အပိုင်းအစများ
Vol. 6 Ch. 76
“ဥက္ကဌ မတွေ့တာကြာပြီနော်” မင်းသားတချို့က ဝမ်ချုံးနားပြေးလာကြပြီး ဝမ်ချုံးနှင့် ခွက်ချင်းတိုက်ကြသည်။
“နောက်ပိုင်း ဂိမ်းပြိုင်ပွဲတွေမှာ မတွေ့တာကြာပြီ။ လုပ်ငန်းအသစ်တွေလုပ်နေလို့လား”
ထိုမင်းသားနာမည်မှာ ဝေ့ရှင်း ဖြစ်သည်။ သူက နာမည်ကြီး ရုပ်ရှင်တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ သူ၏ နှစ်လိုဖွယ်ရုပ်ရည်သွင်ပြင်နှင့် ဟာသဥာဏ်ရွှင်ခြင်းကြောင့် မိန်းကလေးများကြားတွင် အလွန်နာမည်ကြီးသည်။
အနုပညာရှင်များထဲတွင် သူကချဉ်းကပ်ရလွယ်ကူသည်။ သူက အချိန်ရလျှင်ရသလို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူများနှင့် ဂိမ်းအတူဆော့သည်။ ဝမ်ချုံးကလည်း မကြာခဏဆိုသလို သူနှင့် အတူ ဂိမ်းဆော့ဖြစ်သည်။
“ဟုတ်တယ် အလုပ်တွေများနေတာ။ ဇာတ်ကားအသစ်ရိုက်ကူးရေးကလည်း စတော့မှာဆိုတော့ သရုပ်ဆောင်တွေဘက်ပြေးလိုက် ရှုတင်နေရာတွေကြည့်လိုက်နဲ့ နားကို မနားရဘူး။ ပင်ပန်းလွန်းလို့ ဆယ်ပေါင်လောက်ကျသွားတယ်။ ဒါကြောင့်မို့ အခုတလောဂိမ်းမဆော့နိုင်တော့တာ”ဟု ဝမ်ချုံးက မဆိုင်းမတွ ပြန်ဖြေသည်။
“ကောင်းကင်ယံထက်က တိုက်ပွဲခေါ်သံ (ရှောင်ယန်ဇာတ်ကားပါ) ဇာတ်ကားလား။ မင်းသားရွေးနေတုန်းဆို ငါ့ကိုလည်း ထည့်ပြီး စဉ်းစားပေးလေ။ ဗီလိန်နေရာကနေဆိုရင်တောင်မှ သရုပ်ဆောင်ပေးမယ်။ ဒါပေမဲ့ ငါ့အတွက် အထူးပြုလုပ်ချက်တွေတော့ထည့်ပေးပေါ့” ဟု ဝေ့ရှင်းက နောက်ပြောင်ပြောဆိုသည်။
“တော်ပါတော့ကွာ..ကိုယ့်ဇာတ်ကားကိုယ်သာအာရုံစိုက်ပါ။ မင်းနဲ့ ဒီဇာတ်ကားနဲ့မလိုက်ဖက်ဘူး” ဟု ဝမ်ချုံးကပြန်ဖြေသည်။
“ဒါနဲ့ ဟမ်ချန် မှာ ဒီနှစ်အတွက် ရိုက်ရက်မရတော့ဘူးလို့ ငါကြားတယ်နော်။ နောက်နှစ်မှ ဇာတ်ကားစပြီးရိုက်မှာလား”
“မဟုတ်ပါဘူး။ ဟမ်ချန်မှာ ရိုက်ကွင်းမတည်ထားဘူး”
“ဟမ်ချန်မှာ မရိုက်ဘူး ဟုတ်လား” ဝေ့ရှင်းက အံ့အားသင့်သွားသည်။
“ဟုတ်တယ်။ ငါတို့ဘာသာ ရိုက်ကွင်းနေရာအတွက် ရုပ်ရှင်မြို့တော်တစ်ခု တည်ဆောက်ဖို့ စီစဉ်နေတာ”
“ဂမ်မာအင်ပါယာ၊ တာဂါကန္တာရ နဲ့ ယွင်လန်ဂိုဏ်းနဲ့ ရှောင်မိသားစုထိ အရင်ဆုံးတည်ဆောက်မယ်။ ခုနကနေရာတွေကို တစ်နှစ်အတွင်းအပြီးတည်ဆောက်မယ်”
ဝေ့ရှင်းနှင့် အနီးအနားက မင်းသားတစ်ချို့က ထိုအစီအစဉ်ကိုကြားပြီး မျက်လုံးအဝိုင်းသားဖြစ်ကုန်ကြသည်။
ဟမ်ချန်ကိုတည်ဆောက်တုန်းက ဘယ်လောက်ကုန်ကျသလဲဆိုတာ သူတို့မသိပေ။ သို့သော် ဟမ်ချန်ကဲ့သို့ ရုပ်ရှင်မြို့တော်တစ်ခု ဖန်တီးပါက အနည်းဆုံးဘီလီယံဆယ်ချီကုန်ကျမည်။
ဝေ့ရှင်းက ဝမ်ချုံး၏ ငွေကြေးပိုင်ဆိုင်မှုကိုသိသည်။ ထိုမျှပမာဏကို သူတစ်ဦးတည်း မတတ်နိုင်ပေ။ သူ့အဖေ ဝမ်လင်း၏ အထောက်အပံ့ပါရမည်။
“ဪ ဟုတ်သား ငါ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးဦးမယ်။ သူ့နာမည်က ဖန့်ကြွယ်ယွီ ပါ”
“သူက ငါပြောပြောနေတဲ့ ပိုက်ဆံနဲ့ငါ့မျက်နှာကို ခဏခဏပေါက်နေတဲ့လူပါ”
“ဟဲလို မစ္စတာဖန့်..” ဝေ့ရှင်းက လက်ကမ်းပေးသည်။ သူက ဖန့်ကြွယ်ယွီ၏ နာမည်ကိုကြားဖူးသည်။ သူက သေသေချာချာမသိသော်လည်း ဖန့်ကြွယ်ယွီကလည်း ဝမ်ချုံးကဲ့သို့ပင် ချမ်းသာသော မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ရမည်။ ထိုသို့မဟုတ်ပါက သူက ဝမ်ချုံးနှင့် မရင်းနှီးနိုင်ပေ။
“ဟဲလို ငါရော ငါသူငယ်ချင်းရော မင်းဇာတ်ကားတွေကို ကြိုက်ကြတယ်” သူ၏ ချမ်းသာကြွယ်ဝမှုပေါ် ကြည့်ပြီး သူ့ကိုခင်မင်ဖို့ကြိုးပမ်းလာပါက ဖန့်ကြွယ်ယွီသဘောမကျပေ။
ဖန့်ကြွယ်ယွီက လူတစ်ဦးနှင့် ခင်မင်ချင်ပါက ထိုသူမှာ ပိုက်ဆံရှိမရှိ စိတ်မဝင်စားပေ။ ယခုအချိန်မှာ သူ့ကို စိတ်ရင်းဖြင့်ခင်မင်မည့် မိတ်ဆွေရှားပါးကုန်ပြီဖြစ်သည်။
လူများက ခန်းမအတွင်း တဖွဲဖွဲရောက်လာကြသည်။ ဝမ်ချုံးကိုမြင်လိုက်သည်နှင့် မင်းသားမင်းသမီးများက အပြေးအလွှားလာနှုတ်ဆက်ကြသည်။
ဖန့်ကြွယ်ယွီ၏ အနေအထားကိုသိသွားကြသူများက အပြေးအလွှားလာပြီး မိတ်ဖွဲ့ကြသည်။ ဖန့်ကြွယ်ယွီ နှင့်ခင်မင်ရင်းနှီးရမည့် အခွင့်အလမ်းကို မည်သူက ဆုံးရှုံးခံမည်နည်း။
“ဟဲလို မစ္စတာဖန့်။ ငါက ကူးနန် ပါ။ တွေ့ရတာဝမ်းသာပါတယ်”
“ဥက္ကဌ။ ငါ့နာမည်က လျှိုယန်လို့ ခေါ်ပါတယ်။ ခင်ဗျားနာမည်ကို ဝီဘိုမှာ ခဏခဏမြင်ဖူးပါတယ်။ ဒီနေ့ပွဲမှာ ဆုံရလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး”
“ဥက္ကဌ..အနုပညာလောကမှာရော ကုမ္ပဏီဘာညာထောင်ထားသေးလား။ မင်းသားမင်းသမီးတွေများ မလိုဘူးလား”
နာရီဝက်ကျော်လောက် ဖန့်ကြွယ်ယွီသည် အနုပညာရှင်များစွာနှင့် စကားလက်ဆုံကြသည်။ တချို့မင်းသမီးလေးများက သူနှင့် လက်ဆွဲနှုတ်ဆက်ဟန်ဆောင်ရင်း သူတို့၏ဖုန်းနံ့ပါတ်ရေးထားသောစာရွက်ကိုလက်ထဲအတင်းထိုးထည့်သည်။
အနုပညာလောကက မရိုးရှင်းဘူးဆိုတာသိသော်ငြား ဤမျှလောက်ရှုပ်ထွေးလိမ့်မည်ဟု မထင်မိပေ။
တချို့အရာတွေက ဟန်ဆောင်မျက်နှာဖုံးများမို့ ဖန့်ကြွယ်ယွီ မနှစ်မြို့နေပေ။
“ဘာမှ အထူးအဆန်းမလုပ်နေနဲ့” ဖန့်ကြွယ်ယွီဘာတွေးနေလဲဆိုတာ ဝမ်ချုံး ချက်ချင်းသဘောပေါက်သည်။
“တချို့နာမည်ကြီးသရုပ်ဆောင်တွေလည်း ကင်မရာရှေ့မှာသာ ဖြူစင်ရိုးသားကြတာပါ။ နောက်ကွယ်မှာတော့ အစွန်းအထင်းတွေနဲ့ချည်းပဲ။ ဒါဆို အနုပညာလောကမှာ လူကောင်းတွေလည်း မရှိတော့ဘူးလားဆိုတာတော့ ဘယ်ဟုတ်ပါ့မလဲ။လူကောင်းတွေရှိပါတယ်။ ဒါပေမဲ့ သူတောင်ကောင်းယောင်ဆောင်ထားတဲ့လူတွေက ဒုနဲ့ဒေး။ ဒါတွေနောက်ပိုင်း မင်းသိလာမှာပါ”
“ဟေး ဖန့်ကြွယ်ယွီ။ ဟူရီယောင် ဟိုမှာ” ခပ်လှမ်းလှမ်းမှာ အခြားသူများနှင့် စကားစမြည်ပြောနေသော ဟူရီယောင်ကို ဝမ်ချုံးက မြင်သည်။
“အို တကယ်သူပါလား” ဖန့်ကြွယ်ယွီက အံ့အားသင့်နေသည်။
သူ၏ ကလေးဘဝတစ်လျှောက်လုံး ဟူရီယောင်၏ ဇာတ်လမ်းတွဲများဖြင့် ကြီးပြင်းလာခဲ့သည်။
ဟူရီယောင်က အသက်လေးဆယ်ရှိသော်လည်း အရွယ်တင်လှသည်။ ကားအက်ဆီးဒင့်မှ ရရှိသော အမာရွတ်များကြောင့် သူ၏ရုပ်ရည်သွင်ပြင် မပြောင်းလဲပေ။
သူ၏မျက်ခုံးပေါ်က အမာရွတ်ကြောင့် ပိုပြီးဆွဲဆောင်မှုရှိနေသည်။
“အကိုဟူ” ဝမ်ချုံးက ဝိုင်ခွက်ကိုကိုင်ရင်း ဟူရီယောင်ဆီ လာသည်။
“ဥက္ကဌ” ဟူရီယောင်က တက်သစ်စအနုပညာရှင်များလောက် ဝမ်ချုံးကို တလေးတစားဆက်ဆံဖို့ မလိုပေ။ သူက ဝမ်ချုံးလောက် မချမ်းသာသော်ငြား သူကအောင်မြင်ဖို့အလို့ငှါ ဝမ်ချုံးကိုမှီခိုစရာမလိုပေ။
“အကိုဟူ..ကျွန်တော်တို့ဆွေးနွေးထားတဲ့ ကိစ္စဘယ်လိုလဲ”
ဟု ဝမ်ချုံးက ဒဲ့တိုးမေးပစ်သည်။
ဟူရီယောင်လည်း မျက်နှာပျက်သွားသည်။
တကယ်တော့ သူက ထိုဇာတ်ရုပ်ကို သရုပ်ဆောင်ချင်သည်။ သူက ပေါ့ပေါ့ပါးပါး ဇာတ်ကားများဖြင့် နာမည်ရလာသည်။ သူက ဇာတ်လမ်းကို သဘောတွေ့သည်။ သူက အသက်ငယ်သေးပါက သေချာပေါက်လက်ခံမည်။
သို့သော် သူ့အသက်အရွယ်နှင့်ဆို မင်းသားလုပ်ဖို့ရာ မငယ်တော့ပေ။
အချိန်နှင့် ဒီရေသည် လူကိုမစောင့်!
သူ၏ ကြံ့ခိုင်မှုနှင့် စွမ်းအားလည်း ကျလာတာမို့ သူသရုပ်ဆောင်နိုင်သည့် ဇာတ်လမ်းနည်းပါးလာသည်။ သူက ထိုရုပ်ရှင်ကားလိုမျိုး ပရောဂျက်မှာ သရုပ်ဆောင်ချင်သည်မှာ ကြာလှပြီဖြစ်သည်။
ထို့ပြင် ယခုအသက်အရွယ်တွင် အရေးပြား၏ ဆွဲဆန့်နိုင်မှု လျော့ကျလာသဖြင့် ငယ်စဉ်ကရခဲ့သော အမာရွတ်များကပိုပြီး ထင်ရှားလာသည်။
သူက အမာရွတ်နှင့်တောင်ကြည့်ကောင်းသည်ဟု ဆိုကြသော်လည်း သူ့ကိုယ်သူတော့ ဤဇာတ်ရုပ်အတွက် သင့်တော်သည်ဟု မထင်မိပေ။
ထိုအလုပ်ကို လက်လွှတ်ဖို့ရာလည်း နှမြောနေမိသည်။
“မစ္စတာ ဟူ..ကျွန်တော်က ဝမ်ချုံးသူငယ်ချင်းလဲဟုတ်တယ်။ ပြီးတော့ ဒီရုပ်ရှင်အတွက် ရင်းနှီးမြှုပ်နှံသူပါ။ ကျွန်တော့်နာမည် ဖန့်ကြွယ်ယွီလို့ခေါ်ပါတယ်”
ဟူရီယောင် က ဆုံးဖြတ်ဖို့ရာ ချိတုံချတုန် ဖြစ်နေချိန်တွင် ဖန့်ကြွယ်ယွီက စကားဝိုင်းထဲ ဝင်လာသည်။
“မစ္စတာဖန့်လား။ တွေ့ရတာဝမ်းသာတယ်။ ခင်ဗျားနာမည်က အွန်လိုင်းတခွင် နာမည်ကြီးနေတာ” ဟူရီယောင်က လက်ဆွဲနှုတ်ဆက်သည်။
“အခြေအမြစ်မရှိတာတွေပါ။ ရုပ်ရှင်အကြောင်းပြောကြတာပေါ့။ မစ္စတာဟူ စိုးရိမ်နေတာတွေကို သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က အမာရွတ်တွေပျောက်အောင် ကုပေးပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကလိုပဲ ခံနိုင်ရည်စွမ်းမြင့်တက်လာမယ်ဆို ဒီဇာတ်ကိုလက်ခံမှာလား”
ဝမ်ချုံးကို မကြားစေချင်သဖြင့် မစ္စတာ ဟူ ၏အနားကို တိုးတိုးလေးကပ်ပြောသည်။
ထိုစကားကိုကြားပြီး ဟူရီယောင်က အပျော်ကြီးပျော်နေတော့သည်။ သရုပ်ဆောင်ရခြင်းက သရုပ်ဆောင်အစစ်အမှန်များအတွက် အပျော်ရဆုံးဖြစ်သည်
“မစ္စတာဖန့် ခင်ဗျားတကယ်ပြောတာလား” ထိုစကားက ယုံဖို့ ခဲယဉ်းနေသည်။
“ကျွန်တော်က ဇီဝဗေဒဆိုင်ရာသုတေသနအဖွဲ့ကိုပိုင်ဆိုင်ပါတယ်။ လူသားတွေအတွက် ဆိုးကျိုးမဖြစ်စေဘဲ လူသားလုပ်ဆောင်ချက်တွေအတွက် ဆေးတစ်မျိုး ဖန်တီးထားပါတယ်”
ဟူရီယောင်၏ အိပ်ကပ်ထဲကို ထိုဆေးလေးကို တိတ်တဆိတ်ထည့်သည်။
“မစ္စတာ ဟူ..ဒီဆေးက အဆိပ်မရှိဘူးထင်မှ ရဲရဲကြီးသောက်ကြပါ။ ခင်ဗျားဆုံဖြတ်ပြီးပြီဆို ဥက္ကဌ ဝမ်ကိုဆက်သွယ်လိုက်ပါ။ ခင်ဗျားလက်ခံဖို့ မျှော်လင့်နေပါတယ်”
ထိုအရာက ဖန့်ကြွယ်ယွီ၏ ညှိနှိုင်းခြင်းအပိုင်းအစ သာသာပဲရှိသေးသည်။
သူ၏ အမာရွတ်ကိုဖျောက်နိုင်ပြီး ပိုမိုငယ်ရွယ်ပါက ဟူရီယောင်မှာ သူတို့ကိုငြင်းမဲ့အကြောင်းပြချက်ရှိလိမ့်မည်မဟုတ်ပေ။