← Chapters

ဒီကနေ့က ချီရှီးပွဲတော်လား

Vol. 6 Ch. 82

ဒီကနေ့က ချီရှီးပွဲတော်လား

Vol. 6 Ch. 82

“ဟားဟားဟား” ဖန့်ကြွယ်ယွီ၏ ဖြေရှင်းချက်ကိုနားထောင်ပြီးနောက် ကောရှင်းယွီလည်း ခွက်ထိုးခွက်လန်ရယ်မောမိသည်။

သူမသည် အစတုန်းက ဒေါသထွက်ချင်ယောင်ဆောင်ခဲ့သည်။ သို့သော် ဖန့်ကြွယ်ယွီနှင့် သေချာစကားပြောပြီးနောက် ဖြစ်ကြောင်းကုန်စဉ်ကို နားလည်သဘောပေါက်ခဲ့သည်။

ဖန့်ကြွယ်ယွီ၏ ပျာပျာသလဲလဲဖြစ်နေပုံကိုကြည့်ပြီး သူမက သူ့အတွက် အရေးပါသည်ဆိုတာ ရှင်းယွီ သဘောပေါက်လိုက်ရသည်။

“ရှင်က ဒီလောက်ကောင်းတဲ့ကားကြီးမောင်းနေမှတော့ ဘယ်လိုလုပ်ပြီး စိတ်ဝင်စားမခံဘဲနေမလဲ” သူမ၏ မျက်လုံးထဲတွင် ဖန့်ကြွယ်ယွီက အစစအရာရာပြီးပြည့်စုံသည်။

အခြားသူများအတွက်တော့ ဖန့်ကြွယ်ယွီစီးသောကားသည် အသက်တမျှမက်ခဲ့ရသောအိမ်မက်ဖြစ်နိုင်သော်လည်း ဖန့်ကြွယ်ယွီအတွက်တော့ ဟိုဟိုဒီဒီသွားရန် အသုံးပြုသောကားသာဖြစ်သည်။

“ဒါဆို မင်းကို နောက်တစ်ခါကျရင် ဝူလင်းဟုန်ဂန်လို ကားကြီးနဲ့လာကြိုမယ်လေ” ဟု ဖန့်ကြွယ်ယွီက စနောက်ပြောဆိုသည်။

“ရှင်က ကျွန်မကို ခရီးကြမ်းမောင်းတဲ့ ကားပြိုင်ပွဲကို ခေါ်သွားမလို့လား” ဟု ကောရှင်းယွီက ပြန်လည်ချေပပြောဆိုသည်။

“ဟား…ငါ့သရုပ်မှန်တော့ပေါ်ပါပြီကွာ။ ငါက ကျန်းနန်ရဲ့ ဖူဂျီဝါရာတာကူမီ ပါ”

“ကလေးလိုပဲ”

တက္ကသိုလ်နယ်မြေနှင့် နီးသဖြင့် စားစရာဆိုင်များ ပေါများလှပေသည်။ထို ဇိမ်ခံကားကို စီးနေခြင်းက အလွန်ပင် သိသာလှပေသည်။ ထို့ကြောင့် သူတို့သည် ကားကိုပါကင်ထိုးခဲ့ပြီး စားသောက်ဖွယ်တွန်းလှည်းလေးများပြည့်နှက်နေသော လမ်းမှာ ဘေးချင်းကပ်လမ်းလျှောက်လာကြသည်။

ရှင်းယွီက လက်တစ်ဖက်တွက် နို့အေးဗူးကိုကိုင်ထားပြီး တခြားလက်တစ်ဖက်တွင် အကင်တုတ်ထိုးချောင်းကိုကိုင်ထားသည်။

ဖန့်ကြွယ်ယွီက စားသောက်ဆိုင်ကောင်းကောင်းတစ်ဆိုင်ကို ရွေးထားသော်ငြား ရှင်းယွီက သူ့ကို “အမှိုက်လမ်း”ဟု ခေါ်တွင်သောနေရာကို ခေါ်လာခဲ့သည်။

ထိုနေရာက အမှိုက်များဖြင့်ပြည့်နေခြင်းကြောင့် ထိုသို့ခေါ်တွင်ခြင်းမဟုတ်ပေ။ လမ်းဘေးအစားအစာနှင့် အသင့်စားအစားအစာများရောင်းချခြင်းကြောင့် ထိုသို့ခေါ်တွင်ခြင်းဖြစ်သည်။

“မင်းက ဒီလိုအစားအစာတွေကြိုက်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး” ရှင်းယွီက အပြင်ဘက်တွင် live လွှင့်တုန်းကလည်း ထိုကဲ့သို့ အားပါးတရစားပြနေသည်ကို အမှတ်ရမိသည်။

“ကျွန်မက ရှင့်လိုမှမဟုတ်တာ။ သူဌေးကြီးရဲ့။ နေ့တိုင်းဒါတွေစားတာပဲ။ သူငယ်ချင်းတွေနဲ့ အကင်တွေ တုတ်ထိုးတွေစားရတာ အကြိုက်ဆုံးနဲ့ အပျော်ဆုံးပဲ”

“မင်း ဒီတစ်ခါတော့ မှားပြီ။ ငါလည်း လမ်းဘေးစာတွေကြိုက်တယ်” သူ မူလတန်းကျောင်းတက်တုန်းက ကျောင်းကနေ အိမ်အပြန်လမ်းတစ်လျှောက်တွင် မုန့်ပဲသရေစာဆိုင်များစွာကို တွေ့သော်ငြား မုန့်ဖို့းမလောက်သဖြင့် မစားခဲ့ရပေ။

သူ အတန်းကြီးလာပြီး မုန့်ဖိုးပိုရလာချိန်တွင် မြို့ပြဖွံ့ဖြိုးမှုနှင့် အတူထိုဆိုင်လေးများကွယ်ပျောက်ခဲ့ရသည်။ ထို့ကြောင့် ဤနေရာက သူ၏ငယ်ဘဝအမှတ်တရများကို ပြန်ပြောင်းအမှတ်ရစေမိသည်။

သူတို့နှစ်ဦးသည် ခုံလွတ်တစ်ခုမှာဝင်ထိုင်ပြီး အစားအစာများကိုမှာလိုက်သည်။ သူတို့နှစ်ဦးလုံးက ဘယ်လောက်စားစားမဝတာမို့ မှားထားသောအစားအစာများကို အားပါးတရစားသုံးကြသည်။

“အေ့” ဖန့်ကြွယ်ယွီက မထိန်းနိုင်ဘဲ လေချဉ်တက်မိသည်။ ဖန့်ကြွယ်ယွီမှာထိုကဲ့သို့ အနေအထားမျိုးရှိလိုက်မည်ဟု သူမမထင်ထားပေ။

“ရှင်ကလည်း မိန်းကလေးရှေ့မှာ ဟန်လေးဘာလေးဆောင်ပါဦး”

“ဒါက အောင့်ထားလို့မှမရတာ” ဟု ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။ သူသည် ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် သုတ်ပြီး “ကဲ သွားကြစို့လေ ရုပ်ရှင်က နောက်နာရီဝက်ဆိုစတော့မှာ”

ရုပ်ရှင်ရုံသည် အနီးအနားရှိ ဘိုင်တာပလာဇာထဲမှာရှိသည်။ နေ့တိုင်းလိုလို ပလာဇာထဲမှာ လူအပြည့်ရှိသည်။

ရုတ်တရက်ဆိုသလို သူမော့ကြည့်သောအခါ ပလာဇာ၏ အပေါ်တွင်ရေးထားသော ပန်းရောင်စာလုံးနှစ်လုံးကိုမြင်ရသည်။

“ချီရှီး”

“ဒီနေ့က ချီရှီးပွဲတော်နေ့လား”

သူက အလုပ်များလွန်းသဖြင့် ဘာနေ့လဲဆိုတာတောင် မမှတ်မိတော့ပေ။ သူကတစ်ကိုယ်တည်းဖြစ်နေသည်မှာကြာပြီဖြစ်သည်မို့ မရည်ရွယ်ဘဲနှင့် ရှင်းယွီကို အပြင်ထွက်လည်ဖို့ ချိန်းဆိုခဲ့မိသည်။

“ရှင်မသိဘူးပေါ့” ရှင်းယွီ၏ ပါးမို့မို့နှစ်ဖက် နီရဲတက်လာသည်။ ဖန့်ကြွယ်ယွီက ဒီနေ့ဘာနေ့လဲဆိုတာ သတိမထားမိဘဲ သူမကို ချိန်းဆိုခဲ့သည်ဟု မထင်မိခဲ့ပေ။

ရှင်းယွီက သူ၏ နမော်နမဲ့နိုင်မှုအပေါ် စိတ်ဆိုးရခက် ဒေါသထွက်ရခက်ဖြစ်နေသည်။

“ငါ..ငါ တကယ်မသိတာပါ။ တောင်းပန်ပါတယ်။ဒီနေ့က ချီရှီးနေ့မှန်းကြိုသိခဲ့ရင် နင့်အတွက်လက်ဆောင်တစ်ခုခု ဝယ်လာခဲ့မှာပေါ့”

သူ၏ စကားကိုကြားပြီး ရှင်းယွီ ဒေါသထွက်မိသည်။ သူက ချီရှီးနေ့ဆိုတာ သိခဲ့လျှင် သူမကိုချိန်းဆိုလိမ့်မည်မဟုတ်ဟုပြောချင်တာလား!

သို့သော် သူက လက်ဆောင် မပြင်ခဲ့သည့်အပေါ်စိတ်မကောင်းဖြစ်နေသည့်ပုံပေါက်သဖြင့် စိတ်နည်းနည်းဖြေလျှော့ပေးလိုက်သည်။

ရှင်းယွီက သူ့ကိုအပြစ်မတင်လိုပေ။ သူတို့၏ဆက်ဆံရေးက ရည်းစားမကျ သူငယ်ချင်းမကျဖြစ်နေသည်။ အကယ်၍ သူသာ ဒီနေ့မှာလက်ဆောင်ပေးခဲ့လျှင် နေရခက်ပေတော့မည်။

“မင်း ဘာကားကြည့်ချင်လဲ” ရုပ်ရှင်ရုံသို့ရောက်ရောက်ချင်း ဖန့်ကြွယ်ယွီက မေးသည်။ ဖန့်ကြွယ်ယွီက လက်နှစ်ဖက်တွင် ပေါက်ပေါက်ဆုပ်နှစ်ဘူးကိုကိုင်ထားသည်။ ရှင်းယွီက ပေါက်ပေါက်ဆုပ်ဖိုးကို ရှင်းချင်နေသည်။

“အမ် ရှင်လက်မှတ်မဝယ်ရသေးဘူးလား”

ဘိုင်တာပလာဇာရှိ ရုပ်ရှင်ရုံတွင် ခုံနေရာရဖို့ မလွယ်ပေ။ ဒီနေ့လို နေ့မျိုးမှာခုံကပိုလို့တောင် ရှားပေလိမ့်ဦးမည်။ သေချာတာက ရုံပြည့်ရုံလျှံဖြစ်နေလောက်မည်။

“အာ..အဲ့တာက” ထိုအချိန်မှာ ဖန့်ကြွယ်ယွီက သူ့ပါးကိုသူ ပြန်ရိုက်ချင်လာသည်။ သူရွေးလိုက်သည့်ကားကို ရှင်းယွီမကြိုက်မှာဆိုးသဖြင့် လက်မှတ်ဝယ်မထားခြင်းဖြစ်သည်။

“ခဏလေး..ငါ့မှာ ဒါရှိတယ်လေ” ဖန့်ကြွယ်ယွီက အိတ်ကပ်ထဲမှ VIPကတ်ကိုထုတ်ပြသည်။

“ဥက္ကဌဝမ်က ဒီကတ်နဲ့ဆို ဒီပလာဇာမှာကြိုက်တဲ့ဝန်ဆောင်မှုယူနိုင်တယ်ဆိုပြီးပြောခဲ့တာ”

“ဟမ် ဟုတ်လို့လား”

“ဒါဆို ဒီနေ့ချီရှီးပွဲတော်အတွက် သီးသန့်ပြတဲ့ “အလှပဆုံးအချိန်မှာ မင်းကိုတွေ့ခဲ့တယ်” ဆိုတဲ့ ဇာတ်ကားကြည့်ကြမလား”

“တောင်းပန်ပါတယ်. အဲ့ကားအတွက် လက်မှတ်အားလုံးကုန်သွားပါပြီ”ဟု အရောင်းဝန်ထမ်းက ဆိုသည်။

“ဒါလေးနဲ့ဆိုရင်ရော” ဖန့်ကြွယ်ယွီက VIPကတ်ကိုထုတ်ပြသည်။

အရောင်းဝန်ထမ်းက ထိုကတ်က နယ်နယ်ရရ ကတ်မဟုတ်ဘူးဆိုတာသိသည်။ ထိုကတ်ပိုင်ဆိုင်ထားသူသည် ဘိုင်တာပလာဇာ၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သည်။ သူက ဒီမှာအလုပ်လုပ်သည်မှာ ၂ နှစ်ကြာခဲ့ပြီဖြစ်သော်ငြား ထိုကတ်မျိုးကို တစ်ခါမှ မမြင်ဖူးပေ။

သူမ၏အပြုအမူများက ပိုမိုယဉ်ကျေးပျူငှါလာသည်။

“ဟုတ်ကဲ့ ဧည့်သည်တို့အတွက် သီးသန့် VIPအခန်းပြင်ထားပါတယ်။ သွားလို့အဆင်ပြေလားရှင့်”

“ရတယ် သွားကြမယ်”

“ဟုတ်ကဲ့ ကျွန်မနောက်က လိုက်ခဲ့ပါရှင့်”

အရောင်းဝန်ထမ်းက သူ၏လုပ်ဖော်ကိုင်ဖက်ကို အလုပ်များလွှဲခဲ့ပြီး ဒုတိယထပ်ရှိ သီးသန့်အခန်းထဲခေါ်သွားပေးသည်။

ထိုနေရာမှာ ဆိုဖာ၊ စားပွဲ၊ ရေချိုးခန်း၊ အိမ်သာစသဖြင့် အသေးစားရုပ်ရှင်ရုံလေးအလား စုံလင်လှသည်။

“ဒီနေရာက နည်းနည်းတစ်မျိုးဖြစ်မနေဘူးလား”

သီးသန့်အခန်းတွင် နှစ်ဦးတည်း ရုပ်ရှင်ကြည့်ရမည့်အပေါ် သူမရှက်ရွံ့နေမိသည်။

“ဒီနေရာက အဆင်ပြေပါတယ်” ဖန့်ကြွယ်ယွီက သူမပြောတာကို မကြားပုံရသည်။ သူက ဆိုဖာပေါ် ပစ်လှဲချရင်း

“လာပါ ရှင်းယွီ..လာထိုင်လေ။ ဒီဆိုဖာက ထိုင်လို့ကောင်းတယ်။ အသီးတင်ဖို့ ပန်းကန်လေးတောင်ပါသေးတယ်။ ဪ ရုပ်ရှင်ကလည်း စတော့မှာပဲ”

“သူက တစ်ခုခုထူးဆန်းနေတယ်” ရှင်းယွီက သူ့အနားဝင်ထိုင်ရင်း တီတိုးရေရွတ်မိသည်။ ဖန့်ကြွယ်ယွီနှင့် နီးနီးကပ်ကပ်နေပြီး သူ့ထံမှ ကိုယ်သင်းရနံ့ရသဖြင့် သူမစိတ်လှုပ်ရှားမိသည်။ထိုအချိန်မှာ ကောရှင်းယွီ၏ မွှေးပျံ့သောဆံသားရနံ့လေးက သူ၏နှာခေါင်းဝထဲကို တိုးဝင်လာသဖြင့် သူရင်တွေခုန်လာမိသည်။

မကြာခင်မှာ မီးမှောင်ကျလာပြီး ရုပ်ရှင်စပြတော့သည်။

စာစဉ်ပြီး၏

All Chapters