ရုံတင်ငွေအကုန်လုံးက မင်းအတွက်ပဲ။
Vol. 6 Ch. 80
“စျေးမညှိတော့ဘူး” ရောက်ရှိနေသော မန်နေဂျာများက ကြားလိုက်ရသည့် စကားအပေါ် တအံ့တဩဖြစ်ကုန်ကြသည်။
မန်နေဂျာ သို့ အေးဂျင့်၏ အကြီးမားဆုံးလုပ်ဆောင်ချက်ဆိုတာ ဘာများဖြစ်မလဲ။
အသေချာဆုံးကတော့ မိမိဧည့်သည်များ၏ စိတ်ဝင်စားမှုအရှိဆုံးအရာကိုရရှိပြီး အမြင့်ဆုံး သရုပ်ဆောင်ကြေးရနိုင်ရန် ညှိနှိုင်းဖို့မဟုတ်ပေဘူးလား။
ပြောရမည်ဆို မည်သည့်အလုပ်မဆို ညှိနှိုင်းမှုကတော့ ရှိရန်လိုအပ်သည်။
ထိုအချိန်မှာ အေးဂျင့် သို့ မန်နေဂျာ၏ စွမ်းဆောင်ရည်က စကားပြောစရာဖြစ်လာသည်။
“မစ္စတာဖန့်..အနည်းဆုံးတော့ ငါတို့လိုချင်တဲ့ပမာဏကိုတော့ မေးသင့်တယ်မဟုတ်လား” ဟု လင်းရောဟန်၏ အေးဂျင့်ဖြစ်သူ ယင်းရှန်ရှန်က ဆိုသည်။
“မစ္စတာဖန့်မှာ ပိုက်ဆံအများကြီးရှိတယ်ဆိုပေမဲ့လည်း နောက်ဆုံးပိတ်အကျိုးအမြတ်ကိုတော့ ထည့်ပြီးစဉ်းစားသင့်တယ်မဟုတ်လား”
“အဲ့အတွက်တော့ မပူနဲ့။ နောက်ဆုံးမှာပိုက်ဆံဘယ်လောက်မြတ်မလဲဆိုတာ ကျွန်တော်မသိချင်ဘူး။ မစ္စတာဝမ်ပြောခဲ့သလိုပဲ ကျွန်တော်တို့က အနုပညာလက်ရာကောင်းကောင်းတစ်ခုကိုပဲ ဖန်တီးချင်တာ။ အကယ်လို့ ပိုက်ဆံအမြတ်မကျန်ဘူး ရှုံးတယ်ဆိုရင်တောင် ကိစ္စမရှိဘူး”
“ဒါဆိုလည်း ကျွန်မတို့ဘက်ကလိုချင်တဲ့ကြေးကို ပြောပါရစေ” ယင်းရှန်ရှန်က ဖန့်ကြွယ်ယွီနှင့် ဝမ်ချုံးဘက်ကိုလှည့်သည်။
အေးဂျင့်၏ စိတ်ဓာတ်ကြံ့ခိုင်မှုက ညှိနှိုင်းရာတွင် လွန်စွာမှအရေးပါသည်။ ထိုသို့မဟုတ်ပါက ဧည့်သည်လိုချင်သော ပမာဏကို မည်ကဲ့သို့ ညှိနှိုင်းပေးနိုင်မည်နည်း။
“ရောဟန်၏ ခုလက်ရှိအနေအထားကိုလည်း ရှင်တို့သိပြီးဖြစ်ကြမှာပါ။ အမေရိကန်က ဟောလိဝုဒ်ဇာတ်ကားတွေရိုက်ဖို့တောင် ခဏခဏ ကမ်းလှမ်းခံရသူပါ။ အမြင့်ဆုံးကြေး
ဒေါ်လာ သန်း၂၀ နဲ့ ကမ်းလှမ်းခံရတာတောင်ရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်းရုပ်ရှင်အတွက် အဲ့လောက်ပမာဏက များတယ်ဆိုတာသိပါတယ်။ အဲ့တာကြောင့် ယွမ် သန်း ၁၀၀ တောင်းဆိုချင်ပါတယ်”
အစက ယွမ် သန်း၈၀ တောင်းဆိုဖို့ ကြံရွယ်ခဲ့သော်လည်း ဖန့်ကြွယ်ယွီ၏ အနေအထားကိုကြည့်ပြီး သူမ
က သန်း၁၀၀ထိမြှင့်လိုက်ခြင်းဖြစ်သည်။ တကယ်တော့ ဖန့်ကြွယ်ယွီက ထိုမျှ ပမာဏကို လက်ခံလိမ့်မည်ဟု မတွေးထားပေ။
“ကိစ္စမရှိဘူး။ ရတယ်လေ”
ဖန့်ကြွယ်ယွီက တစ်ချက်ကလေးတောင် မစဉ်းစားဘဲ ချက်ချင်းပင် သဘောတူလိုက်မှာအပေါ် အားလုံးမှင်သက် အံ့ဩကုန်ကြသည်။
“အမရီ ..သူ့ဆီ ပိုက်ဆံလွှဲပေးလိုက်ပါ”
“ဘယ်လို” ရှိနေသော အေးဂျင့်အားလုံး မျက်လုံးအပြူးသားဖြစ်ကုန်ကြပြန်သည်။
တခဏအကြာမှာ ယင်းရှန်ရှန်၏ ဖုန်းမှ အသံထမြည်လာသည်။ ကုမ္ပဏီမှ လှမ်းခေါ်ခြင်းဖြစ်သည်။
ယခုလေးတင် ကုမ္ပဏီက ယွမ်သန်းတစ်ရာကို လက်ခံရရှိခဲ့သည်ဟု လှမ်းပြောခြင်းဖြစ်သည်။
ယင်းရှန်ရှန်သည် အေးဂျင့်အဖြစ် ဆယ်နှစ်နီးပါးလုပ်ကိုင်ခဲ့သူဖြစ်သည်။သို့သော်လည်း ထိုကဲ့သို့ လက်မှတ်တောင်မထိုးရသေးဘဲ ချက်ချင်းငွေလွှဲခြင်းမျိုးတခါမှ မကြုံဖူးပေ။
မစ္စတာဖန့်အတွက် ယွမ် သန်း၁၀၀ဆိုသည့် ပမာဏက ဘာမှ မဟုတ်လောက်အောင် အလွန်ပင်ချမ်းသာတာလားဟု မေးခွန်းထုတ်မိသည်။
“မစ္စလင်း..ဒါဆို ငါတို့ အလုပ်အတူတူ တွဲလုပ်လို့ရပြီထင်တယ်နော်”
“စိတ်ချပါ မစ္စတာဖန့်” လင်းရောဟန်က သရုပ်ဆောင်ကြေးနှင့် ပတ်သက်ပြီး သူမ၏ အေးဂျင့်ကိုသာ ပုံအပ်ထားခဲ့သည်။ ဟူရီယောင်ကဲ့သို့ပင် သူမက သရုပ်ဆောင်ခြင်းကိုသာ ရူးသွပ်သူတစ်ဦးဖြစ်သည်။
“မစ္စတာဖန့်က တကယ့်ကို လေးစားဖို့ကောင်းတာပဲ။ ငါတို့တွေ သူ့ကိုပမာမခန့်လုပ်လို့မရတော့ဘူး”
ယင်းရှန်ရှန်က အပျော်ကြီးပျော်နေမိသည်။ ထိုကဲ့သို့ သူဌေးမျိုးနှင့် အလုပ်အတူတူ တွဲလုပ်ခွင့်ရဖို့သည် အေးဂျင့်အားလုံး၏ အိပ်မက်ဖြစ်သည်။
“မစ္စတာ ဟူ. ခင်ဗျား သရုပ်ဆောင်ကြေးကိုလည်း မစ္စလင်းနဲ့ အတူတူ သန်း ၁၀၀ပဲ ထားလိုက်ရင်ရော” ဖန့်ကြွယ်ယွီ၏ အာရုံက ဟူရီယောင်ဘက် လှည့်သွားသည်။
“မစ္စတာဖန့် သဘောအတိုင်းပဲ ငါလိုက်နာပါ့မယ်” ဟူရီယောင်က ပိုက်ဆံကို သိပ်ပြီး အာရုံမစိုက်ပေ။ သို့သော် ဖန့်ကြွယ်ယွီအတွက် ဒေါ်လာသန်း ၁၀၀က တစ်ဒေါ်လာနှင့် မထူးမခြားနားပေ။ သို့သော် သရုပ်ဆောင်ကြေးကို ငြင်းဆိုပါက သံသယဖြစ်ဖွယ်ကောင်းနေပေမည်။
“ကဲ ဒါဆို ဒါရိုက်တာကျူး အတွက်လစာကိုပြောကြတာပေါ့” ဒါရိုက်တာများက ရုံတင်ငွေရရှိမှုအပေါ်အခြေခံပြီး လစာရကြသည်ကိုသိထားသည်။ ကျန်းချောင်သည် လုပ်သက်အနှစ် ၂၀ရှိသော ဒါရိုက်တာတစ်ဦးဖြစ်သည်။ မထင်မရှားဒါရိုက်တာဘဝမှ အကောင်းဆုံးဒါရိုက်တာဆု ရရှိဖို့ အခြေအနေအမျိုးမျိုးကြိုးပမ်းကျော်ဖြတ်ခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။
သို့သော် ယနေ့လို အခြေအနေမျိုးကို သူ့ဘဝမှာတစ်ခါမှ မကြုံဖူးသဖြင့် မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိတော့ပေ။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ယခုလက်ရှိ ရုပ်ရှင်လောကမှာပေးနေတဲ့ ပမာဏထက် လက်မှတ်ရောင်းရငွေကို ၁.၅ ဆ ပိုမိုတိုးပေးမယ်ဆိုရင်ရော။ ဒီလိုဗျာ..ရုံတင်ငွေ က ဒေါ်လာ တစ်ဘီလီယံဆို ခင်ဗျားက သန်း ၁၈၀ ရမယ်။ အဆင်ပြေလား”
“သန်း ၁၈၀” ထိုမျှလောက်ကြီးမားသော ပမာဏကြောင့် အားလုံးလည်း ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ ကျန်းချောင်၏ အနေအထားနှင့် ၁.၅ဆ ပေးတာက မများပေ။ သို့သော် ရုံတင်ငွေ ကို တစ်ဘီလီယံဟု ခန့်မှန်းထားခြင်းကို မယုံနိုင်အောင်ဖြစ်နေကြသည်။
ယခုချိန်ထိ ဟွာရှားမှာရှိသော ဇာတ်ကားတစ်ကားမှ ရုံတင်ငွေ ဒေါ်လာတစ်ဘီလီယံထိ မရဖူးပေ။ နိုင်ငံတကာအဆင့်မီ ထိပ်တန်းရုပ်ရှင်များသာ ထိုပမာဏရနိုင်မည်။
ရုပ်ရှင်ရိုက်ကူးရေးမစရသေးဘဲနှင့် ရုပ်ရှင်ရိုက်ကွင်းနေရာကို မစီစဉ်ရသေးဘဲနှင့် ထိုမျှလောက် ပမာဏကို ပေးနိုင်ခြင်းက ဖန့်ကြွယ်ယွီက သူတို့မှန်းထားသည်ထက် ပိုချမ်းသာတာဖြစ်ရမည်။
“လက်ခံပါတယ်ဗျာ” ထုတ်လုပ်ရေးတစ်ဖွဲ့လုံးက ထိုမျှလိုက်လျောသည့်အပေါ် ကျင်းချောင်အနေဖြင့် ဘာမှစောဒကတက်စရာမရှိပေ။ ထို့အပြင် ဖန့်ကြွယ်ယွီလို ပိုက်ဆံချမ်းသာပြီး အာဏာကြီမားသောလူကို မလွန်ဆန်ရဲပေ။
“ကျန်တဲ့သရုပ်ဆောင်တွေကတော့ ရိုက်ကူးရတဲ့ ဇာတ်ကောင်ပေါ်မူတည်ပြီး ယွမ် သန်း ၆၀ နဲ့ ၈၀ ကြားပေးပါမယ်။ အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်။ မစ္စတာဖန့်က ရက်ရောလိုက်တာ”
ဖန့်ကြွယ်ယွီပေးသောပမာဏ က သူတို့မှန်းထားသည်ထက် ၂၀% ကျော်များနေတာမို့ မည်သည့်အေးဂျင့်ကမှ မငြင်းဆိုရဲပေ
“ဒါဆို သရုပ်ဆောင်ကြေးတွေ လွှဲပေးလိုက်ပါမယ်”
ဟုဆိုကာ ဖန့်ကြွယ်ယွီက ကျွမ်းရီကို အချက်လှမ်းပြသည်။
သိပ်မကြာလိုက်ခင်မှာပင် သရုပ်ဆောင်များက သူတို့၏ အေးဂျင့်အသီးသီးဆီမှ အဆက်အသွယ်ရကြသည်။
“စာချုပ်တွေကိုတော့ မစ္စတာဝမ်က ခုရက်ပိုင်းမှာ အားလုံးဆီပို့ပေးပါ့မယ်”
“မစ္စတာဖန့် တစ်ခုလောက်သိချင်လို့။ ရိုက်ကွင်းနေရာရွေးပြီးပြီလား။ သိရသလောက်ဆို ဟန်ချန်းမှာ ရိုက်ရက်မရလောက်တော့ဘူး။ ရိုက်ကွင်းတည်ဖို့ နေရာတစ်ခု သပ်သပ်ရွေးထားသေးလား”
ဟု လင်းရောဟန်က မေးသည်။
ဖန့်ကြွယ်ယွီက ပြုံးပြပြီး “မဟုတ်ဘူး။ ငါတို့က သီးခြားရုပ်ရှင်မြို့တော်တစ်ခု တည်ဆောက်ဖို့စီစဉ်ထားတယ်”
ဟု ပြန်ဖြေသည်။
“ဘယ်လို” ထိုစကားကိုကြားရပြီး အားလုံးလည်း ထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြသည်။
“ပရောဂျက်ရဲ့ ပထမအဆင့်တောင် စပြီးတည်ဆောက်နေပြီ။ ဂျာမာအင်ပါယာ၊ တာဂိုရီကန္တာရ နှင့် ယွင်လန်ဂိုဏ်းတို့ကို ကနဦးအနေနဲ့တည်ဆောက်ဖို့ ဘီလီယံ ၁၀၀ လျာထားတယ်”
“ဒုတိယအဆင့်ကတော့ မီးတောက်တောင်ကြား၊ လေမိုးကြိုးအဆောင်နဲ့ ဆေးလုံးမျှော်စင်တို့ပါမယ်”
“၁၀၀ ဘီလီယံ”
ထိုပမာဏကိုကြားပြီး အားလုံးလည်း ပါးစပ်အဟောင်းသားဖြစ်ကြရပြန်သည်။
ရုပ်ရှင်တစ်ကား၏ ရိုက်ကွင်းအတွက် ထိုမျှပမာဏကို အသုံးပြုနိုင်ခြင်းကိုကြည့်ပြီး ထိုလူ၏ ချမ်းသာကြွယ်ဝမှုကို မှန်းဆနိုင်သည်။
ရုပ်ရှင်တစ်ကား အောင်မြင်သွားလျှင်ထိုရိုက်ကွင်းကို လာရောက်လည်ပတ်မည့် ဧည့်သည်များ၏ စည်ကားနေမှုကို မှန်းဆနိုင်သည်။ ဖြစ်နိုင်လျှင် ဟန်ချန်း၏ နာမည်ကြီးမှုကိုတောင် ကျော်တက်သွားနိုင်သည်။
“ညီလေးဖန့်..ရုံတင်ငွေ တစ်ဘီလီယံရလျှင်တောင် ကုန်ထားတာတွေကို မကာမိဘူးနော်” ဟု ဝမ်ချုံးကထောက်ပြသည်။ ထိုဇာတ်ကားအတွက် သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသော်ငြား ပေးချေမှုများအတွက် မကာမိနေပေ။
“ကိစ္စမရှိဘူး။ ရုံတင်ငွေအမြတ်ဘယ်လောက်ရရ မလိုချင်ဘူး။ ငါ မင်းကို အကုန်ပေးမှာ” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။
“ဘာတုန်း..မင်းက ငါ့ကိုပိုက်ဆံတွေနဲ့ဖိသတ်ဖို့ ကြံနေတာလား” ဝမ်ချုံးတောင် အံ့အားသင့်ရသည်။ အမြတ်မကျန်သော ရုပ်ရှင်အတွက် စိတ်မပူရုံသာမက သူ့ကို ရုံတင်ငွေရသမျှ အကုန်ပေးမည်။
“ကျစ်..ငါက ဘယ်တုန်းက အဲ့လောက်ပိုက်ဆံကို ထည့်စဉ်းစားဖူးလဲ”
“ ကျွန်တော်ဒူးထောက်ပါရစေ..သူဌေး”