အခန်း (၁၁၅)
Vol. 9 Ch. 115
မကြာခင်မှာပဲ စားသောက်ဖွယ်ရာ အပြည့်အစုံနှင့် ညစာတစ်နပ်ကို စားသောက်ပြီးစီးသွားကြသည်။ ပုရှောင်ရှီးတစ်ယောက်မှလွဲ၍ ကျန်သူများမှာတော့ မကျေမလည်မျက်နှာထားများဖြင့်။
"ဒီဘက်ကို ကြွပါခင်ဗျာ!" စားပွဲထိုးက တက်တက်ကြွကြွ လက်ပြလျက် သူတို့ကို တစ်ယောက်ခန်းများဆီအား လမ်းပြခေါ်ဆောင်သွား၏။
တိုက်ဆိုင်ချင်တော့ ဖန်းသယ်ကျန့်တို့၏အရှေ့မှ ဖြတ်သွားရပြန်လေသည်။
"ဟင်؟"
ဖန်းသယ်ကျန့်သည် မျက်နှာဖုံးစွပ်ထားသော လူအုပ်စု၏ ပုံရိပ်တွေကို စိုက်ကြည့်နေပြီး ထူးဆန်းသည့် စိုးရိမ်ပူပန်မှုခံစားချက်က သူ့နှလုံးသားကို လွှမ်းခြုံလို့သွားရ၏။
"ဦးလေးဖန်း၊ ဘာကို ကြည့်နေတာလဲ?" အန်းမြောင်ယိက လက်နှစ်ဖက်ကိုနောက်ပစ်လျက် အခန်းထဲမှပြန်ထွက်လာသည်။
"ခုနကဖြတ်သွားတဲ့ ကျင့်ကြံသူတွေရဲ့ အင်အားက မှန်းဆလို့မရနိုင်ဘူးလို့ ဦးလေးခံစားမိနေတာ၊ အထူးသဖြင့် ဦးဆောင်သွားတဲ့ ခေါင်းဆောင်တစ်ယောက်က လူကိုကူကယ်ရာမဲ့တဲ့ ကြောက်စိတ်ဖြစ်ပေါ်စေတယ်" ဖန်းသယ်ကျန့်က လေးနက်သောမျက်နှာထားဖြင့် တည်တည်ငြိမ်ငြိမ်ပြောပြလာသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ؟!"
အန်းမြောင်ယိ၏ မျက်လုံးလှလှလေးများ ပြူးကျယ်သွားပြီး ချစ်စဖွယ်မျက်နှာလေးထက်တွင် မယုံကြည်နိုင်သည့်အရိပ်အယောင်များ ပြည့်နှက်သွားသည်။
သူမ၏ရှေ့မှာရှိသော ထိုဦးလေးဖန်းကား ဓားဆင့်ခေါ်ဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦးဖြစ်ပြီး ကျင့်ကြံဆင့်မှာ အထွဋ်အထိပ်သို့တက်ရောက်ခြင်း၏ ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်ရှိထားပြီးဖြစ်သည့်အပြင် ဂိုဏ်း၏လျှို့ဝှက်ကျင့်စဥ်များစွာကိုလည်း တတ်မြောက်ကျွမ်းကျင်ထားသောကြောင့် တော်ရုံလူမယှဥ်နိုင်သော ကြောက်မက်ဖွယ်စွမ်းအားရှင်တစ်ပါးပါပေ။
ထိုသို့သော် ပုဂ္ဂိုလ်မျိုးကတောင် အစောအဖွဲ့ခေါင်းဆောင်၏ရှေ့မှောက်တွင် ကြောက်စိတ်ဖြစ်ပေါ်မိသည်ဟု ဆိုနေပါရောလား?
အဲဒီလူက ဘယ်လောက်တောင် အင်အားကြီးနေလို့လဲ?
မဟုတ်မှ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံသူတစ်ယောက်များ ဖြစ်နိုင်မလား...
ခေါင်းထဲမှာ ဖျတ်ခနဲပေါ်လာသောအတွေးက ဟာသဆန်ပြီး မဖြစ်နိုင်လှသောကြောင့် အန်းမြောင်ယိတံတွေးတစ်ချက်မျိုချလျက် ဖယ်ထုတ်လိုက်ရ၏။
မဖြစ်နိုင်တာ၊
ဟွမ်ကျိုးနယ်မြေမှာ မသေမျိုးအရိပ် ရှိနိုင်မှာတဲ့လား?
အရှေ့ပိုင်းစီရင်စု၏ မည်သည့်အင်အားစုတွင်မဆို မသေမျိုးအရိပ်ဆိုလျှင် နတ်ဘုရားတမျှ ကိုးကွယ်ဆက်ဆံရ၏။
အဆင့်အမြင့်ဆုံး မသေမျိုးဂိုဏ်းဆယ်ဂိုဏ်းထဲက တစ်ခုအပါအဝင်ဖြစ်သော ဓားဆင့်ခေါ်ဂိုဏ်းမှာတောင် မသေမျိုးအရိပ်ဆိုသည်မှာ လက်တစ်ဆုပ်စာခန့်သာ ရှိပြီး များသောအားဖြင့် လူလုံးထွက်ပြချိန် လွန်စွာရှားပါးကာ သီးသန့်ကျင့်ကြံရေးဝင်ချင်ဝင် မဟုတ်လျှင် အခန်းအောင်း၍ အဝအိပ်နေတတ်သော တသီးတသန့်ဆန်သည့် ပုဂ္ဂိုလ်များပင်။
သူတို့၏ သင်္ဘောပျံကို ဦးဆောင်လုယက်ခဲ့သော ထိုရုပ်ဆိုးဆိုးဆံဖြူကောင်ကြီးမှလွဲ၍ အခြားမသေမျိုးအရိပ်တစ်ပါး ထပ်ရှိနိုင်လိမ့်မည်ဟု အန်းမြောင်ယိမထင်။
"ဦးလေးဖန်း၊ ဘာလို့ သူများအရှိန်အဝါကို မြှင့်တင်ပြီး ကိုယ့်ကိုယ်ကို နှိမ့်ချနေရတာလဲ" အန်းမြောင်ယိက ညင်ညင်သာသာဆိုလိုက်သည်။
ဖန်းဒယ်ကျန့်က ခါးသက်သက် ပြုံးပြီး ဆိုသည်။ "မမလေး၊ ကျွန်တော်တို့ အပြင်ရောက်နေတုန်း အစစအရာရာ သတိထားသင့်ပါတယ်။ ဆေးဘုရင်တောင်ကြား မကြာခင် ပွင့်တော့မယ်လေ။ ဒီတည်းခိုခန်းထဲကို ဘယ်လောက် အင်အားကြီးတဲ့ ကျင့်ကြံသူတွေ ဝင်လာမလဲ မသိနိုင်ပါဘူး။ ကျွန်တော့်ထက် အင်အားကြီးတဲ့ အကြီးအကဲတွေလည်း ရှိနေနိုင်ပါတယ်၊ ဒါသာမန်ပါပဲ"
"အဲ့လိုလား" အန်းမြောင်ယိ ခေါင်းညိတ်ရုံမှလွဲပြီး မတတ်နိုင်တော့ပေမဲ့ ဦးလေးဖန်းက အရာရာကို လွန်လွန်ကဲကဲ စိုးရိမ်တတ်တယ်လို့ ခံစားနေရတုန်းပါပဲ။
ညနက်ပိုင်းတွင်။
တောက်ပရွှန်းလဲ့သည် လပြည့်ဝန်းကြီးက ကောင်းကင်ယံထက် မြင့်သွန်းစွာတည်ရှိနေပြီး အေးမြသောလရောင်ကို ကမ္ဘာမြေထက် ဖြန့်ကျဲလို့ထားပေသည်။
ယဲ့ကျွင်းလင်သည် လက်နှစ်ဖက်ကို အနောက်သို့ပစ်လျက် ရပ်နေကာ ပြတင်းပေါက်အပြင်ဘက်က ဝါးရုံတောလေး၏ ရှုခင်းလှလှကို ခံစားရင်း ချောမောသောမျက်နှာထက် ရှားရှားပါးပါး နူးညံ့၍ကဗျာဆန်သော ခံစားချက်လေးများ ထင်ဟပ်လျက်ရှိ၏။
သူ ဒီကမ္ဘာကို ရောက်တာ တစ်နှစ်နီးပါး ရှိလေပြီ။
ကံကောင်းစွာဖြင့် စနစ်၏ စိတ်ရှည်လက်ရှည်ဝန်ဆောင်မှုများကြောင့် အခုရက်ပိုင်း အတော်လေးသက်တောင့်သက်သာ ရှိလှ၏၊
[တင်၊ ပိုင်ရှင်အထီးကျန်အဖော်မဲ့နေတာကို ဒီစနစ်ခံစားလိုက်မိပါပြီ။ စနစ်က အခမဲ့ အသံဝန်ဆောင်မှုကို ပေးနိုင်ပါတယ်၊ စမ်းသပ်ကြည့်ချင်ပါသလားရှင့်?]
စနစ်၏ ချိုမြိန်နူးညံ့သောအသံလေး စိတ်ထဲမှထွက်ပေါ်လာသည်။
ယဲ့ကျွင်းလင် ဆွံ့အသွားလျက်။
ဒီစနစ်က အတော်လေး အချိန်အခါကြည့်တတ်သားပဲ။
နည်းနည်းချီးကျူးလိုက်သင့်လား? အဲ့လိုဆိုဘဝင်မြင့်သွားပြန်ဦးမလား မသိဘူး။
"မလိုပါဘူး!" ယဲ့ကျွင်းလင် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
အထီးကျန်လို့များ စက်ရုပ်စနစ်နဲ့ စကားပြောရမယ်လို့၊ ဘယ်လိုတောင် အူကြောင်ကြောင်နိုင်လိုက်သလဲ?
ဒီသတင်းသာပေါက်ကြားသွားရင် ငါတို့တရုတ်ပြည်ကြီးသား ခန္ဓာကူးပြောင်းသူတွေရဲ့မျက်နှာကို ဘယ်နားသွားထားရတော့မလဲ?
[တင်၊ အို... ပိုင်ရှင်က ငြင်းဆိုလိုက်တာပါလား? စနစ်အရမ်းဝမ်းနည်းမိပါတယ် အဟင့် အဟင့်...]
ယဲ့ကျွင်းလင်: "..."
ဒေါက် ဒေါက် ဒေါက်။
ညင်သာသောတံခါးခေါက်သံ ထွက်ပေါ်လာသည်။
"ဆရာသခင်၊ ကျွန်တော်ရှုရှုပါ!" ကလေးဆန်ပြီး ကြည်လင်ပြတ်သားသောအသံလေး ထွက်ပေါ်လာ၏။
"ဝင်ခဲ့။"
တံခါး ပွင့်လာသည်။
ပုရှောင်ရှီးက ပန်းကန်ပြားတစ်ချပ်ကိုကိုင်လျက် လျှောက်လာပြီး ပန်းကန်ပြားထက်မှ ခွက်လေးကို ကောက်ယူကာ စားပွဲပေါ် တင်ပေးလိုက်သည်။ "ဒါ ဆရာသခင့်အတွက် ကပ်ပချီနိုပါ"
ကော်ဖီခွက်ပေါ်တွင် ကလေးဆန်ဆန်ရယ်ပြုံးနေသော မျက်နှာလေးတစ်ခုပါရှိပြီး ကော်ဖီ၏မွှေးရနံ့မှာလည်း သင်းပျံ့လျက်ရှိ၏၊
ဤကော်ဖီကို ပြုလုပ်သောကုန်ကြမ်းများမှာ သူ့အရင်ဘဝကကော်ဖီမှုန့်များ နို့ရည်များတော့ မဟုတ်ခဲ့ပေ။ သာမန်လူများသောက်သုံးမိလျှင် တောင့်မခံနိုင်စွာ နေရာတွင်ပင် သွေးကြောများပေါက်ကွဲ၍ သေဆုံးသွားစေနိုင်သော ကျင့်ကြံရေးကော်ဖီတစ်မျိုးသာ ဖြစ်ချေသည်။
ယဲ့ကျွင်းလင်က ခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံစာမျှ မြည်းကြည့်လိုက်ရာ ကဖင်းဓာတ်ပါသော မွှေးရနံ့တစ်ခုက သူ့နှုတ်ခမ်းနှင့်သွားများကို ဖြတ်သန်းထုံသင်းသွားစေပြီး အရသာခံဖုများကို အဆုံးစွန်ထိကျေနပ်စေသော ခံစားချက်အား ရရှိလိုက်သည်။
"အင်း၊ အရသာက ကောင်းတယ်၊ ဒါပေမဲ့ နောက်တစ်ခါ သကြား လျှော့ထည့်ရင်ပိုကောင်းမယ်" ယဲ့ကျွင်းလင်က မှတ်ချက်ပေးလိုက်သည်။
"ဟုတ်ကဲ့!" ပုရှောင်ရှီးက ခေါင်းကို အလေးအနက် ညိတ်ပြီး စိတ်ထဲတွင်မှတ်သားထားလိုက်သည်။
"ပြန်တော့၊ ဆရာမင်းကိုလည်း တစ်ခွက်ဖျော်သောက်ခွင့်ပေးမယ်"
"ကျေးဇူးတင်ပါတယ် ဆရာသခင်!"
ပုရှောင်ရှီးလည်း ကြိုးစားမှုအတွက် ဆုလာဘ်ရရှိလိုက်ပြီဖြစ်တာကြောင့် ပျော်ရွှင်စွာပြေးထွက်သွားလေတော့၏
"အာ၊ ငါ့လို ရက်ရောတဲ့ ဆရာသခင်တစ်ယောက် ရှိနေတာက ငါ့တပည့်တွေအတွက် တကယ်ကို ကံကောင်းခြင်းပဲ" ယဲ့ကျွင်းလင်က ကော်ဖီကို နောက်တစ်ငုံထပ်သောက်ရင်း ခံစားချက်အပြည့်ဖြင့် ရေရွတ်လိုက်သည်။
ပထမတော့ ထိုကြွက်ဖြူလေးကို ထူးချွန်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်အောင် လေ့ကျင့်သင်ကြားပေးဖို့ စဥ်းစားခဲ့တာပင်။ ပုရှောင်ရှီးက တာ့လောမသေမျိုး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အဆင့်မြင့် ကျင့်ကြံရေးကျင့်စဥ်တွေရဲ့ အထောက်အပံ့လည်း ရှိတာကြောင့် ကမ္ဘာကိုလွှမ်းမိုးနိုင်သော ခေါင်းဆောင်တစ်ဦးဖြစ်လာဖို့ အလားအလာကောင်းကောင်းရှိနေသည်မဟုတ်လော။ သို့ပေမဲ့ ယခုတော့ နဂိုလမ်းကြောင်းက လုံးဝ လွဲချော်သွားပြီး အိမ်တော်ထိန်းတစ်ယောက်အဖြစ်သာ ကျွမ်းကျွမ်းကျင်ကျင် ဖွံ့ဖြိုးတိုးတက်လာခဲ့လေသည်။
ထိုသို့ လမ်းကြောင်းလွဲချော်နေပါသော်ငြား ထိုကြွက်ဖြူလေးကတော့ အစားအသောက်ပြုပြင်ချက်ပြုတ်ရေးတွင် စိတ်လုံးလုံးနှစ်မြှုပ်လို့ထားကာ ဖြူစင်ရိုးသားသော အကျင့်စာရိတ္တလေးအား ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့လေသည်။
ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ် တိုက်ခိုက်သတ်ဖြတ်တာတွေကို ကျန်တဲ့ တပည့် နှစ်ယောက်က တာဝန်ယူလိမ့်မပေါ့။
အခြားတစ်ဖက်တွင်။
နဂါးဂိတ်တည်းခိုခန်း၏ ထောင့်တစ်နေရာတွင် မြွေခေါင်းနှင့် လူခန္ဓာကိုယ်ရှိသော သတ္တဝါဆန်းများ တစ်ဒါဇင်ထက်မနည်း ထွက်ပေါ်လာကြ၏။ ခရမ်းရင့်ရောင်မျက်ဆံများပါရှိကာ ပြူတစ်ပြူတစ်လျှာနှစ်ခွကြီးများကို လှစ်ဟပြထားကြလျက် လွန်စွာဆိုးယုတ်နိမ့်ကျသော အရှိန်အဝါများကိုလည်း ထုတ်လွှတ်လျက်ရှိသည်။
သူတို့အားလုံးသည် တည်းခိုဆောင်အား အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး လူသတ်လိုစိတ်အပြည့်လွှမ်းနေသော ခရမ်းရင့်ရင့်မျက်လုံးများဖြင့် စိုက်ကြည့်လျက်ရှိကြ၏။
"မြင့်မြတ်လှပါသော မဟာပုရောဟိတ်ကြီး၊ ကျွန်တော်တို့ အခု လုပ်ဆောင်သင့်တယ်ဆိုတာ သေချာပါသလား?" ငယ်သားတစ်ဦးက ရိုရိုသေသေ အမေးရှိလာသည်။
ယဲ့ကျားကူသည် သူ့ရာထူးအဆင့်အတန်းကို ကိုယ်စားပြုသော ဝတ်ရုံတစ်ခုအား ဝတ်ဆင်ထားပြီး ငွေရောင်သရဖူတစ်ခုကို ဆောင်းထားသည်။ မြစိမ်းကျောက်များဖြင့် စီခြယ်မြှုပ်သွင်းထားသောကြောင့် ညနက်နက်တွင် အစိမ်းရောင်လဲ့လဲ့ဖြာထွက်နေသည့် တောင်ဝှေးတစ်ချောင်းအား လက်တစ်ဖက်တွင် ကိုင်ဆောင်ထားလျက်။
သူက လျှာကိုထုတ်၍ ရှူးခနဲအသံတစ်ချက်ပြုလိုက်ပြီး ရက်စက်ကြမ်းတမ်းဟန်ရှိသောမျက်လုံးများဖြင့် အေးစက်မှိုင်းညို့သောလေသံကိုသုံးကာ ပြန်ဖြေလိုက်သည်။ "လူသားမျိုးနွယ်ရဲ့ ခုခံမှုကို အားနည်းစေဖို့အတွက် ဒီညရဲ့ သတ်ဖြတ်မှုအစီအစဉ်ကို ဒီတည်းခိုခန်းကနေ စတင်မယ်။"
"ငါတို့လုပ်သမျှအရာအားလုံးဟာ မရဏချောက်နက်၍ မြင့်မြတ်သောတော်လှန်ရေးကြီးအတွက်ပဲ!" ငယ်သားများက လေးနက်သောအသံဖြင့် ခပ်တိုးတိုး တစ်ညီတည်းကြွေးကြော်လာကြသည်။
မှန်သည်။ ထိုသတ္တဝါဆန်းအုပ်စုမှာ မရဏချောက်နက်ထဲမှ မြွေနတ်ဆိုးမျိုးနွယ်စုစေလွှတ်သော လုပ်ကြံသူများဖြစ်ပါ၏။ ယခုတစ်ကြိမ်တွင် မျိုးနွယ်စု၏ အဆင့်မြင့်ပုရောဟိတ်တစ်ဦးက ခေါင်းဆောင်လာကာ ကောင်းကင်စိတ်ဝိညာဥ်မြို့တော်ထဲသို့ ချောင်းမြောင်းဝင်ရောက်လျက် လုပ်ကြံဖို့ကြိုးစားနေကြခြင်းပင်။
ဆေးဘုရင်တောင်ကြား မကြာခင် ဖွင့်လှစ်တော့မှာဖြစ်သည့်အတွက် ဤမြို့တော်တွင် အရှေ့ပိုင်းစီရင်စုတစ်လွှမ်းမှ ကျင့်ကြံသူများလာရောက်စုရုံးကြပြီး ကျင့်ကြံဆင့်မြင့်မားသည့် လူသားစွမ်းအားရှင်တစ်ချို့ရော ပါဝင်လာကြမည်ဆိုသည်ကို သူတို့သိထားကြ၏။ အခွင့်အရေးရစဥ်အချိန်တွင် သူတို့အနေဖြင့် အဓိကကျသော အင်အားစုတချို့ကို ဖယ်ရှားကာ မရဏချောက်နက်၏ တော်လှန်ရေးအတွက် အုတ်မြစ်ခိုင်ခိုင်ချထားပေးနိုင်ပေမည်။
ဟုတ်ပါတယ်၊ သူတို့ ဒီလိုလုပ်ရဲတဲ့ အကြောင်းရင်းက သူတို့မှာ မှီခိုအားထားစရာ တစ်ခုခု ရှိနေလို့ပါပဲ။
ယခုရက်ပိုင်းတွင် နဂါးဂိတ်တည်းခိုခန်းက ဧည့်သည်အများဆုံးဖြစ်သည့်အတွက် ယဲ့ကျားကူ၏ပစ်မှတ်ထားခြင်း ခံလိုက်ရသည်ပင်။
"အခုချက်ချင်း စတင်လှုပ်ရှားပြီး ယုံမှားအိမ်မက်အစီအရင်ကို အသက်သွင်းကြတော့" ယဲ့ကျားကူက အေးစက်စွာ အမိန့်ပေးလိုက်သည်။