အမည်ခံ ဆံဖြူဓားပြ
Vol. 9 Ch. 120
"မြန်မြန်ပေးပါဆို!" ယဲ့ကျွင်းလင်က အလောတကြီး ပြောလာပြီး တစ်ခုခုကို တောင်းဆိုနေသကဲ့သို့ လက်ကို ဆန့်ထုတ်လိုက်သည်။
အန်းမြောင်ယိ၏ ချစ်စရာမျက်နှာလေးသည် နီရဲတွတ်သွားပြီး နားမလည်နိုင်စွာ ခေါင်းပင်ချာချာလည်အောင် မူးဝေသွားသည်အထိ။
ဓားဆင့်ခေါ် ဂိုဏ်းချုပ်၏ သမီးတော်တစ်ပါးအနေဖြင့် သူမသည် အမျိုးမျိုးသော လှည့်ကွက်များနှင့် နည်းလမ်းများ အသုံးပြုကာ သူမဆီမှ မျက်နှာသာရဖို့အရေး ကြိုးစားပမ်းစားအားထုတ်နေရသော အရည်အချင်းရှိ လူငယ်များစွာကို တွေ့မြင်ခဲ့ဖူးသည်ပင်။
သို့သော် ယနေ့ညတွင် ရှောင်ဖယ်ကွေ့ဝိုက်ခြင်းမရှိ တိုက်ရိုက်ကမ်းလှမ်းလာသောသော လူမျိုးကိုတော့ အန်းမြောင်ယိ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ပါချေ။
ယဲ့ကျွင်းလင်၏ ပုလွေမှုတ်သံကို သူမ စွဲလန်းနှစ်ခြိုက်မိပြီး သူ၏ ချောမောသန့်ပြန့်သော ရုပ်ရည်ကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိသော်လည်း ပထမဆုံး တွေ့ဆုံမှုတွင် ထိုကဲ့သို့ လက်ရဲဇက်ရဲ အရင်းမရှိအဖျားမရှိ တောင်းဆိုလာခြင်းသည် အလွန်ရဲတင်းလွန်းသည်ဟု အန်းမြောင်ယိ ခံစားရ၏။
တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာပဲ!
အတွေးပေါင်းများစွာ ခေါင်းထဲဖြတ်သန်းသွားပြီးနောက် အန်းမြောင်ယိသည် သူမရှေ့မှ ငွေရောင်ဆံပင်ရှိသော လူငယ်ကို တွန်းဖယ်ကာ ခေါင်းခါယမ်းရင်း ပြောလိုက်သည်။ "သခင်လေး၊ ကျေးဇူးပြုပြီး ယဥ်ယဥ်ကျေးကျေး ဆက်ဆံပါ။ ကျွန်မက အဲဒီလို အမျိုးသမီး မဟုတ်ပါဘူး!"
ယခုအခါ ယဲ့ကျွင်းလင် အံ့အားသင့်ရသည့်အလှည့်ပင်။
သူမ ဘာကို ဆိုလိုတာလဲ?
ငါက ဘောပင်တစ်ချောင်းပဲ လိုချင်တာပါ၊ ဒီလောက်ထိအလေးအနက်ထားဖို့ လိုနေတာလား?
"မမလေး၊ ကျွန်တော့်ရဲ့ လက်မှတ် မလိုချင်ဘူးဆိုတာ သေချာလား? ကျုပ်က အမှုတ်ကျွမ်းတဲ့ အနုပညာရှင်လူချောနော်၊ နောင်တရချင်လို့လား" ယဲ့ကျွင်းလင်က တုံ့ဆိုင်းစွာ မေးလိုက်သည်။
အန်းမြောင်ယိ အံ့အားသင့်သွားပြီးနောက် ဦးနှောက်တစ်ခုလုံး လျင်မြန်စွာအလုပ်လုပ်လိုက်ပြီး နောက်ဆုံးတွင်တော့ သူမဘက်က နားလည်မှုလွဲမှားခဲ့မိကြောင်း သဘောပေါက်သွားရသည်။
ချက်ချင်းဆိုသလို သူမ၏ ပါးပြင်များသည် ပို၍ပင် နီရဲသွားသည်မှာ နီတာရဲပန်းသီးမှည့်မှည့်တစ်လုံးကဲ့သို့။
သို့သော် အန်းမြောင်ယိသည် တည်တည်ငြိမ်ငြိမ်ပုံစံသို့ လျင်မြန်စွာ ပြန်လည်ထိန်းညှိကာ တွေဝေသော အမူအရာဖြင့် ပြန်မေးသည်။ "ဘာလို့ ကျွန်မက ရှင့်လက်မှတ်ကို လိုချင်ရမှာလဲ? ရှင်က အရှေ့ပိုင်းစီရင်စုမှာ အဲ့လောက်နာမည်ကြီးတဲ့သူမလို့လား?"
ယဲ့ကျွင်းလင် ဆို့နင့်သွားရသည်၊ ဒါဆို ဒီမိန်းကလေးက သူ့ကို မမှတ်မိတာပဲ!
"ပုလွေသံကတော့ အရမ်းကိုချိုမြိန်တာပါပဲ၊ ဂီတသမားတစ်ယောက်အနေနဲ့ ရှင့်ဒေသမှာတော့ အရမ်းနာမည်ကြီးမှာ သေချာပါတယ်၊ ဒါပေမဲ့ ဒီမတိုင်ခင်က ရှင့်ကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ သာယာတဲ့ပုလွေသံနောက်လိုက်ရင်း ဒီလိုရဲရဲတင်းတင်း အရောက်လာလိုက်မိတာပါ" အန်းမြောင်ယိက ရှင်းပြလိုက်သည်။
ယဲ့ကျွင်းလင် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ဆိုသည်။ "ဟုတ်ပါပြီ၊ ဒီလိုဆို ကျွန်တော့်ဘက်က ယုံကြည်မှုလွန်ကဲသွားတာပါ"
"ဒါပေမဲ့ တွေ့ဆုံခြင်းဟာ ကံကြမ္မာကြောင့်ပေပဲ။ ကျွန်မက ကုန်းပြည်နယ်က ဒေသခံ အန်းမြောင်ယိပါ။ သခင်လေးရဲ့ နာမည်နဲ့အရပ်ဒေသကို မေးမြန်းခွင့်ပြုပါလား?" အန်းမြောင်ယိက ရိုကျိုးစွာ လက်သီးဆုပ်အရိုအသေပြုလျက် မေးမြန်းလာ၏။
"မင်္ဂလာပါ မမလေးအန်း၊ ကျွန်တော့်နာမည်က ယဲ့... ယဲ့ဖန်!" ယဲ့ကျွင်းလင် ခဏရပ်ပြီး "ဟွမ်ကျိုးပြည်နယ်ကပါ!" ဟု ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် ဆေးဘုရင်တောင်ကြားသည် ကမ္ဘာတစ်ဝှမ်းမှ သူရဲကောင်းများကို စုရုံးစေမည်ဖြစ်ပြီး ထိုအတုအယောင်အုပ်စုသည် ဤအခွင့်အရေးကို အသုံးချ၍ လှည့်ကွက်ကြီးကြီးတစ်ခုကိုတော့ လုပ်လိမ့်ဦးမည်ဟု ကြိုတင်သိမြင်ထားသောကြောင့် မလိုအပ်သော ရှုပ်ထွေးမှုများကို ရှောင်ရှားရန်နှင့် သတင်းများ ကြိုတင်ပေါက်ကြားခြင်းမှ ကာကွယ်ရန်အတွက် သူ၏ အစစ်အမှန်ကိုယ်ပိုင်လက္ခဏာကို ဦးစွာ ဖုံးကွယ်ထားခြင်းက ပိုကောင်းသည် သူထင်၏။
"ရှင်က ဟွမ်ကျိုးပြည်နယ်ကလား?" အန်းမြောင်ယိသည် သူမ၏ လှပသော မျက်လုံးများကို ပြူးကျယ်လိုက်ပြီး နူးညံ့သော နှုတ်ခမ်းလေးများကို လက်ဖြင့်အသာ ဖုံးအုပ်လိုက်သည်။
"ဟုတ်ပါ့ဗျာ၊ ဘာဖြစ်လို့ပါလဲ?"
"သခင်လေးယဲ့၊ တကယ်တော့ ကျွန်မ အရင်က ဟွမ်ကျိုးပြည်နယ်အပေါ် အင်မတန်ဆိုးရွားတဲ့ အထင်အမြင် ရှိခဲ့ဖူးတယ်။ အကြီးအကဲတွေကလည်း ဟွမ်ကျိုးဟာ ခေတ်စနစ်နောက်ကျပြီး လူသူကင်းမဲ့ခြောက်ခမ်းတဲ့ မြေ၊ အရှေ့ပိုင်းစီရင်စုမှာ လူသိမများဆုံး မျက်နှာအမွဲဆုံး ပြည်နယ်ဖြစ်ပြီး ဝိညာဥ်အဆင့်တက်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်တောင် မွေးထုတ်ဖို့ ခက်ခဲတဲ့မြေလို့ ပြောပြတတ်ကြပါတယ်" အန်းမြောင်ယိက အမှန်အတိုင်း ရှင်းပြလာသည်။
ယဲ့ကျွင်းလင် မအံ့သြဘဲ ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပါတယ်" ဟုသာ ထောက်ခံလိုက်၏။
အတိတ်ကာလတွင် ဟွမ်ကျိုးပြည်နယ်၌ ဝိညာဥ်သန္ဓေ ကျင့်ကြံသူများသည်ပင် စိန်ခေါ်ယှဥ်ပြိုင်ရဲသူမရှိလောက်အောင် အင်အားကြီးမားသည်ဟု သတ်မှတ်ခံထားရခြင်းဖြစ်ရာ ဝိညာဥ်အဆင့်တက်ခြင်း အဆင့် ကျင့်ကြံသူများ မွေးထုတ်နိုင်ဖို့ရာတော့ ဝေးပါသေးသည်။
"ဒါပေမဲ့ အခုတော့ ရွှယ်ထျန်းဂိုဏ်း ပေါ်လာတာက ကျွန်မရဲ့ ဟွမ်ကျိုးပြည်နယ်အကြောင်း နားလည်မှုကို တစ်ဖန်ပြောင်းလဲစေခဲ့တယ်။ ကျွန်မတို့ ဒီနေရာကို အင်မတန်လျှော့တွက်ထားမိခဲ့တာပဲလို့ အတွေးဝင်ခဲ့တာပေါ့!" ဟု အန်းမြောင်ယိက စကားဆက်သည်။
ယဲ့ကျွင်းလင်က အပြုံးတစ်ပွင့်ဖြင့် မေးလိုက်သည်။ "ဒါဆို မင်းရဲ့ ဟွမ်ကျိုးပြည်နယ်အပေါ် အထင်အမြင်က အခု ပိုကောင်းလာပြီပေါ့?"
"မဟုတ်ဘူး၊ ပိုဆိုးလာတာ!"
"ဘာ?!"
မထင်မှတ်ထားသောအဖြေကြောင့် ယဲ့ကျွင်းလင် အံ့အားသင့်သွားသည်။
အန်းမြောင်ယိသည် လက်နှစ်ဖက်ကို ခါးထက် မာန်ပါပါထောက်လိုက်ကာ ဒေါသတကြီးဖြင့် ပြောလာသည်။ "ရွှယ်ထျန်းဂိုဏ်းရဲ့ မြူခိုးတောင်ထိပ်သခင် ယဲ့ကျွင်းလင်ဟာ ကျင့်ကြံဆင့်မြင့်တာကိုအားကိုးပြီး မကောင်းမှုမှန်သမျှ လိုက်လံကျူးလွန်နေတယ်လေ။ ဒီကာလအတွင်းမှာ သူဟာ တပည့်တွေနဲ့ ပြည်နယ်တစ်ခွင်မှာ ကျင့်ကြံဆင့်အသီးသီးက ကျင့်ကြံသူတွေကို မတရားသဖြင့် လုယက်ဓားပြတိုက်နေခဲ့တယ်။ ဦးလေးဖန်းနဲ့ ကျွန်မတောင် မတရားခံရတဲ့ထဲ ပါလိုက်သေးတာကော။ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို ချိုးဖျက်ထားနိုင်တဲ့ မသေမျိုးအရိပ်တစ်ပါးက လူကြားမကောင်း သူကြားမကောင်း ဒီလိုဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်တွေကို ကျူးလွန်နေတာ အရှေ့ပိုင်းစီရင်စုရဲ့ ကျင့်ကြံရေးလောကအတွက်တော့ အရှက်ရစရာပါပဲ!"
"အဟွတ် အဟွတ်" ယဲ့ကျွင်းလင် နှစ်ချက် သုံးချက် ချောင်းဆိုးလိုက်ပြီး တည်တည်ကြည်ကြည်ဖြင့် ဖြေရှင်းလာသည်။ "မမလေးအန်း၊ နားလည်မှုတစ်ခုခုတော့ လွဲနေပြီထင်တယ်နော်။ ကျွန်တော်တို့ ဟွမ်ကျိုးပြည်နယ်က လူတွေရဲ့ အမြင်မှာတော့ ယဲ့ကျွင်းလင်ဆိုတာဟာ ကမ္ဘာပေါ်မှာ အပြီးပြည့်စုံဆုံး လူသားတစ်ယောက်ပဲ!"
"သူဟာ တန်ခိုးအာနုဘော်ကြီးမားရုံတင် မကဘူး၊ အကျင့်စရိုက်ကအစ အပြစ်ကင်းစင်ပြီး ချောမောခန့်ညားမှုတွေ ပြည့်လွန်းမက လျှံပါထွက်နေတဲ့ ပြစ်မျိုးမှဲ့မထင်မျက်နှာသွင်ပြင်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ကျွန်တော်တောင် ယောက်ျားချင်း သဘောကျလုနီးပါး ဖြစ်ခဲ့ရတာပါဆို!"
"မမလေးပဲ စဥ်းစားကြည့်ပါ၊ အဲဒီလို ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်က သူ့ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးမယ့် အလုပ်မျိုးကို ဘယ်လို လုပ်နိုင်မှာလဲ? မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး!"
ထိုစကားများကိုကြားသော်..
အန်းမြောင်ယိသည် သူမရှေ့မှ ငွေရောင်ဆံပင်ရှိသော လူငယ်ကို ထူးဆန်းသောအကြည့်တစ်မျိုးဖြင့် တည့်တည့် စိုက်ကြည့်နေ၏။
သူမကိုယ်တိုင်သာ ယဲ့ကျွင်းလင်ဆီက ဓားပြတိုက်မခံခဲ့ရရင် သေချာပေါက် ဒီစကားလုံးတွေအောက်မှာ လှည့်စားခံလိုက်ရမှာပဲ။
တန်ခိုးအာနုဘော်ကြီးမားကြောင်း သူမလက်ခံယုံကြည်ပေးနိုင်သော်လည်း ပြစ်မျိုးမှဲ့မထင်ရုပ်ရည်နှင့် ကောင်းမွန်သောအကျင့်စာရိတ္တဟူသော ထောက်ခံချက်ကိုမူ တဟားဟားသာ လှောင်ရယ်လိုက်ချင်တော့သည်။
"သခင်လေးယဲ့၊ ဒီမှာ ဘယ်သူမှ မရှိပါဘူး။ ရှင် အမှန်အတိုင်း ဝန်ခံနိုင်တယ်။ မကောင်းတဲ့စကားတွေပြောလိုက်မိရင် ဆံဖြူလူသတ်နတ်ဆိုးကြားပြီး လက်စားချေမှာကြောက်လို့ပဲ ဒီလိုကာပြောနေရတာမဟုတ်လား" အန်းမြောင်ယိသည် တောက်ပသောမျက်လုံးလှလှလေးများဖြင့် ချော့မော့နှစ်သိမ့်သလိုကြည့်လာပြီး ရိုးသားစွာအားပေးရှာ၏။
ယဲ့ကျွင်းလင်သည် မရယ်မိအောင်ထိန်းထားရင်း နှုတ်ခမ်းထောင့် နှစ်ချက်သုံးချက်မျှတွန့်သွားပြီး ပြောသည်။ "မမလေးအန်းကတော့ စိတ်ကူးစိတ်သန်းအလွန်ကြွယ်ဝတာပါလား"
"အိုး၊ သခင်လေးယဲ့ ဒီလိုတွန့်ဆုတ်နေတာကိုမြင်လိုက်ရတော့ အဲ့ဒီဆံဖြူနတ်ဆိုးကောင် ဘယ်လောက်တောင်ရက်စက်မှန်း သက်သေပြစရာကိုလိုမနေတော့ပါဘူး။ ဟွမ်ကျိုးပြည်နယ်က လူတွေကို ရက်စက်တဲ့ နည်းလမ်းတွေနဲ့ ဖိနှိပ်ပြီး သူ့အကြောင်း လိမ်ညာဖြန့်ဝေခိုင်းထားတာပဲ။ အကြောက်တရားက ကျောရိုးထဲထိစိမ့်ဝင်နေမှတော့ ကိုယ့်နယ်မှာကိုယ်တောင် အေးအေးဆေးဆေးမနေနိုင်ဘဲ ခက်ခဲတဲ့နေ့ရက်တွေကို ဖြတ်သန်းခဲ့ရမှာပဲနော်?"
"မကြောက်ပါနဲ့တော့ရှင်၊ တရားမျှတမှုဟာ နောက်ဆုံးမှာ မကောင်းမှုကို အနိုင်ယူပါလိမ့်မယ်။ ကျွန်မဒီ့ထက်ပိုသန်မာလာအောင် ကြိုးစားကျင့်ကြံပြီး ဆံဖြူနတ်ဆိုးရဲ့ ခွေးအသက်ကိုယူမယ်၊ ပြီးရင် ဟွမ်ကျိုးပြည်နယ်က ဒုက္ခရောက်နေတဲ့ လူတွေကို ကယ်တင်ပါ့မယ်!"
အန်းမြောင်ယိသည် သူမ၏ လက်သီးကို ဆုပ်ကာ ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။
ယဲ့ကျွင်းလင်က "…"
ဤအမျိုးသမီးသည် ယဲ့ကျွင်းလင်ကို အလွန်မုန်းတီးပြီး ဂီတပညာရှင်ယဲ့ဖန်ကိုတော့ အလွန်သနားနေမိသည်ပဲ။
အန်းမြောင်ယိ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "သခင်လေးယဲ့၊ ဘာလို့ အဲဒီလို မျက်နှာထားနဲ့ကြည့်နေတာလဲ? ကျွန်မ မှားနေလို့လား?"
"မမှားပါဘူး၊ မင်းမှန်တယ်၊ အမြဲမှန်ပါတယ်!"
ယဲ့ကျွင်းလင်က လက်မထောင်ပြပြီး အားပေးလိုက်သည်။ "ဆက်ကြိုးစားပါ၊ ဒီလိုစိတ်အားထက်သန်မှုမျိုးကို အရမ်းအားပေးတယ်၊ ယဲ့ကျွင်းလင်ကို အနိုင်ယူပြီး ဟွမ်ကျိုးပြည်နယ်ကို ကယ်တင်လိုက်ပါ!"
"စိတ်ချပါ" အန်းမြောင်ယိက သံသယမြူမှုန်မျှပင်မရှိစွာ ခိုင်ခိုင်မာမာ ခေါင်းညိတ်ပြလိုက်၏။
ယဲ့ကျွင်းလင်: "ဟဲဟဲ"
"ဒါနဲ့ သခင်လေးယဲ့၊ ရှင်သတိထားရမယ်နော်၊ ဒီတည်းခိုခန်းက..." အန်းမြောင်ယိ စကားမဆုံးခင် တစ်ခုခုလာနေသည်ကို ခံစားလိုက်ရပြီး တံခါးကို ဝုန်းခနဲဖွင့်ကာ အပြင်ထွက်သွားလိုက်သည်။ "ဦးလေးဖန်း၊ ကျွန်မ ဒီမှာ!" လို့ ပြောလိုက်တယ်။
ဝှစ်။
ဖန်းသယ်ကျန့်သည် လျှပ်တစ်ပြက် ရောက်လာပြီး မျက်နှာတည်ဖြင့် အနည်းငယ်ဆူပူသည်။ "မမလေး၊ ဘာလို့ ဒီကို ပြေးလာတာလဲ? အခန်းထဲမှာပဲ နေဖို့ မပြောခဲ့ဘူးလား?"
အန်းမြောင်ယိသည် သူမ၏ ပါးပြင်ကို ကုတ်လိုက်ပြီး လူမိသဖြင့် အနည်းငယ် ရှက်သွားသည်။ "ခုနက တစ်ယောက်ယောက် ပုလွေမှုတ်နေတာကို ကြားလိုက်ရပြီး အဲဒီသံစဉ်က အရမ်းကောင်းတယ်လို့ ထင်လို့ အသံလာရာကို လိုက်ရှာရင်း ဒီကို ရောက်လာတာ"
"ခဏလေး၊ ဒါဆို မမလေး ပုလွေပိုင်ရှင်နဲ့ တွေ့ခဲ့တယ်ပေါ့?" ဖန်းသယ်ကျန့်၏ မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ပုလွေပိုင်ရှင်ဟာ တည်းခိုခန်းတစ်ခုလုံးရဲ့ အကျပ်အတည်းကို ဖြေရှင်းပေးခဲ့တဲ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးပဲလေ!