ဟွားယွီကုမ္ပဏီက ပါမွှားပဲ
Vol. 6 Ch. 71
“သခင်လေး ဝမ်..ဒီလူက ဘယ်သူလဲ” ရှန့်ယိုက ချန်ချောင်းနှင့် တီတိုးပြောဆိုပြီးနောက် ဖန့်ကြွယ်ယွီကို မနှစ်မြို့သော ပုံစံဖြင့်ကြည့်ကာ မေးသည်။
သူတို့၏ အနေအထားကိုကြည့်ပြီး ဖန့်ကြွယ်ယွီကို ဝမ်လင်းပိုင်ဆိုင်သောကုမ္ပဏီ၏ အသေးစားရှယ်ယာရှင်တစ်ဦး၏ သားဖြစ်လောက်မည်ဟု မှတ်ချက်ချကြသည်။
“ဪ သူက ငါ့မိတ်ဆွေပါ။ သူ့နာမည်က ဖန့်ကြွယ်ယွီ။ သူဌေးလေး ရှန့်က သူ့ကိုသိလောက်မှာပါ”
ဝမ်ချုံးသည် ရှန့်ယို၏ မျက်ဝန်းထဲမှ မနှစ်မြို့မှုများကို သိပုံမရပေ။
“ညီလေး ဖန့်..ဒါက သူဌေးလေး ရှန့်ယို ပါ။ ဟွားယွီလုပ်ငန်းစုရဲ့ ဥက္ကဌ ရှန့်လင်ယွဲ့ရဲ့ တစ်ဦးတည်းသောသားပါ”
“မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ်”ဟု ဖန့်ကြွယ်ယွီက လူကြီးလူကောင်းဆန်ဆန် လက်ဆွဲ နှုတ်ဆက်ရန် လက်ကမ်းပေးသည်။
တကယ်တော့ သူ့သူငယ်ချင်း ချန်ခိုင်၏ ကျေးဇူးကြောင့် ရှန့်ယိုကို သိခဲ့ခြင်းဖြစ်သည်။
ချန်ခိုင်နှစ်သက်သော ရုပ်ရှင်မင်းသမီးတစ်ဦးသည် ရှန့်ယိုနှင့် ချစ်ကျွမ်းဝင်ပြီး သိပ်မကြာခင် လက်ထပ်ခဲ့ကြသည်။
ထိုကတည်းက ချန်ခိုင်သည် ရှန့်ယိုကို အမုန်းကြီးမုန်းနေသဖြင့် ဖန့်ကြွယ်ယွီက သူ့အားသိခဲ့ရခြင်းဖြစ်သည်။
“မစ္စတာဖန့်ကို အခုမှ သိတာပါ” ရှန့်ယိုက လက်တောင် မကမ်းပေးပေ။
ချန်ချောင်းသည် ဖန့်ကြွယ်ယွီပြောသော စကားလုံးများထက် ပိုပြီးပြောဆိုသည် ။ ဖန့်ကြွယ်ယွီက ရှန့်လင်ယွဲ့ကို ခေါ်လျှင်တောင် ဘာမှမထူးဘူးဟု ပြောခဲ့သည်။ ဒီစကားကို ရှန့်ယိုကြားသောအခါ ဖန့်ကြွယ်ယွီက သူ၏ဖခင်ကို ဂရုမစိုက်ဘူးဟု ကောက်ချက်ချမိသည်။ ထိုအချိန်မှာ ရှန့်ယိုက ဘယ်လိုလုပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်နိုင်မည်နည်း။
ဒီခေတ်မှာ အင်တာနက်သိပ်မသုံးဖြစ်သော လူတစ်ချို့ရှိသည်။ ရှန့်ယိုက ဖန့်ကြွယ်ယွီအကြောင်းသိသည်။ ဖန့်ကြွယ်ယွီက မည်မျှ ချမ်းသာသည်ဆိုတာကို ခဏခဏ တင်နေသော ဝမ်ချုံး၏ ပို့စ်များကိုတွေ့သည်။ ဖန့်ကြွယ်ယွီက ဝမ်ချုံးထက် ပိုမိုချမ်းသာနိုင်ဟု ထင်မြင်မိသည်။ သို့သော် ဝမ်လင်း၏ ချမ်းသာမှုက ဖန့်ကြွယ်ယွီထက်နည်းသည်ဆိုသောအချက်ကို တစ်ခါမှ မတွေးဖူးပေ။
ဟွာရှား၏ လူချမ်းသာစာရင်းသည်အပြောင်းအလဲသိပ်မရှိခဲ့ပေ။ ဟွားယွီ၏ ဆက်ခံသူအလျောင်းအလျာဖြစ်သော ရှန့်ယိုအတွက် ဖန့်ကြွယ်ယွီက သိပ်ပြီး မထူးခြားပေ။ ဝမ်ချုံးကို သူဌေးကြီး ဝမ်လင်း၏ ဆက်ခံသူဟု သိသဖြင့် သူလေးလေးစားစားဆက်ဆံခဲ့သည်။
“သူ့နောက်က ကောင်က ငါမနက်က ဖျက်စီးခဲ့တဲ့ကားပိုင်ရှင်လေ” ဟု ဖန့်ကြွယ်ယွီက ဝမ်ချုံးကို တီတိုးပြောဆိုသည်။ “ ကြည့်ရတာ ဒီကောင်က ပုံကြီးချဲ့ပြီး ပြောထားပုံရတယ်။ ဒီကောင်က ပြသနာရှာဖို့ ဒီနေရာကို လာတာဖြစ်မယ်”
“သူဌေးလေး ရှန့်…ခင်ဗျားနဲ့ ကျုပ်မိတ်ဆွေကြားမှာ နားလည်မှုလွဲနေပုံရတယ်”
ဝမ်ချုံးသည် ရှန့်ယိုနှင့် ကတောက်ကဆမဖြစ်လိုပေ။ အနုပညာလောက၏ နာမည်ကြီးများတွေ့ဆုံသည့်ပွဲဖြစ်တာမို့ ရှ့န်ယို၏ အာဏာပါဝါက ကြီးမားပေသည်။
“ဝမ်ချုံး ..ငါလည်း မျက်နှာမပျက်ချင်ဘူး” ဝမ်ချုံးကိုပြောသောအခါ ရှန့်ယို၏ လေသံပြောင်းသွားသည်။
“ချန်ချောင်းရဲ့ ဖခင်က ဟွားယွီရဲ့ ရှယ်ယာရှင်တစ်ဦး။ မင်းမိတ်ဆွေက ချန်ချောင်းရဲ့ကားကို ဖျက်စီးတယ်ဆိုကတည်းက ငါတို့ ဟွားယွီကို စော်ကားလိုက်သလိုပဲ။ ဒါမျိုးကို ဒီတိုင်းလက်ပိုက်ကြည့်မနေနိုင်ဘူး”
“ဒါဆို သူဌေးလေး ရှန့်ယိုက ဘယ်လိုလုပ်ချင်ပါသလဲ” ဟု ဝမ်ချုံးက ညင်ညင်သာသာပြန်မေးသည်။
ရှန့်ယိုက သူနှင့် သက်တူရွယ်တူဖြစ်သော်ငြား အနေအထားအရ သူ့ထက်နှာတစ်ဖျားသာသည်။
ဝမ်ချုံးက ရှန့်ယိုနှင့် စီးပွါးချင်းယှဉ်ပြိုင်နိုင်သော်လည်း အဆက်အသွယ်ပိုင်းမှာတော့ ရှန့်ယိုကို မယှဉ်နိုင်ပေ။ ရန်ဖြစ်မည့်အရေးကို ရှောင်လွှဲနိုင်ဖို့လည်း သူမျှော်လင့်သည်။ သို့သော် ဖန့်ကြွယ်ယွီဘက်ကတော့ အနည်းငယ်အရေးနိမ့်လိမ့်မည်။
“ငါတို့ဘက်ကတော့ ဒီလိုစဉ်းစားထားတယ်။ ခင်ဗျားမျက်နှာကို ထောက်ထားပြီးတော့ သက်ညှာပေးပါမယ်။ သူ့ဘက်က ချန်ချောင်းကို တောင်းပန်ရမယ်။ ပြီးတော့ ကားပြင်ဆင်စရိတ်တွေလျော်ပေးမယ်ဆို ကြေအေးပေးမယ်။ မင်းဘယ်လိုသဘောရလဲ”
သူအကဲခတ်ကြည့်သလောက်ဆို ဝမ်ချုံးက ဖန့်ကြွယ်ယွီကို ဖျောင်းဖျပြောဆိုနိုင်မည်ဟု ထင်မိသည်။ ထို့ကြောင့် သူက ဖန့်ကြွယ်ယွီ၏ အပြုအမူနှင့် အတွေးကို ဂရုမစိုက်ပဲ ဝမ်ချုံးကိုသာ ညှိနှိုင်းပြောဆိုခြင်းဖြစ်သည်။
“ထပ်ညှိပေးလို့ မရတော့ဘူးလား”ဟု ဝမ်ချုံးက နောက်တစ်ကြိမ်ထပ်မေးသည်။
ရှန့်ယိုက ခေါင်းခါပြသည်။ သူ၏ အနောက်မှာရှိသော ချန်ချောင်းက အောင်နိုင်သူအလား မော်ကြွားနေသည်။
“ထားလိုက်တော့ ငါ ဒီကိစ္စမှာ ဝင်မပါဘူး” ဝမ်ချုံး၏ အဖြေကြောင့် ရှန့်ယို အံ့အားသင့်ရသည်။
ဝမ်ချုံးဘက်က “သဘောတူသည် သဘောမတူဘူး” ဟူသော အဖြေကိုသာ ပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။
“ဝင်မပါချင်ဘူး” ဆိုသောစကားက မည်သည့်အဓိပ္ပါယ်ကို ဆိုလိုချင်ပါသလဲ!!
“မင်းကောင်ကို မင်းမထိန်းနိုင်ဘူးလား” ဟု ရှန့်ယိုက တည့်တိုးမေးသည်။
“သူက ငါ့လူမဟုတ်ဘူးကွ” ဖန့်ကြွယ်ယွီက ဝမ်ချုံး၏ ပုခုံးကို ပုတ်သည်။ ထိုအရာက ဒီကိစ္စမှာ ဝင်မပါပါနှင့်ဟု ပြောဆိုခြင်းဖြစ်သည်။
ဝမ်ချုံးက မိတ်မပျက်အောင် အစွမ်းကုန်ကြိုးပမ်းသော်လည်း ရှန့်ယိုက လက်မခံပေ။ ထို့ကြောင့် ဖန့်ကြွယ်ယွီက သူကိုယ်တိုင် ဤပြသနာကို ဖြေရှင်းတော့မည်ဟု ဆုံးဖြတ်ခဲ့သည်။
“ကားပါကင်မှာမောင်းဖို့ သတ်မှတ်ထားတာ တစ်နာရီကို ငါးကီလိုမီတာနှုန်းလေ။ ဒါကို မင်းနောက်က ချန်ချောင်းဆိုတဲ့ ကောင်က သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်ပြီးမောင်းခဲ့တာ။ သူပဲ ငါ့ကားကို တိုက်ခဲ့တာ”
“ဒုတိယတစ်ချက် ငါမင်းကိုသတိပေးခဲ့တယ်။ တောင်းပန်ပြီး လျော်ကြေးပေးဖို့လေ။ အဲ့တာဆို ငါကြေအေးပေးမယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ သူက ငါ့ကို ခြိမ်းခြောက်ပြောဆိုရုံတင်မကဘူး ငါ့လက်ထောက်ကိုပါ စော်ကားပြောဆိုခဲ့တယ်။ သူဌေးလေး ရှန့်ယိုက ငါ့နေရာမှာဆို ဒီလိုစော်ကားပြောဆိုတာကို သည်းခံနိုင်မှာလား”
“မင်းက ငါ့ကို ဆင်ခြေပေးဖို့ ကြိုးစားနေတာလား” သူတို့ အသိုင်းအဝိုင်းမှာ ဆင်ခြေပေးလည်း မရပေ။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူတို့၏ အနေအထားနှင့် ဆုံးဖြတ်ကြခြင်းဖြစ်သည်။
“မင်းတို့လိုလူမျိုးတွေက ဆင်ခြေမပေးကြပါဘူး။ ဒါပေမဲ့ ငါက မင်းကို အချက်အလက်နဲ့တကွပြောပြမယ်”
“ဒါက ချန်ချောင်းရဲ့ အမှားလို့ ဆိုကြပါစို့”
ရှန့်ယိုက ထိုအကြောင်းကိုစိတ်မဝင်စားပေ။ သူက သူ့လူကို စော်ကားပြီး သူ၏ ကုမ္ပဏီကိုလည်း စော်ကားမော်ကားပြောဆိုခြင်းကိုသည်းမခံနိုင်ပေ။
“ဒါဆို ငါတို့ဘက်က မင်းတို့ကို တောင်းပန်မယ်။ လျှော်ကြေးပေးမယ်ဆို သူလည်း ငါ့ကိုပြန်လျော်ပေးသင့်တယ်မလား”
“ချန်ချောင်း ကိစ္စတွေက သူပြောသလို ဖြစ်ခဲ့တာလား” ရှန့်ယိုက ချန်ချောင်းကို ဒဲ့တိုးမေးသည်။
ချန်ချောင်းက ဘာတွေးနေလဲဆိုတာကို x-ray စက်ဖြင့် အကဲခတ်နေသကဲ့သို့ သူ့အကြည့်က ပြင်းထန်သည်။
“ဟုတ်ပါတယ် သူပြောတာအမှန်ပါ”
“တောင်းပန်ပြီး လျော်ကြေးပေးလိုက်” ရှန့်ယိုက ခပ်ပြတ်ပြတ်ပြောသည်။
“သူဌေးလေး ဒါက”
“မင်း ငါ့စကားကို နားမထောင်ဘူးလား” ရှန့်ယို၏ အသံက တင်းမာသထက် တင်းမာလာသည်။
ဝမ်ချုံးနှင့် ဖန့်ကြွယ်ယွီတို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကြည့်လိုက်ကြသည်။ရှန့်ယိုက ချန်ချောင်းကို ဘာကြောင့် ချက်ချင်း တောင်းပန်ခိုင်းတာလဲ!!!
“တောင်းပန်ပါတယ်” ချန်ချောင်းက မပြောချင်ပြောချင်ဖြင့် တောင်းပန်စကားဆိုသည်။
“ငါ မင်းအကောင့်ထဲကို လျော်ကြေးငွေ ချက်ချင်းလွှဲပေးပါ့မယ်”
ဖန့်ကြွယ်ယွီက သူ၏ ဘဏ်အကောင့်နံပါတ်ကို ပေးသည်။ ချက်ချင်းဆိုသလို ချန်ချောင်းက ပိုက်ဆံလွှဲပေးသည်။
“သူဌေးလေးရှန့်က မျှမျှတတတွေးပေးတတ်သားပဲ”
ဖန့်ကြွယ်ယွီက ရှန့်ယို၏ ရုတ်တရက်ပြောင်းလဲသွားသောပုံစံကိုကြည့်ပြီး တစ်ခုခုပုံမှန်မဟုတ်တာ သိနေသည်။ ထောင်ချောက်မရှိသယောင်ထင်ရသည်။
“ဒါဆို ငါတို့က မိတ်ဆွေဖြစ်ကြပြီမို့ မနှောင့်ယှက်တော့ပါဘူး”
“ခဏနေဦး” ရှန့်ယိုက ပြောသည်။
“ချန်ချောင်းနဲ့ကိစ္စက ပြေလည်ပြီဆိုတော့ မင်းနဲ့ငါနဲ့ကြား စာရင်းရှင်းရအောင်”
ဖန့်ကြွယ်ယွီက သူထင်ထားသလို ဖြစ်လာသဖြင့် ပြုံးမိသည်။
“မင်းက ချန်ချောင်းရဲ့ကားကို ဖျက်စီးပြီး ငါတို့ကုမ္ပဏီကိုစော်ကားတယ်။ ဒီကိစ္စကိုလည်းရှင်းသင့်တယ်”
“ဒါဆို သူဌေးလေးရှန့်က ဘာကို ပြောချင်တာလဲ” သူဌေးသားများအဖို့ ငွေကြေးနှင့် မိန်းမထက် ဂုဏ်သိက္ခာကပိုအရေးကြီးသည်။
“ပွဲခင်းရောက်ရင် ခွက်ချင်းတိုက်ပြီး ငါ့ကိုတောင်းပန်”
ထိုစကားကိုကြားရပြီး ဝမ်ချုံးမျက်နှာကွက်ခနဲ ပျက်သွားသည်။ သူတို့လောကမှာ ထိုအပြုအမူက အရှုံးကို ဝန်ခံခြင်းဖြစ်သည်။ ရှန့်ယိုက ဖန့်ကြွယ်ယွီကိုလူကြားထဲမှာ အရှက်ခွဲလိုခြင်းဖြစ်သည်။
ဖန့်ကြွယ်ယွီက မကြာသေးမီကမှ အနုပညာကုမ္ပဏီတစ်ခုတည်ထောင်ထားခဲ့သည်။ ဤလောကတွင် သူခြေချနိုင်စရာမရှိအောင်လုပ်မည့်သဘောဖြစ်သည်။
“ကားဆိုတာ ကားပဲ။ ဖျက်စီးပစ်တယ်။ အဲ့တော့ဘာဖြစ်ချင်လဲ”
“ပြီးတော့ ပြောရဦးမယ် ဟွားယွီကုမ္ပဏီဆိုတာကိုလည်း ဂရုမစိုက်ဘူး။ ငါ့မျက်လုံးထဲမှာ မင်းတို့ကုမ္ပဏီက ပါမွှားပဲ”