← Chapters

ငါတစ်ယောက်တည်းဖရဲသီးစားနေရတာလား?

Vol. 9 Ch. 114

ငါတစ်ယောက်တည်းဖရဲသီးစားနေရတာလား?

Vol. 9 Ch. 114

(ဖရဲသီးစားတယ်ဆိုတာ အတင်းအဖျင်းကောလဟလတွေနားထောင်တဲ့ ဗန်းစကားပါ)

ထိုနတ်ဆိုးအရှင်လေး၏ ကောက်ကျစ်သောစိတ်ရင်းခံအရ သူဒီလိုအဆဲခံနေရတာကို လွန်စွာမှကျေနပ်ပီတိ ဂွမ်းဆီထိနေမည်မှန်း သူသိပါ၏။ သို့သော် တစ်စက္ကန့်ပင်မကြာလိုက်သော အချိန်တိုလေးအတွင်း သွေးပွက်ပွက်ဆူနေဟန် ဒေါသမျက်နှာထားအဖြစ် ပြောင်းလဲလိုက်နိုင်သည်ကား အံ့ချီးဖွယ် သရုပ်ဆောင်စကေးပါပင်။

"ပြီးတော့ အဲဒီ ဓားနတ်ဆိုး လီဝူကျယ်ဆိုတဲ့ကောင်! အဲဒီခွေးက တကယ်ကို လူမဆန်တာ! သူ့သခင် ယဲ့ကျွင်းလင်ရဲ့ နာမည်ကို ဗန်းပြပြီး ငါတို့ကိုအနိုင်ကျင့်တယ် နှိပ်ကွပ်တယ်၊ စကားတစ်ခွန်းတောင် ညှိနှိုင်းမှုမရှိဘဲ လက်နက်ပဲတန်းချခိုင်းတာကွာ!"

"ဟုတ်တယ်! စိန်နားကပ်အရောင်နဲ့ပါးပြောင်ပြီး မာန်တက်နေတာ၊ အဲ့တုန်းကသူ့မျက်ခွက်ကိုမြင်တော့ သလိပ်ဟပ်ပြီး ထွီခနဲထွေးပစ်ချင်စိတ် မနည်းထိန်းထားရတယ်! ပြီးတော့ သူ့နှာခေါင်းကို လက်ညှိုးထိုးပြီး 'မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ' လို့ နှိမ်ပေးချင်တာ! ရွှယ်မိသားစုပွဲမှာကတည်းက အရိုက်ခံရပြီး သေသွားသင့်တဲ့ကောင်"

"ဟမ့် အဲ့ကောင်က နတ်ဆိုးကောင်ယဲ့လက်သပ်မွေးထားတဲ့ ခွေးရူးတစ်ကောင်ပါပဲ၊ လူတွေကိုကိုက်ဖို့ကလွဲပြီး ဘာအသုံးကျသေးလဲ!!!"

ရုတ်တရတ် ပတ်ဝန်းကျင်တစ်ခုလုံးမှ နစ်နာသူဧည့်သည်အပေါင်းတို့သည် စကားဝိုင်း၏ဦးတည်ရာကို လီဝူကျယ့်ဆီသို့ ပြောင်းလိုက်ကြပြီး လီမျိုးရိုးတစ်ခုလုံးကို အမြစ်သို့တိုင် တူးဖော်ကျိန်စာတိုက်တော့မတတ် မြိုင်မြိုင်ဆိုင်ဆိုင် ဆဲဆိုကြပြန်လေ‌တော့၏။

ဆရာသခင် ဝေဖန်ခံရခြင်းအတွက် ဒေါသထွက်နေသော လီဝူကျယ်သည် ဤစကားများကို ကြားသောအခါ ပို၍ပင် ဒေါသထွက်သွားသည်!!

ဒုက္ခပဲ၊ ဘာလို့ ငါပါ ရောအဆဲခံနေရတာလဲ?

ဒါဆို ငါ့မှာလည်း အတုအယောင် တစ်ယောက်ရှိနေတာပေါ့! ပြီးတော့ အသံကို နားထောင်ကြည့်သလောက်တော့ တော်တော်လေးဟိတ်ဟန်ကောင်းပြီး ပီပြင်တဲ့ပုံပဲ။

ယဲ့ကျွင်းလင်သည် ချောင်းအနည်းငယ် ဟန့်လိုက်ပြီး နှစ်သိမ့်လိုက်သည်။ "ရှောင်လီ၊ ကိစ္စမရှိဘူး၊ ဆရာလည်းအတူတူပဲဆိုတော့ အဖော်ရှိတာပေါ့ကွာ"

လီဝူကျယ်၏ မျက်နှာသည် မည်းမှောင်အုံ့မှိုင်းနေလျက် အချိန်အတော်ကြာ သည်းခံအောင့်အီးထားပြီးနောက် နောက်ဆုံးတွင် စကားတစ်ခွန်း ထွက်လာသည် "ချီးတဲ့မှ၊ အဲဒီအယောင်ဆောင်ကောင် ငါ့လက်ထဲ မမိလိုက်စေနဲ့၊ မိတာနဲ့ အပိုင်းပိုင်းပြတ်အောင် ခုတ်သတ်ပစ်ဦးမယ်!"

သူသည် ဓားနတ်ဆိုးဟူသော ဘွဲ့နာမကို ရရှိထားပြီး ဒေသများစွာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း ထိုကျော်ကြားမှုအားလုံးကို တရားမျှတပြီး ဖြောင့်မတ်သော တိုက်ပွဲများမှ ရရှိခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ယခုတော့ သူ့နာမည်ကိုယူကာ လိမ်လည်လှည့်ဖြားပြီး တစ်ပါးသူ၏ဥစ္စာကို ခြိမ်းခြောက်လုယက်နေသော ဓားပြတစ်ယောက် ပေါ်ထွက်လာလေပြီ။ သူ့ဘဝတစ်လျှောက်လုံးတွင် တစ်ခါမှ ဤမျှလောက် သိက္ခာမကျခဲ့ရဖူးချေ!

ဟုန်ချန်ယဲ့သည် အံ့သွားများကျိုးပဲ့လုမတတ် တင်းတင်းကြိတ်ထားရပြီး မျက်ခုံးများကို တွန့်ချိုးထားကာ ဝတ်ရုံလက်စထဲဖွက်ထားသော လက်သီးဆုပ်လေးများကိုလည်း လက်သည်းပင်စိုက်ဝင်တော့မတတ် တင်းတင်းဆုပ်ထားရ၏။

ငါရိုးတဲ့မှ...စောက်ရမ်းရယ်စရာကောင်းနေပြီ၊ ဒီတိုင်းဆက်သွားနေရင် ငါ အတွင်းကြေကြေသွားတော့မယ်!

ယခုအချိန်ထိတော့ ဟုန်ချန်ယဲ့သည် ပွဲကြည့်ပရိတ်သတ်တစ်ဦးအဖြစ်သာ ပျော်မွေ့နေဆဲပင်။ သူ့အတွက်တော့ အဆဲခံရသည်မှာ ယဲ့ကျွင်းလင်ဖြစ်စေ လီဝူကျယ်ဖြစ်စေ ကွာခြားမှုမရှိ။

တစ်ခုတည်းသော စိတ်မချမ်းမြေ့ဖွယ်အရာမှာ သူ အသံထွက်၍ မရယ်နိုင်ခြင်းပင်!

ထိုအချိန်တွင် အရပ်ရှည်ရှည်၊ ကိုယ်ထည်ထောင့်ထောင့်ဖြင့် လူတစ်ဦးသည် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် လက်ကို ဝှေ့ယမ်းကာ "လီဝူကျယ်ဆိုတဲ့ ခွေးရူးအကြောင်း မပြောတော့ဘူး၊ ယဲ့ကျွင်းလင်ရဲ့ တပည့်အကြီးဆုံးအကြောင်း ပြောရအောင်!" ဟု စကားစလိုက်သည်။

"ကောလာဟလတွေအရ နတ်သမီးလေးဟုန်ဟာ အလွန်စင်ကြယ်လှပပြီး မျက်နှာတင်းတင်းလေးနဲ့ တသီးတသန့်အကျင့်စရိုက်ရှိလို့ ယောက်ျားအများအပြားရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံယူရတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ငါကိုယ်တိုင် မြင်လိုက်ရတော့ အမှန်တရားနဲ့ ကောလာဟလတွေကြားမှာ ကြီးမားတဲ့ ကွာဟချက်တစ်ခု ရှိကိုရှိနေတာပဲ၊ ရုပ်ရည်သွင်ပြင်က တော်တော်လေးဆွဲဆောင်မှုရှိပေမယ့် ဘာကြောင့်မှန်းမသိဘူး၊ သူ့ပုံစံက ကြားထားသလို အေးစက်စက်မဟုတ်ဘဲ ခပ်ရွရွ ညုတုတုပုံစံလို့ထင်ရတယ်၊ ပြည့်တန်ဆာတန်းက ညငှက်လေးတွေလိုမျိုး။"

ဝူတာ့လန်လောက် အရပ်ပုသော နောက်အမျိုးသားတစ်ဦးက မေးစေ့ကိုအသာပွတ်လျက် လျှာတစ်ချက်သပ်ပြီး ထောက်ခံလိုက်သည်။ "မင်းပြောတာ မှန်တယ်၊ ပြည့်တန်ဆာတန်းတွေမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ငါ့အတွေ့အကြုံအရ နတ်သမီးလေးဟုန်ဟာ ပျမ်းမျှဈေးထက်နည်းနည်းသာတဲ့အဆင့်လောက်ပဲရှိတယ်၊ လူတွေဘာလို့အဲ့လောက်ချဲ့ကားပြောထားကြမှန်း မသိပေမယ့် ငါ့မျက်မြင်ကိုယ်တွေ့အရတော့ ထင်သလောက်မဟုတ်ပါဘူး"

(ဝူတာ့လန်ဆိုတာ နာမည်ကြီးတရုတ်ဂန္တဝင်ဝတ္ထုကြီးတစ်ခုထဲက ဇာတ်ကောင်တစ်‌ယောက်ပါ၊ ပုလွန်းလို့ သုံးလက်မသံချောင်းဆိုတဲ့နာမည်ပြောင်တောင် ရှိပါသတဲ့)

"ဒီတာအိုရောင်းရင်းက အတော်လေးပြောတတ်ဆိုတတ် သတ်မှတ်တတ်တာပါလား၊ နတ်သမီးလေးဟုန်ကိုမြင်တုန်းက ကျုပ်တော့ သွားရည်ကျလုနီးပါးဖြစ်သွားလို့ မနည်းကြီးထိန်းလိုက်ရသဗျာ၊ ဟိုနေရာလေးဆိုရင် အတော်လေးခမ်းနားကြီးကျယ်လွန်းကို လူမှာငယ်မူပြန်ပြီး ကစားကြည့်ချင်စိတ်ပေါက်သွားရတယ် ဟဲဟဲ" လူတစ်ယောက်က ရမ္မက်ခိုးဝေနေသောအပြုံးကြီးဖြင့် ဝင်ပြောလာသည်။

"ဟားဟားဟား..." ချက်ချင်းဆိုသလို လူတိုင်း ရယ်မောကုန်ကြပြီး ဒေါသထွက်နေသော စိတ်ခံစားမှုများ အများကြီး လျော့ပါးသွားကာ ပတ်ဝန်းကျင်သည် နတ်သမီးဟုန်၏အစွမ်းဖြင့် ရုတ်တရတ် သက်ဝင်တက်ကြွလာသည်။

ယောက်ျားကျင့်ကြံသူ အများအပြားသည် ဝင်သာမပြောသော်ငြား တစ်ဦးနှင့်တစ်ဦး အဓိပ္ပာယ်ပါပါ မျက်စပစ်၍ ရင်ဘတ်ချင်းထပ်တူကျလျက်ရှိကြ၏။

ထိုစကားများကို ကြားနေရသော တစ်စုံတစ်ဦးမှာတော့ မပျော်နိုင်တော့ပါ။'

ဟုန်ချန်ယဲ့၏ အမူအရာသည် တောင့်တင်းအေးခဲသွားပြီး အူမြူးတက်ကြွနေသော နှလုံးသားလေးမှာ ဒေါသခိုးများဖြင့် မှုံမှိုင်းရီဝေသွားရတော့သည်။

"ဒီကောင်တွေ..." နတ်သမီးလေးဟုန်မှာ ဒေါသကြောင့်တုန်ယင်လာကာ မျက်လုံးများက လူကိုအစိမ်းလိုက်ဝါးစားတော့မတတ်။

သူ့ဘေးတွင်ငြိမ်ငြိမ်လေးထိုင်လျက် ဧည့်သည်အပေါင်း၏ အမျိုးမျိုးသော ရောင်စုံမှတ်ချက်များကို နားထောင်နေသည့် လီဝူကျယ်သည် ကြောင်တောင်တောင်အမူအရာဖြင့် သူ့အစ်ကိုကြီး၏ ပြားချပ်ချပ်ရင်ဘတ်လေးကို ရည်ရွယ်ချက်ရှိရှိဖြင့်ပေလား၊ မတော်တဆလားမသိ၊ လှမ်းကြည့်မိလိုက်၏။

ဤမသိမသာလုပ်ရပ်လေးမှာ ဟုန်ချန်ယဲ့၏ဒေါသအား ထွက်ပေါက်ပေးသကဲ့သို့ဖြစ်သွားကာ ‌ရေနွေးအိုးကြီး ပွက်ပွက်ဆူလာသကဲ့သို့ အခိုးထွက်မတတ်မျက်လုံးများဖြင့် အပြစ်ကင်းရှာသော လီဝူကျယ့်အား ဒိုင်းခနဲစိုက်ကြည့်လိုက်သည်။

"ဆရာတူညီလေးလီ၊ မင်း ဘာကို ကြည့်နေတာလဲ?" ဟုန်ချန်ယဲ့သည် လူကို တုန်လှုပ်သွားစေနိုင်သော ကြောက်မက်ဖွယ် အပြုံးကြီးဖြင့် မေးလာသည်။

လီဝူကျယ်သည် တောကောင်ကြီးထံမှ ပစ်မှတ်ထားခံနေရသော ယုန်သူငယ်လေးကဲ့သို့ ရှိရှိသမျှအမွေးအကုန် ထောင်မတ်သွားရကာ သူ့ရှေ့မှလူကား နတ်ဆိုးဘုရင်ကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်မှားမိလိုက်၏။

"အစ်.. အစ်ကိုဟုန်၊ ကျွန်တော့်မျက်လုံးထဲ သဲဝင်သွားလို့ပါဗျာ၊ အထင်မလွဲပါနဲ့။"

လီဝူကျယ်သည် အလျင်အမြန် မျက်လုံးများကို ပွတ်သပ်ကာ ဘာမှ မမြင်သလို ဟန်ဆောင်သော်လည်း သူ၏ မကျွမ်းကျင်သော သရုပ်ဆောင်မှုနှင့် ဆင်ခြေများသည် ဟုန်ချန်ယဲ့၏ ဉာဏ်ရည်ဉာဏ်သွေးအား ထပ်စော်ကားနေသကဲ့သို့ ခံစားလိုက်ရလေသည်။

ဟုန်ချန်ယဲ့သည် သူ့ကို ဆက်လက်ဖိအားပေးနေစဉ် ယဲ့ကျွင်းလင်သည် တမင်တကာ ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ခပ်မြူးမြူးအသံဖြင့် မေးလာသည်။ "ရှောင်ဟုန်ရာ စိတ်လျှော့ပါဦး၊ သူတို့ကအယောင်ဆောင်အကြောင်းကို ဆွေးနွေးနေတာလေ၊ နောက်ပြီးသူကအမျိုးသမီးတစ်‌ယောက်ပဲကို မင်းက အမျိုးသမီးမှမဟုတ်တာ ဘာလို့အဲ့လောက်စိုးရိမ်တကြီးဖြစ်နေတာလဲ?"

"ကျွန်တော်.." ဟုန်ချန်ယဲ့သည် ယင်ကောင်တစ်ကောင်ကို စားလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာထားမှာ အတော်လေးမအီမသာဖြစ်လျက်ရှိကာ မျက်လုံးထောင့်များ တုန်ယင်နေသည်။ ချေပရန် စကားလုံးထောင်ပေါင်းများစွာ ရှိသော်လည်း ဝါရင့်ပြဿနာကောင် ယဲ့ကျွင်းလင်၏ သံမဏိကဲ့သို့ ခိုင်မာသော အချက်အလက်များကို သူမတွန်းလှန်နိုင်ပေ။

ယုတ္တိရှိရှိ ပြောရလျှင် ဤလူများ၏ပါးစပ်မှထွက်သော ထိကပါးရိကပါးစကားတို့သည် ပြည့်တန်ဆာရုံမှ ထိုအမျိုးသမီးကို ရည်ရွယ်ခြင်းဖြစ်သည်မဟုတ်လော၊ ယောက်ျားဖြစ်သော သူနှင့် နည်းနည်းမှမသက်ဆိုင်သည် အမှန်ပေ။

သူနှင့် လားလားမှ မသက်ဆိုင် မဆက်စပ်ပါသော စကာလုံးများပါပေ!

ယဲ့ကျွင်းလင်သည် ဝမ်းချုပ်နေသောရုပ်ဖြင့် သူ့တပည့်အကြီးဆုံးကို တံတောင်နှင့်တွက်လိုက်ကာ ထပ်တိုး၍စသည်။ "ဘာလဲ မင်းက နတ်သမီးလေးဟုန်ဆိုတဲ့ဘွဲ့နာမည်ကို လက်ခံလိုက်ပြီလား၊ ဘာလို့အဲ့လောက် ဒေါသတွေထွက်နေရတာလဲ သားလေးရဲ့ ဂွေးမပါချင်တော့ဘူးလား"

ဟုန်ချန်ယဲ့၏ မျက်နှာသည် တောင့်တင်းသွားပြီး သူသည် ခေါင်းကို အလျင်အမြန် ခါယမ်းကာ ခိုင်မာပြတ်သားစွာငြင်းဆို၏။ "ဘယ်ကသာ လုံးဝဒေါသမထွက်ဘူး"

"တကယ်? ဒေါသမထွက်ဘူးပေါ့?" ယဲ့ကျွင်းလင်က ထပ်မေးလိုက်သည်။

"တကယ် မထွက်ပါဘူး!!" ဟုန်ချန်ယဲ့သည် စိတ်ဖိစီးလွန်းသဖြင့် ထခုန်တော့မတတ် ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။

"ဟားဟား၊ ဆရာကတော့ ငါ့တပည့်ကြီးကို ယုံတာပေါ့ကွာ။"

ယဲ့ကျွင်းလင်နောက်ဆုံးတော့ လက်ကိုဝှေ့ယမ်းလိုက်ပြီး အလျှော့ပေးလိုက်ရတော့၏။

ဟုန်ချန်ယဲ့သည် ဒေါသကြောင့် သေလုနီးပါးဖြစ်နေသော်လည်း နှစ်ချို့မြေခွေးကြီးကို နိုင်အောင်မပြောနိုင်သောကြောင့် သည်းခံရုံသာ တတ်နိုင်တော့သည်။

ထူးဆန်းစွာပင်၊ ထိုနေရာရှိ ကျင့်ကြံသူများသည် ယဲ့ကျွင်းလင်၊ လီဝူကျယ်နှင့် ဟုန်ချန်ယဲ့တို့ကို အာရုံစိုက်ကာ ဟိုပြောသည်ပြောဖြင့် ဆွေးနွေးနေကြသော်ငြား ထိုအရူးမလေး ပုရှောင်ရှီးကိုတော့ လုံးဝ ချန်ထားခဲ့ကြသည်။

၎င်းတို့၏ အမြင်တွင် ပုရှောင်ရှီးသည် လုံးဝ ထည့်တွက်ရန် မထိုက်တန်သော၊ အင်အားအနည်းဆုံးသော သတ္တဝါဖြစ်ပုံရ၏။

"ဧည့်သည်တော်များခင်ဗျား၊ မှာထားတဲ့ ဟင်းလျာတွေ ရောက်ပါပြီ!" စားပွဲထိုးက ရိုရိုသေသေ ပြုံးလျက် ပြောလိုက်သည်။

ထို့နောက် အငွေ့တထောင်းထောင်း ထနေသော အထူးဟင်းလျာများကို စားပွဲပေါ်သို့ ချပေးလိုက်ရာ လူများ၏ ပါးစပ်မှ သွားရည်များ ကျလာတော့၏။

ပုရှောင်ရှီးသည် မူလက အစာစားချင်စိတ် မရှိသော်လည်း စုံလင်မွှေးကြိုင်လှသော ရသာစုံဟင်းလျာအကောင်းစားများကို မြင်ပြီးနောက် သူမ၏ နှာခေါင်းသည် ရှုံ့ပွရှုံ့ပွဖြစ်လာပြီး မျက်လုံးများ တောက်ပလာကာ "ဝိုး၊ အရမ်းမွှေးတာပဲ!" ဟု ပျော်ရွှင်စွာပြောလာသည်။

သူမသည် ဆင်စွယ်သားတူများကို ကောက်ကိုင်ကာ အစားအစာများကို အလျင်အမြန် ပါးစပ်ထဲ ထည့်ကာ အရသာရှိရှိ အလွန်ပျော်ရွှင်စွာ စားသောက်နေသည်။

ဘာပြဿနာကိုမှ ခေါင်းထဲကြာကြာမထားတတ်သော ကြွက်ငပေါလေးကိုကြည့်ရင်း ယဲ့ကျွင်းလင်သည် မပြုံးဘဲ မနေနိုင်တော့ဘဲ သူ၏ အတွင်းစိတ် ညစ်နွမ်းမှုများ အများကြီး လျော့ပါးသွားသည်ကို ခံစားလိုက်ရ၏။ သူလည်း တူများကို ကောက်ကိုင်လိုက်ကာ "စားကြ စားကြ၊ ကျန်တာတွေကို နောက်မှ ပြောကြတာပေါ့" ဟု လောဆော်လိုက်သည်။

"ဟုတ်ကဲ့။" ကျန်နှစ်ယောက်လည်း ခေါင်းညိတ်၍ စတင်စားသောက်ကြတော့၏။

ကံကောင်းထောက်မစွာ ဤပြစ်တင်ရှုတ်ချခြင်းပွဲ‌တော်ကြီးသည် သိပ်ကြာရှည်မခံလိုက်ဘဲ ဆေးဘုရင်တောင်ကြားသို့ အကြောင်းအရာ ပြောင်းသွားသည်။ ဝေးလံခေါင်လီသော နယ်အစုံစုံမှ ကျင့်ကြံခြင်းအရင်းအမြစ်များကို တပ်မက်တောင့်တစွာ ရောက်ရှိလာကြသော ကျင့်ကြံသူအပေါင်းသည် ဤအခွင့်အရေးမှ တန်ပြန်အမြတ်အစွန်းကောင်းကောင်းတစ်ခု ရရှိစေရန် မျှော်လင့်ထားကြသည်ပင်။

၎င်းတို့အထဲတွင် အချို့လူများသည် မိမိ၏ကျင့်ကြံဆင့်ကို အကျိုးထူးစေရန်အတွက်သာ ရည်ရွယ်ကြပြီး စီးပွားအလိုကင်းစင်၍ သူတို့၏တစ်ခုတည်းသောဆန္ဒမှာ ကောင်းကင်သို့ဆန်တက်နိုင်သော ပါရမီရှင်များဖြစ်လာရန်သာ။ သို့သော် အဖိုးတန်ဆေးအမယ်များကိုရောင်းချ၍ ဈေးကွက်ချဲ့ထွင်လိုသော စီးပွားရေးသမားများလည်း ရောယှက်ပါဝင်ကြလေသည်။

အတိုချုပ်ဆိုရလျှင် ဆေးဘုရင်တောင်ကြား ဖွင့်လှစ်ချိန်၌ ပြင်းထန်သော အပြိုင်အဆိုင် အတိုက်အခံ ပွဲတစ်ခုတော့ ဖြစ်လာမည်မလွဲ။

တစ်ဖက်တွင်မူ..

အပေါ်ထပ် စင်္ကြံတွင် အဝါရောင်ဝတ်စုံဝတ်ဆင်ထားသော ခါးသွယ်ပျောင်းပျောင်းဖြင့် အမျိုးသမီးတစ်ဦးသည် လက်ပိုက်ကာ မဲ့ပြုံးဖြင့်ပြောလိုက်သည်။ "ဦးလေးဖန်း၊ ကြားလား၊ လူတိုင်းက ယဲ့ကျွင်းလင်တို့အဖွဲ့ကို ဆဲဆိုနေကြတာပဲ၊ သူတို့အားလုံးလည်း အဲ့အဖွဲ့ကျရှုံးဖို့ကို အလိုရှိနေကြတာ။"

ဖန်းသယ်ကျန့်သည် သက်ပြင်းချကာ ပြော၏။ "မမလေး၊ သူတို့က ဒီတိုင်း လေလုံးထွားနေကြတာပါ၊ အဲဒီအဆင့်မှာရှိတဲ့ အင်အားကြီးပုဂ္ဂိုလ်တွေကို ပြင်ပကောလာဟလတွေနဲ့ လှုပ်ခတ်လို့ မရပါဘူး! လူထောင်ပေါင်းများစွာက လက်ညှိုးထိုးပြောဆိုနေရင်တောင် သူတို့ကို ဘာတစ်ခုမှသက်ရောက်နိုင်မှာ မဟုတ်ပါဘူး?"

"ဦးလေးဖန်းက ဘာလို့ အဲဒီလူယုတ်မာကြီးဘက်ကပဲ အမြဲတမ်း ပြောပေးနေရတာလဲ!" အန်းမြောင်ယိ ဒေါသတကြီး ခြေထောက်ကို ဆောင့်ကာ ငြူစူလိုက်သည်။

ဖန်းသယ်ကျန့်သည် ခါးသက်သက် ပြုံးကာ စကားလွှဲလိုက်၏၊ "ကောင်းပြီ၊ ကောင်းပြီ၊ ဦးလေးဘာမှ မပြောတော့ဘူးနော်? အခန်းထဲသွားပြီး တစ်ခုခုလိုနေတာရှိလား ကြည့်လိုက်ဦး၊ ဆိုင်ရှင်ကို ချက်ချင်း ထည့်ခိုင်းလိုက်မယ်"

အန်းမြောင်ယိသည် နှာခေါင်းရှုံ့ကာ အလွန်ကောင်းမွန်သော သူမ၏ကိုယ်ပိုင် ဇိမ်ခံတည်းခိုခန်းထဲသို့ လှည့်ဝင်သွားသည်။

"အိုး၊ ဒီကလေးမလေးကတော့လေ" ဖန်းဒယ်ကျန့် မတတ်သာစွာ ခေါင်းယမ်းမိလိုက်လေသည်။

All Chapters