အခု မင်းအလှည့်ပဲ
Vol. 6 Ch. 72
“ကောင်းတယ် အရမ်းကောင်းတယ်လေ”
ရှန့်ယိုက ဒေါသထွက်နေမိသည်။ အနုပညာလောက၏ နာမည်ကြီး ကုမ္ပဏီသုံးခု၏ ခေါင်းဆောင်ဖြစ်တာမို့ မည်သူကမှ သူတို့ကုမ္ပဏီကို အာမခံရဲပေ။ ရှန့်ယို၏ ဘဝမှာ ထိုမျှလောက် ယုတ်ရင်းကြမ်းတမ်းသောစကားလုံးများကို ပထမဦးဆုံးကြားဖူးခြင်းဖြစ်သည်။
“ဝမ်ချုံး သူ့မိသားစုကလည်း မင်းတို့ကုမ္ပဏီရဲ့ရှယ်ယာရှင်ပဲလား။ ဒါဆို ငါ့အဖေကို ဒီအကြောင်းပြောကိုပြောမှရတော့မယ်။ မင်းတို့မိသားစုနဲ့ ငါတို့မိသားစု မိတ်မပျက်ချင်ဘူးဆို ဘာလုပ်ရမလဲဆိုတာ မင်းသိမှာပါ..ဟုတ်တယ်မလား” ဖန့်ကြွယ်ယွီ၏ပုံစံကိုကြည့်ပြီး ဝမ်ချုံးအပေါ်ရှန့်ယို၏ ဆက်ဆံပုံများ ပြောင်းလဲလာသည်။
“ရှန့်ယို..မင်းလူမှားပြီး ခြိမ်းခြောက်မိနေပြီထင်တယ်။ ဖန့်ကြွယ်ယွီက ငါတို့ ကုမ္ပဏီက မဟုတ်ဘူး” ဟု ဝမ်ချုံးက မဆိုင်းမတွပြန်ဖြေသည်။
“မင်းက ငါတို့မိသားစုကို ဖိအားပေးနေရင်တောင် ဘာမှကောင်းတာဖြစ်လာမှာမဟုတ်ဘူး။ ပြီးတော့ မင်းက ငါ့ကို အထင်သေးနေတာလား။ သူက ငါ့တို့ကုမ္ပဏီထဲမှာ ရှယ်ယာပါစေဦးတော့ ငါဆိုတဲ့ ဝမ်ချုံးက ကိုယ်ကျိုးအတွက် သူငယ်ချင်းကို ချနင်းမဲ့ကောင်မဟုတ်ဘူးကွ”
“မစ္စတာဖန့်ရဲ့ မိသားစုက ဘယ်လိုစီးပွါးရေးလုပ်ငန်းတွေများပိုင်ဆိုင်နေလို့ ဒီလိုပြောနိုင်တာလဲဆိုတာ ငါသိချင်သွားပြီ” ဟု ရှန့်ယိုကဆိုသည်။
ဖန့်ကြွယ်ယွီက သူ့မိသားစုစီးပွါးရေးကိုပြောပြလျှင် သူ့မိသားစုအနေအထားနှင့် မယှဉ်နိုင်ပါက ပိုပြီး အထိနာပေတော့မည်။
“ဪ မင်းက ငါ့မိသားစု ဘာလုပ်လဲဆိုတာ သိချင်တယ်ပေါ့” ဟု ဖန့်ကြွယ်ယွီက မတုန်မလှုပ်ပြန်မေးသည်။
ထိုအချိန်မှာ ကျွမ်းရီက လှေကားပေါ်ကဆင်းလာပြီး ဖန့်ကြွယ်ယွီ၏ အနားမှာ လာရပ်သည်။
သူမက ရှန့်ယိုနှင့် ချန်ချောင်းကိုမြင်သောအခါ ဘာတွေဖြစ်ပျက်နေလဲဆိုတာ တန်းသိသည်။
“ဘာလဲ..မစ္စတာဖန့်ပြောဖို့ တွန့်ဆုတ်နေတာလား” ဟု ရှန့်ယိုက ဒေါသတကြီးပြန်မေးသည်။
“မင်း ဒီလောက်သတ္တိရှိနေတယ်ဆို ပြောရဲရမှာပေါ့။ ဒါပေမဲ့ မင်းမပြောလည်း ကိစ္စမရှိပါဘူး။ ငါ့ဘာသာ စုံစမ်းကြည့်ရင် အဖြေပေါ်လာမှာပဲ”
“အင်း….” ဖန့်ကြွယ်ယွီက ခေါင်းကိုကုတ်ရင်း “ငါ မပြောရဲနေတာ မဟုတ်ဘူး။ ငါ့မိသားစုမှာလုပ်ငန်းတွေအများကြီးရှိနေတော့ ဘယ်ကနေဘယ်လိုစပြောရမှန်းမသိဖြစ်နေတာ”
ဝမ်ချုံးက မျက်ခုံးပင့်ပြသည်။ ဖန့်ကြွယ်ယွီက ထပ်မံပြီး လေကြီးလေကျယ်ပြောတော့မည်။ သူက အမြဲလိုလို ဖန့်ကြွယ်ယွီ၏ ကြွားဝါခြင်းကိုခံရသည်။ ယခုအခါမှာတော့ ရှန့်ယိုက သူခံစားရသလို ခံစားရတော့မည်။
“အမရီ..သူ့ကိုပြောပြလိုက်ပါဦး။ ငါပိုင်တဲ့ လုပ်ငန်းတွေ ငါကိုယ်တိုင်တောင် မသိနေဘူး”
“မစ္စတာဖန့်ရဲ့ လုပ်ငန်းတွေက နယ်ပယ် အများကြီးမှာရှိတယ်။ ရောင်းဝယ်ဖောက်ကားရေးလုပ်ငန်းမှာဆို မစ္စတာဖန့်က ဗော်ဂိုအုပ်စုရဲ့ ရှယ်ယာ ၇၂.၅% ကျော်ပိုင်ဆိုင်တယ်။ စွမ်းအင်လုပ်ငန်းမှာဆို ဟွာရှားရေနံလုပ်ငန်းရဲ့ ၄၉% နဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာဆို ရှယ်ယာ ၆၈.၅% ရှိတယ်။ ကားထုတ်လုပ်ရေးလုပ်ငန်းမှာဆို မစ္စတာဖန့်က နာမည်ကြီးကားလုပ်ငန်းဆယ်ခုရဲ့ရှယ်ယာ ၅၀% ကျော်ပိုင်ဆိုင်တယ်”
“ပြီးတော့ မစ္စတာဖန့်က အမေရိကန်မှာရှိတဲ့ ဝေ့ဂူကုမ္ပဏီ နဲ့ ဆွစ်ဂလန်းကိုးလ်သတ္ထုတူးဖော်ရေးရဲ့ အကြီးဆုံးရှယ်ယာရှင်တစ်ဦးလည်းဖြစ်တယ်။
ကျွမ်းရီက သူပိုင်ဆိုင်သောလုပ်ငန်းများကိုအသေးစိတ်တစ်ခုချင်းစီ မသိသော်လည်း တသီတတန်းကြီးရွတ်ပြသည်။ ဖန့်ကြွယ်ယွီတောင်မှ သူကြားလိုက်ရသည့် အရာများအပေါ် အံ့အားသင့်မိသည်။
သူ့မှာလုပ်ငန်းတွေအများကြီးရှိနေတာပဲ!!!
သို့သော် ထိုကဲ့သို့ချမ်းသာမှုမျိုးကို နားလည်ဖို့ မခဲယဉ်းပေ။ သူ၏ ဘိုးဘွားများက ရှောင်းရီကဲ့သို့ ထူးခြားထက်မြက်လှသည့်စနစ်ကို ဝေးလှသောစကြာဝဠာဆီက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရရှိခဲ့သည်။
ထိုမျှလောက် အချိန်အကြာကြီး စုဆောင်းခဲ့သော ပမာဏသည် ရေတွက်လို့မရနိုင်ပေ။
“ကောင်းပြီ မင်းဆက်ပြောနေမယ်ဆို ဒီကောင်တွေလန့်ကုန်လိမ့်မယ်။” ဖန့်ကြွယ်ယွီက ကျွမ်းရီကို ဟန့်တားလိုက်သည်။
“သခင်လေး ကျွန်မအခုပြောတာတွေက သခင်လေးပိုင်ဆိုင်မှုရဲ့ ငါးပုံတစ်ပုံတောင်မရှိသေးဘူး”
“ဟား..သူဌေးလေး ရှန့်.. မင်းက ငါ့စီးပွါးရေးတွေကို နှောင့်ယှက်တော့မယ်ဆိုတာ သိနေတယ်။ ခု ငါပြောလိုက်ပြီဆိုတော့ မင်းဘယ်ကနေ စပြီးနှောင့်ယှက်တော့မလဲ” ဟု ဖန့်ကြွယ်ယွီက မေးသည်။
ချန်ချောင်းက ဘာမှ မပြောနိုင်ဘဲ ဆွံ့အနေချိန်တွင် ရှန့်ယိုက တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။ ကျွမ်းရီ ရွတ်ပြခဲ့သော လုပ်ငန်းများသည် နယ်ပယ်အသီးသီးရှိ ထိပ်သီးလုပ်ငန်းများဖြစ်ကြသည်။
လုပ်ငန်း တစ်ခု နှစ်ခုဆို ယုံစဖွယ်ကောင်းဦးမည်။သို့သော် ဖန့်ကြွယ်ယွီက ထိပ်သီးလုပ်ငန်းများအားလုံး၏ အကြီးဆုံးရှယ်ယာရှင်ဟု ဆိုသောအချက်ကို ယုံကြည်လောက်သည်အထိ သူက အရူးမဟုတ်ဘူးဟု ရှန့်ယိုထင်မြင်မိသည်။
“သူ ပြောတဲ့အရာအားလုံး မင်းယုံလား” ရှန့်ယိုက ချန်ချောင်းကို စိုက်ကြည့်သည်။
“ဘာလဲ ခင်ဗျားကြည့်ရတာ မယုံတဲ့ပုံပဲ”
“ဒီလိုဆိုရင်ရော ငါက ငါပိုင်တဲ့လုပ်ငန်းတွေပြောပြပြီးပြီ။ ခု ခင်ဗျားပြောရမဲ့ အလှည့်” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။
ရှန့်ယိုက တစ်စုံတရာပြောဖို့ကြံသော်လည်း ပြောမထွက်နိုင်ပေ။
“အာ ရတယ် အင်တာနက်မှာရှာကြည့်လိုက်မယ်လေ။ ဒါလေးများ လွယ်ပါတယ်” ဖန့်ကြွယ်ယွီက ပြောရင်းဆိုရင်း ဖုန်းကိုထုတ်ကာ ရှန့်ယို၏ နာမည်ကိုရိုက်ထည့်ပြီးရှာသည်။
“ရှန့်ယို..သူဌေးကြီးရှန့်လင်ယွဲ့ ရဲ့တစ်ဦးတည်းသောသား။ Stars Fashionရဲ့ ပိုင်ရှင်၊ ပလက်တီနမ်လျှပ်စစ်လုပ်ငန်းရဲ့ ဥက္ကဌ….”
“ဟမ် ..ဒီနှစ်ခုနဲ့ အရင်ဆုံးစကြတာပေါ့။ အမရီ ဒီလုပ်ငန်းနှစ်ခုကို ချက်ချင်းပြိုလဲအောင်လုပ်နိုင်တဲ့ နည်းလမ်းလေးဘာလေးမရှိဘူးလား”ဟု ကျွမ်းရီကိုလှမ်းမေးသည်။
“ဟား..သခင်လေးရယ် သိပ်ရတာပေါ့။ ကျွန်မတာဝန်ထားပါ” ဟု ကျွမ်းရီကပြောသည်။ ထို့နောက် သူမက ဖုန်းကိုထုတ်ပြီးဘေးနားကိုသွားကာ တစ်စုံတစ်ယောက်ကို ဆက်သွယ်နေဟန်ပြင်သည်။
ရှန့်ယိုက ချက်ချင်းဆိုသလိုမျက်နှာပျက်သွားသည်။ ဖန့်ကြွယ်ယွီပြောပုံအရဆို သူ၏ ဖက်ရှင်လုပ်ငန်းနှင့် လျှပ်စစ်လုပ်ငန်းကို တိုက်ခိုက်တော့မည်။
ထိုလုပ်ငန်းနှစ်ခုက သာမန်လုပ်ငန်းများမဟုတ်ပေ။ ဖုန်းလေးတစ်ချက်ဆက်ရုံဖြင့် သူ့လုပ်ငန်းများမှာပြသနာဘယ်လိုတက်နိုင်မည်နည်း။ ဒါက ဖြစ်ရောဖြစ်နိုင်ပါ့မလား။
သုံးမိနစ်ကြာပြီးနောက် ကျွမ်းရီပြန်ရောက်လာသည်။ သူမက ဖန့်ကြွယ်ယွီကိုပြုံးပြရင်း
“သခင်လေး ပြီးပါပြီ။ နောက်ထပ်သုံးမိနစ်ဆို သူ့အမူအရာသေချာပေါက်ပြောင်းလာတော့မှာပါ”
ဖန့်ကြွယ်ယွီက သူ့ဖုန်းကိုထုတ်ပြီး ကင်မရာဖြင့် ချိန်ထားသည်။
“ဒါဆို ဒါကို သေချာမှတ်တမ်းတင်ထားဦးမှပါပဲ”
နှစ်ဖက်စလုံး၏ အနေအထားသည် ချက်ချင်းဆိုသလို တင်းမာလာသည်။
ကျွမ်းရီပြောသလို သုံးမိနစ်မရောက်တရောက်အချိန်မှာ ရှ့န်ယို၏ ဖုန်းက အသံမြည်လာခဲ့သည်။
သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါနေသည်။
“ဖုန်းကိုင်လိုက်ပါ..မစ္စတာရှန့်” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။
“ငါမယုံဘူး” ဟု ခပ်မာမာပြန်ဖြေရင်း ဖုန်းကိုင်လိုက်သည်။ ဤဖုန်းနံပါတ်သည် stars fashion၏ နိုင်ငံခြားရုံးခွဲများ၏ တာဝန်ရှိသူတစ်ဦး၏ နံပါတ်ဖြစ်သည်။
“သခင်လေးရှန့် ပြသနာတော့တက်ပြီ”
“ဘာဖြစ်တာလဲ..စိတ်အေးအေးထားပြီး ငါ့ကိုပြောပြ”
ရှန့်ယိုက ဖန့်ကြွယ်ယွီကိုတစ်ချက်လှမ်းကြည့်သည်။
“ကျွန်တော်တို့ကုန်ကြမ်းဝယ်နေတဲ့ဖောက်သည်တွေတစ်ဦးပြီးတစ်ဦး ကျွန်တော်တို့နဲ့ လက်တွဲမလုပ်တော့ဘူးဆိုပြီး ဆက်သွယ်လာကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ပစ္စည်းတွေကိုရောင်းပေးတဲ့ဆိုင်တွေမှာလည်း ပစ္စည်းတွေကိုမထားပေးတော့ဘဲ ဖယ်ထုတ်ကုန်ကြပါပြီ”
“ဒါက ဘယ်လိုဖြစ်တာလဲ။ စာချုပ်ချုပ်တုန်းက လျော်ကြေးတွေအများကြီးပေးဆောင်ရမယ်လို့ ပြောထားတဲ့အချက်ကို မကြောက်ကြတာလား”
“ပိုပြီးထူးဆန်းဖို့ကောင်းတာက လျော်ကြေးတွေကိုချက်ချင်းပေးလျော်ကြတာပါ။ ဒါပေမဲ့ ကုန်ကြမ်းပေးမဲ့ ဖောက်သည်တွေမရှိရင် လုပ်ငန်းက ရပ်ကုန်ပါပြီ”
“မိုက်တယ်ဟေ့” ဖန့်ကြွယ်ယွီက ကျွမ်းရီကို လက်မထောင်ပြသည်။ ရှောင်းရီမှတစ်ဆင့် ကျွမ်းရီ၏ ဖုန်းခေါ်မှုများကို ကြားသိခဲ့ရသည်။ သူမက ရှန့်ယို၏ ကုန်ကြမ်းနှင့် ရောင်းချရေး လမ်းကြောင်းများကို ပိတ်ဆို့ပစ်ခဲ့သည်။
လျော်ကြေးပေးရသည့်အပေါ် ဖန့်ကြွယ်ယွီက မမှုပေ။ ပိုက်ဆံသုံးနိုင်လေလေ သူပျော်လေလေ ဖြစ်သည်။
သိပ်မကြာခင်မှာ ပလက်တီနမ်လျှပ်စစ်လုပ်ငန်းမှလည်း ထိုကဲ့သို့ဖြစ်ရပ်မျိုးကြုံရသည်။
ဒါတင်မကသေးဘဲ ထိုကုမ္ပဏီနှစ်ခု၏ ရှယ်ယာများကို အလုအယက် အပြိုင်အဆိုင် ဝယ်ယူကြသည်။
“ဒါက ဘယ်လိုလုပ်ပြီး…” ရှန့်ယို၏ ဖုန်းက ကြမ်းပြင်ပေါ်သို့ကျသွားသည်။
ဒီအချိန်မှာမှ ဖန့်ကြွယ်ယွီ၏ ပါဝါကို မယုံပါက သူရူးနေလို့သာ ဖြစ်ရမည်။
အိမ်မှနေပြီး ဖုန်းတစ်ချက်ဆက်ရုံဖြင့် သူ၏ကုမ္ပဏီများကို ဟန်ချက်ပျက်အောင်လုပ်နိုင်သည်။
သူ့မှာ ဘယ်လိုပါဝါနှင့် ဥစ္စာဓနရှိနေပါသနည်း။
“ကောင်းပြီ မစ္စတာရှန့်ယို ဒါက ပါးပါးလေးပဲရှိသေးတာ။ ဒါကို သတိပေးချက်လို့ မှတ်ယူလိုက်ပေါ့”
“မင်းက အရှက်မကွဲချင်တာမှန်ပါတယ်။ ဒါပေမဲ့ မင်းပတ်သက်ရတဲ့ လူက ဘယ်လိုလူမျိုးလဲဆိုတာ မင်းသိသင့်တယ်”
“သွားကြစို့..အကိုဝမ်ရဲ့အဖေလည်း စောင့်နေရောပေါ့”
ဖန့်ကြွယ်ယွီက အံ့အားသင့်နေသော ရှန့်ယို၏ အနားကိုကပ်ရင်း
“ပြီးတော့ ဒီလိုလူမျိုးနဲ့ ဝေးဝေးနေတာကောင်းမယ်။မဟုတ်ရင် ခင်ဗျား အထိနာလိမ့်မယ်” ဟု ဆိုသည်။