← Chapters

အခန်း (၁၁၆)

Vol. 9 Ch. 116

အခန်း (၁၁၆)

Vol. 9 Ch. 116

ယုံမှားအိပ်မက်အစီအရင်ဆိုသည်မှာ လွန်စွာရှေးကျသော အစီအရင်တစ်မျိုးပင်။ အပြင်လောကတွင် ထိုအစီအရင်နှင့်ပက်သက်၍ မှတ်တမ်းမကျန်တော့သလောက် ရှားပါးပျောက်ကွယ်နေပြီဖြစ်သော်ငြား မြွေနတ်ဆိုးမျိုးနွယ်စုတွင်တော့ ကောင်းကောင်းထိန်းသိမ်းထားဆဲပါပေ။

ထိုအစီအရင်ကို ဖွဲ့စည်းလိုက်လျှင် လူတို့သည် တိတ်ဆိတ်စွာအိပ်မောကျသွားပြီးနောက်မှ လိုအင်ဆန္ဒများစွာဖြင့် တည်ဆောက်ထားသော အိပ်မက်ကမ္ဘာထဲသို့ တွန်းပို့ခံလိုက်ရကာ အသိစိတ်များလွတ်ထွက်သည်အထိ ဆန္ဒများနောက်လိုက်ရင်း နောက်ဆုံး‌တွင်တော့ စိတ်ဝိညာဥ်ကိုပါဆုံးရှုံးလိုက်ရမည်ဖြစ်ကာ လမ်းလျှောက်နေသောအလောင်းကောင်နှင့် ဘာမှမခြားတော့ပါချေ။

အစီအရင်ဖွဲ့စည်းနေချိန်အတွင်း မည်သည့်အနှောင့်အယှက်မှ ဝင်မလာရဟူသော စည်းမျဥ်းရှိသည်။ မဟုတ်ပါက ကျရှုံးနိုင်ချေရှိ၏။

မြွေနတ်ဆိုးမျိုးနွယ်စု ဆယ့်နှစ်ဦးသည် တည်းခိုခန်း၏ဂိတ်တံခါးအသီးသီးသို့ ခွဲထွက်သွားလိုက်ကြပြီး လက်ဖဝါးများအား ဓားဖြင့်ထိုးခွဲလိုက်သော် ခရမ်း‌ရောင်သွေးများစီးကျလာသည်။ ထိုသွေးများအားသုံး၍ အစီအရင်အား စတင်ရေးဆွဲကြတော့၏။

ရှေးဟောင်းဆန်ပြီး နားလည်ရခက်ခဲသော သင်္ကေတပုံစံများ တဖြည်းဖြည်းပေါ်ပေါက်လာကာ ထိုအစီအရင်ကြီးတစ်ခုလုံးများ ခရမ်း‌ရောင်အလင်းများဖြင့် တောက်ပလာလျက် လွန်စွာထူးဆန်းသောအရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်နေလေသည်။

သာမန်မျက်စိဖြင့် မမြင်နိုင်သော၊ လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ရပ်က နဂါးဂိတ်တည်းခိုခန်းအား တိတ်တဆိတ် ဝန်းရံခြုံလွှမ်းလာ၏။

မြွေမျိုးနွယ်စု ၁၂ဦးသည် အစီအရင်ကို ဆက်လက်ထိန်းသိမ်းရင်း ပင်ပန်းနွမ်းနယ်မှုကို မရရအောင်တောင့်ခံကာ အမှားအယွင်းလေး တစ်ချက်မှမရှိစေရအောင် အထူးတလည်အာရုံစိုက်ထားကြလျက်။

အဘယ့်ကြောင့်ဆိုသော် အမှားအယွင်းတစ်ခုလောက်သာ ရှိလိုက်မိပါက အိပ်ပျော်နေသောကျင့်ကြံသူများထဲမှ တစ်ဦးဦးကို နိုးထစေနိုင်ပြီး ဤသို့ဖြင့် အစီအရင်တစ်ခုလုံး ချို့ယွင်းသွားတတ်ပါသည်။

ယဲ့ကျားကူ၏ခန္ဓာကိုယ်တွင်းမှ မှော်စွမ်းအင်များ ဆူပွက်လာကာ လက်ထဲရှိ မြ‌‌ကျောက်တောင်ဝှေးထံသို့ စီးဆင်းသွားပြီး မြကျောက်များမှာ စိတ်ဝိညာဥ်အား မွှေနှောက်မူးဝေစေသော အလင်းရောင်တစ်မျိုးဖြင့် တောက်ပလာ၏။

ယဲ့ကျားကူသည် သူ၏ အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံဆင့်စွမ်းအားနှင့် မြွေနတ်ဆိုးမျိုးနွယ်စုဝင်၁၂ဦး၏ စွမ်းအားများကိုပါ စုပေါင်းလိုက်ပါက ယုံမှားအိပ်မက်အစီအရင်သည် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်အောက် မည်သည့်သက်ရှိကိုမဆို ဖြိုလှဲနိုင်ကြောင်း ယုံကြည်ချက်ရှိလေသည်။

တည်းခိုခန်းမှာ တည်းခိုနေသော ကျင့်ကြံသူတော်တော်များများမှာ မသိလိုက်မသိဘာသာ အိပ်မောကျသွားခဲ့ကြပြီး အချို့က စားပွဲပေါ်တွင် ထိုင်လျက်မှောက်ကျကာ တံတွေးများပင်စီးကျနေသည်အထိ။ အချို့ကတော့ တရားထိုင်ကျင့်ကြံလျက်အနေအထားကို ထိန်းသိမ်းထားနိုင်သေးသော်ငြား စိတ်ဝိညာဥ်က‌တော့ အိပ်မက်ကမ္ဘာထဲတွင် ဝဲလည်လှည့်နေလေပြီ။

ထိုအချိန်တွင် သူတို့အားလုံးဟာ ချိုမြိန်သောအိပ်မက်များကြား ရီဝေယစ်မူးနေကြပြီး တောင့်တလိုချင်ခဲ့သော ဆန္ဒမှန်သမျှကို အိပ်မက်ထဲတွင် ပျော်ရွှင်စွာဖြည့်ဆည်းလျက်ရှိကြ၏။

အိပ်မက်တစ်ခုတွင်...

ပျက်စီးကြေမွနေသော စစ်မြေပြင်ထက် ကျင့်ကြံသူများသည် အလဲလဲအကွဲကွဲ ခံစားနေရကာ ဂြိုဟ်သားကျင့်ကြံသူများက အရပ်မျက်နှာပေါင်းစုံမှ ဝင်ရောက်လာကြလျက် မြင်ကွင်းတစ်ခုလုံးမှာ လွန်စွာဆိုးရွားလှပြီး ကမ္ဘာကြီးပျက်သုဥ်းခါနီးအချိန်ကို ရောက်ရှိနေသကဲ့သို့။

"ကောင်းကင်ဘုံက ငါတို့ ခွင်းလွင်ကို ဒီလိုပဲ ပျက်သုဥ်းခွင့်ပြုတော့မှာလား!" သက်ကြီးရွယ်အို ဆံဖြူအဘိုးအိုတစ်ဦးက ဝမ်းနည်းကြေကွဲစွာ အော်ဟစ်တိုင်တည်လိုက်သည်။

ဂြိုလ်သားတပ်မတော်က ကျိုင်းကောင်တွေလို အစုလိုက်အပြုံလိုက်ဖြင့် မြို့များကိုဖျက်ဆီး မျိုးနွယ်စုများကို သုတ်သင်ရှင်းလင်းကာ နေရာတိုင်းအတွင် အလောင်းများတောင်လိုပုံလျက် သွေးပင်လယ်စီးဆင်းလို့နေလေပြီ။

ထိုအချိန်တွင် ကောင်းကင်ဘုံမှ ပြစ်ဒဏ်ချမှတ်လိုက်သလိုမျိုး ပြင်းထန်သော ဓားအလင်းတစ်ပြက် ဝင်ရောက်မွှေနှောက်လာပြီး ဂြိုဟ်သားမျိုးနွယ်စုတို့၏ စစ်တပ်ကို ကြီးစွားသောသက်ရောက်မှုတစ်ခုဖြင့် ဖိနှိပ်လိုက်သည်။ မရေမတွက်နိုင်သော ဂြိုဟ်သားများ စူးနင့်နာကျင်စွာအော်ဟစ်ဟာ ဝိညာဥ်အခြေပင် ပျက်စီးပျောက်ကွယ်သွားရတော့၏။

"ဘယ်စွမ်းအားရှင်က ဝင်မွှေနေတာလဲကွ" ဂြိုဟ်သားတို့၏စစ်သူကြီးက အနည်းငယ်လန့်ဖျပ်စွာဖြင့် အော်ဟစ်လာသည်။

"ငါပဲကွ!!!"

ကျယ်လောင်ပြီး ခန့်ညားသော အသံတစ်ခုက ကောင်းကင်ယံကို ပဲ့တင်ထပ်လျက် ထွက်ပေါ်လာသည်။

ကောင်းကင်ယံထက်တွင် ရှုပ်ပွနေသောဆံပင်များဖြင့် ထွားကျိုင်းသည့်ပုံရိပ်တစ်ခု ရပ်တည်လို့နေပြီး ထိုသူ၏မျက်လုံးများမှာ ကောင်းကင်ကို အက်ကွဲစေသော အေးစက်စက်အလင်းတန်းတစ်ခု ပစ်လွှတ်နေသကဲ့သို့ စူးရှလှသည်။ မီတာ ၄၀ ရှည်သည့် ဓားကောက်ရှည်ကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး ကိုယ်ဟန်အနေအထားမှာ လွန်စွာဟိတ်ဟန်ရှိ၍ အာဏာကြီးလှ၏။

"သူပဲ! အဲ့ဒါ သူပဲ! ဓားနတ်ဘုရား လီဝူကျယ်!!" မရေမတွက်နိုင်သော အမျိုးသား အမျိုးသမီးတို့က အော်ဟစ်ကြွေးကြော်လာသည်။ ခွင်းလွင်နယ်၏ကယ်တင်ရှင် ပေါ်ပေါက်လာလေပြီ။

"ဓားနတ်ဘုရား၊ မင်းကဓားနတ်ဘုရားပဲ၊ ခွင်းလွင်နယ်ရဲ့ အား‌အကောင်းဆုံးဓားသမား၊ အချိန်ကာလတစ်လျှောက်လုံးရဲ့ အကြီးမြတ်ဆုံးသော ဓားနတ်ဘုရား!!"

ဂြိုလ်သားတပ်၏စစ်သူကြီးမှာ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်လေသည်။

"ဟမ့်!"

လီဝူကျယ်၏မျက်လုံးများက လျှပ်စီးကြောင်းကဲ့သို့ တောက်ပစူးရှနေပြီး မေးခွန်းပြန်ထုတ်ရန် မ

ဝံ့ရဲစေသောအသံဖြင့် ကြွေးကြော်လိုက်သည်။ "ငါတို့ရဲ့ခွင်းလွင်နယ်ကို ကျူးကျော်လာသူမှန်သမျှ အပြစ်ပေးခံရစေ့မယ်!!"

ထိုသို့ ကြွေးကြော်ပြီးနောက် သူက မီတာ ၄၀ ရှည်လျားသော ဓားရှည်ကြီးကို ဝှေ့ယမ်းပြီး ပြင်းပြင်းထန်ထန် ခုတ်ချလိုက်ရာ ကမ္ဘာတစ်ခုလုံး ပျက်စီးကွဲကြေသွားကာ စကြဝဠာနဲ့ ဂလက်ဆီအဝန်းအဝိုင်းကြီးတောင် မှုန်မှိုင်းသွားရပြီး တာအိုလမ်းစဥ်ကြီးတောင် ပြတ်တောက်သွားခဲ့ရတော့၏။

"အား အား အား..." ဂြိုလ်သား သတ္တဝါအုပ်စုက သနားစဖွယ် ငိုယိုကြပြီး ကမ္ဘာကို လှုပ်ခါစေသည့် ဓားချက်အောက်တွင် အစအနပင်မကျန်အောင် ပျောက်ဆုံးသွားရလေတော့သည်။

"ဓားနတ်ဘုရား လီဝူကျယ်! မင်းက ငါတို့ရဲ့ သူရဲကောင်းပါပဲ!" ခွင်းလွင်နယ်မြေတွင် အောင်ပွဲခံချီးကျူးသံများ နေရာအနှံ့မှထွက်ပေါ်လာပြီး လူအများက မြေပြင်ထက်ဒူးထောက်ချကာ ကျေးဇူးတင်စွာဖြင့် ငိုကြွေးကြကုန်တော့သည်။

"ခွင်းလွင်နယ်မြေကို ငါတစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးပါမယ်" လီဝူကျယ်က မီတာ၄၀ရှည်သောဓားကောက်ကြီးကို ဝင့်ကိုင်လျက် ခိုင်မာပြတ်သားသောအသံဖြင့် တည်ကြည်စွာကတိပြုလိုက်လေသည် ဟူသတည်း။

နောက်ထပ် အိပ်မက်တစ်ခုတွင်။

မြင့်သွန်းသည့် ပလ္လင်ထက်တွင် ခါးသွယ်သွယ်ပျောင်းပျောင်းရှိသော အနီရောင်ပုံရိပ်တစ်ခု ထိုင်နေပြီး သူ၏မထီမဲ့မြင်အကြည့်တစ်ချက် ‌ဝေ့ဝဲသွားရာ နေရာတိုင်းတွင် အင်အားအကြီးဆုံးသူတောင် လက်နက်ချဒူးထောက်ရကာ ကျွန်တွေလို နာခံရိုကျိုးကုန်ကြပြီး စကားတစ်ခွန်းပင် ပြန်မလှန်ရဲကြပေ။

ဟုန်ချန်ယဲ့က မေးစေ့ကို အနည်းငယ် ပင့်မော့လိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။

အခုဆိုရင် အတိတ်က ရန်သူအားလုံးကို ကွပ်မျက်ပြီးသွားပြီဖြစ်တဲ့အတွက် ဒီကမ္ဘာမှာ သူ့ကို ယှဉ်နိုင်တဲ့သူ တစ်ကောင်တစ်မြှီးမှ မရှိတော့ပါလေ!

"ဒီနေ့ဒီအချိန်ကစပြီး မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ ခေတ်အခါကိုရောက်ရှိပြီလို့ ဒီအရှင်ကြေညာမောင်းခတ်လိုက်တယ်ဟေ့!"

အေးစက်သောအမိန့်သံက ခွင်းလွင်တစ်မြေလုံးကို ဖြတ်သန်းစီးဆင်းသွားပြီး နတ်ဘုရားတစ်ပါး၏ အမိန့်တော်လိုမျိုး ကြာမြင့်စွာ ပဲ့တင်ထပ်တည်ရှိလေသည်။

"ဂိုဏ်းချုပ်ရဲ့ မှော်အစွမ်းအင်အားက အတိုင်းအဆမဲ့ပါပဲ!" သန်းပေါင်း ရာနှင့်ချီသော ယုံကြည်ကိုးကွယ်သူတွေက အရူးအမူး အော်ဟစ်ကုန်ကြပြီး ကောင်းကင်ကိုပင် တုန်ခါယိမ်းယိုင်စေလေသည်။

"ဟားဟား ဟားဟားဟား၊ ဟားဟားဟားဟားဟား...!!" ဟုန်ချန်ယဲ့က မြင့်မားလှသောပလ္လင်ထက်တွင်ထိုင်ရင်း ခေါင်းကိုမော့လျက် အားအင်ပြည့်ဝသော အောင်ပွဲခံရယ်မောသံကို ပြုလုပ်လိုက်တော့၏။

All Chapters