အခန်း (၂၅၃)
Vol. 20 Ch. 253
ချောင်ကျန်းကျွင်းသည် လုံးဝ အံ့ဩသွားသည်။
သာ့ချောင်နဲ့ ဟော်ချီက ချိန်းတွေ့နေခဲ့တာလား???
ဘာလို့ အဖေတစ်ယောက်အနေနဲ့ သူက ဤသတင်းကို မသိခဲ့တာလဲ?
သူ့ရဲ့ 'ငါ သရဲတစ်ကောင် မြင်လိုက်တယ်' ဆိုတဲ့ ပုံစံမျိုးကို မြင်လိုက်ရတော့ ဟော်ဟွားချင်းက "မင်း... ဒီအကြောင်းကို မင်းမသိဘူးလား?"
ဒီလိုပြောတဲ့အခါ သူ့လေသံမှာ သနားစိတ်နည်းနည်းရှိနေခဲ့သည်။ အနည်းငယ်လည်း ကိုယ့်ကိုကိုယ်ဂုဏ်ယူမှု ရှိနေခဲ့သည်။
ချောင်ကျန်းကျွင်း၏ အမူအရာသည် ဤသို့ကြားလိုက်သောအခါ သူသည် ပို၍ပင်ရုပ်ဆိုးသွားသည်။ "…ကျွန်တော် အခုတလော အလုပ်များနေတာ။ ကလေးနဲ့ စကားပြောဖို့ အချိန်မရှိဘူး။ သူက ကျွန်တော့်ကို ပြောချင်နေတာကြာပြီ ဖြစ်မှာပါ"
ဟော်ဟွားချင်းသည် သူက သူ့ဂုဏ်သိက္ခာကို အတင်းအကျပ် အဖက်ဆယ်နေတာကို ကြည့်ပြီး သူ့အကြည့်တွေက ပိုပိုပြီး စာနာလာခဲ့သည်။
ချောင်ကျန်းကျွင်း၏ စိတ်သည် အကြည့်ကြောင့် ပေါက်ကွဲသွားခဲ့သည်။
ဒီအချိန်မှာ သိုက်ရှုဖန်က ဝင်လာခဲ့သည်။ ချောင်ကျန်းကျွင်း၏ အဆင်မပြေသည့် အမူအရာကို သူမမြင်သောအခါ "ဘာဖြစ်နေတာလဲ၊ ချင်မျိုးရိုးက တစ်ခုခုဖြစ်လို့လား? "
ချင်တုန်းကို မြို့တော်ကနေ လွှဲပေးဖို့ ဟော်မိသားစုအား တောင်းဆိုတာကို သိုက်ရှုဖန်က သိသည်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘာဖြစ်သွားမှန်းမသိဘူး။ ဒါနဲ့ သူမက ဒီကိုလာမေးတာဖြစ်သည်။
ချောင်ကျန်းကျွင်းကို ဒီလိုမျိုး တွေ့လိမ့်မယ်လို့ သူမ မထင်ခဲ့မိဘူး။ ချင်တုန်းမှာ တစ်ခုခု မှားနေပြီလို့ သူမ ချက်ခြင်း တွေးမိလိုက်သည်။
ချောင်ကျန်းကျွင်း ပါးစပ်မဖွင့်ခင် ဟော်ဟွားချင်းရဲ့ အဖြေကို သူမကြားလိုက်ရသည်။ "ချင်မျိုးရိုးရဲ့ကိစ္စက ပြေလည်သွားပါပြီ။ ကျွန်းကျွင်းက သာ့ချောင်နဲ့ ချီအာတို့ရဲ့ ဆက်ဆံရေးကို မသိလို့။ ကျန်းကျွင်း ဦးလေးက အသက်ကြီးတာကို အခွင့်ကောင်း ယူတာမဟုတ်ဘူးနော်။ အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ ကလေးကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ မဟုတ်ရင် ကလေးက မင်းနဲ့ ရင်းနီးမှာ မဟုတ်ဘူး။ အဲ့အချိန်ကျ မင်းငိုရလိမ့်မယ်။ "
ချောင်ကျန်းကျွင်း - "..."
အသက်ကြီးတာကို အခွင့်ကောင်း မယူတာကိုတောင် ပြောခဲ့တာ ဘယ်သူက ငြင်းရဲမှာလဲ!
ဟော်ဟွားချင်းက ပါးစပ်မပိတ်ဘဲ နောက်ထပ်ဓားတစ်ချောင်းကို ထပ်ထည့်လိုက်သည်။ "ဒါပေမယ့် မင်းအခုငိုသင့်ပြီထင်တယ်။ သာ့ချောင်က မင်းနဲ့သိပ်မရင်းနှီးတာ သိသာတယ်။ အဲဒီအစား သူက ငါတို့ ဟော်မိသားစုနဲ့ ပိုရင်းနှီးတယ်။ ငါ့အမြင် သူနဲ့ချီအာက သူဆယ့်ရှစ်နှစ်ရောက်ရင် ဘာလို့ အရင် စေ့စပ်မထားမှာလဲ?"
ချောင်ကျန်းကျွင်း၏မျက်နှာ နီမြန်းသွားသည်။ "...ဒါကို နောက်မှပြောရအောင်။ သာ့ချောင်က ငယ်သေးတယ်။ သူတက္ကသိုလ်ပြီးအောင် စောင့်ရမယ်။ မဟုတ်ဘူး၊ ဘွဲ့လွန်ကျောင်းပြီးရင် အဲဒါကို ပြောကြရအောင်!"
သိုက်ရှုဖန်က သူ့ယောက္ခမက ဒီလောက် မကောင်းတဲ့လူဆိုတာ ဘယ်တုန်းကမှ မသိခဲ့ဘူး။ သူသည် ချောင်ကျန်းကျွင်းက နေရာတွင် ရှိနေသည်ကို ရှင်းရှင်းလင်းလင်း သတိပြုမိသော်လည်း သူသည် သူ့အပေါ် ဆက်လက်၍ အကျင့်မကောင်းနေခဲ့ပေ။
သူထပ်ပြောတော့မှာကို မြင်လိုက်ရတော့ သူမက "ဒါတွေပြောဖို့က စောလွန်းပါတယ်။ အရေးကြီးဆုံးကတော့ သူတို့နှစ်ယောက်ရဲ့ သဘောတူညီချက်ပဲလေ။ ကျွန်မတို့ ဒါကိုနောက်မှပြောကြမယ်။"
အစကတော့ ဟော်ဟွားချင်းက စကားတပြောပြောနဲ့ ဒါတွေ ထွက်သွားခဲ့သည်။ သို့သော် သူ့ချွေးမမျက်နှာကို ကြည့်ပြီး သူက ရပ်လိုက်ကာ ချောင်ကျန်းကျွင်းကို လွှတ်လိုက်သည်။
ချောင်ကျန်းကျွင်းက သူ့နှလုံးသားထဲမှာ ကျေးဇူးအများကြီးတင်မနေပါဘူး။
သူအရမ်းကြိုးစား ပြုစုပျိုးထောင်ခဲ့တဲ့ ဂေါ်ဖီထုပ်လေးကို ဟော်မိသားစုရဲ့ဝက်က လိုချင်တယ်လို့ သူထင်သွားတာကြောင့် သူက ဟော်မိသားစုကို ကျေးဇူးမတင်နိုင်တော့ဘူး။
သူသည် မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။ သူသည် အိမ်ကိုအမြန်ပြန်ချင်ပြီး ရှင်းလင်းချက် တောင်းချင်နေခဲ့သည်။
သာ့ချောင်က ဟော်ချီကို ဘယ်တုန်းက ချိန်းတွေ့လိုက်တာလဲ?
သူမသည် အသက်ဆယ့်ခုနစ်နှစ်သာရှိသေးသည်။ အရမ်းငယ်သေးချိန် စောစောစီးစီး ချိန်းတွေ့ဖို့ မလိုပါဘူး။ နောက်ထပ် ငါးနှစ် ခြောက်နှစ်လောက် စောင့်ဦးပေါ့။ မဟုတ်ဘူး၊ ခုနစ်နှစ်၊ ရှစ်နှစ်လောက်ဆိုလည်း သိပ်နောက်ကျတာ မဟုတ်ဘူး။
တခြားသူသာဆိုရင် သူသည် အဲဒီကောင်ဆိုးလေးကို လှမ်းခေါ်ပြီး နေရာမှာတင် ဆူပူကြိမ်းမောင်းမိမှာ သေချာပါသည်။ ဒါပေမယ့် အဲဒါက ဟော်ချီပင်။
ထို့အပြင် သူက ဟော်မိသားစုထံမှ မေတ္တာရပ်ခံခဲ့သည်။ ရှုံ့ချချင်ရင်တောင်မှ သူသည် ရှက်ရလိမ့်မည်။
သေစမ်း!
ချောင်ကျန်းကျွင်းသည် အိမ်ဝင်းထဲသို့ အမြန်ပြန်သွားခဲ့သည်။
လင်းဟွေ့သည် ဆီကြော်ကိတ်မုန့်တစ်ပန်းကန်နှင့် မီးဖိုခန်းမှထွက်လာပြီး သူ့အား ပူပူလောင်လောင်နှင့် ချွေးစေးများ ထွက်နေသည်ကို တွေ့လိုက်ရသည်။ သူမက နူးညံ့စွာ "ရာသီဥတုက အရမ်းပူတယ်။ ဘာလို့ အပြင်ထွက်နေတာလဲ?"
ချောင်ကျန်းကျွင်းက ချင်တုန်းအသက်ရှင်နေတယ်ဆိုတဲ့အကြောင်း သူမကို မပြောခဲ့ပေ။ ယခုမူ ထိုကိစ္စက ပြေလည်သွားပြီ ဖြစ်တာကြောင့် သူက သူမကို ပြောပြသင့်သည်။
ဒီတော့ သူက သာ့ချောင်ရဲ့ ကိစ္စတွေကို ဘေးဖယ်ထားပြီး သူမကို ကြည့်ကာ ပြောလိုက်သည်။ "ငါ မင်းကို ပြောစရာရှိတယ်"
သူက ရုတ်တရက် လေးနက်လာသည်ကိုမြင်တော့ သူမက ပြောလိုက်သည်။ "ဒါက အရမ်းအရေးကြီးတာလား? ခဏလေး ကလေးတွေကို ပန်ကိတ် အရင်ပေးလိုက်ဦးမယ်"
ချောင်ကျန်းကျွင်းက ခေါင်းညိတ်ပြပြီး သူ့မျက်နှာကို ရေတွင်းထဲက ရေနဲ့ဆေးကြောပြီး သူ့မိန်းမအား စောင့်ဖို့ သူ့အခန်းကို ပြန်သွားခဲ့သည်။
လင်းဟွေ့သည် ကလေးများထံသို့ ပန်ကိတ်ကို ပေးပြီး မကြာမီ အခန်းသို့ ပြန်သွားခဲ့သည်။
ချောင်ကျန်းကျွင်းက သူမကို သူ့ဘေးမှာ ထိုင်ခိုင်းပြီး "လင်းဟွေ့၊ ကိုယ် မင်းကို ဝန်ခံစရာတစ်ခုရှိတယ်!"
သူ့ရဲ့ ဒီလောက်လေးနက်တဲ့ အကြည့်ကိုကြည့်ပြီး လင်းဟွေ့ရဲ့နှလုံးက ခုန်နေကာ "ဘာကိစ္စရှိလို့လဲ? ရှင်... နောက်ကွယ်မှာ မိန်းမတစ်ယောက် ဒါမှမဟုတ် တရားမ၀င်ကလေးတစ်ယောက်ရှိနေလို့လား?"
ချောင်မိသားစု ချမ်းသာလာသောကြောင့် အထူးသဖြင့် ဒုတိယမြောက်က စတိုးဆိုင် အနည်းငယ် ဖွင့်ပြီးနောက်တွင် သူမ၏အမေ အပါအဝင် လူအများအပြားက ချောင်ကျန်းကျွင်းကို စောင့်ကြည့်ရမည်ဟု သူမအား ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယောင်္ကျားလေးများသည် ချမ်းသာသောအခါ ဆိုးသွမ်းလာသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ယခု သူမအား ချောင်ကျန်းကျွင်းသည် အလွန်လေးနက်နေပြီး ဝန်ခံစရာတစ်ခုရှိနေသည်ကို သူမစိတ်ထဲတွင် အဆိုးဆုံးကို တွေးထားခဲ့သည်။
ချောင်ကျန်းကျွင်းက ဒီစကားကိုကြားတော့ သူက ရယ်ရမလား ငိုရမလား မသိတော့ပေ။ "ဘာလို့ ဒီလိုထင်ရတာလဲ? ငါ့မှာ တခြားဘာမိန်းမတွေမှ မရှိဘူး။ အနာဂတ်မှာလည်း မရှိဘူး။ မင်းတစ်ယောက်တည်းက ငါ့အတွက် လုံလောက်တယ်။"
လင်းဟွေ့၏ ပါးပြင်သည် နီရဲလာသည်။ သူမက သူ့ကို သေချာစိုက်ကြည့်ပြီး "ကျွန်မတို့ လင်မယားဖြစ်တာ ကြာနေပြီပဲ။ ရှင်ဘာလို့ ပိုပိုပြီး အသည်းယားစရာ ကောင်းကောင်းလာရတာလဲ?"
သူမက ဒီလိုစိုက်ကြည့်နေတာကြောင့် ချောင်ကျန်းကျွင်းက သူ့အရိုးတွေ နည်းနည်းအားနည်းသွားသလို ခံစားလိုက်ရသည်။ သူက ချောင်းဟန့်ပြီး "ငါ မင်းကို တုန်းလင်ရဲ့အဖေအကြောင်း ပြောပြချင်တယ်။ သူ အသက်ရှင်နေသေးတယ်!"
"အာ" အသံနှင့်အတူ လင်းဟွေ့၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူမမျက်နှာက ဖြူဖျော့သွားပြီး "ဘာပြောလိုက်တာလဲ..?"
ချင်တုန်းက အသက်ရှင်နေသေးသည်!!!
ချောင်ကျန်းကျွင်းက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး "စိတ်မပူပါနဲ့။ ချင်တုန်းက အသက်ရှင်နေသေးတယ်။ သူသေတာကို အတုလုပ်လိုက်တာ။ စိတ်ပူနေစရာ မလိုပါဘူး။ ငါ ဟော်မိသားစုကို အကူအညီတောင်းပြီး သူ့ကို တခြားပြည်နယ်ကို လွှဲပြောင်းပြီးပါပြီ။ ခဏလောက်တော့ သူပြန်မလာတော့ဘူး!"
လင်းဟွေ့က အံ့အားသင့်သွားသည်။ အချိန်အတော်ကြာအောင် သူမသည် အသိစိတ်ပြန်မဝင်လာခဲ့ပေ။
တကယ်တော့ အဲဒီနေ့နောက်ပိုင်းမှာ သူမ အရမ်းစိတ်မကောင်းဖြစ်ခဲ့ရသည်။
တစ်ခဏတော့ သူမမြင်တာမှားသွားသလို ခံစားခဲ့ရသည်။ ပြီးတော့ သူမမြင်တာ မမှားဘူးလို့ ခံစားခဲ့ရသည်။ သူမသည် ညဘက်ဆို ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။
ဒါပေမယ့် သူမမိသားစုကို သူမအား စိတ်မပူစေချင်တာကြောင့် ဒီကိစ္စကို သူမစိတ်ထဲမှာပဲ ထားခဲ့သည်။
ချောင်ကျန်းကျွင်းက သူမကို သူ့ရင်ခွင်ထဲ၌ ပွေ့ဖက်ထားပြီး "ဟွေ့ဟွေ့ မကြောက်နဲ့။ သူ မင်းကို ပြန်တွေ့ရင်တောင်မှ ငါတို့ကို ဘာမှလုပ်လို့မရဘူး။ တုန်းလင်က အခု အရွယ်ရောက်လာပြီ။ သူ့အဖေအရင်းက အသက်ရှင်နေသေးပေမယ့် သူ့ကို မှတ်မိမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်!"
"ရှင်ပြောတာ မှန်တယ်။ ဒါကြောင့် သူ အသက်ရှင်နေသေးတော့ရော ဘာဖြစ်လဲ? တုန်းလင်က မွေးကတည်းက သူ့စောင့်ရှောက်မှုကြောင့် ကြီးပြင်းလာတာ မဟုတ်ဘူးလေ။ သူ့အဖေဖြစ်ပြီး တစ်ရက်လောက်တောင် တာဝန်မကျေခဲ့ဘူး။ သူကဘယ်လိုလုပ် ပြန်လာပြီး တုန်းလင်ကို ခေါ်နိုင်မှာလဲ?"
သူပွေ့ဖက်လိုက်သောအခါတွင် လင်းဟွေ့၏ ပူလောင်နေသော နှလုံးသားသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
ချင်တုန်းသည် တုန်းလင်မွေးလာတုန်းက သားတစ်ယောက်ဖြစ်တာကြောင့် သူသည် ကျေနပ်နေခဲ့သော်လည်း သူ့နှလုံးသားက မြို့ကို ပြန်သွားခဲ့သည်။ သူသည် နေ့တိုင်းအပြင်ထွက်ပြီး သူ့သား တုန်းလင်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
အခုဆို ဆယ်နှစ်ကျော်သွားပြီဆိုတော့ သူကပြန်လာပြီး အကျိုးကျေးဇူးကို ခံစားချင်နေတာလား?
အိပ်မက်ဆက်မက်နေလိုက်။
ချောင်ကျန်းကျွင်း၏ နှစ်သိမ့်မှုအောက်တွင် လင်းဟွေ့၏ စိတ်မသက်မသာမှုများ ပြေပျောက်သွားခဲ့သည်။
နောက်တော့ တစ်ဖက်လူက "သာ့ချောင် ချိန်းတွေ့နေတာ မင်းသိလား?"
လင်းဟွေ့သည် နောက်ထပ် အံ့အားသင့်သွားသည်။ "သာ့ချောင်က ချိန်းတွေ့တာလား? ဘယ်သူနဲ့လဲ?"
သူမမသိတာကိုမြင်လိုက်ရတော့ ချောင်ကျန်းကျွင်းက နည်းနည်းစိတ်သက်သာရာ ရသွားပြီး ပြောလိုက်သည်။ "ဟော်မိသားစုက အကျင့်မကောင်းတဲ့ ကောင်စုတ်လေးနဲ့လေ!"
ဟော်ချီဟု ပြောလိုက်သောအခါတွင် သူသည် အနည်းငယ် ကြောက်စရာကောင်းသော အမူအရာကို ဖော်ပြနေခဲ့သည်။
"သာ့ချောင်က အရွယ်ရောက်လာပြီ။ သူက ကျွန်မကို မလိုအပ်တော့ဘူး။ နောက်ပြီး ဟော်ချီက အရမ်းကောင်းတဲ့ အိမ်ထောင်ဖက်ပါ။"
လင်းဟွေ့သည် သူ့သမီးက သူ့ကို ဒီလောက်ကြီးကျယ်တဲ့ ကိစ္စအကြောင်း မပြောတာကြောင့် စိတ်မသက်မသာ ခံစားခဲ့ရသည်။
ဟော်ချီနှင့် သာ့ချောင်သည် ဆက်ဆံရေးကောင်းသည်။ သူတို့နှစ်ယောက် မတွဲခင်အချိန်ကတည်းက ဒီလိုမျိုးပဲ ဖြစ်သည်။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သူတို့ကိုမပြောဘဲ ဒီလောက်တိတ်တိတ်ဆိတ်ဆိတ် နေမယ်လို့ သူမ မမျှော်လင့်ထားခဲ့ဘူး။
ချောင်ကျန်းကျွင်း၏ လေသံက ချဉ်နေပြီး "သူက အဖေဖြစ်တဲ့ ငါ့ကိုတောင် မလိုအပ်ဘူး"
လင်မယားနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြန်မသွားကြခင် ခဏလောက် အတူတကွ ညည်းတွားနေခဲ့ကြသည်။
ညစာစားပြီးနောက် ချောင်ကျန်းကျွင်းသည် ဆက်ဆံရေးအကြောင်း သူ့မိဘများကို မမေးမီ တခြားကလေးများကို အပြင်ထွက်ခိုင်းခဲ့သည်။
ချောင်ရှို့ကျီက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။ "မှန်ပါတယ်။ မင်းအဖေနဲ့ ငါ သိနေတာကြာပြီ။ သာ့ချောင်နဲ့ ဟော်ချီက လွန်ခဲ့တဲ့ လဝက်လောက်က ဆက်ဆံရေးကို အတည်ပြုခဲ့တာ။ ဒါပေမယ့် ငါတို့လည်း လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ သိခဲ့တာပါ "
ချောင်ကျန်းကျွင်းက ဒီစကားကိုကြားတော့ သူ့နှလုံးသားသည် ပိုပိုပြီး နာကျင်လာသည်။ " အမေ ဘာလို့ ဒီလောက်အရေးကြီးတဲ့ကိစ္စ ကျွန်တော်တို့ကို မပြောခဲ့တာလဲ? သာ့ချောင်က ငယ်သေးတယ်။ ဒီလိုငယ်ရွယ်တုန်းမှာ လူတစ်ယောက်နဲ့ ချိန်းတွေ့တာ မကောင်းဘူး"
ချောင်ရှို့ကျီ - "အသက်ဆယ့်ခုနစ်နှစ်ဆိုတာ မငယ်ပါဘူး။ အရင်တုန်းကဆို တစ်ယောက်ယောက်က အိမ်ထောင်ဖက်တွေ့ပြီး တစ်နှစ်အတွင်း အိမ်ထောင်ပြုနိုင်တယ်။ ဒါ့ပြင် ဟော်ချီက လိမ္မာတဲ့ ကလေးတစ်ယောက်ပါ။ အိမ်ထောင်ဖက်တစ်ယောက် အနေနဲ့ဆို သူက မှားမယ်မထင်ပါဘူး။ သူက ဘာလို့ မင်းကို မပြောခဲ့တာလဲဆိုတော့ သာ့ချောင်က လူတိုင်းကို မသိစေချင်လို့ပါ "
ချောင်ကျန်းကျွင်းနဲ့ လင်းဟွေ့ - ဒါဆို...သူတို့က မသိနိုင်တဲ့သူထဲမှာ ပါတာလား?
သာ့ချောင်ရဲ့ နှလုံးသားထဲမှာ သူ့အဘိုးနဲ့ အဘွားက သူ့မိဘတွေထက် ပိုအရေးကြီးတယ်ထင်သည်။
ချောင်ကျန်းကျွင်းနှင့် လင်းဟွေ့တို့ လင်မယားနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကြသည်။ သူတို့၏ နှလုံးသားထဲတွင် ချဉ်စုတ်ပြီး မနာလိုခြင်း နှစ်မျိုးရောနေခဲ့သည်။
ဒါပေမယ့် သာ့ချောင်က မပြောချင်တဲ့အတွက် သူတို့က မသိဟန်ဆောင်ခဲ့ကြသည်။
ထို့နောက် ရွှယ်အန်းရှု့နှင့် တုန်းယွင်တို့သည် ရုပ်ရှင်လုပ်ငန်းကုမ္ပဏီနှင့် စာချုပ်ချုပ်ခဲ့ကြသည်။
ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့က သူတို့ကို စာချုပ်လက်မှတ်ထိုးရန် ခေါ်သွားခဲ့ကြသည်။
ဟိုင်ရှန့် ရုပ်ရှင်ရိုက်ကူးရေးကုမ္ပဏီသည် မြို့တော်ရှိ ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ သူတို့မရောက်ခင်မှာ သူတို့က ဟော်မိသားစုကို သူတို့အကြောင်း လူတွေကို လှည့်စားမလှည့်စားဘူးဆိုတာ သေချာအောင် ကူညီစုံစမ်းခိုင်းခဲ့သည်။
ဒါရိုက်တာကျောက်ဟာ ထိုနေ့က တေးဂီတအဖွဲ့မှာ ပေါ်လာကတည်းက သူတို့ရဲ့ အထောက်အထားတွေကို အတည်ပြုပြီးသားပင်။
ချောင်တုန်းဝမ်သည် ပေါ့ဆမှုကြောင့် ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။ ဒါက ချောင်မိသားစုရဲ့ နှလုံးသားထဲက အမာရွတ်တစ်ခုပင်။ ကလေးကို နောက်ပိုင်းမှာ ရှာတွေ့ခဲ့ပေမဲ့ လူတိုင်းက သူမ ခံစားခဲ့ရတဲ့ အခက်အခဲတွေကို တွေးတောရင်း စိတ်ဓာတ်ကျနေကြဆဲပါ။
ထို့ကြောင့် ချောင်မိသားစုသည် သူတို့၏ ကလေးများအကြောင်းကို ဂရုမစိုက်ဘဲ မနေရဲကြပေ။
ဟိုင်ရှန့် ရိုက်ကူးရေးက တကယ်ကို အစွမ်းထက်သည်။ သုံးထပ် အဆောက်အအုံ တစ်ခုလုံးကို သူတို့ ကုမ္ပဏီက ပိုင်သည်။ လူတွေက သွားလာနေကြပြီး တော်တော်အသက်ဝင်သည်။
ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် ရှေ့မှ လျှောက်လာခဲ့သည်။ သာ့ချောင်သည် ရွှယ်အန်းရှု့ကို လက်တစ်ဖက်နှင့် ကိုင်ထားပြီး တုန်းယွင်လေးကို နောက်တစ်ဖက်ဖြင့် ကိုင်ထားကာ ရုပ်ရှင်ကုမ္ပဏီထဲသို့ ဝင်လာသည်။
သူတို့ရောက်လာသည်နှင့် ချက်ချင်းပင် လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်ကြသည်။
ရုပ်ရှင်ကုမ္ပဏီတွေမှာ အလုပ်လုပ်တဲ့သူတွေဟာ ချောမောလှပတဲ့ ကောင်လေး၊ ကောင်မလေးတွေအပြင် အရမ်းချစ်စရာကောင်းတဲ့ ကလေးသရုပ်ဆောင်တွေကိုလည်း တွေ့ဖူးကြသည်။ ဒါပေမယ့် ဒီမိသားစုရဲ့ အသွင်အပြင်က မြင့်မားလွန်းသည်။
အထူးသဖြင့် အရပ်ရှည်ရှည်နဲ့ အချိုးအစားကျတဲ့ ကောင်မလေး။ ကုမ္ပဏီရဲ့ နာမည်ကြီး ထိပ်တန်းကြယ်ပွင့်ကတောင် သူမနဲ့ ယှဉ်လို့မရနိုင်ဘူး။
တကယ်လို့ ဒီကောင်မလေးက ရုပ်ရှင်လောကထဲကို ၀င်မယ်ဆိုရင် ထိပ်တန်းကြယ်ပွင့်တွေရဲ့ အနေအထားက တုန်လှုပ်သွားနိုင်သည်။
ဟုတ်ပါသည်၊ တုန်းယွင်လေးကတော့ ကြည့်ကောင်းတဲ့ အမျိုးအစားထဲမှာ မပါဝင်ခဲ့ပေ။ သို့သော် သူမနှင့် နှိုင်းယှဥ်ခြင်းကြောင့် သာ့ချောင်နှင့် ရွှယ်အန်းရှု့သည် ပို၍ပင် ထူးခြားသွားသည်။
ချောင်ရှို့ကျီက ဒါရိုက်တာကျောက် ရုံးခန်းကို ဘယ်လိုသွားရမလဲဆိုတာ မေးဖို့ ရှေ့ခုံက ကလေးမလေးဆီ သွားလိုက်သည်။ ရှေ့ခုံမှ ကလေးမလေးက သူတို့ကို အမြန်လမ်းညွှန် ပေးလိုက်သည်။ သူမသည် လမ်းကို ဦးဆောင်ပေးရန် လိုအပ်လားဟု သူတို့ကို စိတ်ထက်သန်စွာ မေးခဲ့သည်။
ဒီလိုပုံစံနဲ့ လူကြိုက်များဖို့ ခက်ခဲသည်။ လူကြိုက်မများသေးချိန်မှာ သူတို့ရဲ့ ကောင်းတဲ့ဘက်ကို ရောက်သွားတာက ပိုကောင်းပါသည်။
သို့သော် ချောင်ရှို့ကျီက သူမအား ကျေးဇူးတင်ကြောင်းပြောပြီးနောက် အဲဒါကို ငြင်းဆိုခဲ့သည်။ ရှေ့ခုံမှ ကလေးမလေးက ကံမကောင်းရှာခဲ့ပေ။
လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ချောင်မိသားစုသည် ဒါရိုက်တာကျောက်၏ရုံးခန်းသို့ ရောက်လာကြသည်။