← Chapters

ရည်မှန်းချက်သေးသေးလေးကနေ စတင်မယ်

Vol. 6 Ch. 73

ရည်မှန်းချက်သေးသေးလေးကနေ စတင်မယ်

Vol. 6 Ch. 73

“ညီလေးဖန့်..မင်းကတော့ တကယ့်အံ့မခန်းပဲ” သူတို့ သုံးဦးက ဓာတ်လှေကားထဲကို ဝင်လာချိန်တွင် ဝမ်ချုံးက သူ့အား လက်မထောင်ပြပြီး ချီးကျူးစကားဆိုသည်။

ဝမ်ချုံးနှင့် ရှန့်ယိုတို့က ရင်းနှီးသော်ငြား စီးပွါးရေးလောကမှာ ရှန့်ယို၏ လက်ထဲတွင် ဝမ်ချုံးက အကြိမ်ကြိမ်လဲပြိုခဲ့ရသည်။

ယခုတစ်ချိန်မှသာ ရှန့်ယို၏ ကျဆုံးခန်းကို မြင်ရခြင်းဖြစ်သည်။

တစ်ခဏအတွင်းမှာ ရှန့်ယို၏ ကုမ္ပဏီနှစ်ခုအတွက် ကုန်ကြမ်းနှင့် ရောင်းချရေးကုမ္ပဏီအသီးသီးက ရှန့်ယိုနှင့် လက်တွဲဖြုတ်ခဲ့သည်။ ရှယ်ယာစျေးနှုန်းများလည်း ကျဆင်းကာ ပိုင်ဆိုင်မှုများဆုံးရှုံးခဲ့ရသည်။ ထိုအရာသည်သေးငယ်သောဆုံးရှုံးမှုမဟုတ်ပေ။ ထိုကုမ္ပဏီ နှစ်ခုသည် သူရရှိသော အမြတ်များမှတစ်ဝက်တိတိ ရှာဖွေပေးနိုင်သည်။

“အမရီ..ဘယ်လိုများလုပ်လိုက်တာလဲ” ဟု ဖန့်ကြွယ်ယွီက မေးသည်။

“စီးပွါးရေးလောကမှာ ဘယ်လောက်ပဲ အဆက်အသွယ်ကောင်းနေပါစေဦးတော့ ဒီကုမ္ပဏီနှစ်ခုနဲ့ ဆက်စပ်ပါတနာတွေကိုရှာဖွေဖို့ဆိုတာ မလွယ်ကူဘူးလေ”

“သခင်လေး မသိလို့ဖြစ်မှာပါ။ ဟိုးအရင်ထဲက ဖန့်မိသားစုက စုံစမ်းရေးအဖွဲ့အစည်းကြီးတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့လက်ဝယ်မှာ ဒေတာ များစွာရရှိပြီးသားပါ။ သခင်လေးက ဘာပဲသိချင်သိချင် ရှာဖွေဖို့ အလွယ်လေးပါ။ ကျွန်မက အဲ့အဖွဲ့ကို ဆက်သွယ်လိုက်ရုံပဲ”

“FBI လိုမျိုးလား”ဟု ဖန့်ကြွယ်ယွီက ထပ်မေးသည်။

“သခင်လေးက အဲ့အဖွဲ့ကို လျှော့တွက်တာပဲ။ သူတို့ကို ထန်မင်းဆက်လက်ထက်ကတည်းက ဖွဲ့စည်းခဲ့တာပါ။ ကျွန်မတို့လူတွေက စီးပွါးရေးလောက၊ နိုင်ငံရေးလောကနဲ့ ပညာရေးလောက စတဲ့ နယ်ပယ်မျိုးစုံမှာရှိတယ်။ FBI ရှာနိုင်တဲ့ အရာမှန်သမျှ ကျွန်မတို့ရှာနိုင်တယ်။ သူတို့ထက်တောင် ပိုတိကျဦးမယ်။ သူတို့မရှာနိုင်တဲ့ အရာတောင်မှ ငါတို့သိနိုင်တယ်”

“သခင်လေး..ဖန့်မိသားစုရဲ့ အစွမ်းကို လျှော့မတွက်ပါနဲ့။ ဒီမိသားစုအကြောင်းပိုသိလာလေလေ အံ့ဩလေလေဖြစ်မှာ”

“ညီလေးဖန့်..မင်းတို့မိသားစုက ဟိုနှစ်ထောင်ပေါင်းများစွာကတည်းက ရှိနေခဲ့တာလား” ကျွမ်းရီ၏ စကားလုံးများမှ တစ်ဆင့် အံ့အားသင့်ဖွယ်များကို ဝမ်ချုံးသိခဲ့ရသည်။

ထိုစုံစမ်းရေး အဖွဲ့သည် ထန်မင်းဆက်လက်ထက်ကတည်းက ရှိနေခဲ့ပြီး ယခုအချိန်ထိ ဆက်လက်တည်တံ့သောကြောင့် ထိုအဖွဲ့၏ အနေအထားကို လျှော့တွက်မရပေ။

ဟိုတယ်၏ ဓာတ်လှေကားမှ တစ်ဆင့်မြင်ရသောမြင်ကွင်းသည် ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ပြာလဲ့လဲ့ပင်လယ်ကြီးနှင့် ရွှေအိုရောင်ကမ်းခြေကိုမြင်လိုက်ရသည်နှင့် စိတ်ညစ်စရာများအားလုံး ပျောက်ကွယ်သွားသည်။

ဖန့်ကြွယ်ယွီက အတွေးကမ္ဘာနယ်ချဲ့နေသည်။ ယခင်တုန်းကအခြေအနေသာဆို သူသည် ရှန့်ယိုနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်အနေအထားကို ရှောင်လွှဲဖို့ကြိုးစားမည်။

“ရှောင်ချုံး..နင်ထပ်ပြီးရှုပ်လာတာလား” ထိုအမျိုးသမီး၏ အသံက ချစ်ခင်မြတ်နိုးသည့်ပုံစံပေါ်နေသည်။

“မဟုတ်ပါဘူး။ အမရာ…ကျွန်တော့်သူငယ်ချင်းကို သွားကြိုတာပါ” ဝမ်ချုံးက ထိုအမျိုးသမီးကို ကြောက်လန့်သည့်ပုံပေါ်သည်။

“ဒါ ငါ့အမပါ။ လုရယ်ချမ့် လို့ခေါ်ပါတယ်”

“အမချမ့်..ဒါက ကျွန်တော့်သူငယ်ချင်း ဖန့်ကြွယ်ယွီပါ။ အဖေက သူနဲ့တွေ့ဖို့ ခေါ်ခိုင်းလိုက်လို့ပါ”

“မင်္ဂလာပါ” လုရယ်ချမ့်က လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးသည်။

“မင်္ဂလာပါ” ဖန့်ကြွယ်ယွီက ဝမ်ချုံးကို နားမလည်သည့် ပုံစံဖြင့်ကြည့်သည်။ ဝမ်ချုံးမှာ အမတစ်ယောက်ရှိသည်ဆိုတာ သူတစ်ခါမှ မကြားဖူးပေ။

“အေးဆေးစကားပြောကြလေ။ ငါ့မှာလုပ်စရာလေးတွေရှိလို့ ခွင့်ပြုပါဦး” လုရယ်ချမ့်က ယဉ်ကျေးပျူငှါစွာ နှုတ်ဆက်ပြီး ထွက်သွားသည်။

“အကိုဝမ်..မင်းမှာ အမတစ်ယောက်ရှိတယ်ဆိုတာ ငါ့ကိုဘာလို့မပြောတာလဲ။ မင်း အဖေရဲ့ ဇယားထဲက တစ်ယောက်လား” ဟု ဖန့်ကြွယ်ယွီက စနောက်ပြောဆိုသည်။

“မဟုတ်တာတွေ လျှောက်မပြောနဲ့။ ငါနဲ့ အမချမ့်က ဘာမှ မတော်စပ်ပါဘူး။ သူက ငါ့အဖေလုပ်ငန်းစလုပ်ကတည်းက သိခဲ့တဲ့မိတ်ဆွေအရင်းကြီးရဲ့ သမီးပါ။ အမချမ့်မိဘတွေက ဆုံးတာကြာပြီမို့ ငါ့အဖေက မွေးစားခဲ့တာပါ။ အဲ့တာကြောင့် ငါတို့က မိသားစုလိုဖြစ်နေတာ”

“ဪ ဒီလိုကိုး” ဝမ်ချုံးတို့မိသားစု၏ အကြောင်းကို ယခုမှ သိခဲ့ရသည်။

အခန်းထဲရှိ စားပွဲပေါ်တွင် လက်ရေးလှကျင့်နေသောသက်လတ်ပိုင်းအမျိုးသားတစ်ဦးကို တွေ့ရသည်။ သူ၏ ဆွဲချက်များက ထင်ရှားလှတာမို့ နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့သည်ဆိုသော အချက်က သိသာနေသည်။

“ဖေဖေ မစ္စတာဖန့်ကို ခေါ်လာခဲ့ပါတယ်” ဂျစ်ကန်ကန်ပုံစံရှိသော ဝမ်ချုံးက ဖခင်၏

ရှေ့မှောက်တွင် ယဉ်ကျေးနေသည်။

“ဪ မစ္စတာဖန့် ရောက်လာပြီကိုး” ဝမ်လင်းက ရေးလက်စာ စုတ်တံကို ချလိုက်သည်။

ဖန့်ကြွယ်ယွီက သူ့သားနှင့် အသက်အရွယ်သိပ်မကွာလှတာမို့ ညီလေးဖန့်ဟု ခေါ်လည်းရသည်။

သို့သော် ဖန့်ကြွယ်ယွီ၏ အနေအထားကိုကြည့်ပြီး ဂျူနီယာတစ်ဦးသဖွယ်ဆက်ဆံဖို့ တွန့်ဆုတ်နေမိသည်။

“သား မင်းခဏအပြင်ထွက်ဦး။ အဖေ မစ္စတာဖန့်နဲ့ ဆွေးနွေးစရာလေးရှိတယ်”

“အဖေကလည်း ဒီလိုမျိုးလုပ်ဖို့လိုလို့လားဗျာ”

ဝမ်ချုံးက အပြင်ကိုမထွက်လိုပေ။

“ဟမ်”

“ဟုတ်ပါပြီ ဟုတ်ပါပြီ ကျွန်တော်သွားပါ့မယ်” ဝမ်လင်း၏ ခက်ထန်သောအမူအရာကိုကြည့်ပြီး ဝမ်ချုံးစောဒက မတက်လိုပေ။

သူ့ဘဝမှာ သူ၏ဖခင် ဝမ်လင်းမှ လွဲပြီး မည်သည့်အရာကိုမှ မကြောက်ရွံ့ပေ။

“မစ္စတာဖန့်..ထိုင်ပါဦး။ ဝမ်ချုံးကို သူ့အမေက အလိုလိုက်ထားလို့ ဆိုးသွမ်းနေတာ။ တစ်ခါတလေ သူက ဂျစ်ကန်ကန်လုပ်ခဲ့တာမျိုးရှိရင် ဗွေမယူဘဲနဲ့ ခွင့်လွှတ်ပေးပါဦး”

“မလိုပါဘူးဗျာ။ သူနဲ့ ကျွန်တော်က မိတ်ဆွေရောင်းရင်းတွေပါ။ အဲ့လိုမျိုးတွေမရှိပါဘူး” သူ့ထက် အသက်များစွာကြီးသော်လည်း ဝမ်လင်းက သူ့ကို တလေးတစားဆက်ဆံသည်။

“ဝမ်ချုံးနဲ့ မစ္စတာဖန့် အတူတွဲပြီး ဟန်ကျန့်ထက် ပိုကြီးတဲ့ ရုပ်ရှင်မြို့တော်တစ်ခု တည်ထောင်နေတယ်ကြားတယ်”

“မစ္စတာဝမ်..ကျေးဇူးပြုပြီး ကျွန်တော့်ကို မစ္စတာဖန့်လို့ မခေါ်ပါနဲ့။ ကျွန်တော်က ဦးလေးဝမ်လို့ခေါ်မယ်လေ။ ကျွန်တော်ကိုတော့ ရှောင်ဖန့်လို့ခေါ်ပါ”

“ဟား။ ဟုတ်ပါပြီ”

“ကျွန်တော်တို့ ပူးပေါင်းပြီး ပရောဂျက်အသေးလေးတစ်ခုလုပ်တာပါ”

“ဒါက ကိစ္စအသေးလေးမှမဟုတ်တာ” ဝမ်လင်းက စုံစမ်းပြီးဖြစ်သည်။ဤပရောဂျက်သည် အနည်းဆုံး ယွမ် ၈၀ ဘီလီယံ ကုန်ကျမည်။ ထိုအရာကိုမှ ပရောဂျက်သေးသေးလေးဟု ဆိုပါက မည်သည့်အရာကများ ကြီးမားသည့် ပရောဂျက်ဟု ခေါ်ဆိုနိုင်ပါသနည်း။

“ဒီပရောဂျက်ကို ဆန်းစစ်ခိုင်းလိုက်တော့ ကနဦးကုန်ကျစရိတ်က များပေမဲ့ ခရီးသွားလုပ်ငန်းနဲ့ ရုပ်ရှင်လုပ်ငန်းကနေ ရတဲ့အမြတ်နဲ့ဆို ၇ နှစ်၈ နှစ်အတွင်း ကုန်ကျစရိတ်ပြန်ကာမိမယ်။ ဆိုတော့ကား မင်းက တကယ့်စီးပွါးရေးနဲ့ပတ်သက်ရင် ပါရမီပါတာပဲ”

“အမ်”

ဖန့်ကြွယ်ယွီက ကြောင်အမ်းအမ်းဖြစ်သွားသည်။

သူက ရရှိမည့် အမြတ်အကြောင်းကို ထည့်မစဉ်းစားဖူးပေ။ သူက ဒီနှစ်မှာ ပိုက်ဆံကို ပေါပေါများများသုံးစွဲချင်သည်။

ရုတ်တရက်သူ့ကိုစီးပွါးရေး ပါရမီရှင်ဟု သတ်မှတ်ခဲ့သည်။

ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ပမာဏများစွာကို တစ်ထိုင်တည်း မည်သူမှ မရင်းနှီးဝံ့ပေ။စီးပွါးရေးလောကတွင် အမြတ် သည် အရင်းမှပဲ ရသည်။ သူဌေးများက ပိုက်ဆံများစွာရှာဖွေရင်း ချမ်းသာသထက်ချမ်းသာလာကြသည်။

“ရှောင်ဖန့် ဒီတစ်ကြိမ်မှာ အကူအညီတောင်းစရာလေးရှိလာလို့ပါ”

“မင်းသိတဲ့အတိုင်းပဲ ဝမ်ချုံးက မိသားစုစီးပွါးရေးကိုတစ်စက်မှ စိတ်မဝင်စားဘူး။ ဒါကြောင့်မို့ သူဝါသနာပါတဲ့နယ်ပယ်မှာ အောင်မြင်စေချင်ပါတယ်။ ဒါကြောင့်မို့ ငါက အဖေတစ်ယောက်အနေနဲ့ သူ့ဆန္ဒကို လိုက်လျောပေးတဲ့အပြင် သူ့ကိုလည်း တတ်နိုင်သမျှ ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်”

“ဦးလေးဝမ်ရယ်..ကျွန်တော်တို့က မိတ်ဆွေတွေပါ။ ဦးလေးမပြောလည်း ကျွန်တော်ကူညီမှာပါ”

“မင်းဘက်က အဲ့လိုတွေးပေးလို့ ကျေးဇူးတင်ပါတယ်။ မင်းနဲ့ သူငယ်ချင်းဖြစ်တာ ဝမ်ချုံးအတွက် ကံကောင်းတာပါပဲ”

“ဒါနဲ့ မင်းက ကျောင်းတက်နေတုန်းဆို။ နောက်ပိုင်း ဘာလုပ်မယ် စိတ်ကူးထားလဲ”

“အင်း..” ဖန့်ကြွယ်ယွီက တခဏတာစဉ်းစားပြီး “အရင်ဆုံးရည်မှန်းချက်သေးသေးလေးပဲထားပါတယ်။ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ချင်ရုံပါ”

ဖန့်ကြွယ်ယွီက သူ၏ နာမည်ကြီးစကားစုကို တုပပြောဆိုခြင်းဖြစ်သည်။

“ပိုင်ရှင်..ခင်ဗျားက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီးသားလေ။ ပိုင်ရှင်ပိုင်ဆိုင်သမျှသာထုတ်ပြောရင် ဖိုးဘိစ် မဂ္ဂဇင်းမှာ ထိပ်ဆုံးမှာရှိနေမှာ”

“တိတ်စမ်း.မသိချင်ယောင်ဆောင်နေလို့ မရဘူးလား”

All Chapters