← Chapters

မြွေကကနေသည်

Vol. 9 Ch. 117

မြွေကကနေသည်

Vol. 9 Ch. 117

ဒီတစ်ခုကတော့ ကလေးဆန်ဆန် စိတ်ကူးယဥ်အိပ်မက်တွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးတစ်ခုပါပဲ။

တောင်ပေါ်ချောင်းလေးထဲမှာ စမ်းရေတွေမဟုတ်ဘဲ ချိုမြိန်ပြီး အရသာရှိတဲ့ ခရင်မ်တွေ စီးဆင်းနေပါတယ်; ဖူးပွင့်နေတဲ့ ပန်းတိုင်းဟာလည်း မတူညီတဲ့ သကြားလုံးအရသာတွေကို ကိုယ်စားပြုနေတယ်; မြေဆီလွှာက ချောကလက်နဲ့ ပြုလုပ်ထားပြီး ကျောက်တုံးတွေရဲ့ အတွင်းပိုင်းက တကယ်တော့ ကိတ်မုန့်သားတွေတဲ့လေ…

ကြက်ကင်တွေက ကောင်းကင်ထက်မှာ ပျံသန်းနေပြီး ချက်ပြုတ်ပြီးသားအမဲသားတွေကလည်း လယ်ကွင်းထဲ ပျော်ရွှင်စွာ ပြေးလွှားနေကြတယ်၊ ငှက်တွေနဲ့ သားရဲကောင်တွေ‌တောင် အသင့်စားမုန့်တွေလိုမျိုး စိတ်ရှိတာနဲ့ ဖောက်စားလိုက်ရုံ အသင့်ပါပဲတဲ့။

ရောင်စုံ ပိတောက်ရွက်လေးတွေ စီစီရီရီဖြင့် လက်ချင်းချိတ်ပြီး ပျော်ရွှင်စွာ ရယ်မောနေကြသည်။ ဤကမ္ဘာတွင် တိုက်ခိုက်မှုမရှိ၊ လှည့်စားမှုမရှိ၊ သွေးထွက်သံယို ပဋိပက္ခများမရှိ၊ နေရာတိုင်းမှာ ငြိမ်းချမ်းခြင်းနှင့် တည်ငြိမ်ချမ်းမြေ့မှုများသာ ပြည့်နှက်နေသည်ပင်။

ပုရှောင်ရှီးဟာ အရသာရှိသည် အစားအစာများကို ပျော်ရွှင်စွာ စားသုံးရင်း တောင်တွေ၊ မြစ်တွေ၊ လယ်ကွင်းတွေကြား လျှောက်ပတ်သွားနေသည်။ တစ်ခုခုကို ငြီးငွေ့သွားတိုင်း နောက်တစ်ခုကို ပြောင်းစားပြီး အမြဲတမ်း ဆန်းသစ်သည့် အစားအစာတွေကို တစ်လမ်းလုံး ရှာဖွေတွေ့ရှိနေ၏။

ဝှီးးးး၊ ပုရှောင်ရှီးဟာ မြေပြင်ကနေ မြောက်တက်သွားပြီး နူးညံ့သည့် တိမ်တိုက်တစ်ခုပေါ် ဆင်းသက်လိုက်တော့သည်။ အဲဒီတိမ်တိုက်ကို ကော်တွန်ကန်ဒီသားဖြင့် ပြုလုပ်ထားသောကြောင့် လွန်စွာသက်တောင်သက်သာရှိလှပြီး စားချင်တိုင်းလည်း ဖဲ့စားလို့ရသည်တဲ့။

“ဒီနေရာလေးက တကယ်ကောင်းတာပဲ~” ပုရှောင်ရှီး ချိုသာစွာ ပြုံးလိုက်ပြီး ဗိုက်ဝအောင် စားသောက်ပြီးနောက် အိပ်မက်ထဲမှာပင် အိပ်ပျော်သွားတော့၏။

တည်းခိုခန်းတစ်ခုလုံးမှာ ဟောက်သံတွေ ဆူညံနေပြီး လူတိုင်းဟာ ကိုယ့်ပိုင်အိပ်မက်ထဲမှာ နစ်မြောနေကြကာ ဘယ်လိုမှ ရုန်းထွက်နိုင်စွမ်း မရှိခဲ့ကြပေ။

ဒါပေမဲ့ တစ်ယောက်တော့ ခြွင်းချက်ရှိသည်!

ထိုအချိန်တွင်။

ယဲ့ကျွင်းလင်ဟာ ပြတင်းပေါက်အပြင်ဘက်က လင်းလက်တောက်ပသော လမင်းကြီးကို ငေးကြည့်ရင်း အကြောင်းမဲ့ စွပ်စွဲခံရသည့် အကြောင်း တွေးမိကာ စိတ်ဓာတ်ကျမိနေသည်။

ပြစ်မျိုးမှဲ့မထင်ရုပ်ရည်၊ ပြိုင်စံရှားခွန်အားတွေနှင့်ဆိုရင် ဝူကျိုးတွင် လွန်စွာနာမည်ကြီးပြီး ပရိသတ်အင်အား အများကြီး ရရှိပြီးသား ဖြစ်လိမ့်မည်ဟု သူမူလက ထင်ထားခဲ့သည်။

မထင်မှတ်ဘဲ သူတို့အားလုံးက သူ့ကို ခါးခါးသီးသီး မုန်းတီးနေကြသတဲ့။

အိုး၊ ဒါတွေအားလုံးဟာ သူ့နာမည်ကို အသုံးချလှည့်စားပြီး လူတွေကို ဒုက္ခလိုက်ပေးနေတဲ့ လူဆိုးလူညစ်တွေကြောင့် ဖြစ်ရတာပဲ။ သူ့ရဲ့ ပညာရှိတဲ့၊ တန်ခိုးကြီးတဲ့၊ အရပ်ရှည်ရှည် ခန့်ခန့်ညားညားနဲ့ ပြိုင်ဘက်ကင်းတဲ့၊ ဖြောင့်မတ်ပြီး ပြည့်စုံတဲ့ ပုံရိပ်ကို ဖျက်ဆီးချင်နေကြတဲ့လူတွေကြောင့်ပေါ့။

ယဲ့ကျွင်းလင် သက်ပြင်းချရင်း ရေရွတ်လိုက်သည်။ "အိုး... ကမ္ဘာကြီးဟာ တဖြည်းဖြည်း ယိုယွင်းလာပြီး လူတွေရဲ့ စိတ်နှလုံးတွေဟာ အရင်လို မသန့်စင်တော့ဘူးပဲ"

【တင်၊ ပိုင်ရှင်ဟာ ပိုင်ဆိုင်မှုတွေကိုမစစ်ဆေးတာ နှစ်လကြာရှိသွားပါပြီ၊ အခု စစ်ဆေးလိုပါသလား?】

စနစ်သတိပေးချက် ထွက်ပေါ်လာသည်။

"စစ်ဆေးပါ" ယဲ့ကျွင်းလင်က ပြောလိုက်သည်။

【တင်၊ ပိုင်ရှင်ဟာ အဆင့်မြင့် ဝိညာဉ်ကျောက်သလင်း တစ်သန်း ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်ရှင်】

【တင်၊ ပိုင်ရှင်ဟာ အဆင့်မြင့် မီးလျှံပေါက်ကွဲ အဆောင်ငါးခု ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်ရှင်】

【တင်၊ အဆင့်မြင့် အိမ်မွေးတိရစ္ဆာန် အစားအစာ ဆယ်အိတ် ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်ရှင်】

【တင်၊ ကမ္ဘာထောင်သောင်းချီ အသီးသီးမှာ အကောင်းဆုံး ပုလွေဖြစ်တဲ့ သက်ရှည်ပုလွေကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်ရှင်】

...

စနစ်တွင်း ဝင်ရောက်စစ်ဆေးခြင်းမှ ရရှိသော ဆုလာဘ်အားလုံးကို စနစ်သိုလှောင်ခန်းတွင် အလိုအလျောက် သိမ်းဆည်းထားပြီးဖြစ်၏။

ယဲ့ကျွင်းလင် တစ်စုံတစ်ခုကိုစိတ်ဝင်စားကာ မျက်ခုံးပင့်လိုက်ပြီး မေးသည်။ "သက်ရှည် ၏ပုလွေ? စနစ်၊ အဲ့ပစ္စည်းက ဘယ်အဆင့်လဲ?"

【တင်၊ အဆင့်မရှိပါ။ ပုလွေသံရဲ့ တန်ခိုးအာနုဘော်ဟာ ပိုင်ရှင်ရဲ့ ပုလွေမှုတ်ကျွမ်းကျင်မှုနဲ့ ကျင့်ကြံဆင့်အခြေခံပေါ်မှာ လုံးလုံးလျားလျား မူတည်နေပါတယ်】

စနစ်က သေသေချာချာ ပြန်ဖြေသည်။

ယဲ့ကျွင်းလင်လည်း မိမိ၏ ပုလွေမှုတ်ကျွမ်းကျင်မှုသည် အလွန်ကောင်းမွန်ပါကြောင်း ရုတ်တရက် သတိရသွားသည်။

ရှည်လျားသော ညတာကို ခံစားစီးမျောရင်း ယနေ့ ကြုံတွေ့ခဲ့ရသော အနှောင့်အယှက်များကို ပြန်လည်သတိရသောအခါ ယဲ့ကျွင်းလင်သည် စိတ်ဓာတ်ကျခြင်းကို သက်သာစေရန် တေးသွားတစ်ပုဒ်လောက် မှုတ်ချင်စိတ် ပေါ်လာသည်။

ဝှစ်

မြစိမ်းရောင်လဲ့လဲ့ တောက်ပနေသော၊ လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးဟောင်းအငွေ့အသက်များ ခြုံလွှမ်းထားသည့် အပြာရောင်ပုလွေတစ်လက် သူ့လက်ထဲတွင် ပေါ်လာသည်။

ဒါက သက်ရှည်ပုလွေပဲ!

ယဲ့ကျွင်းလင်သည် ပုလွေကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ နှုတ်ခမ်းတွင် တေ့၍ စမ်းသပ်တီးမှုတ်ကြည့်လိုက်တော့၏။

တစ်ခဏအတွင်း။

ပုလွေသံသည် နတ်ဘုံနတ်နန်းမှ ဆင်းသက်ပျံ့လွင့်လာသကဲ့သို့ ကြည်လင်ချိုမြပြီး ကြားရသူအပေါင်း နားဝင်ချိုလှစေသည်။

ယဲ့ကျွင်းလင်သည် ကျင့်ကြံဆင့်အခြေခံကိုပင် အသုံးမပြုဘဲ မိမိ၏ ခံစားချက်များအတိုင်း ပုလွေကို မှုတ်နေခြင်းဖြစ်သော်လည်း ၎င်းသည် မှော်ဆန်သော သံစဥ်လှိုင်းများကို ဆင့်ကဲထွက်ပေါ်လာစေပြီး ကမ္ဘာမြေကြီးနှင့် အချိုးညီစွာ ပဲ့တင်ထပ်နေသကဲ့သို့ လွန်စွာသာယာနာပျော်ဖွယ်ခံစားချက်ကို ပေးစွမ်းနိုင်ပေ၏။

ခန်းဆီးသည် လေမတိုက်ခတ်ပါဘဲ ယိမ်းနွဲ့လှုပ်ယမ်းနေပြီး ယဲ့ကျွင်းလင်၏ ငွေရောင်ဆံပင်သည်လည်း လွင့်ပျံလို့နေကာ မျက်လုံးများတွင် မီးလျှံတို့ထည့်သွင်းထားသကဲ့သို့ တောက်ပလင်းလက်နေသည်။ ကိုယ်ရောင်ကိုယ်ဝါမှာ နတ်ဘုံကိုးဆင့်မှ နတ်သက်ကြွေနတ်ဘုရားတစ်ပါးကဲ့သို့ တသီးတသန့်ဆန်လျက်။

"ဘာအသံလဲဟ?!"

မြွေနတ်ဆိုးမျိုးနွယ် သတ္တဝါ ဒါဇင်ကျော်သည် မျက်နှာများ ပျက်ယွင်းသွားပြီး ၎င်းတို့၏ အစီအရင်ကို တစ်စုံတစ်ယောက်က နှောင့်ယှက်မည်အား စိုးရိမ်လာကြသည်။

ထူးဆန်းစွာပင် ကိုယ်ရောစိတ်ပါ မည်သည့် ထိခိုက်မှုမှ မခံစားရဘဲ ဤသည်မှာ အလွန်ငြိမ့်ညောင်းပြီး နားဝင်ချိုသော ရိုးရိုးရှင်းရှင်း တေးဂီတတစ်ပုဒ်သာ ဖြစ်ဟန်တူ၏။

"ဘယ်လောက်တောင် လှပလိုက်တဲ့ သံစဥ်လေးလဲ၊ မျိုးနွယ်စုမှာနေထိုင်ခဲ့တုန်းက ဟိုးငယ်ဘဝကိုတောင် ပြန်သတိရမိတယ်ကွာ" မျိုးနွယ်စုဝင်တစ်ဦးက တမ်းတမ်းတတဆိုပြီး အလွန်ပျော်ရွှင်မြူးထူးစွာ လျှာကိုထုတ်ကာ ခန္ဓာကိုယ်ကို အလိုအလျောက် လိမ်ယှက်ပြီး တေးသွားအတိုင်း သွက်လက်နွဲ့ပျောင်းစွာ ကခုန်နေတော့သည်။

"တုလု၊ မင်းဘာလုပ်နေတာလဲ?!" ယဲ့ကျားကူက တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိပြီး ပြင်းထန်စွာ ဆူပူလိုက်သည်။

သို့သော်လည်း တုလုဆိုသော မျိုးနွယ်စုဝင်သည် နားပင်းသွားဟန်တူပြီး ဘာကိုမှဂရုမစိုက်အားတော့ဘဲ ပုလွေသံနှင့်အတူ ဆက်လက်ကခုန်နေသည်။ မြွေများ၏ ခန္ဓာကိုယ်ထူးခြားချက်များကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သူ၏ ခန္ဓာကိုယ်မှာ လွန်စွာပျော့ပျောင်းကာ သံစဥ်နှင့်လိုက်ဖက်ညီစွာ မျက်စိပသာဒသင့်လျက်။

ဒါတင်မကသေးပေ။ မြွေနတ်ဆိုးမျိုးနွယ် သတ္တဝါများသည် တစ်ယောက်ပြီးတစ်ယောက် ယုံမှားအိပ်မက်အစီအရင် ဖန်တီးခြင်းကို မေ့လျော့စွန့်ပစ်လာကြပြီး မိမိ၏ကိုယ်ပိုင်တေးသွားကမ္ဘာတွင်သာ နစ်မြုပ်ကခုန်ကြလေတော့၏။

မြွေတို့သည် ခါးကိုလိမ်ကာ တင်ပါးကိုခါယမ်းပြီး လွတ်လပ်ပေါ့ပါးစွာ ကခုန်နေသည့်မြင်ကွင်းမှာ အလွန်အံ့သြထူးဆန်းဖွယ်ကောင်းလျက်။

"မင်း... မင်းတို့..." ယဲ့ကျားကူ ထိတ်လန့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းကို တစ်သက်တွင် တစ်ခါမှ မမြင်ဖူးပေ။

မကြာမီတွင် ယဲ့ကျားကူသည် အကြောင်းရင်းမှာ ဤသာယာပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော ပုလွေသံသာ ဖြစ်ကြောင်း သဘောပေါက်သွားသည်။

ပုလွေသံသည် မြွေများ၏ ထူးခြားသော ကိုယ်ရည်ကိုယ်သွေးနှင့် စရိုက်လက္ခဏာများကို လှုံ့ဆော်နိုင်ပြီး အတူလိုက်ပါကခုန်ချင်အောင် သွေးဆောင်နိုင်စွမ်း အပြည့်ရှိလေသည်။

"ဘယ်သူက နှောင့်ယှက်နေတာလဲ?! ဒီမဟာပုရောဟိတ် ဒေါသမထွက်ခင် ဒီကနေ ထွက်သွားစမ်း!" ယဲ့ကျားကူ၏ မျက်နှာသည် ကြမ်းကြုတ်ပြီး ချွန်ထက်သော အစွယ်များကို ဖော်ထုတ်လိုက်ရာ အေးစက်သော အလင်းရောင်များဖြင့် စူးရှစွာတောက်ပနေသည်။

ရုတ်တရက် သူ့မျက်ဆံများ တဖြည်းဖြည်း ဆုံချက်ပျောက်၍ ဝေဝါးလာကာ လက်နှစ်ဖက်ကို ပန်းပွင့်ပုံစံဖော်၍ မေးထောက်လိုက်ပြီး သူ့ကိုယ်သူ နေကြာပန်းတစ်ပွင့်အဖြစ် စိတ်ကူးယဉ်လျက် ပြုံးတုံ့ပြုံးတုံ့ဖြင့် ခါးလေးယိမ်းကာနွဲ့ကာ စတင်ကခုန်လေတော့၏။

သူတို့အားလုံး စိတ်လွတ်ကာ ကခုန်နေကြသောကြောင့် ယုံမှားအိပ်မက်အစီအရင်လည်း ရပ်တန့်သွားရလေသည်။

နဂါးဂိတ်တည်းခိုဆောင် အတွင်း၌။

ဖန်းသယ်ကျန့် ရုတ်တရက် လန့်နိုးလာပြီး ချက်ချင်း ကြောက်စိတ်ဖြင် ထိတ်ပျာသွားရ၏။

"ငါ ထောင်ချောက်ထဲကျသွားတာပဲ!"

ဖန်းသယ်ကျန့်သည် မိမိ၏လက်ရှိအဆင့်ဖြင့် ဤသို့ စိတ်လွတ်လက်လွတ် အိပ်မက်ထဲမျောပါမသွားနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိထားသည်။ နောက်ကွယ်တွင် တစ်စုံတစ်ယောက်ကတော့ လှည့်ကွက်သုံးနေချေပြီ။

"မကောင်းတော့ဘူး!"

ဖန်းသယ်ကျန့် တစ်ခုခုကို တွေးမိပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ ဘေးခန်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

သူ့ရှေ့တွင် အန်းမြောင်ယိသည် ပေါင်ပေါ်တွင် လက်တင်ကာ ငြိမ်းချမ်းစွာ တင်ပျဥ်ခွေထိုင်နေပြီး မျက်လုံးများ မှိတ်ထားလျက် အိပ်မက်လှလှမက်နေပုံဖြင့် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု သဲ့သဲ့လေး ထင်နေသည်။

သေချာပေါက် အိပ်မက်လှလှလေးထဲ နစ်မျောနေသည်ပင်။

"မမလေး၊ မြန်မြန်ထပါတော့!" ဖန်းသယ်ကျန့်သည် လက်တစ်ဖက်ဖြင့် သင်္ကေတတစ်ခုကို ပုံဖော်လိုက်ကာ အလင်းတန်းတစ်ခုအား အဝါရောင်ဝတ်စုံဝတ် အမျိုးသမီး၏ နဖူးသို့ ပို့လွှတ်လိုက်သည်။

အန်းမြောင်ယိ၏ နူးညံ့သော ခန္ဓာကိုယ်လေး တုန်ခါသွားပြီး သူမ၏ မျက်တောင်ရှည်များ တဖျတ်ဖျတ် လှုပ်ရှားလာကာ မျက်လုံးလှလှလေးများ ပွင့်ဟလာပြီးနောက် ခပ်တွေတွေအကြည့်ဖြင့် မေးလာသည်။ "ဦးလေးဖန်း၊ ဘာလို့..."

"ငါတို့ ထောင်ချောက်ဆင်ခံလိုက်ရတာ!" ဖန်းသယ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

"ထောင်ချောက်ဆင်ခံရတာ?"

အန်းမြောင်ယိသည် နှာခေါင်းလေးကိုရှုံ့လိုက်ပြီး တစ်ခုခုကို တွေးနေပုံရကာ စိုးရိမ်စိတ်များ ခံစားလိုက်ရသည်။ "ဟုတ်တယ် ကျွန်မလည်းနိုးထချင်စိတ်ကိုရှိမနေတာ၊ အိပ်မက်ထဲကိုပိုပြီးနစ်မြုပ်လေလေ ကျွန်မစိတ်ဝိညာဥ်ပိုပြီးအားနည်းလာလေလေပဲ"

"ဦးလေးမမှားဘူးဆိုရင် ရန်သူက ယုံမှားအိပ်မက် အစီအရင်ကိုတည်ဆောက်ထားတယ်၊ ရှေးခေတ်တုန်းကရှိခဲ့တဲ့ မကောင်းတဲ့ အစီအရင်တစ်ခုပဲ၊ လူတွေကို အိပ်မက်ထဲမှာနစ်မြုပ်ပြီး အသိစိတ်လွတ်စေတယ်၊ နောက်ဆုံးမှာတော့ တိတ်တဆိတ် သေဆုံးသွားတဲ့အထိပေါ့"

ဖန်းသယ်ကျန့်က မျက်နှာမကောင်းစွာ ရှင်းပြသည်။

သူ့လို အင်အားကြီးတဲ့ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူတောင် လွတ်မြောက်နိုင်စွမ်းမရှိလောက်အောင် နစ်မျောသွားမိတာပဲ။ ဒီ့ထက်နောက်ကျရင် အသက်ဘေးစိုးရိမ်ရမလားတောင် တွေးပူချင်စရာပင်။

ဘာတိုက်ခိုက်မှုကိုမှ မပြုလိုက်ရဘဲ အိပ်နေရင်း တိတ်တဆိတ် အသက်ဆုံးရှုံးသွားရတာမျိုးလား?

ထိုအကြောင်းကို ထဲထဲဝင်ဝင် တွေးမိလိုက်တော့ ဖန်းသယ်ကျန့်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး သူဒီလောက်နှင့်နိုးလာတာ ကံကောင်းပေလို့ဟု ခံစားလိုက်ရ၏။

အန်းမြောင်ယိ မယုံနိုင်လှပေ။ "ဘယ်လောက်တောင် ရက်စက်တဲ့ အကြံအစည်မျိုးလဲ။ သူတို့ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ လူတွေကိုအကုန်သတ်ပြီး ပစ္စည်းခိုးဖို့များလား?"

"မမလေး၊ ဟိုဟိုဒီဒီ လျှောက်မသွားနဲ့။ အပြင်မှာ ဘာဖြစ်နေလဲ ဦးလေးသွားကြည့်မယ်" ဖန်းသယ်ကျန့်က အသံနိမ့်နိမ့်ဖြင့် ပြောလာသည်။

ဝှစ်!

ပြောရင်းဆိုရင်း သူ့ပုံရိပ် ချက်ချင်း ပျောက်ကွယ်သွားသည်။

ခဏလေးအတွင်းမှာပဲ သူသည် နဂါးဂိတ်တည်းခိုဆောင်အထက် ကောင်းကင်သို့ ရောက်ရှိသွား၏။

ဖန်းသယ်ကျန့်၏ မျက်ဆံများကျဥ်းမြောင်းသွားလျက် ရေရွတ်လိုက်သည်။ "မရဏချောက်နက်က သတ္တဝါတွေလား?!"

တစ်ချိန်တည်းမှာပင်။

ယဲ့ကျားကူနှင့် အဖွဲ့သည် ပုလွေသံ ရုတ်တရက် တိတ်ကျသွားသောကြောင့် ကခုန်ခြင်းကို ရပ်တန့်လိုက်ကြပြီး သတိပြန်ဝင်လာကာ မသေချာမရေရာစွာ ဟိုကြည့်ဒီကြည့်ဖြစ်လို့နေကြ၏။

"မဟာပုရောဟိတ်ကြီး၊ ကျွန်တော်တို့..." မျိုးနွယ်စုဝင်အချို့သည် ကြောက်စိတ်ဖြင့် ဦးရေပြားများတင်းကျပ်လာကာ ယခုလေးတင်ဖြစ်ပွားသွားသော ထူးဆန်းသော ဖြစ်ရပ်ကြောင့် အလွန်စိုးရိမ်မိနေကြသည်။

အစီအစဥ်အတိုင်း ဆက်သွားလို့ရပါဦးမလား?

ယဲ့ကျားကူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "အခုနက နှောင့်ယှက်ခံလိုက်ရပေမယ့် လူသား ကျင့်ကြံသူအများစုက အိပ်မက်ရဲ့ အလှကြောင့် ခုထိမနိုးထနိုင်ကြသေးဘူး။ အချိန်မီ ပြင်ဆင်နိုင်ရင် အခွင့်အရေး ရှိသေးတယ်!"

"ရပ်လိုက် !"

အော်သံတစ်ခု ထွက်ပေါ်လာသည်။

All Chapters