ဖန့်မိသားစုရဲ့ ဒဏ္ဍာရီ
Vol. 6 Ch. 74
“ဦးလေး ဝမ် စိတ်တော့မရှိပါနဲ့။ ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ။ဦးလေးဝမ် ကျွန်တော့်အဖေကို သိပါသလားခင်ဗျာ”
ဝမ်ချုံး ပြောဖူးသည့် အကြောင်းကို သူအမှတ်ရနေမိသည်။ စစ်ဘက်သုံးဟယ်လီကော်ပတာလေလံဆွဲတုန်းက ဝမ်လင်းလည်း ထိုပွဲမှာရှိနေတာမို့ သူ၏ ဖခင်ကို သိပုံရသည်။
“စီးပွါးရေးလောကမှ မင်းအဖေကို မသိတဲ့လူမှ မရှိတာ” ဟု ပြောရင်း ဝမ်လင်းက ရယ်မောသည်။
“ဒါပေမဲ့ မင်းအဖေက တစ်ခါမှ လူလုံးထွက်မပြဘူး။ ကြည့်ရတာ သူက အေးအေးချမ်းချမ်းနေရတဲ့ဘဝကိုပဲ ကြိုက်နှစ်သက်တယ် ထင်ပါရဲ့။ သူ့ဘေးက လူတွေကလွဲလို့သူ့ကို တစ်ယောက်မှ မမြင်ဖူးကြဘူး။ သူ့ပုံကိုလည်း ရိုက်ထားတာ တစ်ပုံမှ မရှိနေဘူး”
“ထူးဆန်းလိုက်တာ” သူ့ဖခင်က ထိုကဲ့သို့ ဘဝကို နှစ်သက်သဘောကျမှန်း မသိခဲ့ပေ။
“မင်းအဖေတင်မကဘူး။ မင်း ဘိုးဘေးတွေကိုလည်း တစ်ယောက်မှ မမြင်ဖူးကြဘူး” ဟု ဝမ်လင်းက ထပ်လောင်းပြောဆိုသည်။
“မင်းကသာ အခုချိန်မှာ အွန်လိုင်းတခွင်နာမည်ကြီးနေပေမဲ့ မင်းမိသားစုနဲ့ပတ်သက်တဲ့အကြောင်းမပြောတာ အကောင်းဆုံးပဲ”
“ဘာလို့လဲ ပြိုင်ဘက်တွေရှိလို့လား”
“စီးပွါးရေးလောကမှာ စျေးကွက်ကို စစ်မြေပြင်လို့ပဲဆိုကြပါစို့။ ဒါဆို စီးပွါးရေးလောကမှာ ပြိုင်ဘက်မရှိတဲ့သူ ရှိနိုင်ပါ့မလား”
စီးပွါးရေးလောကတွင် အပြင်ပန်းက ချိုသာပြီး နောက်ကွယ်မှာ တိတ်တဆိတ်ယှဉ်ပြိုင်ကြသူ ဒုနှင့်ဒေး ဖြစ်သည်။
“အဲ့လိုဆိုတာထက် စီးပွါးရေးကတော့ စီးပွါးရေးပဲလေ။ ဒါပေမဲ့ မင်းမိသားစု ပိုင်ဆိုင်တာက အသေးအဖွဲ စီးပွါးရေးမှ မဟုတ်တာ”
“မင်းကို ဝမ်ချုံး မသိခင်တုန်းကဆို မင်းရဲ့ မျိုးရိုးနာမည်တောင် ငါမသိခဲ့ဘူး။ တကယ်တော့မင်းတို့မိသားစုအကြောင်းသိတဲ့လူတောင် သိပ်မရှိပါဘူး။ အခု အမွေဆက်ခံသူကိုပဲ သိကြတာ။ မင်းအဖေနဲ့ ငါတို့အတူတူတက်ခဲ့တဲ့ လေလံပွဲအကြောင်းသိမယ်ထင်တယ်”
“ဟုတ်ကဲ့ ဝမ်ချုံးပြောဖူးလို့ သိပါတယ်ခင်ဗျ”
“အဲ့လေလံပွဲမှာ ဖောဘီးစ် (Forbes) စာရင်းထဲမှာ ပါတဲ့လူအကုန်လုံး ရှိနေကြတာ။ မော်ဂန် မိသားစု နဲ့ ချားရစ်မိသားစုလည်းရှိနေတာ။ အကြောင်းက မင်းအဖေက အဲ့လေလံပွဲကိုတက်မယ်ဆိုတဲ့ သတင်းရလို့ စောင့်နေကြတာ။ ပြီးတော့ ဘာဆက်ဖြစ်လဲဆိုတာ မင်းသိလား”
“တစ်စုံတစ်ယောက်က ကျွန်တော့်အဖေကို ရှင်းပစ်ဖို့ကြိုးပမ်းတာလား” ဖန့်ကြွယ်ယွီက ဖြစ်နိုင်ချေရှိတာကို စဉ်းစားပြီးပြောဆိုသည်။
“အမှန်ပဲပေါ့”
“တကယ်ပဲ အဲ့လိုဖြစ်ခဲ့တာလား” ဖန့်ကြွယ်ယွီ တုန်လှုပ်မိသွားသည်။ ဝမ်လင်းနှင့် စကားလက်ဆုံပြောရာမှ ထိုကဲ့သို့ အံ့ဩဖွယ်အကြောင်းကို သိလာရလိမ့်မည်ဟု မထင်မိပေ။
“အဆုံးသတ်ကျ ဘာဖြစ်သွားတယ်ထင်လဲ” ဝမ်လင်းက သူ့ကို ထူးဆန်းသောအကြည့်ဖြင့်ကြည့်ရင်း မေးခွန်းပြန်ထုတ်သည်။
“အဲ့လူတွေအကုန် အရှင်းခံလိုက်ရတာလား” သူ့ဖခင်က မည်မျှအာဏာရှိမှန်းသူမသိပေ။ သို့သော် သူ့ဖခင်က လုပ်ကြံခံရသည့်ဘေးမှ လွတ်မြောက်ခဲ့တာမို့ ထိုအကြောင်းတွေ သိရတာဖြစ်သည်။
“မင်း ဘယ်လိုသိတာလဲ။ မင်းအဖေပြောပြခဲ့တာလား” သူ၏ဖခင်မှာ ကိုယ်ရံတော်အဖွဲ့ရှိသော်လည်း ထိုကဲ့သို့လုပ်ကြံခံရသည့်ဘေးမှ အသက်ရှင်လျက်လွတ်မြောက်ရန် မလွယ်ကူပေ။
“ဒီတိုင်းမှန်းကြည့်တာပါ”
“မင်းမှန်းတာမှန်တယ်။ အဲ့လုပ်ကြံတဲ့အဖွဲ့တွေအကုန် ပျောက်ချင်းမလှပျောက်ကုန်တာ” ဝမ်လင်းက ပုံပြင်တစ်ပုဒ်ကို ပြောပြနေသဖွယ် ပြုမူသည်။
“လူလွှတ်ပြီးစုံစမ်းကြည့်တော့ အနီးအနားက ကျွန်းတစ်ခုရဲ့ ကျောက်တုံးတွေအများကြီးပေါ်မှာ လူပေါင်းများစွာရဲ့ သွေးတွေ စွန်းနေတာတွေ့ရတယ်”
“ဟား..ဦးနှောက်မရှိတဲ့ကောင်တွေ ဖန့်ဟွိုက်ကို လုပ်ကြံချင်တာတဲ့။ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်မနေဘူးလား”
ရှောင်းရီ၏ အသံကို ဖန့်ကြွယ်ယွီ၏ နားထဲမှာ အတိုင်းသားကြားနေကြသည်။
“ရှောင်းရီ ဘာတွေဆက်ဖြစ်လဲဆိုတာ မင်းသိလား”
“သိချင်လား..ငါ့ကို အဖေလို့ခေါ်”
“သေလိုက်ပါလား။ မပြောချင်မပြောနဲ့။ အဲ့လိုထပ်ပြောရဲပြောကြည့်။ ငါ့ကိုယ်ငါ အဆုံးစီရင်ပြီး မင်းကို ပိုင်ရှင်မဲ့ဖြစ်အောင်လုပ်ပြမယ်”
ထို ခြိမ်းခြောက်ပြောဆိုသည့် စကားကြောင့် ရှောင်းရီ ထိတ်လန့်သွားရသည်။
ချက်ချင်းဆိုသလို ဖန့်ကြွယ်ယွီ၏ အတွေးထဲမှာ နှစ်ပေါင်းများစွာက လေလံပွဲတစ်ခုပေါ်လာသည်။
ထိုလေလံပွဲကို ကြီးမားသောကျွန်းတစ်ခုပေါ်တွင်ကျင်းပခဲ့သည်။ ဖန့်ဟွိုက်က လေယာဉ်ပျံပေါ်တွင် ရှိနေချိန်တွင် ပုခုံးထမ်းတင်လောင်ချာဖြင့် သူ၏လေယာဉ်ကို ပစ်ချခဲ့သည်။
သို့သော် လေယာဉ်က ချက်ချင်းမပေါက်ကွဲဘဲ မြေပြင်ပေါ်ကိုဖြည်းဖြည်းချင်းဆင်းသက်လာသည်။ ထိုလေယာဉ်ကိုလည်း ရွှေရောင်အလင်းတန်းတစ်ခုက လွှမ်းခြုံထားသည်။ ထိုမြင်ကွင်းကိုမြင်ရပြီး နယူတန်၏ အသံများကို ကြားယောင်လာမိသည်။
စွပ်ကျယ်နှင့် ဘောင်းဘီတိုကိုဝတ်ဆင်ပြီး ဖိနပ်အပါးကို ဆင်ယင်ထားသော ဖန့်ဟွိုက်က လေယာဉ်ပေါ်မှဆင်းလာသည်။ လေယာဉ်မှူးက သေဆုံးနေပြီဖြစ်သည်။
ဖန့်ဟွိုက်ကကမ်းခြေပေါ်ရောက်သည်နှင့် သူ့ကို လူရာနှင့်ချီပြီး ဝိုင်းရံထားသည်။
“ခွေးကောင် ဒီကျွန်းတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်ပါ”
“ခွေးကောင် ဘယ်သူ့ခွေးလဲ”
“အဲ့တာငါပဲလေ” ဟု ရှောင်းရီက ဆိုသည်။ ထိုအချိန်တုန်းက ဖန့်ဟွိုက်၏ အစွမ်းက မြင့်မားသည့် အနေအထားကို ရောက်နေသည်။ ရှောင်းရီ၏ အစွမ်းက သူနှင့်မယှဉ်နိုင်တာမို့ သူပေးသည့်နာမည်ပြောင်နှင့် ပတ်သက်ပြီး စောဒကတက်ပိုင်ခွင့်လည်း မရှိပေ
တစ်ဆက်တည်းမှာ သူ့ဆီကို ကျည်ဆန်တွေပြေးဝင်လာကြသည်။ ထိုမြင်ကွင်းသည် ဟောလိဝုဒ်၏ အထူးပြုလုပ်ချက်အဖွဲ့မှ ဖန်တီးထားသကဲ့သို့ဖြစ်နေသည်။
ပိုပြီး အံ့အားသင့်စရာကောင်းသည်မှာထိုကျည်ဆံများက ဖန့်ဟွိုက်ဆီမရောက်လာဘဲ လမ်းတစ်ဝက်မှာရပ်တန့်သွားသည်။ ထို့နောက် သူလာရာလမ်းအတိုင်းပြန်လှည့်ကာ လုပ်ကြံသူများထံ ပြန်ရောက်သွားကြသည်။
“ဟာမိုက်တယ်ကွာ” ဖန့်ကြွယ်ယွီတစ်ယောက် မနေနိုင်ဘဲ ထအော်မိသည်။ ရှောင်းရီကြောင့်သာ ထိုမြင်ကွင်းကိုမြင်နိုင်ခြင်းဖြစ်သည်။
“ဖြူး” ဖန့်ဟွိုက်၏ ဦးခေါင်းထက်မှာ မြူခိုးတိမ်တစ်ခုပေါ်လာသည်။ နင်ဂျာကဲ့သို့ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ဦးပေါ်လာပြီး ဆာမူရိုင်းဓားနှင့် သူ၏ ဦးခေါင်းကို ထိုးစိုက်သည်။
တဖြည်းဖြည်းချင်း မီးမှုတ်ထုတ်သောလူ၊ အက်ဆစ်များပက်ဖြန်းသောလူ၊ အင်အားကြီးမားသောလူ၊ ကိုယ်ပျောက်လူသား စသဖြင့် လူမျိုးစုံပေါ်လာသည်။
“ဘာတွေလဲ သူတို့ကရော လူတွေပဲလား”
“ဟုတ်တာပေါ့။ သူတို့ကိုယ်ထဲက အစွမ်းကို ဆေးဝါး သို့ ပြင်ပလှုပ်ဆော်မှုကို သုံးပြီး အသက်သွင်းထားကြတာ။ မင်းတို့ခေတ်စကားအရဆို စွမ်းအားရှင်တွေပေါ့ကွာ”
“ဘုရားရေ အဲ့လိုလူတွေတကယ်ရှိတာပေါ့”
“ရှိတာပေါ့ အများကြီးပဲရှိတာ”
သို့သော် ထိုလူပေါင်းများစွာက ဖန့်ဟွိုက်လိုမျိုး စွမ်းအားများစွာပိုင်ဆိုင်သောလူကို ဘယ်လိုရင်ဆိုင်ခဲ့သနည်း။
ထိုအချိန်မှာ ချောင်လန်ဆီမှ ဖုန်းဝင်လာသည်။
“ပိုင်ရှင် သခင်မဖုန်းခေါ်နေပါတယ်။ ပြောချင်သလား”
“ပြောမှာ ပြောမှာပေါ့။ မပြောဘဲ မနေရဲပါဘူး” ရှောင်းရီ၏ ကျေးဇူးနှင့် ချောင်လန်၏ ဖုန်းကို အားပါတရဖြေသည်။
“ယောကျာ်း ရှင်ဘယ်တွေသွားနေတာလဲ။ ဒီနေ့ညမှာ ရှင့်သားရဲ့ မိဘဆရာတွေ့ဆုံပွဲရှိတာ ရှင်မေ့နေတာလား”
ချောင်လန်၏ အော်သံက စူးခနဲထွက်ပေါ်လာသည်။
လုပ်ကြံသူများနှင့် စွမ်းအားရှင်များစွာတို့နှင့် ဖန့်ဟွိုက်နှင့် ထိပ်တိုက်ရင်ဆိုင်နေချိန်တွင် ရှေ့ကို ထပ်မတိုးဝံ့ပေ။ ထိုအချိန်မှာတော့ ဖန့်ဟွိုက်က ဖုန်းကိုင်ထားရင်း တစ်ကိုယ်လုံးတုန်ရီနေသည်။
“ဆောရီး အချစ်ရယ် ကိုယ်အခုပဲပြန်လာမယ်”
ဖန့်ဟွိုက်က ဖုန်းကိုကပျာကယာချလိုက်သည်။
“ဒါက စာမေးပွဲမှာ ကောင်းကောင်းမဖြေတဲ့ဟိုကောင်လေးကြောင့် မိဘခေါ်တွေ့တာနေမယ်”
ဖန့်ဟွိုက်၏ ခန္ဓာကိုယ်ကို ဗဟိုပြုရင်း ပြင်းထန်သောစွမ်းအင်တစ်ခု သူ့ဆီမှ ထွက်ပေါ်လာသည်။ ကျွန်းတစ်ဝက်လောက်က ချက်ချင်းပျောက်ကွယ်သွားသည်။
ဖန့်ဟွိုက်နှင့် လေယာဉ်မှူးသာ ကျန်နေခဲ့သည်။ ဖန့်ဟွိုက်က အင်မော်တယ်ကဲ့သို့ လက်တစ်တက်တည်းဖြင့် လေယာဉ်ကိုမပြီး ကောင်းကင်ပေါ်သို့ တက်သွားသည်။
“ငါက သိပ္ပံဆန်းကြယ်ဇာတ်ကားတွေကြည့်နေရတာလား”
“ရှောင်ဖန်း ဘာဖြစ်လို့လဲ”
ထိုအချိန်မှာ ဖန့်ကြွယ်ယွီက လက်တွေ့လောကကို ပြန်ရောက်ရှိလာသည်။ သူ၏ မူမမှန်သောပုံစံကို ဝမ်လင်းက သတိထားမိသည်။
“ဘာမှမဖြစ်ပါဘူး။ ဦးလေးဝမ်ပြောပြတာတွေကို အံ့အားသင့်နေလို့ပါ”
ထိုမိဘဆရာတွေ့ဆုံပွဲနေ့က အခြားမိဘများက အနောက်တိုင်းဝတ်စုံဝတ်လာချိန်တွင် ဖန့်ဟွိုက်က ဘောင်းဘီတို နှင့် ခြေညှ့ပ်အပါးကို စီးပြီးလာခဲ့သည့် အကြောင်းကို ယခုမှ နားလည်တော့သည်။ ထို့အတွက် သူ့ကို ဆရာမက ဆူငေါက်ခဲ့သည်။
“အဲ့အချိန်ကစပြီး မင်းတို့မိသားစုကို ဘယ်သူမှ မထိရဲကြတော့ဘူး။ ပြီးတော့ ဒီအဖြစ်အပျက်ကလည်း အားလုံးသိတဲ့ အသံတိတ်ဒဏ္ဍာရီတစ်ပုဒ်ဖြစ်ခဲ့တာပေါ့ကွာ” ထိုသတင်းကို ပြန်ပြောပြသူများ၏ ထိတ်လန့်နေသည့်ပုံစံအမူအရာများကို ဝမ်လင်းအတိုင်းသား ပြန်မှတ်မိနေသည်။
“ငါတို့ ဖန့်မိသားစုရဲ့ ဒဏ္ဍာရီတွေကို ဒီကမ္ဘာမှာပြောနေကြသေးတာပဲ” ဖန့်ကြွယ်ယွီ၏ စိတ်ထဲ ကျေနပ်သွားမိသည်။