ငါရှင်းပြပါရစေ
Vol. 6 Ch. 81
ပိုက်ဆံနှင့် လမ်းခင်းလိုက်သောအခါ အရာရာအဆင်ပြေချောမွေ့ရသည်။ သရုပ်ဆောင်များနှင့်လည်း အဆင်ပြေပြေညှိနှိုင်းပြီးသည့်အပြင် နောက်တစ်နေ့မှာလည်း စာချုပ်ချုပ်မည့်ကိစ္စများကို ဝမ်ချုံးက အဆင်ပြေပြေဆောင်ရွက်နိုင်ခဲ့သည်။ ဇာတ်ညွှန်းကိုလည်း အဆင်ပြေပြေရေးနေဆဲဖြစ်သည်။
မူလစာဖတ်သူများစိတ်တိုင်းကျစေရန် ဝီဘိုမှ ပရိတ်သက်တစ်ချို့ ရွေးချယ်ပြီး ဇတ်ညွှန်းအဆင်ပြေရေး ဆောင်ရွက်ခဲ့သည်။ ဇာတ်ညွှန်းနှင့် ပတ်သက်ပြီး ပရိတ်သက်များ စိတ်တိုင်းကျမည်ဟု မျှော်လင့်ရပေသည်။
ယခုအခါ သူတို့ခေါင်းခဲနေရသောကိစ္စမှာ ရုပ်ရှင်ရိုက်ကွင်း၏ ဆောက်လုပ်ရေးကိစ္စရပ်များဖြစ်သည်။ မူလဇာတ်လမ်းရှိ တိုးချီ နေရာသည် ကျယ်ပြန့်သည်။ အကယ်၍ ၁:၁ စကေးဖြင့် တည်ဆောက်လိုပါက ကျားမာအင်ပါယာကို တည်ဆောက်ရန် နေရာမရှိတော့ပေ။
သူတို့အနေဖြင့် တိုးချီနေရာကိုဟွာရှားရှိ မြို့တစ်မြို့ သို့ မြေလွတ်နေရာတစ်ခုမှာ ပြန်လည်စီစဉ်ရတော့မည်။
သို့သော် ပြသနာက ထိုမျှဖြေရှင်းရန် မလွယ်ကူပေ။ ဟွာရှားတွင် လူဦးရေများပြားလာသဖြင့် ထိုကဲ့သို့ကြီးမားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် လိုအပ်သည့် နေရာကျယ်ကြီးကို အနောက်ဘက်ဒေသမှလွဲ၍ ကျန်ဒေသများမှာရရန် မလွယ်ကူပေ။
အကယ်၍ အနောက်ပိုင်းဒေသကို ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြောင်းပါက သယ်ယူပို့ဆောင်ရေးအခက်အခဲ၊ နှင့် အရင်းအမြစ်များရှားပါးခြင်းဟူသော ပြသနာရပ်များ ကြုံရနိုင်သည်။
သူတို့က အရှေ့ပိုင်းဒေသမှ အနောက်ပိုင်းဒေသကို လိုအပ်သော ပစ္စည်းများပို့နိုင်သော်လည်း ကုန်ကျစရိတ်မြင့်မားခြင်းက ပဓာနမကျဘဲ အချိန်မီပြီးနိုင်ဖို့ အခက်ကြုံပေတော့မည်။
လွန်ခဲ့သောရက်များအတွင်း ထိုကိစ္စကိုစဉ်းစားရသဖြင့် ဝမ်ချုံး၏ ဆံပင်မွှေးများ ကျွတ်မတတ်ဖြစ်ကုန်သည်။ တတိယမြောက်နေ့မှာ မော့တူကိုပြန်ပြီး သူတတ်နိုင်သမျှ နည်းလမ်းအကုန်ထုတ်သုံးသည်။
တကယ်တော့ ဤပရောဂျက်သည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သဖြင့် အစိုးရဘက်မှ ထောက်ခံအားပေးသည်။
ပြသနာက သင့်လျော်သောနေရာရှာမတွေ့နိုင်ခြင်းဖြစ်သည်။
ဆန်းယာမြို့မှာ ရက်အတော်ကြာနေခဲ့ပြီးနောက် ဖန့်ကြွယ်ယွီက ကျန်းနန်မြို့ကိုပြန်တော့မည်။ သူက ကောရှင်းယွီနှင့် နေ့တိုင်းဖုန်းနှင့် အဆက်အသွယ်ရှိသော်လည်း လွမ်းလာသည်။ လူချင်းတွေ့ရသည်လောက် မည်သည့်အရာကမှ အလွမ်းမပြေနိုင်ပေ။
ဤရက်ပိုင်းအတွင်း စားလိုက်အိပ်လိုက်လုပ်နေသည့်အပြင် ကောရှင်းယွီက ကြိုးစားလေ့ကျင့်နေသည်။ ဖန့်ကြွယ်ယွီက သူမဆီအလည်သွားတိုင်း သူမက လေ့ကျင့်ရေးနှင့် အလုပ်ရှုပ်နေသည်ကို တွေ့ရသည်။
သူမက အသံပါရမီရှင်တစ်ဦးဖြစ်သည်။ နာမည်ကြီးဆရာများ၏ လမ်းပြမှုနှင့်အတူ သူမ၏ သီချင်းဆိုသည့် ဆိုဟန် နှင့် နည်းလမ်းများ တဟုန်ထိုး တိုးတက်လာခဲ့သည်။ သူမသီချင်းဆိုထားသည့်အသံဖိုင်များကို ဖန့်ကြွယ်ယွီထံ ရံဖန်ရံခါ ပို့ပေးသောအခါ အပြင်လူတစ်ဦးအနေဖြင့် သူမ၏တိုးတက်မှုများကို မြင်နေရသည်။
ထိုအတိုင်းသာဆို ဖန့်ကြွယ်ယွီ ပေးထားသည့် သီချင်းကို အသံသွင်းနိုင်တော့မည်။
ဖန့်ကြွယ်ယွီသည် ကျန်းနန်ဂီတအကယ်ဒမီ၏ ဝင်ပေါက်ရှေ့တွင် ကားကိုရပ်သည်။
“မင်းတို့ကျောင်းရဲ့ တောင်ဘက်ဂိတ်မှာ ငါရောက်နေပြီ”
အီတလီလေ့ကျင့်ရေးဆရာက သူ့အိမ်ကို ခေတ္တခဏပြန်သွားသဖြင့် တောက်လျှောက်အပြင်းအထန်လေ့ကျင့်နေသော ကောရှင်းယွီကို ခဏအနားပေးရမည်။
ရုပ်ရှင်ကားကောင်းတစ်ကား ယနေ့ရုံတင်သဖြင့် ဖန့်ကြွယ်ယွီက လက်မှတ်ဖြတ်ပြီး ကောရှင်းယွီအား အတူတူကြည့်ရန် ခေါ်လာခဲ့သည်။
“ဟမ်..မြန်လှချည်လား”
ဖန့်ကြွယ်ယွီက ငါးနာရီလာခေါ်မည်ဟု ချိန်းထားပြီး ၄:၄၀ ကတည်းက ရောက်နှင့်နေသည်။
“ခဏစောင့်ဦးနော်။ ကျွန်မလာခဲ့မယ်”
“ရတယ် အေးဆေးလုပ်ပါ” ကောရှင်းယွီ၏ ပျာပျာသလဲလဲဖြစ်နေသည့်အသံကိုကြားပြီး ဖန့်ကြွယ်ယွီ မထိန်းနိုင်ဘဲ ပြုံးမိသည်။
“ရှောင်းလင်..ဒီနေ့ ငါမျက်ခုံးမွှေးဆွဲလာတာ ညီ/မညီ ကြည့်ပေးဦး” ကောရှင်းယွီက အထုပ်ပြင်ဖို့ ဗျာများနေရင်း သူမ၏ အခန်းဖော်ကိုလှမ်းမေးသည်။
“ ငါတို့ရဲ့ အလှလေး ကောရှင်းယွီ စိတ်လှုပ်ရှားနေတာ ဒါပထမဆုံးမြင်ရတာပဲ” ဟု အခန်းဖော်က စနောက်သည်။
“မှန်မှန်ဖြေ..နင်ရည်းစားရနေပြီမဟုတ်လား။ နင့် liveထဲမှာ တွေ့တွေ့နေတဲ့ ဟိုသူဌေးမဟုတ်လား”
“ရှင်းယွီ ..ငါတို့ကိုလျှိုထားတယ်ပေါ့”
“ငါတို့နဲ့ဘယ်တော့မိတ်ဆက်ပေးမလဲ။ နင့်အတွက် ကောင်းတဲ့လူ ဟုတ်/ မဟုတ်ဆိုတာ ကြည့်ပေးမယ်”
“ဟုတ်တယ်နော်။ ဒီခေတ်မှာ လူလိမ်တွေကလည်း ပေါချက်ဆိုတာ။ အထူးသဖြင့် နင့်ပရိတ်သက်တွေလေ။ ပိုက်ဆံလေးနည်းနည်းဆုချရုံနဲ့ သူတို့ကို မိန်းမတွေကအသားကုန်ကပ်တော့မယ် တွေးထားကြတာ”
“ခဏလေးး..ဘာတွေပြောနေကြတာလဲ။ နင်တို့ပြောတာတစ်ခုမှမဟုတ်ဘူး။ ငါတို့က တွဲတောင်မတွဲရသေးဘူး” အခန်းဖော်သူငယ်ချင်းများက ဝိုင်းစနေသဖြင့် ရှင်းယွီတစ်ယောက် မျက်နှာပင်နီမြန်းလာတော့သည်။
“တကယ်ကြီး..နင့်ရုပ်ရည်နဲ့ဆို သူ့ကိုအသာလေးရမှာပါဟ”
“ခစ်ခစ် ငါတို့ရဲ့ ရှင်းယွီက အချစ်နဲ့တွေ့နေပြီထင်တယ်”
“တော်ပြီဟာ..ပေါက်ကရတွေမပြောတော့ဘူး။ ငါ သွားပြီ။ ပြန်လာရင် အရသာရှိတာတစ်ခုခု ဝယ်လာခဲ့မယ်”
“ကောင်းပါပြီ နင်ဒီည ပြန်မလာဘူးဆို ရဲတိုင်မှာနော်”
“ဟား ဟုတ်တယ် ။ နင်ပြန်မလာရင် ပြန်ပေးဆွဲခံရပြီလို့ မှတ်လိုက်မှာနော်”
ရုတ်တရက်ဆိုသလို အဆောင်တစ်ခုလုံး ရယ်မောသံများ စီခနဲ ထွက်လာသည်။
ဖန့်ကြွယ်ယွီက ကားထဲမှာထိုင်ရင်း သီချင်းနားထောင်နေသည်။ ဟွာရှား၏ ထိပ်သီးဂီတအကယ်ဒမီ သုံးခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ကျန်းနန်ဂီတအကယ်ဒမီတွင် မိန်းကလေးအများစုတက်ရောက်ကြသည်။ မိန်းကလေးများ ဟိုဟိုဒီဒီဝင်ထွက်နေသည်ကိုမြင်ရပြီးခေါင်းတောင်မူးလာသည်။
ဖန့်ကြွယ်ယွီ၏ အခန်းဖော်ပြောဖူးသည်မှာ တက္ကသိုလ်ကျောင်းဝင်းထဲတွင် ဇိမ်ခံကားများ၏ ခေါင်မိုးပေါ်တွင် သောက်စရာတစ်ခုခုတင်ပြီး ရပ်ကြသည်။ ထိုအရာမှာ ထူးခြားသောအကြောင်းအရင်းရှိသည်။ ကျောင်းသူလေးများက ကားနားကိုချဉ်းကပ်လာကြသည်။ သောက်စရာအနေအထားက တန်ဖိုးကိုညွှန်ပြနေသည်။ ကား၏ ဦးတည်ရာမှာ အနီးအနားရှိ အိမ်ရာများ သို့ လူချမ်းသာများ၏ ကိုယ်ပိုင်ဟိုတယ်များဆီဖြစ်သည်။
ဖန့်ကြွယ်ယွီက ယခင်တုန်းက ထိုအကြောင်းကိုကြားမိသောအခါ မဖြစ်နိုင်ဘူးဟု ထင်မိသည်။ ယခုအခါမှာ ထိုအရာက လက်တွေ့ မှာအမှန်တကယ်ဖြစ်ပျက်နေသည်ဆိုတာ ယုံမိတော့သည်။
အနည်းဆုံး ကားအစီးရေ တစ်ဆယ်ကျော်သည် ခေါင်မိုးပေါ်တွင် ကျန်းချီ၊ မိုင်တုံး စသည့် သောက်စရာများတင်ထားပြီး လမ်းဘေးမှာရပ်နေသည်။
ဟမ်!! ဝမ်ကျိုင်နို့ကရော ဘာလို့ ရှိနေတာလဲ။ ဘာသဘောလဲဟ!
သူ့ဦးနှောက်က မစဉ်းစားနိုင်တော့ပေ။
သူစောင့်နေသည့် ဆယ်မိနစ်အတွင်း လှလှပပနှင့် ဖက်ရှင်ကျကျဝတ်ဆင်ထားသော မိန်းမလှလေးများက အလျှိုအလျှိုထွက်လာပြီး ခေါင်မိုးပေါ်ရှိ သောက်စရာများကို ယူပြီး ထိုကားများပေါ် လိုက်သွားကြသည်။
“ကောင်းလိုက်တဲ့ကား” ကတုံးပြောင်နှင့်တစ်ယောက်က သူ့ကားကို မှီထားရင်း မှတ်ချက်ပြုသည်။
“ဟုတ်တယ်”
“ဒီကားနဲ့ဆို ဘာသောက်စရာမှ တင်စရာမလိုဘူး။မင်းရဲ့ ကားရပ်လိုက်တာနဲ့ လိုက်ချင်လို့ တန်းစီနေကြမှာ”
“ကောင်လေး ကားတံခါးကိုဖွင့်ထားလေ။ ဒါ အချက်ပြတဲ့ သင်္ကေတပဲ”
“ဟေ့လူ..ငါကအဲ့လိုမဟုတ်” ထိုလူက သူ့ကို အပျော်လာရှာသည်ဟု အထင်လွဲမှုအပေါ် ဆွံ့အသွားမိသည်။
“ဘာတွေရှက်နေတာလဲ။ ယောကျာ်းအချင်းချင်းပဲဟာ” သူ၏ ရှက်ရွံ့နေသော အမူအရာကိုကြည့်ပြီး ထိုလူက ဖျောင်းဖြသည်။
“မင်းက ညအထိစောင့်နေရင်တောင် မင်းကားပေါ်တက်လာကြမှာမဟုတ်ဘူး။ သူတို့က ကားပေါ်လိုက်ချင်စေဦးတော့ မင်းကိုပဲကြည့်နေကြမှာ”
“ကိစ္စမရှိဘူးလေ ငါကူညီမှာပေါ့”
ထိုလူကပြောရင်းဆိုရင်း ဝါးဟားဟားပုလင်းကို ကားပေါ်တင်သည်။
“ကိုယ့်ညီ..အမိုက်စားလေးနဲ့မှ မင်းတန်မှာ”
“ဟမ်” ဖန့်ကြွယ်ယွီ နားမလည်နိုင်တော့ပေ။ “ ဒါကဘာသဘောလဲ”
“မင်းသဘောမပေါက်ဘူးပေါ့။ ဝါဟားဟားက အသက်အရွယ်၊ပြီးတော့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကိုကန့်သတ်တယ်။ ထိပ်သီးအလှပဂေးလေးကပဲ ဒါနဲ့ထိုက်တန်မှာ။ ဒီကျောင်းမှာ အချောအလှတွေပေါပါတယ်။ နောက်ဆယ်မိနစ်ဆို တစ်ယောက်ယောက်ထွက်လာမှ ကျေးဇူးလာမတင်နဲ့”
“ငါ့မှာရှိပြီးသား” ဖန့်ကြွယ်ယွီက ပုလင်းကိုဖယ်ချိန်တွင် အရုပ်မလေးတမျှလှသည့် မိန်းမလှလေးက သူ့ကားနားကိုချဉ်းကပ်လာသည်။
“ကောင်ချောလေး..ညစာအတူသွားစားကြမလား”
“ငါ…” ဖန့်ကြွယ်ယွီက သူ့ကား၏ အရှိန်အဝါကိုလျှော့တွက်ခဲ့မိသည်။ အတွေ့အကြုံရင့်ကားသမားများကသာ သားကောင်ကိုရွေးနိုင်သည်မကဘဲ ကျောင်းသူများကလည်း အတူတူပင်ဖြစ်သည်။
ဆယ်မိနစ်အတွင်း သူ့ကားကို မျက်စိကျလာကြသည်။
ဖန့်ကြွယ်ယွီက ကားတံခါးကိုပိတ်ထားပြီး ပုလင်းလည်းမတင်ထားသဖြင့် ဘယ်သူမှ မကပ်ရဲပေ။ ထိုကတုံးက ပုလင်းကိုလာတင်ပြီးမှသာ မိန်းမလှလေးများက ချဉ်းကပ်ရဲတော့သည်။
“ငါက လူတစ်ယောက်ကိုစောင့်နေတာ” ဟု ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။
“သိတယ်လေ..ဟိုကလူတွေလည်း တစ်ယောက်ယောက်ကိုစောင့်နေကြတာပဲလေ” သူမက အခြားကားများကို လက်ညှိုးထိုးပြချိန်တွင် ကတုံးနှင့်လူက သူ့ကို လက်ဝှေ့ရမ်းပြပြီး မစိုးရိမ်ဖို့ ပြောသည်။
“ငါက ဒီကျောင်းမှာတက်နေတဲ့ သူငယ်ချင်းကိုစောင့်နေတာ” ဖန့်ကြွယ်ယွီ ငိုချင်လာမိသည်။
“ဒါဆို ဘာလို့ ပုလင်းကို ဒီပေါ်တင်ထားလဲ”
ဤကားမျိုးကိုပိုင်သည့်လူက တကယ်ချမ်းသာရမည်။ မည်သည့်အဆင့်မှ မတက်နိုင်လျှင်တောင် မိတ်ဆွေအဖြစ်သိကျွမ်းလိုသည်။ ဤကဲ့သို့ ဥစ္စာပေါရုပ်ချောလူမျိုးက ရှားပါးလှသည်။
“ဒါဆို ဆက်သွယ်လို့ရမဲ့ အချက်တွေ အပြန်အလှန်လဲကြရင်ရောဘယ်လိုလဲ” ထိုအလှလေးက သူ့ကို စူးစူးစိုက်စိုက်ကြည့်သည်။
“ဖန့်ကြွယ်ယွီ ရှင်ဘာလုပ်နေတာလဲ”
ထိုအချိန်မှာ ကောရှင်းယွီက ကျောင်းထဲမှ ထွက်လာသည်။
ကျန်းနန်ဂီတအကယ်ဒမီ ကျောင်းသူဖြစ်တာမို့ ဒီလိုအကြောင်းအရာမျိုးကို
သူမ ကြားဖူးပြီးသားဖြစ်သည်။
သူ၏ကားမှာ ဝါးဟားဟား သောက်စရာနှင့် မိန်းမလှတစ်ဦးကိုမြင်လိုက်ရချိန်တွင် သူမ၏ ဒေါသစိတ်များ ထိန်းမရတော့ပေ။
“ရှင်က ဒီလိုလူကိုး” ဟု ပြောကာ သူမလှည့်ထွက်လာခဲ့သည်။
“မဟုတ် ငါရှင်းပြပါရစေ” အထင်လွဲခံရသည့်အပေါ် ဖန့်ကြွယ်ယွီ ဝမ်းနည်းလာမိသည်။