Chapters

အခန်းထဲအမြန်ဝင်

Vol. 9 Ch. 119

အခန်းထဲအမြန်ဝင်

Vol. 9 Ch. 119

အဆောင်အတွင်း၌။

အန်းမြောင်ယိ၏ လှပသော မျက်လုံးများ တောက်ပလာပြီး သူမသည် ပုလွေသံကို စိတ်ဝင်တစား နားထောင်ကာ အံ့အားသင့်စွာဖြင့် "ဘယ်သူများ ပုလွေမှုတ်နေတာလဲ?" ဟု ရေရွတ်လိုက်သည်။

ပုလွေသံသည် ချိုမြပြီး လူ့စိတ်ကို လွန်စွာပီတိဖြာစေသည်။

အန်းမြောင်ယိ နားထောင်လေလေ ပျော်ရွှင်လာလေလေ ဖြစ်လာပြီး ထိုကဲ့သို့သော တေးသွားကို မှုတ်နိုင်သူသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော လူတစ်ဦးဖြစ်ရမည်ဟု သူမခံစားရသည်။

အပြင်ဘက်၌။

ယဲ့ကျားကူတို့အဖွဲ့မှာတော့ တင်ပါးများကိုအနောက်သို့ပစ်လျက် ခါးနွဲ့နှောင်းသော ဆက်စီအကတို့ မပြီးဆုံးနိုင်သေးပေ။

အရမ်းကိုမှ ဆက်စီကျနေတာပဲ။

ဟုန်ချန်ယဲ့နှင့် အခြားနှစ်ဦး၏ နှလုံးသားငယ်လေးများမှာ ရွံရှာစိတ်ဖြင့် တဒိန်းဒိန်း ခုန်လှုပ်နေလျက်။

"ချီးပဲ ချီးပဲ ချီးပဲ! ငါ သည်းမခံနိုင်တော့ဘူး! အခုပဲ သူတို့ကို သတ်တော့မယ်!!!" လီဝူကျယ်သည် ဆက်တောင့်မခံနိုင်တော့သည့်အလား ဓားကို ကိုင်ကာ ရှေ့သို့ ပြေးဝင်လိုက်၏။

"မင်းတို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ သတ္တဝါတွေ၊ ဒီအရှင့်လက်ထဲမှာ သေလိုက်ကြ!" ဟုန်ချန်ယဲ့သည် အလွန်မုန်းတီးစက်ဆုပ်စွာဖြင့် အားပြင်းသော လက်ဝါးရိုက်ချက်ကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်သည်။

သနားစရာ ယဲ့ကျားကူခမျာ ပျော်ပျော်ကြီးကနေရာမှ ဦးစွာ ကျပန်းခုတ်ချလာသော ဓားချက်များဖြင့် သေဆုံးသွားပြီးနောက် အလောင်းမှာလည်း လက်ဝါးတစ်ချက်ဖြင့် ပြာမှုန်အဖြစ် ပြောင်းလဲသွားသည်။

ကျန်လက်အောက်ငယ်သားများလည်း တစ်ပုံစံတည်း ဇီဝိန်ခြွေခံလိုက်ရ၏။

ဖန်းသယ်ကျန့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်၊ တာအိုရောင်းရင်းတို့ ကြမ်းလှချည်ကလား။

သူက လှုပ်တောင် မလှုပ်ရှားရသေးဘူးလေ!

တစ်ဖက်တွင်တော့...

ယဲ့ကျွင်းလင် ပုလွေမှုတ်နေလျက်ပင်။ တစ်ဝက်တစ်ပျက်မှာ ရပ်လိုက်ခြင်းက သူ့စိတ်ခံစားချက်အလိုက် သံစဥ်ပြောင်းဖို့ စဥ်းစားနေရသောကြောင့်ဖြစ်သည်။

ပုလွေမှုတ်ခြင်းမှာ လူကို စိတ်ရောကိုယ်ပါ ပျော်မွေ့ကြည်နူးစေနိုင်သည့်အတွက် သူစိတ်ဓာတ်ကျခြင်းတော့ မရှိတော့ပေ။

အပြင်မှာ ဖြစ်ပျက်နေသော အနှောင့်အယှက်များကို သူသိထားသော်လည်း ဝင်ပါရမှာပျင်းသောကြောင့် ဒီအတိုင်းသာဆက်နေနေခြင်းပင်။ ဘာပဲဖြစ်ဖြစ် ရှင်းပေးမယ့်တပည့်လေးနှစ်‌ယောက်ရှိတယ်လေ။

ခဏကြာသော်။

ယဲ့ကျွင်းလင် ပုလွေသံစဥ်အပြီး တစ်စုံတစ်ခုကို ခံစားလိုက်မိ၏။

ထို့ကြောင့် ‌ရှေ့သို့အသာလှမ်းလျက် တံခါးဖွင့်လိုက်သော် အဝါရောင်ဝတ်စုံ၊ ဖြူဝင်းသောအသားအရည်နှင့် အမျိုးသမီးငယ်တစ်ဦး ရပ်လျက်ရှိလေသည်။

မူလက အန်းမြောင်ယိဟာ ပုလွေသံထဲမှာ နစ်မြုပ်နေဆဲပင်။ တံခါးရုတ်တရက် ပွင့်သွားတာကို မြင်သော် သူမ အံ့သြလန့်ဖျပ်သွားခြင်းကြောင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။ လက်လေးနှစ်ဖက်အား စိတ်လှုပ်ရှားစွာ လိမ်ယှက်ထားလိုက်ကာ စမ်းရေလိုကြည်လင်သောမျက်လုံးအစုံတွင် သူမရှေ့မှ ဆံဖြူလူငယ်လေး၏ ချောမောခန့်ညားသောပုံရိပ် ထင်ဟပ်လို့နေသည်။

တဖျတ်ဖျတ်လွင့်နေသော ဆံနွယ်ဖြူများဖြင့် ပုလွေသံချိုချိုကို တီးမှုတ်နေပုံမှာ တိမ်တိုက်များထက် အပန်းဖြေအနားယူနေသော နတ်သားငယ်တစ်ပါးကဲ့သို့ သန့်စင်ကြည်လင်လှပေ၏။

အန်းမြောင်ယိ၏ ရင်ခုန်သံများ ရုတ်တရတ် မြန်ဆန်လို့လာသည်။ ဂီတသမားတစ်ယောက်က နတ်သားလေးလိုချောမောကြည်စင်နေလိမ့်မယ်လို့ သူမလည်းထင်မထားခဲ့။

မူလက စကားပြောကောင်းပြီး သွက်သွက်လက်လက်ရှိသော သူမဟာ ယဲ့ကျွင်းလင်ကို မြင်တော့ မျက်နှာမှာ ပန်းသွေးရောင်လေးသန်းလာပြီး တုန်တုန်ယင်ယင်နှင့် ဆိုလိုက်သည်။ "ဆရာကြီး၊ ကျွန်မ၊ ကျွန်မ တောင်းပန်ပါတယ် အနှောင့်အယှက်ပေးမိလို့။ တကယ်တော့ ကျွန်မ လိုချင်တာက..."

ယဲ့ကျွင်းလင်၏ မျက်လုံးအစုံ တောက်ပလာပြီး ချက်ချင်း သူမကို ဆွဲသွင်းကာ တံခါးကို ဆောင့်ပိတ်လိုက်သည်။

သူတို့၏မျက်လုံးများ အကြည့်ချင်းဆုံသွားလျက်။

ယဲ့ကျွင်းလင်က စိတ်လှုပ်ရှားစွာ တိုက်တွန်းလာသည်။ "မြန်မြန်ပေးပါ ရပါတယ်!"

"အာ?" အန်းမြောင်ယိမှာ နားကြားများမှားလေသလားဟု သံသယဝင်သွားရပြီး ဦး‌နှောက်တစ်ခုလုံး ဗလာကျင်းသွားရလျက်။