← Chapters

အခန်း (၆၈၈)

Vol. 46 Ch. 688

အခန်း (၆၈၈)

Vol. 46 Ch. 688

မုန့်ချီက သက်တော်ရှည်သူတော်စင်၏ အုတ်မြစ်ကို မသိသော်လည်း သက်တမ်းများကို ကြိုတင်မြင်တွေ့နိုင်သည့် သူတော်စင်ဟူသည်မှာ ရိုးရှင်းသော လူတစ်ယောက်တော့ မဟုတ်နိုင်ပေ။ အင်မော်တယ်များ နေရာတိုင်းရှိနေသည့် အချိန်မျိုးတွင်ပင် သူက နာမည်ဂုဏ်သတင်းတစ်ခု ချန်ထားနိုင်ခဲ့သည်။

ထိုအချိန်တွင် သူတော်စင်၏ဦးခေါင်းခွံက ပွင့်နေပြီး သူ၏မျက်လုံးများက မုန့်ချီနှင့် ကူရှောင်စန်းတို့ကို ကြည့်နေသလို ခံစားလိုက်ရသည်။ သူ၏အမူအရာက ချက်ချင်းပင် အေးစက်သွားခဲ့ပြီး ထိတ်လန့်မှုမဟုတ်၊ အံ့ဩမှုမဟုတ်၊ စိတ်ဓာတ်ကျမှုမဟုတ်၊ ကြောက်လန့်မှုမဟုတ်သော ခံစားချက်မျိုး ဖြစ်လာခဲ့၏။

ထိုကဲ့သို့ သနားစရာကောင်းသော သေဆုံးခြင်းမျိုးကပင် တည်ငြိမ်သော စိတ်အခြေအနေကို မနှောင့်ယှက်နိုင်သလို ဖြစ်နေသည်။ သူကတော့ လှုပ်ရှားရန် အချိန်မရှိခြင်းသာ ဖြစ်ပုံရ၏။

မုန့်ချီက အလွန်အတွေ့အကြုံရှိပြီး ဗဟုသုတ ပြည့်ဝစေကာမူ သူတော်စင်၏အကြည့်က သူ့ကို ကြောက်လန့်သွားစေနိုင်ခဲ့၏။ သို့သော် သူက ထိုအရာကို စဉ်းစားနေရန် အချိန်မရှိခဲ့ပေ။ မက်မွန်ဥယျာဉ်၏ ထူးဆန်းသောအရိပ်က သူ၏နောက်ကျောဘက်တွင် ရောက်လုနီးပါးဖြစ်နေပြီး သူ၏လည်ပင်းထဲမှနေ၍ ကြောက်စရာကောင်းသော အေးစက်စက် အသက်ရှုသံတစ်ခုကို ခံစားမိနေခဲ့သည်။ အရိပ်၏နီးကပ်မှုကြောင့် အန္တရာယ်ခံစားမှုများက အထွဋ်အထိပ်ကို ရောက်လာခဲ့သည်။

သူ့အသက်ကို မစတေးလိုသည့်အတွက် ထိုအရာကို သူ၏နောက်ဆုံး အခိုက်အတန့်အဖြစ် တုံ့ပြန်လိုက်သည်။ သူက လက်(၂)ဖက်ထဲသို့ စွမ်းအားများကို လျင်မြန်စွာ ပို့ဆောင်လိုက်ပြီး ကောင်းကင်ပြစ်ဒဏ်ဓားကို တိတ်တဆိတ် နောက်ပြန်ထိုးလိုက်သည်။ သူက ယင်နှင့်ယန်၏ ကြားထဲတွင် လှုပ်ရှား၍ စွမ်းအား(၂)မျိုးလုံးကို စုပ်ယူလိုက်၏။

ထိုရလဒ်ကြောင့် မိုးကြိုးစွမ်းအင်များက ယန်စွမ်းအားများနှင့် ပေါင်းစည်းပြီး ဓားသွား၏ထိပ်ဖျားတွင် စုစည်းလာခဲ့သည်။ သူတို့က ခရမ်းရောင်လျှပ်စီးကြောင်း အလွှာတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ခရမ်းရောင်လျှပ်စီးကြောင်းများက ရှေ့ကိုဆက်၍ လှုပ်ရှားနေပြီး ဓားထိပ်ဖျားသို့ စုစည်းလာခဲ့သည်။

"ဂျိမ်း ..."

မိုးကြိုးများ ပေါက်ကွဲသွားပြီး ယန်စွမ်းအားများက လှိုင်းလုံးကြီးတစ်ခုကဲ့သို့ နောက်ကို ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့သည်။ ပေါက်ကွဲသံများက မမြင်ရသော စွမ်းအားများနှင့်အတူ မကောင်းသည့် စိတ်ဆန္ဒများအားလုံးကို ချက်ချင်း ဖျက်ဆီးပစ်လိုက်၏။ သို့သော် သူ့ဓားက လေဟာနယ်ကိုသာ ထိုးမိလိုက်ကြောင်း မုန့်ချီက ခံစားမိနေသည်။

သူ၏အာရုံများကို သွေးစီးကြောင်းများက ဖုံးလွှမ်းထားသည့်အတွက် မိုးကြိုးများက သမုဒ္ဒရာကြီးတစ်ခုသဖွယ် ဖြစ်ပေါ်သွားပြီး ထူးဆန်းသောအရိပ်ကို ဝါးမြိုသွားခြင်းရှိမရှိ သူလည်း သေချာမပြောနိုင်ပေ။ သူက အောင်မြင်ခြင်းရှိ၊ မရှိလည်း မသိခဲ့ချေ။

ထိုအချိန်တွင် သက်တော်ရှည်သူတော်စင်၏ ပတ်ပတ်လည်၌ ရှိနေသောနယ်မြေက ပွင့်ထွက်သွားခဲ့ပြီး မကောင်းသည့် အငွေ့အသက် ရှိနေသော သွေးရောင်သစ်ကိုင်းနှင့် နွယ်ပင်များ ထွက်လာခဲ့သည်။ သူတို့က မက်မွန်သစ်ပင်၏ အမြစ်များ ဖြစ်ပုံရသော်လည်း လူသားတစ်ယောက်၏ ခန္ဓာကိုယ်ကဲ့သို့ သွေးပြန်ကြောနှင့် သွေးလွှတ်ကြောများ ဖြစ်ပေါ်နေခဲ့သည်။ သူတို့က အတူတကွ ပေါင်းစည်းပြီး လွတ်ထွက်သွားခြင်း မရှိနိုင်သော ပိုက်ကွန်ကြီးတစ်ခု ဖွဲ့စည်း၍ မုန့်ချီနှင့် ကူရှောင်စန်းတို့ဆီကို ရောက်လာခဲ့၏။

ကူရှောင်စန်းကတော့ အလွန်သန့်စင်သော အမူအရာတစ်ခုနှင့်အတူ သူမ၏လက်ကို လှုပ်ရှားလိုက်ရာ လေဟာနယ်က ချိုင့်ဝင်သွားခဲ့သည်။ အလွန်ကြောက်စရာကောင်းသော ဆွဲငင်အားများ ရှိနေသည့် ဝဲကတော့များက လေထဲတွင် ပေါ်လာပြီး သစ်ကိုင်းနှင့် နွယ်ပင်များကို လှုပ်ရှားသွားစေခဲ့၏။

မုန့်ချီက သူ့ဓားကို တည်ငြိမ်စွာ ကိုင်ထားသည်။ ရေလှိုင်းမီးတောက်ဓားက အနီရောင်အလင်းတန်းအဖြစ် ပျောက်ကွယ်သွားခဲ့ပြီး လေထဲမှ ပျံသန်းလာခဲ့၏။ ထို့နောက် အလင်းတန်းက (၂)ပိုင်း၊ ထို့နောက် (၄)ပိုင်း၊ ထို့နောက်(၈)ပိုင်း ခွဲထွက်သွားခဲ့ပြီး သွေးရောင်သစ်ကိုင်းများနှင့် နွယ်ပင်များကို တိတိကျကျ ရင်ဆိုင်လိုက်မိသည်။ တိုက်မိသည့်အသံများကလည်း ဆက်တိုက် ထွက်ပေါ်လာနေခဲ့၏။

ထိုခဏတွင် လေထဲ၌ ပြည့်နေသော အနီရောင် ဓားအလင်းတန်းများက ပန်းပွင့်များပေါ်မှ ကြွေကျလာသော ပွင့်ချပ်များကဲ့သို့ ဖြစ်နေခဲ့သည်။

ရုတ်တရက်ဆိုသလို ကြောက်စရာကောင်းသော အအေးလှိုင်းတစ်ခုက မုန့်ချီ၏ လည်ပင်းအနားကို နောက်တစ်ကြိမ် ကပ်လာပြန်သည်။ သူကတော့ ကြက်သီးမွှေးညင်းများပင် ထသွားခဲ့၏။

သူကတော့ အလွန်ကျပ်တည်းသော အခြေအနေတွင် ပိတ်မိနေခဲ့သည်။ နောက်ပြန်လှည့်ပြီး တိုက်ခိုက်ရန်ဆန္ဒကို ဖိနှိပ်ထားလိုက်ပြီးနောက် မုန့်ချီက သူ၏မသိစိတ် တစ်ခုတည်းကို အားကိုး၍ ကောင်းကင်ပြစ်ဒဏ်ဓားကို အပေါ်သို့ မြှောက်လိုက်သည်။

သူ၏ဓားသွားပေါ်တွင် ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီး မိုးခြိမ်းသံမျိုးစုံ ထွက်ပေါ်လာခဲ့၏။ ဘယ်ကမှန်းမသိသော မိုးကြိုးများက စုစည်းလာပြီး ဓားသွားတစ်ခု ဖြစ်ပေါ်လာသည်။ ခရမ်းရောင်အလင်းတန်းများ မှေးမှိန်သွားသည့်အချိန်တွင် ဓားသွားထဲရှိ ပြောင်းလဲမှုများကလည်း ရပ်တန့်သွားခဲ့၏။ ထိုအရာက ရိုးရှင်းသော်လည်း နက်နဲသော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

ကြမ်းတမ်းခက်ထန်ပြီး ထက်မြက်သော ဓားမောက်က ဤကမ္ဘာကြီးထဲတွင် တစ်ခုတည်းရှိနေသော ဓားတစ်ချောင်းကဲ့သို့ ထင်ရသည်။ ထိုအရာက လေဟာနယ်ကို ထိုးဖောက်နိုင်ပြီး ဖရိုဖရဲအခြေအနေကို ရှင်းလင်း၍ ယင်နှင့်ယန်ကို ပေါင်းစပ်ကာ မိုးကြိုးများကို ဖန်တီးနိုင်စွမ်း ရှိနေသလို ထင်မှတ်ရသည်။

မုန့်ချီက ဓားကိုထိန်းချုပ်ရန် သူ၏စိတ်စွမ်းအားကို အသုံးပြုနေပြီး ဓားက ရန်သူများကို တိုက်ခိုက်ခဲ့သည်။ သူကတော့ သူ၏တိုက်ခိုက်မှုထဲသို့ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ ကြိုတင်စစ်ဆေးနိုင်သော စွမ်းရည်များအားလုံးကို ပေါင်းထည့်ထားခဲ့သည်။ ခန့်မှန်း၍ မရနိုင်သော လမ်းကြောင်းတစ်ခုအတိုင်း ပျံသန်းသွားခဲ့သည့်အတွက် ပုံရိပ်ယောင်ချီစွမ်းအင် ပြောင်းလဲမှုများကို ခံစားမိခဲ့ပြီး ဆက်၍ ကြောက်စရာကောင်းနေသေးသည်။

"ဖြောင်း ..."

မုန့်ချီက အမည်မသိ ထူးဆန်းသော အရာဝတ္ထုတစ်ခုကို တိုက်ခိုက်မိလိုက်သလို ခံစားလိုက်ရသည်။ ထိုအရာဝတ္ထုကြောင့် သူက တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရပြီး ကောင်းကင်ဘုံကို ခုခံနေရသလို ခံစားမိခဲ့သည်။ သို့သော် ထိုအရာကို စဉ်းစားနေရန် အချိန်မရခဲ့ချေ။

ထိုတွန်းကန်သည့်စွမ်းအားကို အခွင့်ကောင်းယူပြီး အပေါ်ဘက်သို့ မြောက်သွားခဲ့သည်။ ရေလှိုင်းမီးတောက်ဓားကလည်း အရွယ်အစားနှင့် စွမ်းအား တူညီသော ဓားအလင်းတန်းလေးများအဖြစ် ကွဲထွက်သွားခဲ့ပြီး သွေးများကို ဖိနှိပ်နေခဲ့၏။

သူက သက်တော်ရှည်သူတော်စင်၏ ခေါင်းပေါ်မှ ဖြတ်သွားရန် ကြိုးစားလိုက်သည်။ ထိုနေရာတွင် မက်မွန်ပင်များက ကျဲပါးပြီး ဥယျာဉ်၏အပြင်ဘက်တွင် ရှိနေသော သိပ်သည်းသည့်မြူခိုးများကိုပင် ဝိုးတဝါး မြင်နေရသည်။

ထိုအချိန်အတောအတွင်း မုန့်ချီက ရှေ့တည့်တည့်ကိုသာ မျက်နှာမူထားပြီး အနည်းငယ်လေးပင် လှည့်ကြည့်ခဲ့ခြင်း မရှိချေ။ ရုတ်တရက်ဆိုသလို အက်ကွဲနေသော သူတော်စင်၏ ဦးခေါင်းပေါ်၌ လက်(၅)ချောင်းရာတစ်ခုကို သတိထားမိခဲ့သည်။ ထိုဒဏ်ရာရသည့် အခြေအနေက သူ့အတွက် ရင်းနှီးနေသလို ခံစားနေရ၏။

“ကြည့်ရတာ ဒီလက်ဝါးရိုက်ချက်က လေထဲကနေ ရောက်လာပြီး သူတော်စင်ရဲ့ခေါင်းကို ဖျက်ဆီးပစ်လိုက်တာ ထင်တယ်။ ငါက ဒါကို တစ်နေရာမှာ မြင်ဖူး ကြားဖူးတာများလား…”

သူ့ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာခဲ့သည်။

“ဖန်တျန်းတံဆိပ်လား။ ဖန်တျန်းတံဆိပ်က သက်တော်ရှည်သူတော်စင်ကို သတ်ပစ်ဖို့ ဖြစ်နိုင်ပါ့မလား။ ဒါပေမဲ့ ဖန်တျန်းတံဆိပ်က လူတစ်ယောက်ရဲ့ခေါင်းကို အဓိကပစ်မှတ်ထားတာ မဟုတ်ဘူး။ ဘာလို့ သူတော်စင်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပျက်စီးသွားပေမယ့် သူ့ခေါင်းက အကောင်းအတိုင်း ရှိနေရသေးတာလဲ။ ဒါက တခြားစွမ်းရည်တစ်ခုခုများ ဖြစ်နိုင်မလား..”

သူက ထိတ်လန့်အံ့ဩပြီး သံသယဝင်နေသည့်အချိန်တွင် သူ၏မျက်လုံးက နောက်တစ်ကြိမ် အေးစက်သွားခဲ့သည်။ အက်ကွဲနေသော သူတော်စင်၏ ဦးခေါင်းထဲတွင် ဦးနှောက်အခြမ်းများ မရှိတော့ဘဲ အလွန်နူးညံ့သိမ်မွေ့သော အနီရောင်မက်မွန်သီးလေးတစ်လုံးသာ ရှိသည်။

“မက်မွန်သီးမွေးလာတာလား။ အင်မော်တယ် မက်မွန်သီးလား။ ဘာလို့ သက်တော်ရှည်သူတော်စင်ရဲ့ဦးခေါင်းထဲမှာ ရှိနေရတာလဲ…”

ထိုမက်မွန်သီးက နတ်ဆိုးဆန်သော သွေးနီရောင်အလင်းတန်းများ တောက်ပနေခဲ့သည်။ သူ၏အရေပြားက ကြည်လင်နေပြီး သွေးပြန်ကြောများ၊ သွေးလွှတ်ကြောများနှင့် သွေးကြောများကို ဖုံးကွယ်ထားပုံရသည့် အသွေးအသားများလည်း ရှိနေခဲ့သည်။

မုန့်ချီကတော့ ထိုမက်မွန်သီးကို စိုက်ကြည့်လိုက်မိသည့်အချိန်တွင် သူ့ခေါင်းထဲတွင် ပုံရိပ်ယောင်များသာ ပေါ်လာခဲ့သည်။ ထိုမက်မွန်သီးလေးက အလွန်ထူးခြားသော ပစ္စည်းတစ်ခုဖြစ်ပုံရ၏။

လေဟာနယ်လက်စွပ်ထဲတွင် ရှိနေသော အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်ကလည်း အနည်းငယ် လှုပ်ရှားသွားသလို ထင်ရသည်။ ထိုအချိန်တွင် မုန့်ချီကတော့ နောက်တစ်ကြိမ် အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရပြန်၏။

သူက စဉ်းစားမနေဘဲ နောက်ကျောကို လှုပ်ရှားလိုက်ရာ လက်(၂)ဖက် ထွက်လာခဲ့သည်။ လက်တစ်ဖက်က ဆန်းကြယ်လိပ်ဓားကို ကိုင်ထားပြီး တခြားလက်တစ်ဖက်က ခရမ်းရောင်လျှပ်စီးဓားကို ကိုင်ထားခဲ့သည်။ သက်တော်ရှည်သူတော်စင်၏ ဦးခေါင်းက ရှင်သန်နေသေးပြီး လှုပ်ရှားနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် လက်(၄)ဖက်ကို ထုတ်ဖော်လိုက်သည်။

ပတ်ဝန်းကျင်၏ အချုပ်အနှောင်များကလည်း ပို၍တင်းကျပ်လာသည့်အတွက် သူက ခုန်နေရာမှ တန့်သွားခဲ့ပြီး မြေပေါ်သို့ ပြန်ကျလာခဲ့သည်။ မုန့်ချီကတော့ တည်ငြိမ်နေသေး၏။ သူ၏ဓားမောက်နှင့် ဓားရှည်တို့က သူ့လက်ထဲတွင် လေးလံလာသလို ခံစားနေရပြီး အလွန်ကြီးမားသော တောင်မြင့်ကြီး(၂)ခု၏ ဖိအားကဲ့သို့ ဖြစ်လာခဲ့သည်။

"ဘုန်း…"

ဓားရှည်နှင့် ဓားမောက်တို့က လေထဲတွင် တိုက်ခိုက်မိလိုက်ပြီး အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက နောက်သို့ ရောက်သွားခဲ့သည်။ တခဏအတွင်း ထိုစွမ်းအားက အချုပ်အနှောင်များကို တုံ့ပြန်တိုက်ခိုက်လိုက်၏။

ထို့ကြောင့် မုန့်ချီက ရှေ့ကိုလွင့်သွားခဲ့ပြီး သွေးရောင်နွယ်ပင်များ၏လက်ထဲမှ ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့ရ၏။ အလွန်ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းလုံးများကလည်း ပတ်ပတ်လည်မှ ထွက်ပေါ်လာပြီး အင်မော်တယ် မက်မွန်သစ်ပင်များကို ညင်သာစွာ လှုပ်ရှားသွားစေရုံထက် မပိုခဲ့ချေ။ သစ်ပင်များက ငြိမ်သက်နေသေးသည့်အတွက် ထိုသစ်ပင်များ၏အစွမ်းနှင့် ခိုင်မာမှုက သိသာထင်ရှားနေသည်။

မုန့်ချီ၏ခြေထောက်က မြေပေါ်သို့ ဆင်းသက်လိုက်သည့်အချိန်တွင် ကူရှောင်စန်းက သူ့ဘေးတွင် ရပ်နေကြောင်း မြင်လိုက်ရသည်။ သူမက လေဟာနယ်နှင့် တိတ်တဆိတ် ဆက်သွယ်နေသလို ထင်မှတ်ရပြီး သူမ၏ပတ်ပတ်လည်တွင် မမြင်ရသော လေစီးကြောင်းလေးများ လည်ပတ်နေခဲ့သည်။

သူတို့က အချင်းချင်း မကြည့်သလို စကားပြောလိုက်ခြင်းလည်း မရှိချေ။ တစ်ချိန်တည်းလိုလိုပင် သူတို့က ရှေ့ကို တစ်လှမ်းလျှောက်လိုက်ပြီး အင်မော်တယ်မက်မွန်တောထဲမှ ထွက်လိုက်ကြသည်။

သူတို့၏နောက်ဘက်တွင်တော့ လေဟာနယ်ထိုးဖောက်ခြင်းအသံတစ်ခု ကြားလိုက်ရ၏။ အေးစက်သော လေလှိုင်းတစ်ခုလည်း ထွက်ပေါ်လာပြီး အရိပ်ပေါင်းများစွာက သူတို့၏ခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

မုန့်ချီက ရှေ့ကို ခြေလှမ်းကျဲကြီးများဖြင့် လျှောက်နေရင်း နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျလာခဲ့၏။ သူကတော့ နောက်ပြန်မလှည့်သလို ခြေလှမ်းကို ရပ်ခဲ့ခြင်းလည်း မရှိချေ။

မိနစ်အနည်းငယ်ကြာပြီးနောက် သစ်တော၏အစွန်တွင် စုစည်းနေသော တိမ်တိုက်များက သူတို့၏မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ ထိုအရာက သူတို့၏လုံခြုံမှုအခြေအနေကို အချက်ပြနေခဲ့၏။

ရုတ်တရက်ဆိုသလို သစ်မြစ်များက ကြိုတင်သတိပေးထားခြင်းမရှိဘဲ မုန့်ချီ၏ရှေ့ဘက်တွင် ရှိနေသော မြေကြီးထဲမှ ထိုးထွက်လာခဲ့သည်။ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ အကျိုးသက်ရောက်မှုက လျော့ကျမှု မရှိခဲ့သည့်အတွက် သူက သစ်မြစ်ပေါ်သို့ ခြေထောက်နှင့် နင်းလိုက်သည်။ ထို့နောက် အရှိန်မြန်လိုက်ပြီး လေထဲသို့ တစ်ချက်ခုန်လိုက်၏။

ထိုအချိန်တွင် သူ့ခြေထောက်က အမြစ်ထဲတွင် ပါသွားတော့မလို ဖြစ်သွားခဲ့ပြီး ခန္ဓာကိုယ်က ရှေ့ကို ဟပ်ထိုးလဲကျသွားသည်။ သို့သော် သူက ဝမ်းဗိုက်တွင် ရှိနေသော ကြွက်သားများကို တင်းလိုက်ပြီး လေများကို တဝကြီးရှုသွင်းလိုက်သည်။ ထို့နောက် သူက မြေပြင်ကိုကြည့်ပြီး မှုတ်ချလိုက်၏။ ထိုအရာက ကျောက်တုံးတစ်ခုကို ထိုးဖောက်သွားခဲ့၏။

ပြန်ကန်သည့်စွမ်းအားကို အသုံးချပြီး သူက မတ်မတ်ပြန်ရပ်လိုက်သည်။ သူက မြေဆွဲအားကို ပြောင်းလိုက်ရသည့်အတွက် လေထဲတွင် တောင့်တောင့်ကြီး ဖြစ်နေခဲ့၏။ ထို့နောက် သူက ငှက်တစ်ကောင်ကဲ့သို့ လေဟုန်စီးသွားခဲ့ပြီး အင်မော်တယ်မက်မွန်သစ်တော၏ ပိုင်နက်ထဲမှ ထွက်သွားနိုင်ခဲ့သည်။

တခဏအတွင်း အလွန်သိပ်သည်းသော မြူခိုးများက သူ့ကို လွှမ်းခြုံသွားခဲ့သည်မှာ နတ်သမီးနယ်မြေထဲသို့ ဝင်ရောက်လာရသလို ခံစားလိုက်ရသည်။ သူ့နောက်ကျောမှ ရောက်လာသော အန္တရာယ်များ၊ လှုပ်ရှားမှုများလည်း မရှိတော့ချေ။ ယခင်တုန်းကကဲ့သို့သာ ဖြစ်သွားခဲ့၏။

သူ့နားထဲတွင် လက်ခုပ်တီးသံကို ကြားလိုက်ရသည်။ ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်၏။

"အရမ်းကောင်းတဲ့လှုပ်ရှားမှုပဲ ယောကျ်ား…"

မုန့်ချီက သူမကို ပြန်လှည့်ကြည့်လိုက်ရာ သူမ၏အရေပြားများက ပြန်လည်ကောင်းမွန်သွားခဲ့ပြီး မူလတုန်းကကဲ့သို့ ကျောက်စိမ်းပွင့်လေးတစ်ခုလို ဖြစ်လာခဲ့၏။ ယခုတစ်ကြိမ်တော့ သူတို့၏မျက်ခုံးကြားထဲတွင် အစိမ်းရောင်များလည်း မရှိတော့ချေ။ သူမ၏မျက်နှာတစ်ခုလုံးက တောက်ပနေသည့်အတွက် နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။ သူမက ပြန်ကောင်းလာပြီဖြစ်သည်။

သူလည်း သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်ရာ သူလည်း အဆင်ပြေကြောင်း နားလည်သွားသည်။ သူက လေပူများကို မှုတ်ထုတ်လိုက်၏။

"ဘာအကျိုးသက်ရောက်မှုမှမရှိတာ ကံကောင်းသွားတယ်။ ငါ အခုနောက်ပြန် လှည့်ကြည့်လို့ရပြီလား…"

မုန့်ချီက သက်တော်ရှည်သူတော်စင်၏ အလောင်းကို စစ်ဆေးရန် နောက်တစ်ကြိမ် လှည့်ကြည့်ချင်ခဲ့သည်။

ကူရှောင်စန်းက ပြုံးလိုက်၏။

"လှည့်မကြည့်တာ အကောင်းဆုံးပဲ။ ဒီနေရာက လောကကြီးထဲမှာရှိတဲ့ သက်တမ်းပြောင်းလဲမှုကြီးရဲ့အရင်းအမြစ် တစ်စိတ်တစ်ပိုင်းပဲ။ တစ်ကြိမ် နောက်ပြန်လှည့်ကြည့်လိုက်မယ်ဆိုရင် အနည်းဆုံး သက်တမ်း(၁၀)နှစ် ကုန်သွားလိမ့်မယ်…"

"လောကကြီးထဲမှာ ရှိတဲ့ သက်တမ်းပြောင်းလဲမှုကြီးတွေရဲ့ အရင်းအမြစ် တစ်စိတ်တစ်ပိုင်းလား။ အစောပိုင်း ငါတို့က အဲဒီနေရာကို ဖြတ်သွားတဲ့အချိန်မှာ အရာအားလုံးကို မြင်ခဲ့ရတာ မဟုတ်ဘူးလား…"

မုန့်ချီက အံ့အားသင့်စွာ မေးလိုက်သည်။ သူက သူမ၏စကားလုံးများကို နားမလည်နိုင်ခဲ့ပေ။

ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်၏။

"ငါတို့လမ်းလျှောက်ရင်း ပြောကြရအောင် ယောကျ်ား။ အစောပိုင်းမှာ ငါတို့က ဟန်ကွမ်းကို အရူးလုပ်နိုင်ခဲ့ပေမယ့် သူက နာမည်ကျော်ပညာရှင်တစ်ယောက်ပဲ။ သူ့ဆီမှာ လှည့်ကွက်တွေ အများကြီးရှိနေတော့ ငါတို့ကို ဖမ်းမိနိုင်တယ်။ ငါတို့က တတ်နိုင်သမျှ ဦးတည်ချက်ကို မြန်မြန်ရောက်တာ အကောင်းဆုံးပဲ…"

ကူရှောင်စန်း၏ အကျင့်စရိုက်က မည်သို့ဖြစ်စေကာမူ သူမ၏အကြံပေးချက်ကိုမုန့်ချီလည်း သဘောတူနိုင်သည်။ ထို့ကြောင့် သူက ရှေ့ကို တစ်လှမ်းချင်းဆီ လှမ်းလိုက်ပြီး မြူခိုးများထဲတွင် လျင်မြန်စွာ လျှောက်သွားခဲ့ကြ၏။

ကူရှောင်စန်းကလည်း သူ့ကို အမီလိုက်လာပြီး မုန့်ချီ၏အနားကို ပြေးလာခဲ့သည်။ သူမက စိတ်ဝိညာဉ်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။

"ကောင်းကင်(၉)သွယ်ဆိုတာက အင်မော်တယ်နယ်မြေတစ်ခုလို့ ပြောမယ်ဆိုရင်လည်း မမှားဘူး။ အဲဒါက ဉာဏ်အလင်းပွင့်မှုကြီးတွေ၊ လောကကြီးထဲမှာရှိတဲ့ အနှစ်သာရတွေ အများစုရဲ့အရင်းအမြစ်ကို သယ်ဆောင်ထားတယ်။ အထူးသဖြင့် အပေါ်ဆုံး(၃)လွှာအတွက်တော့ မှန်တယ်။ ကောင်းကင်(၉)သွယ်ရဲ့ အပြင်ဘက်မှာ လူသားနဲ့ကောင်းကင် ဆက်သွယ်မှုတွေက ဒီကမ္ဘာကြီးထဲမှာရှိတဲ့ စည်းမျဉ်းတွေအားလုံး ထွက်ပေါ်လာအောင် မွေးဖွားပေးနိုင်တယ်။ အဲဒီစည်းမျဉ်းတွေက တိုက်ရိုက်ဖမ်းဆုပ်လို့တော့ မရနိုင်ဘူး။ သူတို့က တချို့ဖြစ်စဉ်တွေကို ကြည့်ရှုပြီးမှပဲ ရနိုင်တယ်…"

"ဒီစကားလုံးတွေကို ရင်းနှီးနေသလိုပဲ…"

မုန့်ချီက တောင်ထိပ်ပေါ်ရှိ လူထူးဆန်းဟွမ်လျန့်ကို သတိရသွားခဲ့သည်။ ကမ္ဘာကြီးနှင့် စကြဝဠာကြီးအပေါ် သူ မြင်တွေ့ နားလည်နေရသောအရာများက ထိုကဲ့သို့ ဖြစ်နေခဲ့သည်။

"မတူညီတဲ့စည်းမျဉ်းတွေနဲ့ အယူအဆတွေ ပေါင်းစပ်ထားတဲ့ ဝင်ရိုးဘက်မှာ မရပ်မနား ပြောင်းလဲမှုတွေ ရှိနေတဲ့ နယ်မြေတစ်ခုရှိတယ်။ အဲဒီနယ်မြေက ပြင်ပလွှမ်းမိုးမှုတွေကြောင့် ပြောင်းလဲမသွားခဲ့ဘူး။ တာအိုလမ်းစဉ်မှာတော့ အဲဒါကို တာလိုရှန်း(တာအိုဝါဒ၏အထွဋ်အမြတ်နယ်မြေ)လို့ခေါ်တယ်။ ဗုဒ္ဓလမ်းစဉ်မှာတော့ အဲဒါကို သန့်စင်နယ်မြေလို့ခေါ်ပြီး ဗြဟ္မာလမ်းစဉ်မှာတော့ ဗြဟ္မာနယ်မြေလို့ ခေါ်ကြတယ်။ ငါ့ဂိုဏ်းမှာတော့ ဒီနယ်မြေနဲ့ ဝင်ရိုးကို ပေါင်းစပ်ပြီး အစစ်အမှန်နယ်မြေလို့ ခေါ်နိုင်တယ်။ အဲဒီအထဲမှာ ထာဝရမပြောင်းလဲနိုင်တဲ့ အနှစ်သာရတွေ ပါဝင်နေတယ်။ အစစ်အမှန်နယ်မြေရဲ့ အပြင်ဘက်မှာတော့ မတူညီတဲ့ အမွေအနှစ်တွေက မတူညီတဲ့ အနှစ်သာရတွေအဖြစ် ဆင်းသက်လာတယ်။ သူတို့တွေက သဘာဝစွမ်းအားတွေနဲ့ပေါင်းစပ်ပြီး မတူညီတဲ့ ကမ္ဘာကြီးတွေကို ဖန်တီးနိုင်ကြတယ်…"

ဟွမ်လျန့်၏စကားလုံးများကို သူ့နားထဲတွင် ပြန်လည်ကြားယောင်လာခဲ့သည်။

မုန့်ချီကတော့ ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို တိတ်တဆိတ် စဉ်းစားကြည့်နေခဲ့၏။

“ကောင်းကင်(၉)သွယ်က တာလိုရှန်းလား။ အင်မော်တယ်နယ်မြေကိုယ်တိုင်လား။ ဒါပေမဲ့ စစ်မှန်ပြီး မပြောင်းလဲနိုင်တဲ့ အင်မော်တယ်နယ်မြေကတောင် ပျက်စီးသွားခဲ့ရတာလား…”

ကူရှောင်စန်းက ဆက်ပြောလိုက်သည်။

"မက်မွန်ဥယျာဉ်ဆိုတာက လောကကြီးရဲ့သက်တမ်းနဲ့ ပတ်သက်နေတဲ့ အနှစ်သာရတွေကို စုစည်းထားတာတစ်ခုထက် မပိုဘူး။ အဲဒီအရာက လူသားတွေကို မသေနိုင်တဲ့ဆေးရည်တွေ ပေးနိုင်တယ်။ မက်မွန်သီးတစ်လုံးကို စားလိုက်တာနဲ့ ခေတ်တစ်ခေတ်လောက် နေနိုင်တဲ့ သက်တမ်းမျိုးကို ရနိုင်တယ်…”

“ဒါပေမဲ့ လောကကြီးထဲမှာ ပြောင်းလဲမှုကြီးတွေ ပေါ်လာတဲ့အချိန်မှာတော့ ဓမ္မကာရအဆင့် ပညာရှင်တွေလည်း ရွေးချယ်မှုမရှိတော့ဘဲ သူတို့ရဲ့သက်တမ်းကို ဆွဲဆန့်ဖို့အတွက် နည်းလမ်းရာပေါင်းများစွာကို ရှာဖွေခဲ့ရတယ်။ လက်ရှိမက်မွန်ဥယျာဉ်ကတော့ အသက်စွမ်းအားတွေကို နှုတ်ယူနေတဲ့ ပြောင်းပြန်အကျိုးသက်ရောက်မှု ရှိတယ်။ အဲဒါလည်း အကြောင်းပြချက်ရှိတာပဲ။ ဒါပေမဲ့ သူက ဉာဏ်အလင်းပွင့်မှုကြီးတွေကို သယ်ဆောင်ဖို့ မွေးဖွားလာတယ်ဆိုတော့ အဲဒါက သက်တမ်းကုန်ဆုံးဖို့ အဓိကအရေးပါတဲ့ အရင်းအမြစ်တစ်ခုလို့ပဲ ပြောလို့ရတယ်…"

မုန့်ချီက အလွန်စိုးရိမ်သွားပြီး ပြောလိုက်သည်။

"တကယ်လို့ ငါတို့ကသာ ဥယျာဉ်ထဲမှာ ရှိနေတဲ့အချိန် သတိမထားမိဘူးဆိုရင် သက်တမ်းကုန်ဆုံးပြီး သေသွားကြမှာလား…"

ကူရှောင်စန်းက သူ့ကို အပြုံးနှင့် ပြောလိုက်၏။

"လူတစ်ယောက်ရဲ့ဘဝမှာ မီးအိမ်(၃)ခုရှိတယ်။ တစ်ခုက ခေါင်းပေါ်မှာ၊ တခြားတစ်ခုဆီက ပုခုံးတစ်ဖက်ဆီမှာ။ တကယ်လို့ နင်သာ ပြန်လှည့်ကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့မီးတောက်ကို အလွယ်တကူ နှောင့်ယှက်နိုင်တယ်။ ငါတို့ရဲ့အစွမ်းကို စဉ်းစားကြည့်လိုက်မယ်ဆိုရင် ပုံမှန်အခြေအနေတွေကတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ အနှစ်သာရတွေ စုစည်းထားတဲ့ နေရာတစ်နေရာမှာဖြစ်ဖြစ်၊ ထူးဆန်းတဲ့ပြောင်းလဲမှုတွေ ရှိနေတဲ့ နေရာတစ်ခုမှာပဲဖြစ်ဖြစ် ခေါင်းကိုပြန်လှည့်လိုက်ရုံနဲ့ အဲဒီမီးအိမ်တွေ ငြိမ်းသွားကောင်း ငြိမ်းသွားနိုင်တယ်။ ဒါကြောင့် ကမ္ဘာကြီးရဲ့စည်းမျဉ်းထဲကနေ မွေးဖွားလာတဲ့ အနှစ်သာရတွေက အများဆုံးပဲ မဟုတ်လား။ သူတို့တွေကို တိုက်ရိုက်အသုံးချပြီး လိုက်လျောညီထွေ လုပ်ဆောင်ဖို့ ခက်ခဲတယ်…"

"ခက်ခဲတာလား…"

မုန့်ချီက ရုတ်တရက် နားလည်သွားပြီး မေးလိုက်သည်။

ကူရှောင်စန်းက ခေါင်းညိတ်ပြလိုက်ပြီး ခေါင်းငုံ့၍ ရယ်လိုက်သည်။

"ကောင်းကင်(၉)သွယ်ရဲ့ထိပ်ဆုံး(၃)လွှာထဲမှာ အဲဒီလိုနေရာတွေ အများကြီးရှိတယ်။ ဥပမာတစ်ခုကတော့ သတ္တုစွမ်းအင်တွေ စုစည်းနေတဲ့ နာကယ်ရေကန်ပဲ။ ယောကျ်ား… ငါပြောတဲ့စကားတွေကို အမြဲတမ်း သေချာမှတ်ထားပါ…"

မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။ "မိန်းကလေးရှောင်စန်း …

ငါတို့က အတူတူပူးပေါင်းပြီး အလုပ်လုပ်နေမှတော့ အဓိကဦးတည်ချက်ကို ပြောမပြသင့်ဘူးလား…”

သူမက သူ့ကို ချိုသာစွာ ပြုံးပြလိုက်သည်။

"ငါက သုံးဘဝကျောင်းဆောင်ကို သွားချင်နေတာ။ ဒါဆိုရင် ငါက နင်နဲ့အတူ ဘဝဆက်တိုင်း အတူတူရှိနေနိုင်လိမ့်မယ်…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ ကူရှောင်စန်း၏ မရိုးသားသော စကားလုံးများထဲတွင် အမှန်တရားတချို့ ပုန်းအောင်းနေခဲ့သည်။ သုံးဘဝကျောင်းဆောင်ဟူသည်မှာ သူမ၏အစစ်အမှန် ဦးတည်ချက်တစ်ခု ဖြစ်နိုင်၏။

ရုတ်တရက်ဆိုသလို မုန့်ချီက ထူးဆန်းသော ခံစားချက်တစ်ခုပေါ်လာသည့်အတွက် သူ့အနားကို သတိလက်လွတ် လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် မြူခိုးများထဲမှ ထွက်ပေါ်လာသော မက်မွန်သီးတစ်ခြမ်းကို တွေ့လိုက်ရ၏။

"မက်မွန်သီးတစ်ခြမ်းလား။ သွေးရောင်အလင်းတန်းတွေနဲ့ အသက်ဝင်နေတဲ့ မက်မွန်သီးတစ်ခြမ်းလား။ သူက တကယ်ပဲ ငါ့နောက်ကို လိုက်နေတာလား.."

Translated by Hein Htet.

All Chapters