်သည့်အတွက် ဤနေရာတွင် ပျံသန်းသွား၍ မရနိုင်ပေ။
သူက ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည့်အချိန်တွင် သူ့ဆီသို့ ထိုးဖောက်လာသော အန္တရာယ် အငွေ့အသက်တစ်ခုကို ရလိုက်သည်။ ရန်သူက သူ့ကို နောက်ကျောဘက်မှ စိုက်ကြည့်နေသလို ထင်မှတ်ရ၏။ သူက ဓားကိုမြှောက်ပြီး သတိလက်လွတ် ပြန်လှည့်ရန် ပြင်လိုက်သည်။
သို့သော် ကူရှောင်စန်းကတော့ အေးအေးဆေးဆေး လမ်းလျှောက်နေသည့်အလား ရှေ့ကိုသာ ပေါ့ပေါ့ပါးပါး ဆက်လျှောက်သွားကြောင်း မြင်လိုက်ရ၏။ သူမကတော့ မည်မျှအန္တရာယ်ရှိစေကာမူ မခံစားမိသလို ထင်မှတ်ရသည်။
"နောက်ပြန်မလှည့်နဲ့ ...မရပ်နဲ့…"
သူမ၏ သတိပေးချက်များက သူ့ခေါင်းထဲတွင် ချက်ချင်းပေါ်လာခဲ့၏။
မုန့်ချီက သက်ပြင်းချလိုက်ပြီး တင်းကျပ်နေသော စိတ်ကို ဖြေလျှော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ပြန်လှည့်ကြည့်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး ရှေ့ကို ခက်ခက်ခဲခဲ ဆက်လျှောက်လာခဲ့၏။ နတ်ဆိုးမက သူမ၏အသက်နှင့် သူ့ကို စနောက်မည် မဟုတ်ကြောင်း သူလည်း ယုံကြည်နေခဲ့သည်။
အန္တရာယ်အငွေ့အသက်က ပျောက်ကွယ်သွားခဲ့ခြင်း မရှိချေ။ သူကတော့ နောက်ကျောတွင် ဆူးတစ်ချောင်း စူးနေသလို ခံစားနေရပြီး လမ်းလျှောက်နေသည့်အချိန်တွင် အလေးချိန် တန်(၁)ထောင်ရှိသော ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းထားရသလို ပင်ပန်းလာခဲ့၏။
ရှေ့ကို တစ်လှမ်းချင်းဆီ လျှောက်နေရင်း လေထဲတွင် အေးစက်သော လေလှိုင်းတစ်ခု တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ် အခြေအနေနှင့်ပင် တစ်ကိုယ်လုံး တုန်လှုပ်သွားမိခဲ့၏။
ထိုအချိန်တွင် သူ့နောက်ဘက်မှနေ၍ အရိပ်တစ်ခု လှုပ်ရှားလာသလို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ကြွက်သားများက တင်းကျပ်လာခဲ့၏။ မုန့်ချီက သူ၏မသိစိတ် တုံ့ပြန်မှုများကို ဖိနှိပ်ရန် စွမ်းအား အတော်လေး ပေးထားရသည်။
သူက နောက်တစ်ကြိမ် ကူရှောင်စန်းကို သတိလက်လွတ် လှည့်ကြည့်လိုက်မိသည်။ သူမကတော့ လူသားကမ္ဘာကြီးပေါ်ကို ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် သူမ၏မျက်နှာပေါ်၌ အစွန်းအထင်းတစ်ခု ပေါ်လာခဲ့သည်။ သူမ၏မျက်လုံးအောက်တွင် ရှိနေသော မျက်နှာပြင်က တဖြည်းဖြည်း ဝါကျင့်ကျင့်ဖြစ်လာပြီး သူမ၏အရေပြားက တောက်ပမှုမရှိတော့သလို ဖြစ်လာသည်။ သူမ၏မျက်ခုံးကလည်း အစိမ်းရင့်ရောင် ပြောင်းလဲနေခဲ့၏။ သူမက အိုမင်းသွားခြင်းမရှိဘဲ သေခြင်းတရားနှင့် ခြေတစ်လှမ်း နီးကပ်လာသလို ထင်မှတ်ရသည်။
မုန့်ချီက သတိထား၍ ပြောလိုက်၏။
ကူရှောင်စန်းက ပြန်လှည့်ပြီး သူမ၏ မျက်လုံးလှလှလေးထဲတွင် ပုံရိပ်များ ပေါ်လာခဲ့သည်။ သူမ၏ မျက်လုံးလှလှလေးများထဲတွင် ပေါ်လာသည်မှာ မုန့်ချီ၏မျက်နှာ ဖြစ်၏။ သူ၏မျက်ခုံးတွင်လည်း တူညီသော အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့မျက်နှာကလည်း ဝါကျင့်ကျင့်ဖြစ်လာခဲ့သည်။ သူ၏သက်တမ်းကလည်း ကုန်ဆုံးသွားတော့မလို ထင်မှတ်ရ၏။
မုန့်ချီက သူ့မျက်နှာသူ ကြည့်ပြီး အလွန်ကြောက်လန့်သွားခဲ့သည်။ သူက မေးတော့မည့် အချိန်တွင် ကူရှောင်စန်း၏ နှုတ်ခမ်းလေးက အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူမက စိတ်ဝိညာဉ်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
"ဘာမှဂရုစိုက်မနေနဲ့ ။ ငါတို့က အပြင်ကိုရောက်သွားရင် ဒါကိုပြုပြင်ဖို့နည်းလမ်းရှိတယ်…"
သူမ၏အသံလေးက တောင်ကြားထဲတွင် တေးဆိုနေသော ငှက်ကလေး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီး သွေးများပေနေသော မြေကြီးပေါ်တွင် ဆက်၍လျှောက်လာခဲ့ရ၏။ သူတို့က မက်မွန်ဥယျာဉ်၏ တခြားတစ်ဖက်ကို လျှောက်သွားနေကြသည်။ သူတို့၏နောက်ဘက်တွင်တော့ အရိပ်များတစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး အေးစက်သည့်ခံစားမှုများကလည်း အရေပြားကို ဆက်လက်ထိုးစိုက်နေခဲ့သည်။
မုန့်ချီကတော့ စိတ်စွမ်းအားတစ်ခုကိုသာ အသုံးချပြီး ရှေ့ကိုဆက်၍သွားနေရ၏။ ယခုတစ်ကြိမ်တော့ သူက ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို ခံစားကြည့်ရန် ကူရှောင်စန်း၏ မျက်လုံးကိုကြည့်ရန် မလိုတော့ပေ။ သူ့ခန္ဓာကိုယ်က ဆိုးဆိုးဝါးဝါး ပြောင်းလဲနေခဲ့ပြီဖြစ်သည်။
ရုတ်တရက်ဆိုသလို မုန့်ချီ၏မျက်လုံးထဲ၌ ရွှေရောင်အရိပ်တစ်ခု ပေါ်လာပြီး ထိုလူရိပ်ဆီမှ အလွန်ကြောက်စရာကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိနေခဲ့သည်။
"ရွှေချပ်ဝတ်အင်္ကျီဝတ် ကောင်းကင်စစ်သည်တော် ...
ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်…"
မုန့်ချီက အလွန်ထိတ်လန့်သွားသည့်အတွက် လမ်းလျှောက်နေရာမှ ရပ်လုနီးပါးဖြစ်သွားခဲ့သည်။ သူက သူ၏တုံ့ပြန်မှုများကို ဖိနှိပ်ပြီး ရှေ့ကိုဆက်၍ လျှောက်သွားသည်မှာ ကံကောင်းသွားခဲ့၏။
ရွှေရောင်ချပ်ဝတ်အင်္ကျီဝတ် ကောင်းကင်ရဲမက်က ဇဝေဇဝါ အမူအရာနှင့် ဒူးထောက်လိုက်ပြီး သူ့ခန္ဓာကိုယ်က ရှေ့သို့သွားနေရင်း ခေါင်းကို နောက်သို့ ငဲ့ကြည့်လိုက်သည်။ သူက မုန့်ချီနှင့် ကူရှောင်စန်းတို့ကို စိုက်ကြည့်လိုက်၏။ သူ့ပုံစံက အလွန်ထူးခြားသော အခြေအနေတစ်ရပ်တွင် ရှိနေပြီး အသက်စွမ်းအင်တစ်ခုမျှမကျန်တော့ပေ။ သူကတော့ အသက်စွမ်းအင်အထွဋ်အထိပ်တွင် ရပ်တန့်သွားသလို ထင်မှတ်ရသည်။
သူ့အခြေအနေက တောင်ပိုင်းကောင်းကင်တံခါးတွင် မုန့်ချီတို့ကြုံတွေ့ခဲ့ရသော အခြေအနေနှင့် ကွဲပြားသည်။
"သူက နောက်ကိုလှည့်ကြည့်ခဲ့တယ် ..."
ရွှေရောင်ချပ်ဝတ်အင်္ကျီဝတ် ကောင်းကင်ရဲမက်၏ အခြေအနေကို မြင်သည့်အခါ မည်သည့်အရာမှားနေကြောင်း မုန့်ချီက ချက်ချင်း ပြောနိုင်ခဲ့သည်။ ထိုရဲမက်က သူ့နောက်ကို လှည့်ကြည့်လိုက်ခြင်းဖြစ်၏။
"သူက ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့တာလား ...။ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ကတောင် အကြောင်းပြချက်မရှိဘဲ သေသွားခဲ့တာပဲ။ ဒီမက်မွန်ဥယျာဉ်ထဲမှာ ဘယ်လိုထူးဆန်းတဲ့အရာတွေ ပုန်းအောင်းနေတာလဲ ။ ဘာလို့ကောင်းကင်ရဲမက်တောင် မသိတဲ့အရာကို ကူရှောင်စန်းက သိနေခဲ့ရတာလဲ.."
အလွန်ကြောက်စရာကောင်းသော အေးစက်စက် လေလှိုင်းတစ်ခုက သူ့ကို ဖြတ်တိုက်သွားခဲ့သည်။ မုန့်ချီကတော့ သူနှင့်ခြေလှမ်းပေါင်းများစွာ အကွာတွင် ရပ်နေသော အရိပ်တစ်ခု ရှိနေသည်ကို ချက်ချင်း သတိထားမိခဲ့၏။
"ဖျောက် ဖျောက် ..."
သူ၏လက်တွင် ရှိနေသော အရိုးအဆစ်များဆီမှ အသံများ ထွက်လာခဲ့သည်။ သူက အရိပ်ကိုပြန်လှည့်ပြီး တိုက်ခိုက်တော့မတတ် ဖြစ်သွားခဲ့၏။ နောက်ကျောတွင်လည်း အေးစက်သောချွေးများ စီးကျလာနေခဲ့သည်။
"အခုက နောက်ဆုံးအခြေအနေပဲ။ ငါတို့သာ ပြန်မလှည့်ဘူးဆိုရင် ငါတို့ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်နိုင်လိမ့်မယ်…"
ကူရှောင်စန်းက သူ့ကို အပြုံးနှင့် စိုက်ကြည့်လိုက်သည်။ သူမက မုန့်ချီ၏စိုးရိမ်မှုများကို စနောက်နေသလို ထင်မှတ်ရ၏။
"နောက်ဆုံးအခိုက်အတန့်…"
မုန့်ချီက ထိုစကားလုံးကို စိတ်ထဲတွင် ရေရွတ်ကြည့်လိုက်သည်။ သူ၏စိုးရိမ်မှုများက တည်ငြိမ်သော စိတ်အခြေအနေကို သက်ရောက်မှုရှိသလို ထင်မှတ်ရ၏။
သူတို့က ရှေ့ကို ဆက်လျှောက်သွားခဲ့ပြီး ချပ်ဝတ်အင်္ကျီဝတ် ကောင်းကင်ရဲမက်များ၏ အနားမှ ဖြတ်လျှောက်သွားခဲ့ရသည်။ သူတို့က လျှောက်လာနေသည်နှင့်အမျှ သွေးရနံ့များကလည်း ပို၍ပြင်းထန်လာခဲ့သည်။ အစောပိုင်းတွင် မြေပြင်၌ သွေးများ စိုရွှဲနေခဲ့သည်။ ယခုတော့ မြေပြင်နေရာတိုင်းတွင် သွေးများ အိုင်နေသလို ထင်ရ၏။ သူ့ခြေထောက်အောက်တွင် ရှိနေသော မြေသားများကပင် ပျော့ပျောင်းလာပြီး သူက မြွေတစ်ကောင်၏ကျောပေါ်တွင် လမ်းလျှောက်နေရသလို ခံစားနေရ၏။
"ဟမ်…"
ကူရှောင်စန်းက အနည်းငယ် ပါးစပ်အဟောင်းသား ဖြစ်သွားသော်လည်း သူမ၏ခြေထောက်ကတော့ ရပ်မသွားခဲ့ပေ။
မုန့်ချီက သူမ၏နောက်မှ လိုက်လာခဲ့ရာ အဝေးတွင် သွေးများ စိုရွှဲနေသော မြေပြင်ပေါ်၌ ဦးခေါင်းတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုဦးခေါင်းထဲမှ အဖြူရောင်မုတ်ဆိတ်မွေးတစ်ခု ထွက်နေခဲ့သည်။ ဦးခေါင်းက ထက်ခြမ်းပွင့်နေခဲ့၏။ လည်ပင်းအောက်တွင် ရှိနေသော အသွေးအသားများကတော့ ရွှံတုံးကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုအလောင်းက မက်မွန်ဥယျာဉ်ထဲတွင် ထာဝရရှိနေသော သွေးများ၏ အရင်းအမြစ်ကဲ့သို့ဖြစ်နေ၏။
"ဒီလူကို တော်တော်လေး ရင်းနှီးနေတယ် ... "
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ထိုမျက်နှာကို တစ်နေရာရာတွင် မြင်ဖူးသလို ထင်မှတ်ရသည်။
"သက်တော်ရှည်သူတော်စင်…"
ကူရှောင်စန်းက ငုံ့ကြည့်ပြီး ပြောလိုက်သည်။
"ရှေးဟောင်းမှတ်တမ်းတွေထဲမှာတော့ သူက လူသားတွေရဲ့သက်တမ်းကို ကြီးကြပ်ရတဲ့ လူတစ်ယောက်လို့ မှတ်တမ်းတင်ထားတယ်။ သူက ကောင်းကင်နဲ့မြေကြီးလောက်နီးပါး သက်တမ်းရှိတယ် ... "
"သက်တော်ရှည်သူတော်စင်က မက်မွန်ဥယျာဉ်ထဲမှာ သေသွားခဲ့တာလား။ ဘယ်သူက သူ့ကို သတ်လိုက်တာလဲ…"
သူက ရှုပ်ထွေးနေသော ခံစားချက်များကို ထိန်းချုပ်တော့မည့်အချိန်တွင် သူ့နောက်ကျောမှ လူတစ်ယောက်၏ အသက်ရှူသံကို ခံစားမိလိုက်သည်။ ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုက သူ၏လည်ပင်းကို နောက်ကျောမှနေ၍ တိုက်လိုက်သလို ခံစားလိုက်ရသည်။
အန္တရာယ်အငွေ့အသက်များက အထွဋ်အထိပ်ကို ရောက်လာခဲ့သည့်အတွက် မုန့်ချီက ရှေ့ကို ခပ်မြန်မြန်လေး လျှောက်လိုက်သည်။ ကောင်းကင်ပြစ်ဒဏ်ဓားကိုတော့ ရုတ်တရက် နောက်ကို လှမ်းထိုးလိုက်၏။ ဓားသွားထဲမှ လျှပ်စီးကြောင်းများ ထွက်ပေါ်လာနေခဲ့သည်။
ကူရှောင်စန်းက လက်နှစ်ဖက်ကို ညင်သာစွာ ဖိလိုက်ရာ လေဟာနယ်ထဲတွင် ရှိနေသောအငွေ့များက နောက်ပြန်လွင့်သွားခဲ့၏။ ခရမ်းရောင်လျှပ်စီးကြောင်းက ပျောက်ကွယ်သွားခဲ့ပြီး ဝဲကတော့ကလည်း တံခါးတစ်ချပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
…….
ဒဏ္ဍာရီအဖွဲ့မှ အနက်ဝတ်အဖွဲ့သား(၂)ယောက်က တိမ်တိုက်များထဲမှ ထွက်ပေါ်လာခဲ့သည်။ တစ်ယောက်ကတော့ မြောက်ပိုင်းဓူဝံကြယ်ဖြစ်ပြီး တခြားတစ်ယောက်ကတော့ ရှေးဟောင်းနေနတ်ဘုရား ကျိ၏ မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။
"ဒါဆိုအမှန်ပဲပေါ့ ... ကောင်းကင်(၉)သွယ်ရဲ့အပေါ်ဆုံး(၃)လွှာက တကယ်ကြီး ပွင့်သွားပြီ…."
မြောက်ပိုင်းဓူဝံကြယ်က အသံတိုးတိုးနှင့်ပြောလိုက်သည်။
ကျိ ကတော့ လက်နှစ်ဖက်ကို ဘေးချပြီး ရှေ့သို့လျှောက်လာခဲ့သည်။
"ငါတို့က အထဲကို ဝင်မသွားခင် အရင်ဆုံး ဒီသတင်းကို ပို့လိုက်မယ် ...။ ဒါဆိုရင် ကောင်းကင်ဧကရာဇ်နဲ့ တခြားလူတွေက လမ်းရှာဖို့ အကူအညီပေးနိုင်လိမ့်မယ်။ ငါတို့က လော်အဖွဲ့အစည်းက နတ်ဆိုးမနဲ့ သတ်ဖြတ်ရေးဓားစုမုန့်တို့ကို အဖိုးတန်ပစ္စည်းတွေ ရမသွားအောင် တားဆီးမှရမယ်…"
"အထဲကို ဝင်သွားဖို့လား…"
မြောက်ပိုင်းဓူဝံကြယ်က မေးလိုက်သည်။
"အဲဒီမှာ ဘာတွေရှိတယ်ဆိုတာ ငါတို့မသိဘူး ... ငါတို့က ကောင်းကင်ဧကရာဇ်နဲ့ တခြားသူတွေရောက်လာတဲ့အထိ စောင့်နေတာ အကောင်းဆုံးပဲ…"
ကောင်းကင်(၉)သွယ်၏ ထူးဆန်းစွာ ပျောက်ဆုံးမှုက ဘာကြောင့်ဖြစ်ခဲ့ကြောင်း သူတို့လည်း အကြောင်းအရင်း မသိရပေ။
သူတို့အတွက်တော့ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်နှင့်အတူ ထိုနေရာကို သွားရောက်ရှာဖွေခြင်းက အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်သည်။
"အဆင်ပြေပါတယ် ... ငါတို့က ဒီတံခါးကိုဖြတ်ပြီးရင် မက်မွန်ဥယျာဉ်ထဲကို ဝင်သွားရလိမ့်မယ်…"
ကျိက အေးစက်စွာ ပြောလိုက်၏။
"မက်မွန်ဥယျာဉ်လား…"
မြောက်ပိုင်းဓူဝံကြယ်က သူ့ကိုအံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။
"သူက ကောင်းကင်(၉)သွယ်ရဲ့ အပြင်အဆင်တွေကို ဘယ်လိုရှာတွေ့သွားခဲ့တာလဲ ... သူက သွားခဲ့ဖူးတာများလား…"
…………….
"အခုပွင့်သွားပြီ ... "
မြူခိုးများထဲကို စိုက်ကြည့်လိုက်နေရင်း နတ်ဆိုးဆန်ဆန် ချောဟေန်ကွမ်း၏ မျက်နှာပေါ်တွင် အငွေ့အသက်တစ်ခု ပေါ်လာခဲ့သည်။
ကောင်းလန်က စကားပြောတော့မည်အချိန်တွင် အလွန်ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ခုံရုံး အပိုင်းအစထဲသို့ ကျူးကျော်သူများ ရောက်လာခဲ့သည်။
ဟန်ကွမ်းက ဝင်ပေါက်ကိုစိုက်ကြည့်မိပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"သေချာသွားပြီ ... အဖြစ်အပျက်တစ်ခုက တခြားအရာတွေအားလုံးကို ဦးတည်နေခဲ့တာပဲ…"
Translated by Hein Htet.