ဒီကားက ငါပထမဆုံး တိုက်ဖူးတဲ့ကားမဟုတ်ဘူး
Vol. 6 Ch. 69
“ကောင်လေး..မင်းရသလောက်ကိုယူပြီး ဒီလောက်နဲ့တော်လိုက်တော့။ ငါ မင်းကို လျော်ကြေးပြန်မတောင်းတာကိုပဲ ကျေးဇူးတင်လိုက်ပါ” ချန်ချောင်းက ဖန့်ကြွယ်ယွီပြောသည့်စကားများကို နားလည်ဟန်မတူပေ။
“မင်း ငါပေးသလောက်နဲ့ မရောင့်ရဲ မတင်းတိမ်ဘူးဆို နောက်ပိုင်းမှာ အနုပညာလောကထဲ ခြေချနိုင်ဖို့မတွေးနဲ့”
“အမရီ ..မှန်လေးခဏငှါးပေးလို့ရမလား” ဖန့်ကြွယ်ယွီက ရုတ်တရက်ထပြောသည်။
“သခင်လေး မှန်က ဘာလုပ်ဖို့လဲ” ကျွမ်းရီက မှန်ကို ဘာအတွက်တောင်းရသည်ဆိုတာ မသိဘဲ သူမ၏ အိတ်ထဲမှ ထုတ်ပေးလိုက်သည်။
“ဒီကောင်က ငါ့ကို မင်းသားနဲ့မှားနေပုံရတယ်။ဒါကြောင့်မို့ ငါတကယ်ပဲ ချောနေသလားဆိုတာ မှန်ကြည့်မလို့” ဖန့်ကြွယ်ယွီက ပြောရင်းဆိုရင်း မှန်ကြည့်သည်။
သူ၏ မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲမှုဖြစ်ပြီးနောက် သူ၏ မျက်နှာပုံစံများက ပိုမိုထင်ရှားလာပြီး ယောကျာ်းပိုပီသလာသည်။ သူ၏ရုပ်ရည်သည် ဆယ်မှတ်မှာ ရှစ်မှတ်ရလောက်သည်။
“မင်းငါ့ကို လာနောက်နေတာလား” ချန်ချောင်းက ဖန့်ကြွယ်ယွီ၏ မထီမဲ့မြင်ပြုသောပုံစံနှင့်ပတ်သက်ပြီး အလွန်အံ့အားသင့်မိသည်။
“ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ လျော်ကြေးပေးပြီး မြန်မြန်ထွက်သွားလိုက်တော့”
“လျော်ကြေးပေးရမယ် ဟုတ်လား” ဖန့်ကြွယ်ယွီက ရုတ်တရက် ဘာမှ ပြန်မပြောနိုင်ပေ။
“မင်းကို ဥပဒေနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို မင်းရဲ့ဆရာတွေက မသင်ပေးလိုက်ဘူးလား။ မင်းက ယာဉ်မောင်းလိုင်စင်ရေးဖြေစာမေးပွဲကို ဘယ်လိုအောင်လာလဲဆိုတာ ငါ သံသယဖြစ်မိတယ်”
အမှန်တကယ်တော့ ချန်ချောင်းမှာ ယာဉ်မောင်းလိုင်စင်မရှိပေ။ သို့သော် သူ့လိုအနေအထားနှင့် ယာဉ်မောင်းလိုင်စင်ကို အသာလေးရနိုင်သည်။ ပုံမှန်ဆို သူက ယာဉ်စည်းကမ်းချိုးဖောက်မှုအနည်းငယ်ရှိခဲ့သော်လည်း သူ့ကိုမည်သူကမှ ပြသနာမရှာရဲပေ။
ထို့ပြင် သူသည် ရေးဖြေစာမေးပွဲတွင် ပါဝင်သော အကြောင်းအရာများကို နားမလည်ပေ။
“ဒီကောင်က မဟုတ်တော့ဘူး” ဖန့်ကြွယ်ယွီက သူ့ကားဆီသို့ သွားသည်။ သူက ထူးထူးခြားခြား တစ်ခုခုလုပ်ချင်စိတ် ပေါက်လာသည်။
သူက ကားကိုရိုက်ခွဲပစ်ချင်လာသည်။
ဒီတစ်ကြိမ်မှာတော့ မီးသတ်ပုံးထဲရှိ ပုဆိန်လိုမျိုးအရာမရှိသော်ငြား သူ့မှာ ရှေးဟောင်းဓားတစ်ချောင်းရှိသည်။ ထိုအရာကိုသုံးပြီး ချန်ချောင်း၏ ကားကိုဖျက်စီးပစ်မည်။
သို့သော် ထိုဓားက သူတစ်ဦးတည်းသိသောနေရာမှာဖွက်ထားသည်။ ထိုအရာကိုတိုက်ရိုက်ထုတ်ဖို့က မဖြစ်နိုင်သဖြင့် သူက ကားထဲမှာဟိုဟိုဒီဒီရှာသဖွယ်ပြုလုပ်သည်။
သို့သော် ချန်ချောင်း၏ အတွေးထဲမှာ ဖန့်ကြွယ်ယွီက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေသည်ဟု ထင်မိသည်။
“ကျစ် ဒီကောင်ကို သူဌေးသားလို့ ထင်နေတာ လက်စသတ်တော့ သူက ဖျော်ဖြေတင်ဆက်သူပါပဲလား”
ချန်ချောင်းက အားတက်သွားသည်။ ဖန့်ကြွယ်ယွီက ဖျော်ဖြေတင်ဆက်သူဆိုပါက သူဘယ်လောက်ပဲချမ်းသာနေပါစေ သူ၏ သူဌေးကတော့ ချန်ချောင်းတို့နှင့် မဖြစ်မနေ ဆက်ဆံရမည်။
အင်တာနက်ပေါ်တွင်နာမည်ကြီးသော တက်သစ်စသရုပ်ဆောင်များလည်း သူနှင့် ချစ်ခင်ရင်းနှီးကျွမ်းဝင်အောင်ပြုလုပ်ပြီး နာမည်ကြီးလာကြသည်။
“ခဏလေး” ချန်ချောင်းက အသံကိုမြှင့်သည်။
“မင်း ငါ့ကားကို တိုက်ပြေးပြီး ဒီလိုထွက်ပြေးဖို့ကြံနေတာလား”
ဖန့်ကြွယ်ယွီက ခဏငြိမ်သက်သွားသည်။
ဒီကောင့်လေသံက ဘာလို့ ချက်ချင်းပြောင်းသွားတာလဲ!!
သူက လုပ်လက်စအလုပ်များကိုရပ်ရင်း ချန်ချောင်းဘာပြောမလဲဆိုတာ ဆက်နားထောင်သည်။
“ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ” ဖန့်ကြွယ်ယွီက သူ့ကိုစိုက်ကြည့်သည်။
“ငါ့ကားက ငါးသန်းကျော်တန်ကြေးရှိတယ်။ နောက်ထပ်ပြင်ရမှာတွေရှိသေးတယ်။ ဒါကြောင့်မို့ ငါ့ကိုတစ်သန်းပေး” ချန်ချောင်းက သူ့ဘက်က မှန်နေသဖွယ်ပြောဆိုသည်။
“ပြီးတော့ ငါ့ကိုတောင်းပန်တဲ့အနေနဲ့ ဒီကောင်မလေးကို ငါနဲ့ ညစာအတူစားဖို့ လွှတ်ပေးလိုက်။ အဲ့တာဆို မင်းနဲ့ငါနဲ့ ကိစ္စပြတ်ပြီ။ မဟုတ်ရင် မင်းတို့ကုမ္ပဏီကို ရှိသမျှ နေရာအစုံကနေ အမည်ပျက်စာရင်း သွင်းပစ်မယ်”
ဖန့်ကြွယ်ယွီက မည်သည့်ကုမ္ပဏီကလဲဆိုတာ ချန်ချောင်းမသိပေ။ သူ့စိတ်ထဲမှာတော့ သူတို့၏ ကုမ္ပဏီကို မည်သူကမှ အာမခံရဲပေ။ အနုပညာလောက၏ ထိပ်သီးကုမ္ပဏီသုံးခုထဲမှာမရှိနေပါက မည်သည့်ကုမ္ပဏီမှ သူ့ဖခင်နှင့် အခင်အမင်မပျက်လိုကြပေ။
“မင်းက ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ” ကျွမ်းရီက သူ၏လက်ထောက်ဆိုသော်လည်း မိတ်ဆွေအပေါင်းအသင်းနှင့် မခြားပေ။ ချန်ချောင်း၏ စကားလုံးများက သူသည်းခံနိုင်သောအနေအထားကို ကျော်လွန်ခဲ့ပြီဖြစ်သည်။
“အမရီ ကားထဲမှာ သွားထိုင်နေလိုက်”
ဆက်ပြီးဖြစ်လာမည့် မြင်ကွင်းများက ကြည့်ရှုရန် အဆင်မပြေလှပေ။
သူ၏ကားထဲမှ ရှေးဟောင်းဓားကို ထုတ်လိုက်သည်။
ကျွမ်းရီက ကြောင်အမ်းအမ်းဖြစ်သွားသည်။ ဖန့်ကြွယ်ယွီ၏ ကားထဲမှာ ဒီလိုဓားမျိုး မပါလာဘူးဆိုတာ သူမ အာမခံပြီးပြောရဲသည်။
ရုတ်တရက်ဆိုသလို သူ၏အဘိုးမှာကြားဖူးသော စကားကို အမှတ်ရမိသည်။
“ရှောင်းရီ ဖန့်မိသားစုနဲ့ အလုပ်တွဲလုပ်မယ်ဆို သမီးက အမြင်မသင့်တော်တဲ့အရာတွေ ဘာတွေပဲ မြင်နေရပါစေ ဘယ်သူ့မှ ပြန်မပြောပါနဲ့။ ကိုယ့်စိတ်ထဲမှာပဲထားပါ”
ယခင်တုန်းက ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို ကွဲကွဲပြားပြား မသိနေပေ။ ယခုတော့ သူမနားလည်သလိုရှိလာသည်။
“ရှောင်းရီ…ဒီအနီးအနားက စောင့်ကြပ်စစ်ဆေးတဲ့အရာမှန်သမျှ ပိတ်ထားလိုက်။ ငါ ဒီကားကို ဖျက်စီးပစ်တော့မယ်” ဖန့်ကြွယ်ယွီက ဓားကိုကိုင်ရင်း တစ်လှမ်းချင်းရှေ့တိုးလာသည်။
“ရပြီလား” ရှောင်းရီက ဖန့်ဟွိုက်ကို ပိုင်ရှင်အဖြစ် စောင့်ရှောက်ကတည်းက ရမ်းကားမှုများ ကြုံခဲ့ရသည်။ သို့သော် ဖန့်ကြွယ်ယွီက သူ၏ ပိုင်ရှင်ဖြစ်ကတည်းက ပိုပြီး ရူးကြောင်ကြောင်နိုင်သော လုပ်ရပ်များ များပြားလာသည်။ ယခုချိန်ထိတော့ ဖန့်ကြွယ်ယွီ ခိုင်းသမျှ မငြင်းဆိုပဲ လုပ်ပေးသည်။
ချက်ချင်းဆိုသလို အနီးအနားရှိ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် ကိရိယာများကို ပိတ်ဆို့လိုက်သည်။ အကယ်၍ တစ်စုံတစ်ဦးက မော်နီတာကကြည့်နေပါက ဤနေရာကို အလင်းတန်းတစ်ခုခုက ဝင်တိုက်မိသဖွယ် မြင်ရလိမ့်မည်။
ရှေးဟောင်းဓားက အလွန်တရာလေးလံလှသည်။ သူ၏ မြေပြင်ပေါ် ပွတ်ခတ်သံက ကြက်သီးမွေးညင်းထစရာကောင်းလှသည်။
“မင်း…မင်း ဘာလုပ်နေတာလဲ” မြင်လိုက်ရသော မြင်ကွင်းကြောင့် ချန်ချောင်းနှင့် သူ၏
အဖော်မိန်းကလေးလည်း နောက်ကိုတဖြည်းဖြည်းဆုတ်ကုန်ကြသည်။
“မင်းမြင်ပြီ မဟုတ်လား။ ငါက တော်ရုံဆို ဒီလိုမလုပ်ပါဘူး။ မင်းက ငါ့ကိုသေချာတောင်းပန်ပြီး အစထဲက လျော်ကြေးပေးမယ်ဆို ဒီကိစ္စက ဒီလောက်မဖြစ်ဘူး”
“ဒါပေမဲ့ မင်းက ငါ့ကို စကားလုံးတွေနဲ့ ခြိမ်းခြောက်တာကိုတော့ လက်မခံနိုင်ဘူး။ မင်းရဲ့ ခြိမ်းခြောက်တဲ့စကားလုံးတွေက ငါ့အတွက် အလကားပဲ”
“မင်း..မင်း လျှောက် မလုပ်နဲ့နော်”
“ချွမ်း”
သူ့စကားပင် မဆုံးသေးခင် ဖန့်ကြွယ်ယွီသည် ဓားကိုအသားကုန်လွှဲပြီး ကားမှန်ကိုရိုက်ခွဲပစ်သည်။ ဟွာရှားဖြစ် မှန်တောင်မှ ထိုဓား၏ ရိုက်ချက်ကို မခံနိုင်ပေ။ ထို့ကြောင့်ပင် ကားက အနောက်ကို ဆုတ်သွားရသည်။
“ဝိုး..ဒါက မီးသတ်ပုံးထဲက ပုဆိန်ထက် ပိုကောင်းတာပဲ” ဖန့်ကြွယ်ယွီက စိတ်ကျေနပ်သွားသည်။
“မင်းကများ ငါ့ကားကို ဖျက်စီးရဲတယ်”
“ချွမ်း” ဒီတစ်ကြိမ်မှာတော့ ကားခေါင်မိုးကို ထိသွားသည်။
“ဪ မင်းကိုပြောဖို့မေ့နေတာ။ ဒါက ငါပထမဆုံး ဖျက်စီးဖူးတဲ့ ကားမဟုတ်ဘူး။ အရင်တစ်ယောက်တုန်းကလည်း အချုပ်ထဲထည့်ပစ်ခဲ့တာ”
ဖန့်ကြွယ်ယွီက ကားအရှေ့ပိုင်းကို ငါးချက် ခြောက်ချက်လောက် ထုရိုက်ပစ်သည်။ ကားက ပြင်းထန်သော မတော်တဆဖြစ်မှုကြောင့် ကြေမွပျက်စီးသွားသည်ဟု အကြောင်းမသိသောလူများက ထင်မြင်လိမ့်မည်။
“ရှောင်းရီ..ကားတိုက်မှုဖြစ်ပြီးတဲ့နောက်ပိုင်းက CCTV မှတ်တမ်းတွေ အကုန်ဖျက်ပစ်ပါ”
“ပိုင်ရှင်က တကယ့်ကို ထောင့်စေ့တာပဲ”
“ဟဲဟဲ အရင်တစ်ခေါက်က ကောင်က မူးပြီးမောင်းလာတာဆိုတော့ သူကအပြစ်ရှိနေတော့ ငါ့ကိုပြသနာလာမရှာရဲဘူးလေ။ ဒီနေ့ကကျ အဲ့လိုမဟုတ်ဘူး။ သူက အရှိန်များနေတဲ့အတွက် မှားပေမဲ့ ဒီလိုအခြေအနေတော့ မဖြစ်သင့်ဘူးလေ။ သူက ငါ့ကို ပြသနာပြန်ရှာနေမှာဆိုးလို့”
“ဟုတ်ပါပြီ။ ကဲ ဒီလောက်ပဲ တော်ပြီလေ” ဖန့်ကြွယ်ယွီက သူ့ကားဆီသို့ ပြန်လှည့်သွားသည်။ ရှေးဟောင်းဓားကို ကားထဲကို ထည့်နေသယောင် ဟန်ဆောင်သည်။
ကျွမ်းရီက တစ်ချက်ခိုးကြည့်သောအခါ ထိုဓားက ပျောက်ချင်းမလှပျောက်သွားသည်။
“သေချာပေါက် တစ်ခုခုတော့တစ်ခုခုပဲ” ကျွမ်းရီက ထိတ်လန့်ဖွယ်အနေအထားကိုကြုံတွေ့လိုက်ရသဖြင့် ကြောက်ရွံ့နေမိသည်။
“ဪ ဒါနဲ့ ငါ့ကိုယ်ငါမိတ်ဆက်ရဦးမယ်။ ငါ့နာမည် ဖန့်ကြွယ်ယွီ..မင်းတစ်ခုခု လိုချင်တယ်ဆို အချိန်မရွေးလာရှာပါ” ဟု ပြောပြီး ကျွမ်းရီနှင့် ဖန့်ကြွယ်ယွီတို့ ကားပေါ်တက်သွားသည်။
“ဒါပေမဲ့ ပြသနာမရှာခင် သေချာစဉ်းစားပါ။ ဟွားယူရဲ့ အကြီးဆုံး ရှယ်ယာရှင် မစ္စတာရှန့် က ငါ့ဆီရောက်လာရင်တောင် ငါ မကြောက်ဘူး”
ဖန့်ကြွယ်ယွီက ထိုသို့ပြောပြီးနောက် မြေအောက်ကားပါကင်ထဲကိုဖြည်းဖြည်းချင်းမောင်းဝင်သွားသည်။
တစစီပျက်စီးယိုယွင်းနေသော သူ့ကားကို ချန်ချောင်းက စိတ်ပျက်လက်ပျက်ကြည့်နေမိသည်။
“သခင်လေးချန့်..ဒီလူကို ဒီတိုင်းလွှတ်ထားတော့မှာလား” ချန်ချောင်း၏ အဖော်က မေးသည်။
“ဘာမှမတတ်နိုင်ဘူးလေ” ပျက်စီးနေသော သူ၏ ကားကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေမိသော်လည်း ရဲကိုလည်း မခေါ်ရဲပေ။ သူတို့အသိုင်းအဝိုင်းမှာ တိတ်တဆိတ်ဖြေရှင်းတာက ပိုကောင်းသည်။ သူက တိုင်ကြားလိုက်လျှင် သူ့ကို လှောင်ပြောင်ကြလိမ့်မည်။
“ဒါဆို ဘာဆက်လုပ်ကြမလဲ”
“သခင်လေးရှန့်ကို ရှာရုံပဲရှိတာပေါ့”