နာကျင်ကြေကွဲဖွယ် အချိန်ကာလများ
Vol. 9 Ch. 126
ထိုအချိန်၌။
နတ်ဆိုးအရှင်နှင့် အဖိုးတန်ဆေးပင်တို့ကြားက တိုက်ပွဲသည် အဆုံးသတ်တော့မည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်၏။
အဖိုးတန်ဆေးပင် ဆယ့်နှစ်ပင်ခန့်သည် အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရကာ သတိလစ်မတတ် အရိုက်ခံထားရပြီး မြေပြင်ပေါ်တွင် ဖရိုဖရဲ ပြန့်ကျဲလျက် ရှိလေသည်။
"မီးမရှို့ပါနဲ့၊ မီးမရှို့ပါနဲ့၊ ကျေးဇူးပြုပြီး နတ်သမီးလေး၊ ကျွန်တော့်ကို ချမ်းသာပေးပါ!" မြေခွေးမြီးပင်သည် မီးဟုန်းဟုန်းတောက်လောင်ကျွမ်းခံနေရပြီး ၎င်း၏ တစ်ကိုယ်လုံး လျင်မြန်စွာ မည်းတူးလာကာ မွှေးကြိုင်သော ဆေးရနံ့များလည်း မီးခိုးနှင့်အတူ ထွက်ပေါ်လာသည်။ ယခင်က မောက်မာအသောအမူအရာများအားလုံး ရေဖြင့်ဆေးချလိုက်သလိုပျောက်ကွယ်သွားကာ တတွတ်တွတ်တောင်းပန် အသနားခံလျက်သာရှိတော့သည်။
"သေစမ်း!"
နတ်သမီးလေးဟူသောဘွဲ့နာမည်ကို မမျှော်လင့်ဘဲ ကြားလိုက်ရသောအခါ ဟုန်ချန်ယဲ့သည် ဒေါသမီးတောင်ပေါက်ကွဲလို့သွားပြီး သူမ၏ လက်ဝါးမှ ခန့်ညားထည်ဝါသော မီးတောက်များ အလျှံတငြီးငြီးတောက်လောင်လာကာ မြေခွေးမြီးမြက်ကို အပြီးအစီးပြာချ၍ လေထဲသို့ လွင့်ပါပျောက်ကွယ်သွားစေတော့၏။
"မိန်းမယုတ်! နင့်လုပ်ရပ်အတွက် အပြစ်ပေးခံရလိမ့်မယ်!" နေကြာပန်းက ရောင်းရင်းဖြစ်သူ၏ ဝမ်းနည်းဖွယ် အဆုံးသတ်ကို မြင်လိုက်ရသော် မခံချင်စိတ်ဖြင့် နာကျည်းစွာအော်ဟစ်လိုက်သည်။
"အိုး? ဟုတ်သလား?"
ဟုန်ချန်ယဲ့သည် ဒေါသတကြီး လှောင်ပြောင်ရယ်မောလိုက်ပြီး ကြောက်မက်ဖွယ်မီးတောက်များ ဟုန်းဟုန်းထနေသောလက်ဖဝါးကို ဖြန့်ကား၍ ရှေ့သို့ ခုန်ထွက်ကာ နေကြာပန်းပေါ်သို့ ဆောင့်ရိုက်ချလိုက်သည်။
နေကြာပန်းသည် ၎င်း၏ အင်အားကို စုစည်းကာ တဖိတ်ဖိတ်တောက်ပသော ရွှေရောင်ခြည်တန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုတိုက်ကွက်မှာ မဟာပထဝီမြေကြီးကို ခွဲခြမ်းကာ တောင်တန်းများကို ထိုးဖောက်ဖြိုခွဲနိုင်လောက်အောင် အားကောင်းသော်လည်း နတ်ဆိုးအရှင်ဟုန်ကိုတော့ တုယှဥ်ပြိုင်ဖို့ မစွမ်းသာခဲ့ပေ။
"အား!"
နေကြာပန်းသည် ဝမ်းနည်းနာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ၎င်း၏ တစ်ကိုယ်လုံးမှာ ညက်ညက်ကြေမွကာ အမှိုက်သရိုက်များနှင့်ရောနှောလျက် တောတောင်တလွှားသို့ ဖုံးအုပ်ပြန့်ကျဲသွားလေတော့၏။
ဝှစ်!
လီဝူကျယ်၏ လှုပ်ရှားမှုများသည် လျင်မြန်သွက်လက်လှပြီး လက်ထဲရှိ မီးဖိုချောင်သုံးဓားလေးမှာ မြင်သူမျက်စိကျိန်းစေလောက်အောင် ကျင်လည်စွာ လည်ပတ်တိုက်ခိုက်၍ အဖိုးတန်ဆေးပင်တစ်ပင်အား ညီညာချောမွေ့စွာဖြင့် စနစ်တကျ စီစီရီရီ ပိုင်းဖြတ်ထားခဲ့လေသည်။
မကြာမီ ၎င်းတို့အားလုံးကို ရှင်းလင်းသုတ်သင်ပြီးဖြစ်၏။
"သေသေချာချာ သိမ်းဆည်းပြီး သန့်ရှင်းရေးလုပ်ထား။ နောက်မှ ဟင်းချိုချက်သောက်လို့ရတယ်" ယဲ့ကျွင်းလင်က ပြောလိုက်သည်။
"ဟုတ်ကဲ့ ဆရာသခင်!" လီဝူကျယ်က တသဝေမတိမ်း နာခံစွာ ပြန်ဖြေသည်။
"အို၊ ဒီတစ်ပင်တော့ လှုပ်နေတုန်းပဲ" ပုရှောင်ရှီးသည် မြေပြင်ပေါ်တွင် ငုတ်တုတ်လေးထိုင်ချကာ ရှင်းရှင်းလင်းလင်း ဖြတ်တောက်ခံထားရသော်လည်း မြွေကဲ့သို့ တွန့်လိမ်အကြောဆွဲနေလျက်ရှိသော နွယ်ခြောက်တစ်ပိုင်းကို သစ်ကိုင်းတစ်ကိုင်းဖြင့် ထိုးဆွရင်း စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။
ဆက်လက်ရှင်သန်ဖို့ မျှော်လင့်ချက်မရှိနိုင်တော့ကြောင်း သိဟန်ရသော နွယ်ပင်သည် အသက်ငင်နေလျက်နှင့်ပင် ၎င်း၏ နောက်ဆုံးကျန်ရှိသော အသက်စွမ်းအင်ကို အသည်းအသန် လှုံ့ဆော်ကာ အဖျားပိုင်းကို ပန်းပွင့်ကဲ့သို့ ပွင့်အာလာစေပြီး တောက်ပသော ငွေရောင်အလင်းတန်းတစ်ခုအား ကောင်းကင်ထက်သို့ချိန်ရွယ်၍ ထုတ်လွှတ်လိုက်သည်။
ဝှစ်!
လေကို ထိုးဖောက်ခွင်းတက်သွားသော အရာတစ်ခု၏ ချွန်ထက်သော ခပ်ရှရှအသံတစ်သံ ထွက်ပေါ်လာပြီးနောက် ထိုငွေရောင်အလင်းလုံးသည် ကောင်းကင်ထက်၌ ပေါက်ကွဲသွားကာ ငွေရောင်ပုဆိန်ပုံရိပ်တစ်ခုကို ဖန်တီးကျန်ရစ်စေ၏။
ထိုသို့ပြုလုပ်ပြီးနောက် နွယ်ခြောက်ပင်သည် နောက်ထပ် လှုပ်ရှားမှုမရှိတော့ဘဲ အားပျော့စွာ လဲကျသွားတော့သည်။
လီဝူကျယ် မျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်မိသည်။ "ဒါက..."
ငွေရောင်ပုဆိန်ပုံရိပ်ကို ကြည့်ရင်း ယဲ့ကျွင်းလင်၏ မျက်နှာသည် တစ်မျိုးတစ်မည်ဖြစ်သွားဟန်ဖြင့် "ဒါက ပုဆိန်ဂိုဏ်းရဲ့ အချက်ပြအကူအညီတောင်းတဲ့ ပုံစံမျိုးလား?" ဟု ရေရွတ်လိုက်သည်။
အဖိုးတန်ဆေးပင်များသည် ဉာဏ်ရည်ထက်မြက်လှသောကြောင့် ဆေးဘုရင်တောင်ကြားတွင်နေထိုင်ခဲ့ရသော နှစ်ပေါင်းများစွာကာလအတွင်း လူသားများကဲ့သို့ ဂိုဏ်းများနှင့် အဖွဲ့အစည်းများ ဖွဲ့စည်းထားခြင်းဖြစ်နိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။
နွယ်ခြောက်ပင်သည် တပ်ကူတောင်းဆိုလိုက်ခြင်းဖြစ်မှန်း ရှင်းရှင်းလင်းလင်း နားလည်နိုင်ပေ၏။
တစ်နည်းဆိုရသော် သူတို့ကျင့်ကြံသူအုပ်စုမှာ နောက်ထပ် အဖိုးတန်ဆေးပင်အုပ်စုတစ်ခု၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရတော့မည် ဟူ၍ပင်။
ဒါက ကောင်းတဲ့ကိစ္စလား၊ ဆိုးတဲ့ကိစ္စလား။
ဟုန်ချန်ယဲ့က "နောက်ထပ် အကူအညီတွေ လာရင်တောင် ငါ အားလုံးကို မီးရှို့ပြာချပစ်လိုက်မယ်!" ဟု မဲ့ပြုံးတစ်ချက်ဖြင့် ကြိမ်းဝါးသည်။
လီဝူကျယ် ချောင်းတဟွတ်ဟွတ်ဖြင့် မရဲတရဲအကြံပြုသည်။ "ဆရာတူအစ်ကိုကြီးဟုန်၊ ဖြည်းဖြည်းလုပ်ပါ။ ဒါတွေအားလုံးက အဖိုးတန်ဆေးပင်တွေပဲလေ။ ကျွန်တော် အကြံပြုချင်တာက ဟင်းချိုချက်သောက်လိုက်မယ်ဆို ပိုအကျိုးရှိမလားလို့"
"ဟမ့်!"
ဟုန်ချန်ယဲ့က မျက်နှာတည်ဖြင့်တစ်ဖက်လှည့်လိုက်ပြီး စကားပြန်သည်။ "ငါ့ရဲ့ စိတ်အခြေအနေပေါ် မူတည်တယ်!"
ယဲ့ကျွင်းလင်က ရယ်သွမ်းသွေးလျက် တစ်ခွန်းဝင်ပြောလိုက်သည်။ "မင်းတို့ တိုက်ပွဲအတွင်းမှာ တစ်ခုခုကို သတိထားမိလိုက်မှာတော့ သေချာတယ်"
ဤစကားကို ကြားသောအခါ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။
"ဟုတ်တယ် ဆရာသခင်၊ ဆေးပင်တွေက ပုံမှန်အားဖြင့် ဒီလောက်အားမသုံးနိုင်ကြဘူးလေ။ ဒီအတိုင်းသာဆိုရင် နောက်မှ ပေါ်လာမယ့်ကောင်တွေက ပိုအားကောင်းနေတာမျိုးလည်း ဖြစ်နိုင်တယ်။ ကျွန်တော့်အထင်တော့ ဆေးဘုရင်တောင်ကြားထဲဝင်ခဲ့ဖူးတဲ့ ကျင့်ကြံသူအများစုလည်း အင်း..." လီဝူကျယ်သည် တမင်တကာ စကားဖြတ်လိုက်သော်ငြား သူဖော်ပြလိုသော အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းနေပြီဖြစ်သည်။
ဤအဖိုးတန်ဆေးပင် တစ်ဒါဇင်ခန့်ကို နှိမ်နင်းရန် သူတို့နှစ်ဦးပင် အတော်အတန် အားစိုက်ထုတ်ခဲ့ရသောကြောင့် ကျန်ရှိသောကျင့်ကြံသူများ မည်မျှထိတောင့်ခံနိုင်မည်မှန်း သူတို့မခန့်မှန်းနိုင်ပါ။
လူအများအပြား ထောင်ချောက်ထဲပိတ်မိခဲ့ကြရာတွင် ဤအဖိုးတန်ဆေးပင်များ၏ ကစားစရာအရုပ်များဘဝသို့ ကံဆိုးစွာရောက်ရှိသွားကြကာ ဂုဏ်သိက္ခာတို့ ရစရာမရှိအောင် နင်းချေခံခဲ့ရမည်မှာ အသေအချာပင်။
ဟုန်ချန်ယဲ့က ဝင်ပြောလာသည်။ "ဆေးဘုရင်က ဒါကို တမင်လုပ်နေတယ်လို့ ကျွန်တော်သေချာသလောက်ရှိတယ်။ သူတော်ကောင်းကျင့်ကြံသူတစ်ယောက်က ဒီလိုယုတ်မာတဲ့လုပ်ရပ်မျိုး ဘယ်တော့မှလုပ်လိမ့်မှာမဟုတ်ဘူး! ဆေးဘုရင်တောင်ကြားက ဆေးပင်တွေမင်းမူတဲ့နေရာပဲ၊ ဒီလိုဖြစ်အောင်လည်း အကုန်အစီအစဥ်ချထားတာ၊ သူကနှစ်တစ်သိန်းကိုတစ်ကြိမ် ဖွင့်ပွဲကြီးလုပ်ပြီး သူတော်ကောင်းဘွဲ့ခံယူနေပေမယ့် တကယ်တမ်းတော့ ကိုယ့်လူအချင်းချင်း လှည့်ကွက်သုံးပြီး သားကောင်မျှားနေတာပဲလေ!"
မသေမျိုးစစ်စစ်တစ်ပါး ဖြစ်ခဲ့ဖူးသောဟုန်ချန်ယဲ့သည် ဆေးဘုရင်၏လုပ်ရပ်များကို လွန်စွာမုန်းတီးစက်ဆုပ်မိ၏။
လီဝူကျယ်က မျက်မှောင်ကြုတ်လျက် ပြန်ပြောလာသည်။ "မဖြစ်နိုင်ဘူး၊ ကျွန်တော်ကြားထားသမျှသတင်းတွေအရ ဆေးဘုရင်ဟာ သနားကြင်နာတတ်ပြီး ရက်ရောသဘောကောင်းတယ်၊ ဆေးပညာစွမ်းရည် အလွန်ထက်မြက်ပြီး သေသူကိုတောင် ပြန်ရှင်အောင် လုပ်နိုင်တယ်လို့ အဆိုရှိတယ်။ ရှေးခေတ်တုန်းက သမားကောင်းတစ်ယောက်အဖြစ် နာမည်ကျော်ကြားပြီး အရှေ့ပိုင်းစီရင်စုမှာ အလွန်ချီးကျူးဂုဏ်ပြုခံရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒီလိုလူက ထောင်ချောက်ဆင်မယ်လို့ ကျွန်တော် မထင်ဘူး။ ဒီက ဆေးပင်တွေကို သူသဘောကျလို့ အထူးအခွင့်အရေးတွေ ပေးထားတာဖြစ်လိမ့်မယ်"
"ဟေး၊ မင်း ဘာပြောနေတယ်ဆိုတာကိုရော မင်းသိရဲ့လား? သူ တကယ် ဆေးပင်တွေကို ချစ်နှစ်သက်တယ်ဆိုရင် ဘာလို့ ဆေးဘုရင်တောင်ကြားကို ဖွင့်ပေးနေသေးလဲ? အမြဲတမ်း ပိတ်ထားလိုက်ပေါ့! ဒါတွေအားလုံး အတုအယောင်တွေပဲ! ဟန်ဆောင်ကောင်းတဲ့ သမားယောင်!" ဟုန်ချန်ယဲ့က ဒေါသထွက်လာသောလေသံဖြင့် လီဝူကျယ်ကို ပြန်ဖိငေါက်သည်။
"အာ"
လီဝူကျယ် ဆရာတူအစ်ကိုကြီးကို ပြန်ခံမငြင်းရဲပါ။
သူ့စကားတွေကလည်း ထင်မြင်ချက်သက်သက်သာဖြစ်ပြီး အထောက်အထားမခိုင်လုံကြောင်း သူကိုယ်တိုင်သိသောကြောင့်ဖြစ်ပါ၏။
ယဲ့ကျွင်းလင်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ဖျန်ဖြေပေးလိုက်သည်။ "ဟုတ်ပါပြီကွာ၊ ဖြည်းဖြည်းချင်းစုံစမ်းကြည့်ကြတာပေါ့"
သူကတော့ ဒီအခြေအနေကို အန္တရာယ်ရှိသည်ဟု မခံစားရဘဲ ဆန်းသစ်မှုများဖြင့်ပြည့်နေသောနေရာတစ်ခု ဟူ၍သာ ခံစားနေရသည်။ လူကိုယ်တိုင်ဒီရောက်နေပြီဆိုမှတော့ ဆေးဘုရင်တောင်ကြားကဆေးပင်တွေ ဘယ်လောက်စွမ်းဆောင်နိုင်သလဲ ကြည့်ကြသေးတာပေါ့ ဟုသာ အတွေးရှိ၏။
တစ်ဖက်မှာတော့။
နွယ်ပင်များဖြင့် ရက်လုပ်ယှက်နွယ်ထားသော ပလ္လင်တစ်ခုပေါ်တွင် လက်ဝါးအရွယ်အစားခန့်ရှိသော ဂျင်ဆင်းမြစ်သဏ္ဌာန် သတ္တဝါတစ်ကောင် ထိုင်နေပြီး ၎င်း၏ တစ်ကိုယ်လုံးမှာ ရွေချထားသကဲ့သို့ တောက်ပဝင်းလက်ကာ အင်အားကြီးမားသော အသက်စွမ်းအင်ကို ထုတ်လွှတ်နေသည်။
ဒါက ရွှေဂျင်ဆင်းပဲ ဖြစ်ပါတယ်!
အဖိုးတန်ဆေးပင်များကို ကျော်လွန်သော တည်ရှိမှု၊ ၎င်းသည် စစ်မှန်သော ဆေးဘုရင်အဆင့်သာဖြစ်၏။
(တောင်ကြားကိုဖွဲ့စည်းပေးသွားတဲ့ သမားတော်အဖိုးကြီးကိုလည်း ဆေးဘုရင်လို့ခေါ်ပြီး ဆေးပင်အဆင့်တွေထဲက အမြင့်ဆုံးအဆင့်ကိုလည်း ဆေးဘုရင်လို့ပဲခေါ်ပါတယ်)
ဤအဆင့်သို့ ရောက်ရှိသော မည်သည့်ဆေးဖက်ဝင်ပစ္စည်းကိုမဆို ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျွမ်းကျင်သူများပင် လောဘတက်စွာ တိုက်ခိုက်လုယူကြမည်ဖြစ်သည်။ ဤမျှလောက်အထိ အကျိုးကျေးဇူးများပြားသော ဆေးဘုရင်ပါပေ။
ထိုရွှေဂျင်ဆင်းသည် ပလ္လင်ထက်တွင် မြင့်သွန်းခံ့ထည်စွာ တည်ရှိနေပြီး အရှင်သခင်တစ်ဦးကဲ့သို့ သြဇာပါသောလေသံဖြင့် မေးလိုက်သည်။ "ခုနလေးက အဖွဲ့ဝင်တစ်ယောက်ယောက် အချက်ပြအကူအညီတောင်းလိုက်တာလား?"
"ဂျင်ဆင်းဘုရင်ကို လျှောက်ထားပါတယ်၊ အချက်ပြအကူအညီတောင်းခြင်း မှန်ကန်ကြောင်းပါ!" လက်အောက်ငယ်သားတစ်ဦးက လျှောက်တင်လာသည်။
"ဟမ့်၊ ငါ့ရဲ့ ပုဆိန်ဂိုဏ်းကို ဘယ်သူများ ရန်လာစရဲတာလဲ? ဆေးဘုရင်တောင်ကြားမှာ အခြေစိုက်ထားတဲ့ တခြားအင်အားစုတွေများလား?" ရွှေဂျင်ဆင်းက အေးစက်စွာ ပြောလိုက်သည်။
"မဖြစ်သင့်ဘူး၊ နှစ်ပေါင်းများစွာကြာအောင် ငြိမ်းငြိမ်းချမ်းချမ်း နေလာခဲ့တာ၊ ဘယ်သူက ငါတို့ ပုဆိန်ဂိုဏ်းကို ရန်စတိုက်ခိုက်မှာလဲ!" ပိုးဇာပန်းပုံသဏ္ဌာန်ရှိသော အဖိုးတန်ဆေးပင်တစ်ပင်ကလည်း အံ့သြတကြီး ပြောဆိုလာသည်။
(ဆေးပင်တွေက စကားပြောဖို့တော့ပါးစပ်မပါပါဘူး၊ စိတ်ဝိညာဥ်လှိုင်းနဲ့ အသံလွှင့်တတ်ကြပါတယ်)
"ဟိုလူသားအုပ်စုများလား? ဒီနေ့က ဆေးဘုရင်တောင်ကြားဖွင့်တဲ့ရက်နဲ့ ကွက်တိကြီးကျနေတာလေ!"
"မဖြစ်နိုင်ဘူး၊ လူသားတွေက အရမ်းအားနည်းတာကို၊ သူတို့က ဘယ်လိုလုပ် ငါတို့ရဲ့ မြင့်မြတ်တဲ့ ဆေးပင်မျိုးနွယ်ကို ခြိမ်းခြောက်နိုင်မှာလဲ?"
"ဟုတ်တယ်၊ လူသားတွေ ဝင်လာတိုင်း ငါတို့က ဒီလောက်ရိုက်နှက်ဆုံးမလွှတ်နေတာကို။ သူတို့က လက်မလျှော့စတမ်း စားချင်နေကြတုန်းပဲ! ဘယ်လောက်တုံးအလိုက်သလဲ!"
ချက်ချင်းပင် အခြားအဖိုးတန်ဆေးပင်များက ဤဖြစ်နိုင်ချေကို ဆက်တိုက် မေးခွန်းထုတ်လာကြပြီး ထိုအရိုက်နှက်ခံလူသားများသည် အလွန်အားနည်းချိနဲ့လှသောကြောင့် ၎င်းတို့ကို ခြိမ်းခြောက်နိုင်မည်မဟုတ်ဟုသာ အခိုင်အမာ ယုံကြည်ထားကြပုံပေါ်၏။
"အားလုံး တိတ်တိတ်နေကြ!"
အားကောင်းသော အသံလှိုင်းတစ်ခု လွှမ်းခြုံသွားပြီး ငြင်းခုန်တွတ်ထိုးနေကြသော အဖိုးတန်ဆေးပင်များ တိတ်ဆိတ်သွားသည်။
ရွှေဂျင်ဆင်းသည် လှုပ်ရှားလိုက်သော် ၎င်း၏ အမြစ်များသည် လူ့ခြေထောက်များကဲ့သို့ ထောင်မတ်လာကာ အမိန့်ချမှတ်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် ဆေးဘုရင်တောင်ကြားလည်း ဖွင့်ပြီးပြီဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီး ကစားဖို့ လူသားတချို့ သွားဖမ်းကြမယ်ဆိုလည်း မဆိုးပါဘူး၊ ပြီးတော့ ပုဆိန်ဂိုဏ်းကို တိုက်ခိုက်ရဲတဲ့သူက ဘယ်သူလဲဆိုတာကို လမ်းကြုံတစ်ခါတည်း သွားကြည့်ကြတာပေါ့!"
ဤသို့ပြောရင်း သူသည် ငွေရောင်ပုဆိန်တစ်ခုကို ဘယ်နေရာကမှန်းမသိ ဆတ်ခနဲ ထုတ်ယူလိုက်သည်။ ထိုလက်နက်မှာ လူသားကျင့်ကြံသူများ အသုံးပြုလေ့ရှိသော မှော်ပစ္စည်းတစ်ခုဖြစ်ပြီး ဂျင်ဆင်းဘုရင်သည် ၎င်းကို အထက်သို့ဝင့်လျက် မြှောက်ကိုင်လိုက်ကာ အရှိန်အဟုန်အပြည့်ဖြင့် ဂိုဏ်းခေါင်းဆောင်တစ်ဦးကဲ့သို့ အမိန့်ပေးလိုက်၏။ "သွားကြစို့!"
ထိုအချိန်၌။
ဆေးဘုရင်တောင်ကြားထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူအများအပြားသည် အစပိုင်း၌ စိတ်လှုပ်ရှားခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် မျှော်လင့်ချက်များ အပြည့်ရှိနေရာမှ ယခု ရက်ပိုင်းပင်မကြာသေးသော အချိန်တွင် စိတ်ပျက်အားငယ်စွာဖြင့် အသက်ဘေးကိုပင် စိုးရိမ်ကြောင့်ကြလျက် ရှိကြလေပြီ။
သူတို့အားလုံး၏ ကျင့်ကြံရေးသည် ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်သို့ ကျဆင်းသွားမည်ဟု ဘယ်တုန်းကမှ မထင်မိခဲ့ကြသလို ဤနေရာရှိ ဆေးပင်တိုင်းသည်လည်း ထူးထူးခြားခြား အားကောင်းမောင်းသန်ဖြစ်နေကြမည်ဟု လုံးလုံးမှ ခန့်မှန်းမထားခဲ့မိကြချေ။
ဖြောင်း ဖြောင်း ဖြောင်း...
တောင်ကြားတစ်လျှောက်တွင် မြေပြင်ပေါ်တွင် လဲကျနေသော ကျင့်ကြံသူများကို ၎င်း၏ သစ်ကိုင်းများအား လက်ကဲ့သို့အသုံးပြု၍ရိုက်နှက်နေသော မှော်ဝင်သစ်အုန်းပင်တစ်ပင် ရှိသည်။ ကျင့်ကြံသူတို့မှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ကူကယ်ရာမဲ့စွာ ထပ်ခါထပ်ခါ အော်ဟစ်ငိုယိုနေကြလျက်။
ထို့အပြင် ချီစုဆောင်းခြင်းအဆင့် ဆယ့်နှစ်ဆင့်၏ အငွေ့အသက်ကို ထုတ်လွှတ်နေသော အဆင့်မြင့် အဖိုးတန်ဆေးပင်တစ်ပင်လည်း ရှိပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ နောက်ကျောပေါ်သို့ တက်စီးကာ ၎င်းကို မြေပြင်ပေါ်သို့ ဖိအားပေးလှဲချစေပြီး ထိုအမျိုးသားအား ခွေးကဲ့သို့ လေးဖက်ထောက်သွားစေသည်။ တစ်ချိန်က ဝိညာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ဦးဖြစ်ခဲ့သော ထိုအမျိုးသားမှာ အလွန်အမင်း အရှက်ရနေရမည်ဖြစ်ကြောင်း သံသယဆိုဖွယ်ရာပင်မရှိ။
လှပသော အမျိုးသမီးကျင့်ကြံသူ အချို့မှာလည်း ကိုယ်လုံးတီးဖြစ်သည်အထိ အဝတ်အစားများဆုတ်ဖြဲခံထားရခြင်းကြောင့် မျက်ရည်အသွင်သွင်စီးကျကာ ငိုကြွေးနေကြပြီး စိတ်လှုပ်ရှားစွာခုန်ပေါက်နေကြသော အဖိုးတန်ဆေးပင်အချို့၏ အလယ်တွင် မီးခွက်အက ကပြလို့နေရရှာ၏။
နေရာတိုင်းတွင် ကမောက်ကမနိုင်ပြီး မဆီလျော်သော မြင်ကွင်းများဖြင့်ပြည့်နေကာ ကမ္ဘာလောကကြီး ပြောင်းပြန်လှန်ခံလိုက်ရသည့်အလား ထင်ရလေသည်။
ပြင်ပကမ္ဘာတွင် အဆုံးအဖြတ်အားလုံး၏ ဗဟိုတည်ရာ အင်အားအကြီးဆုံးဖြစ်သော လူသားမျိုးနွယ်သည် ဆေးဘုရင်တောင်ကြားတွင် မည်သူမဆို စိတ်ကြိုက်အနိုင်ကျင့်ခိုင်းစေနိုင်သော အစေခံအုပ်စုတစ်ခု ဖြစ်လာခဲ့ရ၏။
"မရိုက်နဲ့! ငါ နင့်ကို ကယ်တင်ပေးပါ့မယ်၊ ထပ်မရိုက်ပါနဲ့တော့!"
"ပြေးဟေ့! ဆေးဘုရင်တောင်ကြားက လိမ်စားနေတာပဲ! အကြီးကြီးကိုလိမ်စားနေကြတာ!"
"ဝူးဝူး၊ ဘာလို့ ရှေ့အကြီးအကဲတွေက ဒီဆေးဘုရင်တောင်ကြားရဲ့ လူမသိတဲ့အမှန်တရားကို တစ်ခါမှ ထုတ်မပြောပြခဲ့ကြတာလဲ!"
"ဘာလို့ ဒီအဖိုးတန်ဆေးပင်တွေက ဒီလောက်အားကြီးနေရတာလဲ၊ ငါက ငါ့ဂိုဏ်းမှာဆိုရင် ထိပ်တန်းဆယ်ယောက်ဝင်ပါရမီရှင်ကွ၊ အခုတော့ ပေါင်းပင်တစ်ပင်ကိုတောင် နိုင်အောင်မရိုက်နိုင်တော့ဘူးတဲ့? ဒါကြီးကဖြစ်သင့်ရဲ့လား?"
......
တောင်းပန်တိုးလျှိုးသံများ၊ ငိုကြွေးမြည်တမ်းသံများမှာ ဆေးဘုရင်တောင်ကြားတစ်လျှောက် အတန်တန်ပဲ့တင်ထပ်၍ အဆုံးမရှိနိုင်သော ငရဲတွင်းကြီးတစ်ခုကဲ့သို့။
ဤလူမဆန်သော ဖြစ်ရပ်ကြီးကား ကျင့်ကြံသူတို့၏စိတ်နှလုံးသည်းပွတ်ထက် မသေမချင်းဖျောက်ဖျက်လို့မရနိုင်သော အတိတ်ဆိုးကြီးတစ်ခုအဖြစ် စွဲထင်ကျန်ရှိတော့မည် ဧကန်ပင်။
စာစဉ်ပြီး၏