← Chapters

အခန်း (၂၅၉)

Vol. 20 Ch. 259

အခန်း (၂၅၉)

Vol. 20 Ch. 259

ထိုအချိန်တွင် အိပ်ဆောင်ရှိ အခြားလူငါးယောက်စလုံး ထိုနေရာတွင် ရှိနေခဲ့သည်။ စုန့်ယုလျန်နှင့် ချန်ရှောင်လန်မှလွဲ၍ ကျန်သုံးဦးသည် စာရင်းသွင်းရန် လာခဲ့တာ ဖြစ်သည်။

သာ့ချောင်ဝင်လာတော့ သူတို့သည် စကားပြောနေခဲ့ကြသည်။ လေထုက တင်းမာနေခဲ့သည်။

သာ့ချောင် ဝင်လာတာကိုမြင်တော့ အားလုံးက သူတို့ခေါင်းတွေကို လှည့်လိုက်ကြသည်။ ထို့နောက် အိပ်ဆောင်ထဲတွင် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ရှိသွားသည်။

အားလုံးက သူမကိုကြည့်နေတာကိုတွေ့တော့ သာ့ချောင်က "နင်တို့ အားလုံးစားပြီးကြပြီလား?"

အားလုံးက သူမစကားကြားတော့ သူတို့ အသိစိတ်တွေ ပြန်ဝင်လာကြသည်။

ချန်ရှောင်လန်က ပြေးလာပြီး သာ့ချောင်ရဲ့ လက်မောင်းကို ချိတ်ပြီး "တွေ့လား? ငါက ချောင်နျန်နျန် အရမ်းလှတယ်လို့ ပြောပေမယ့် နင်တို့က မယုံဘူး။ ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာနက ဒိုင်နိုဆောတွေပဲလို့တောင် ပြောသေးတယ်!"

သာ့ချောင် ထွက်သွားပြီးနောက် အိပ်ဆောင်ရှိ အခြားမိန်းကလေး သုံးယောက်က တစ်ယောက်ပြီးတစ်ယောက် အကြောင်းကြားရန် လာခဲ့ကြသည်။

သူတို့သုံးဦးမှာ ရှုချွန်းကျွမ်၊ ဝမ်ရှန်းရှန်းနှင့် ချိုက်ရူနန်တို့ ဖြစ်သည်။

သူတို့အထဲမှာ ရှုချွန်းကျွမ်က အသက်အကြီးဆုံးပင်။ အိမ်ထောင်ကျပြီး သားတစ်ယောက် မွေးဖွားခဲ့တယ်လို့ ဆိုသည်။

ချိုက်ရူနန်သည် ယောက်ျားလျာ တစ်ယောက်ဖြစ်သည်။ သူ့ဆံပင်က ယောက်ျားလေးတွေထက် ပိုတိုသည်။ ပထမတစ်ချက်နဲ့တင် လူတွေက သူ့ကို ယောက်ျားလေးလို့ ထင်ကြလိမ့်မည်။

သာ့ချောင်မှလွဲ၍ ဝမ်ရှန်းရှန်းသည် အကောင်းဆုံးပုံစံနှင့် သူတို့ကြားတွင် အကောင်းဆုံးရလဒ်ကို ရရှိခဲ့သည်။

ဝမ်ရှန်းရှန်း ရောက်လာပြီးနောက် သူမသည် အိပ်ဆောင်၏ ညံ့ဖျင်းသော အခြေအနေများကို ညည်းညူနေခဲ့သည်။ ဝက်တွေနေခဲ့တဲ့နေရာက ဒီထက်ပိုကောင်းတယ်လို့‌ ပြောခဲ့သည်။

သူမ ညည်းညူနေသောအခါ အခြားလူများက ဘာမှ မပြောကြပေ။ နောက်တော့ ချိုက်ရူနန်က ရောက်လာခဲ့သည်။ ချိုက်ရူနန်သည် ယောက်ျားလေးတစ်ယောက်လိုသာမက ယောက်ျားလေးလို အကျင့်စရိုက်လည်းရှိသည်။

သူမသည် လွတ်လွတ်လပ်လပ်နေပြီး လှပသော အမျိုးသမီးများကို ကြည့်ရတာ နှစ်သက်သည်။ သူမရောက်လာပြီး လှပတဲ့ ဝမ်ရှန်းရှန်းကိုတွေ့တော့ သူမက ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။ မမျှော်လင့်ဘဲ ဝမ်ရှန်းရှန်းသည် အေးစက်သော အလှတစ်ခုဖြစ်ပြီး သူမနှင့် ရင်းနှီးဖို့ အဆင်မပြေပေ။

ချန်ရှောင်လန်သည် ဝမ်ရှန်းရှန်း၏ ခပ်ခွာခွာ ပုံစံကို သည်းမခံနိုင်ပေ။ ထို့ကြောင့် ဘဏ္ဍာရေးနှင့်စီးပွားရေးဌာနမှ ချောင်နျန်နျန်သည် အိပ်ဆောင်ထဲတွင် ကြည့်အကောင်းဆုံးဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။

ထိုစကားထွက်လာသည်နှင့် တပြိုင်နက် အခြားသုံးယောက်၏ မေးခွန်းကို သူမတွေ့လိုက်ရသည်။

စုန့်ယုလျန်သည် သာ့ချောင်နှင့် တွေ့ဆုံခဲ့သော်လည်း သူမသည် ပညာရေးဌာနတွင် ဆွေမျိုးများရှိသော ‌ဝမ်ရှန်းရှန်းအား မစော်ကားလိုသောကြောင့် ဘာမှပြန်မပြောခဲ့ပေ။

ချန်ရှောင်လန်သည် အခြားသုံးယောက်ကို သူမကိုယ်တိုင်တိုက်ခိုက်ပြီး မကြာမီတွင် ရှုံးနိမ့်သွားခဲ့သည်။ အဲဒါကြောင့် လေထုက မသာယာခဲ့ပေ။

ဒီအချိန်မှာ သာ့ချောင်က ပြန်လာခဲ့သည်။

ချန်ရှောင်လန်၏ စကားကိုကြားပြီးနောက် အားလုံးသည် အသိစိတ်များ ပြန်ပေါ်လာကြသည်။

ချိုက်ရူနန်သည် တောက်ပသောမျက်လုံးများဖြင့် ပြေးသွားသည်။ "အမယ်လေး၊ ရှောင်လန်က ငါတို့နဲ့ရန်ဖြစ်ဖို့ ချဲ့ကားပြောနေတာလို့ပဲ ငါထင်ခဲ့တာ။ သူက တကယ်ကို လှပမယ်လို့ မမျှော်လင့်ထားဘူး!"

ချိုက်ရူနန်သည် သိုက်ရှောင်ရွှယ်ထက် ပိုလှသည်။ ရုပ်ရည်ချောမောသူတစ်ဦးကို တွေ့လိုက်ရသောအခါတွင် သူမခြေထောက်များ မလှုပ်ရှားနိုင်တော့ပေ။

ချန်ရှောင်လန်သည် သူမ၏ မေးစေ့ကို မော့လိုက်ပြီး ချိုက်ရူနန်သည် သူမ၏ 'အမှား' ကို မြင်သောအခါ သူမက ဂုဏ်ယူနေပုံပေါ်သည်။

သာ့ချောင်က သူမလက်ကို အေးအေးဆေးဆေး ဆွဲထုတ်လိုက်ပြီး လျစ်လျူရှုတဲ့ အသံနှင့် ပြောလိုက်သည်။ "ငါတို့ အသိပညာ သင်ယူဖို့ ကောလိပ်ကို လာခဲ့တာ။ ရုပ်ရည်ကြည့်ကောင်းတာ မကောင်းတာက ကိစ္စမဟုတ်ဘူး"

ချိုက်ရူနန်သည် သစ်ခေါက်ငှက်တစ်ကောင်လို ခေါင်းညိတ်ပြသည်။ "မင်းမှန်တယ်၊ လုံးဝကိစ္စမရှိဘူး!"

လူတိုင်း - "..." ဒါပေမယ့် မင်းရဲ့ပြောပုံဆိုပုံက ဒီလိုမဟုတ်ပါဘူး။

ဝမ်ရှန်းရှန်းသည် သာ့ချောင်ကို အလွန်မနာလိုစိတ်ဖြင့် ကြည့်လိုက်သည်။

ချန်ရှောင်လန်သည် စောစောက ပြောတုန်းက သူမ မယုံခဲ့‌ပေ။ ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနသို့ ရောက်ရှိလာသူများသည် ပုံမှန်အားဖြင့် ယောက်ျားလျာများဖြစ်သည်။ သူတို့မရှိရင်တောင် သူမထက် ပိုလှမယ့်သူ မရှိမှာ သေချာခဲ့သည်။

ကျင့်ဟွာကောလိပ်၏ ကျောင်းပန်းပွင့်မှာ ထန်မြောင်ရှန် ဖြစ်သည်ကို သူမ မရောက်မီက မေးမြန်းခဲ့လို့ သိရှိခဲ့သည်။ ထန်မြောင်ရှန်နဲ့ သူမမှာ ဘယ်သူက ပိုချောလဲလို့ သူမရဲ့ အစ်ကိုဝမ်းကွဲကို မေးဖူးသည်။ သူမ၏ အစ်ကိုဝမ်းကွဲက သူမသည် ထန်မြောင်ရှန်ထက် တစ်ရာခိုင်နှုန်း ပိုလှသည်ဟု ဆိုခဲ့သည်။

တစ်ရာခိုင်နှုန်းသာရှိသော်လည်း သူမသည် ထန်မြောင်ရှန်၏ ကျောင်းပန်းပွင့်ဆိုတဲ့ နေရာကို သိမ်းပိုက်နိုင်မည်ဟု သူမမှာ ယုံကြည်ချက်ရှိသည်။ မထင်မှတ်ဘဲ ဒီလို ကြည့်ကောင်းတဲ့ သူတစ်ယောက် ပေါ်လာခဲ့သည်။

ယခုအချိန်တွင် ဝမ်ရှန်းရှန်းသည် သူ့မျက်နှာအသွင်အပြင်ကို အခြားသူ၏ မျက်နှာသွင်ပြင်နှင့် နှိုင်းယှဉ်ကာ ဘယ်သူက ပိုကြည့်ကောင်းလဲဆိုတာ သိနိုင်ဖို့ မှန်ကိုထုတ်ရန် မစောင့်နိုင်တော့ပေ။

သာ့ချောင် ဝင်လာပြီး သူမပစ္စည်းတွေကို သူမဗီဒိုထဲထည့်လိုက်ပြီး ရေသွားယူဖို့ ရေဘူးကို ယူလိုက်သည်။

ချိုက်ရူနန်သည် သူမ၏ ရေဘူးကို အမြန်ယူလိုက်ပြီး "ပြီးပြည့်စုံတဲ့အချိန်ပဲ။ ငါလည်း ရေသွားထည့်လိုက်ဦးမယ်!"

စုန့်ယုလျန်က နှုတ်ခမ်းကို တွန့်လိုက်ပြီး "စောစောကလေးတင် ရေသွားထည့်တာ မဟုတ်ဘူးလား?"

ချိုက်ရူနန် - "နောက်တစ်ကြိမ် ထပ်ထည့်လို့ မရဘူးလား?"

စုန့်ယုလျန် - "..." အဓိပ္ပာယ်ကို မရှိတာ!

စုန့်ယုလျန်က ဘာကြောင့်လဲဆိုတာ မပြောနိုင်ပေမယ့် သူမက သာ့ချောင်ကိုတော့ သိပ်မကြိုက်ပေ။ သူမသည် သာ့ချောင်ထက် ဝမ်ရှန်းရှန်းကဲ့သို့ အေးစက်သောလူကို နှစ်သက်သည်။

သာ့ချောင်သည် သူမ၏ အခန်းဖော်က သူမကို မည်သို့ တွေးနေသည် မသိပေ။ သူမ သိရင်တောင် သူမက အာရုံစိုက်ဖို့ အစီအစဉ်မရှိပါဘူး။

သူမက သူတို့နဲ့ ဒရာမာတွေရိုက်ဖို့ မဟုတ်ဘဲ အသိပညာတွေသင်ယူဖို့ ကောလိပ်ကို လာခဲ့တာ ဖြစ်သည်။

ရေသွားယူပြီးနောက် ဝမ်ရှန်းရှန်းသည် အခြားသူများအား မျှဝေရန် အဆာပြေမုန့်များကို ထုတ်ယူခဲ့သည်။

သာ့ချောင် ပြန်လာတာကိုမြင်တော့ သူမက ချောကလက်တစ်ဖဲ့နဲ့ သူမဆီကို လျှောက်လာပြီး ပြောလိုက်သည်။ "ဒါက မင်းအတွက်"

တခြားသူတွေ ယူသွားတာကို မြင်တော့ သာ့ချောင်က အဲဒါကို လက်ခံလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

ဝမ်ရှန်းရှန်းသည် သူမ၏ မစပ်စုသည့် တုံ့ပြန်မှုကို မြင်လိုက်ရသောအခါတွင် အဲဒါက ဘာဆိုတာကို သူမ မသိဟု ထင်ခဲ့သည်။

သူမက ရှင်းပြလိုက်သည်။ "မင်း ချောကလက် မစားဖူးဘူးလား? ချောကလက်က မည်းမှောင်တဲ့ပုံစံနဲ့ သိပ်မရှိပေမယ့် တကယ်အရသာရှိတယ်။ အရေးကြီးဆုံးကတော့ ဒီပစ္စည်းက အရမ်းဈေးကြီးတယ်။ ဒီလိုနည်းနည်းလေးအတွက် ယွမ်ဆယ်ဂဏန်းလောက် ပေးရတယ်။ ဒါတင်မကဘူး အဲဒါကို ငါ့အစ်ကိုဝမ်းကွဲက မီနိုင်ငံကနေ ပြန်ယူလာတာ "

သာ့ချောင်က သူမနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ပြန်ပြောလိုက်သည်။ "ငါအရင်က စားဖူးတယ်" အများကြီးပဲ။

ဝမ်ရှန်းရှန်းသည် ထိုစကားကိုကြားသောအခါ သူမစိတ်ထဲတွင် ရယ်မောလိုက်သည်။

သာ့ချောင်က ဆင်းရဲတဲ့လူတစ်ယောက်လို မဟုတ်ပေမယ့် ချောကလက်က သာမန်လူတွေ တတ်နိုင်တဲ့ အရာတော့ မဟုတ်ပါပေ။

လူတိုင်းက နိုင်ငံခြားမှာ ဆွေမျိုးတွေမရှိကြတဲ့အတွက် ထို့ကြောင့် သာ့ချောင်က သူ့ကို ချမ်းသာတယ်လို့ထင်အောင် သူ့မျက်နှာအား သူ့ဘာသာ ရိုက်ချလိုက်တယ်လို့ သူမက ထင်ခဲ့သည်။

သူမစကားပြောခါနီးတွင် သူမ၏အကြည့်သည် အောက်ကိုရောက်သွားပြီး သာ့ချောင်၏ လက်ကောက်ဝတ်ပေါ်ရှိ နာရီကို တွေ့လိုက်ရသည်။ သူမမျက်နှာက ချက်ချင်းဖြူဖျော့သွားခဲ့သည်။ သူမသည် ဘာမှ မပြောနိုင်တော့ပေ။

အဲဒါက Rolex အမျိုးသမီးဝတ် နာရီပဲ!

ဒါက ဘယ်မော်ဒယ်လဲဆိုတာတော့ သူမ မပြောနိုင်ပေမယ့် စျေးအသက်သာဆုံး Rolex ကတောင် ယွမ်ခုနစ်ရာမှ ရှစ်ရာထိဖြစ်သည်။ အမျိုးသမီး နာရီတွေက ပိုဈေးကြီးသည်။

Rolex နာရီကို တတ်နိုင်သူသည် ချောကလက်ကို ဘယ်လိုလုပ် မစားနိုင်ဘဲနေမလဲ?

ဝမ်ရှန်းရှန်း၏ မျက်နှာသည် တစ်စုံတစ်ယောက်က သူမကို ကြိမ်ဖန်များစွာ ရိုက်လိုက်သကဲ့သို့ ယောင်လာသည်။

ဟူမြို့၌…

အမေဖုန်က သူ့မွေးစားသမီးကို ကူကယ်ရာမဲ့ ကြည့်နေသည်။ "ကျောင်းကျောင်း၊ ငါတို့ ဒီစာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်ဘူး။ ငါတို့ နောက်ထပ်တစ်နှစ်လောက် ထပ်နေရဦးမယ်။ အဖေနဲ့အမေက မင်းကို ကျောင်းတက်ဖို့ ပိုက်ဆံပေးရတယ်။ မင်းဘာလို့ တခြားနေရာတွေကို လျှောက်သွားနေရတာဘဲ?"

အဖေဖုန်၏ မျက်ခုံးပင့်လိုက်သည်။ "မင်း ဒီနှစ် ဆယ့်ရှစ်နှစ်တောင် မပြည့်သေးဘူး။ မင်းက လျှောက်သွားနေတာလား။ အခု မင်းရဲ့ အတောင်ပံတွေ ကြီးထွားလာလို့ မင်းက စကားနားမထောင်တော့တာလား?"

ဒါပေမယ့် သူတို့ ဘာပဲပြောပြော သူတို့မွေးစားသမီးက လျစ်လျူရှုခဲ့သည်။ သူမက ဆုံးဖြတ်ချက်ချပြီး ပုံပေါ်သည်။

ဘုန်း!

အဖေဖုန်က စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး "မင်းဘာလုပ်နေတာလဲ? မင်းက ငါတို့ရဲ့ သမီးအရင်းမဟုတ်ပေမယ့် မင်းကို ငါတို့က ဒီနှစ်တွေအတောအတွင်း ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ဘူးလား?"

အမေဖုန် လန့်သွားပြီး သူ့လက်ကို ကိုင်ကာ "ဒီလိုမလုပ်ပါနဲ့။ ရှင်ပြောစရာရှိရင် အေးအေးဆေးဆေးပြောပါ"

ထို့နောက်သူမသည် သူမ၏ မွေးစားသမီး ဘက်သို့လှည့်၍ "ကျောင်းကျောင်း၊ မင်းအဖေက မင်းအတွက် စိတ်ပူနေတာပါ။ သူပြောတာကို စိတ်ထဲမထားပါနဲ့။ ဒါပေမယ့် အဲ့လိုလျှောက်မသွားစေချင်ဘူး။ ဒီနှစ်တစ်နှစ်ကို ထပ်တက်လိုက်ရင် နောက်နှစ်မှာ မင်းအမှတ်ကောင်းကောင်းနဲ့ ကောလိပ်တက်နိုင်တယ်။"

အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော မွေးစားသမီးလေးသည် နောက်ဆုံးတွင် လှုပ်ရှားသွားခဲ့သည်။

သူမ ခေါင်းကို မော့လိုက်သည်။ သူမရဲ့မျက်နှာမှာ လုံးဝကို ဂရုမစိုက်တဲ့ အမူအရာတစ်ခု ပေါ်လာသည်။ "အဲဒီတုန်းက ကျွန်မကို မွေးစားပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ ရှင်တို့ ကျွန်မကြောင့် မိသားစုပျော်ရွှင်မှုတွေ ရခဲ့တာပဲလေ။ ပြီးတော့ ရှင်တို့ရဲ့သားကိုလည်း ကျွန်မရဲ့ ကံကြောင့်မွေးလာတာ။ ကျွန်မ ရှင်တို့ကို ဘာမှ အကြွေးမတင်နေဘူး!"

သာ့ချောင်ကို သိသူတိုင်း ဖုန်မိသားစု၏ မွေးစားသမီးသည် သာ့ချောင်နှင့် ခပ်ဆင်ဆင်တူကြောင်း တွေ့ရှိလိမ့်မည်။

မှန်ပါသည်၊ ဒီလူက နှစ်ပေါင်းများစွာ 'ပျောက်ဆုံးနေခဲ့သော' ရှောင်ချောင်ဖြစ်သည်။

ရှောင်ချောင်သည် ထိုအချိန်က လွတ်မြောက်ပြီးနောက် သူမသည် ဖုန်မိသားစု၏ ကားကို တိုက်မိခဲ့သည်။ ဖုန်မိသားစုက သူမကို ဆေးရုံပို့ခဲ့သည်။

ဖုန်မိသားစုက အရမ်းချမ်းသာတာကိုမြင်တော့ ရှောင်ချောင်သည် သူမက ပြန်ပေးဆွဲသူတွေဆီကနေ ထွက်ပြေးလာတာလို့ ပြောခဲ့သည်။ သူမမိသားစု ဘယ်ရောက်နေလဲ သူမ လုံးဝမမှတ်မိတော့ဘူး။

ဖုန်မိသားစုသည် အိမ်ထောင်ကျခဲ့ပြီး နှစ်ပေါင်းများစွာ သားသမီးမရှိခဲ့ပေ။ နှစ်ယောက်သားသည် ကလေးမွေးစားဖို့ စိတ်ဝင်စားကြပေမယ့် သင့်တော်တဲ့ တစ်ယောက်ကို ရှာမတွေ့ခဲ့ကြပေ။

ကြွေရုပ်လို နူးညံ့သိမ်မွေ့သော အသားအရည်နှင့် ဉာဏ်ကောင်းသော ရှောင်ချောင်ကို မြင်လိုက်ရတော့ ဘုရားသခင်က သူတို့အား သနားကာ ကလေးကို သူတို့ထံ ပေးလိုက်တယ်လို့ ထင်ခဲ့ကြသည်။

ထို့ကြောင့် ရဲခေါ်မည့်အစား သူတို့သည် ရှောင်ချောင်က သူတို့၏ သမီးအရင်းဖြစ်ကြောင်း အပြင်သို့ ပြောကြားခဲ့သည်။

တိုက်ဆိုင်စွာပင် ရှောင်ချောင်ကျောင်းကျောင်းက ရှောင်ချောင်၏ ယခင်နာမည်နှင့် အတူတူပင်။ မျိုးရိုးအမည်ကိုသာ ပြောင်းလဲခဲ့သည်။

ဖုန်မိသားစုက ရှောင်ချောင်ကို သူတို့၏ သမီးအရင်းအဖြစ် သတ်မှတ်သည်။ ရှောင်ချောင်ကို မွေးစားပြီး သုံးနှစ်အကြာတွင် ‌အ‌မေဖုန်သည် ရုတ်တရက် ကိုယ်ဝန်ရှိလာကာ သားတစ်ယောက် မွေးဖွားခဲ့သည်။

ဒါက ဖုန်မိသားစု ဇနီးမောင်နှံကို အလွန်ပျော်ရွှင်စေခဲ့သည်။

သူတို့ရဲ့ ကိုယ်ပိုင်သားမွေးပြီးနောက် သူတို့သည် မွေးစားသမီးကို အထင်အမြင်သေးခြင်း သို့မဟုတ် လျစ်လျူရှုခြင်း မပြုခဲ့ကြပေ။ သူတို့သားလေးဟာ ငယ်သေးတဲ့အပြင် နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့ရဲ့ တစ်ဦးတည်းသောသွေးဖြစ်တာကြောင့် သူတို့ရဲ့ စိတ်ဝင်စားမှုက သူတို့ရဲ့သားပေါ်ကို ပုံမှန်အတိုင်း ကျရောက်ခဲ့သည်။

ထိုအချိန်မှစ၍ သူတို့၏မွေးစားသမီးသည် ပုန်ကန်လာခဲ့သည်။

ပြောစရာမရှိလောက်အောင် အဆင့်တွေ ကျသွားခဲ့သည်။ နောက်ပိုင်းတွင် သူမသည် မကြာခဏ စာများရေးသားပြီး ကျေးလက်တစ်ခုမှ လူဆိုးတစ်ဦးထံ စာပို့ကြောင်း သူတို့သိလိုက်ရသည်။

သူတို့က စာကိုယူပြီးတော့ သူမကို မေးခဲ့သည်။ သူမ၏ ကိုယ်ရေးကိုယ်တာအား ကျူးကျော်ဝင်ရောက်ပြီး သူတို့သည် မကောင်းဆိုးဝါးများဖြစ်ကာ သူမကို ထိန်းချုပ်ချင်ကြသည်ဟုဆို၍ သောင်းကျန်းခဲ့သည်။

နောက်ပိုင်းမှာ သူမသည် အဆင့်တွေ ပိုဆိုးလာပြီး သူမက အတန်းပျက်တတ်လာသည်။ ဒီတစ်ခါတော့ ကောလိပ်ဝင်ခွင့် စာမေးပွဲတောင် မအောင်ဘူး။

မွေးစားသမီးသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း များစွာပြောင်းလဲခဲ့ပြီး အကြိမ်တိုင်းတွင် သူတို့ စကားနာခံခြင်းမရှိသော်လည်း သူတို့သည် သူမအတွက် အကောင်းဆုံးကို မျှော်လင့်နေဆဲဖြစ်သည်။ နောက်ဆုံးတော့ သူမဟာ သူတို့မွေးထားတဲ့ ကလေးတစ်ယောက်ပဲပင်။

အဲဒါကြောင့်လည်း သူတို့က သူမကို စာထပ်လေ့လာစေချင်ကြသည်။ မထင်မှတ်ပဲ သူမဟာ ထုပ်ပိုးပြီး ငွေအများကြီးရှာဖို့ တခြားနေရာကို သွားတော့မယ်လို့ ကြေညာခဲ့သည်။

ဒါက ရန်ဖြစ်ခဲ့ကြရတဲ့ အကြောင်းအရင်းတစ်ခုပင်။

ရှောင်ချောင်ရဲ့ တုန့်ပြန်မှုကို ကြားတော့ အဖေဖုန်ရဲ့ ရင်ဘတ်ဟာ ဒေါသဖြင့် တုန်လှုပ်သွားပြီး "မင်း... မင်းက ကျေးဇူးကန်းတဲ့သူ!"

ရှောင်ချောင်က ကဲ့ရဲ့လိုက်သည်။ "တကယ်တော့ ရှင်တို့က ကျွန်မကို အရင်ထဲက စွန့်ပစ်ချင်နေတာ မဟုတ်လား? ရှင်တို့ရဲ့သားကို ရှင်တို့ချစ်သလိုမျိုး ကျွန်မကို ဘယ်လိုလုပ် ချစ်နိုင်မှာလဲ? သုံးနှစ်သားကလေးကိုပဲ လှည့်စားနိုင်တယ်! အနာဂတ်မှာ ကျွန်မက ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ငွေရှာပေးတာကို ရှင်တို့က လိုချင်နေတာမလား? ပြီးတော့ ရှင်တို့သား။ စိတ်ချလက်ချနေ ကျွန်မမှာ ပိုက်ဆံရှိတဲ့အခါ ရှင်တို့အတွက် ဒီနှစ်တွေအတွက် ပြုစုပျိုးထောင်စရိတ်ကို ကျွန်မ ပြန်ပေးမယ်။ "

သူမသည် ဖုန်မိသားစုသို့ ပထမဆုံးရောက်လာသောအခါ သူမသည် သူတို့အား သူမ၏ မိဘများကဲ့သို့ ဆက်ဆံရန် အမှန်တကယ် စဉ်းစားခဲ့သည်။

ဒါပေမယ့် ဒီနှစ်ယောက်က တစ်ကိုယ်ကောင်းဆန်တဲ့ မကောင်းဆိုးဝါးတွေပင်။ သူတို့သည် သားတစ်ယောက်မွေးကတည်းက မွေးစားသမီး သူမကို လျစ်လျူရှုခဲ့သည်။

ဒီလိုမွေးစားမိဘတွေကို သူမက ပြုစုစောင့်ရှောက်ဖို့ လုံးဝ မလိုအပ်ဘူး!

သူမ အရွယ်မရောက်သေးသောကြောင့် သူမသည် ဖုန်မိသားစုတွင် နေခဲ့သည်။ အဲဒီတုန်းက တိုင်းပြည်က ပြုပြင်ပြောင်းလဲမှု မလုပ်ရသေးဘူး။

အခုအချိန်ကျလာပြီ၊ သူမသည် ငွေရှာရန် တခြားနေရာသွားဖို့ အဆင်သင့်ဖြစ်နေပြီ။

သူမ၏ အရည်အချင်းနှင့် အနာဂတ် အသိပညာဖြင့် သူမသည် အချမ်းသာဆုံး ဖြစ်မလာနိုင်တောင် ချမ်းသာလာမည်ဟု သူမယုံကြည်သည်။

ဖုန်မိသားစု ဇနီးမောင်နှံသည် ထိုအသိစိတ်မရှိသော စကားများကို ကြားလိုက်သောအခါ နှစ်ယောက်စလုံး ဒေါသကြောင့် လဲကျလုနီးပါး ဖြစ်ခဲ့ရသည်။

ရှောင်ချောင်သည် သူမ၏ ပစ္စည်းများကို ထုပ်ပိုးပြီး သူတို့ကို မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။

အမေဖုန်က လိုက်ချင်ပေမယ့် အဖေဖုန်က သူမကို တားလိုက်ကာ "ထားလိုက်ပါ၊ သူ့ကို လွှတ်ထားလိုက်တော့!"

သူတို့သည် သူမအပေါ် ဘယ်လောက်ပဲ ကောင်းနေပါစေ သူမက ကျေးဇူးကန်းတတ်သူ တစ်ယောက်သာ ဖြစ်သည်။

သူမကို ဒီနှစ်တွေအတွင်း ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ဘူး။ သားလေးမွေးပြီးမှသာ သူမကို နည်းနည်းလေး ဂရုမစိုက်ခဲ့တာ ဖြစ်သည်။ ဒါတောင် သူ့သားမှာ ရှိတဲ့အရာတွေ သူမမှာလည်း ရှိသည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာ အားစိုက်ထုတ်ပြီး နောက်ဆုံးတော့ ဒီကိုရောက်လာခဲ့သည်။ ဘယ်သူ့နှလုံးသားမှ မအေးချမ်းဘူး!

အမေဖုန်က သူမမျက်နှာကို အုပ်ပြီး ငိုခဲ့သည်။ သူမ မွေးစားသမီးက ဘယ်လိုလုပ် ဒီလိုဖြစ်သွားမှန်း သူမတကယ်မသိခဲ့ပါ။

သူမသည် ငယ်စဉ်က အလွန်ချစ်ဖို့ကောင်းပြီး စဉ်းစားတတ်သူဖြစ်သည်။ ပြီးတော့ ဉာဏ်ကောင်းခဲ့သည်။ ထိုအချိန်တွင် သူမသည် လူတိုင်းကို သူတို့ကံကောင်းကြောင်း ပြောခဲ့သည်။ ဒီလိုမျိုး အဆုံးသတ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။

ဤအချိန်တွင် အဝေးက စစ်တပ်ထဲတွင် ချောင်ဟုန်းရှသည် ထူးဆန်းသော ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ ယိမင်၏ ဖခင်အရင်း ကျောက်ကျဲဖန့် ကွယ်လွန်သွားပြီဟု ဆိုခဲ့သည်။

All Chapters