ဆေးဘုရင်တောင်ကြား ပွင့်ပြီ
Vol. 9 Ch. 121
"ဟုတ်တယ်၊ ဒီမှာပဲ" အန်းမြောင်ယိက ယဲ့ကျွင်းလင်ကို လက်တစ်ဖက်နှင့် ဆွဲထုတ်ပြီး မိတ်ဆက်ပေးလိုက်သည်။ "သူ့နာမည်က ယဲ့ဖန်တဲ့"
"သခင်လေးယဲ့၊ ခင်ဗျားရဲ့ တိုက်ရေးခိုက်ရေးနည်းလမ်းတွေကို ကျုပ် လေးစားမိပါတယ်!" ဖန်းသယ်ကျန့် မျက်နှာတစ်မျိုးပြောင်းသွားပြီးမှ လက်သီးဆုပ်အမူအရာပြုကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ယဲ့ကျွင်းလင်၏သွင်ပြင်ကို တွေ့မြင်လိုက်ရသည့်တစ်ခဏတွင် အကြောင်းမဲ့ ရင်တစ်ချက်တုန်သွားသည်ကို သူခံစားလိုက်ရ၏။
ယဲ့ကျွင်းလင်က ပြုံးပြီး ပြန်ပြောသည်။ "မဖြစ်စလောက်ပါဗျာ၊ ကျွန်တော် ကျွမ်းကျင်တဲ့ လှည့်ကွက်အသေးလေးတစ်ခုပါပဲ"
ဦးလေးဖန်း၏ချီးကျူးသောအပြုအမူက သိပ်တော့သဘာဝမကျလှဟု အန်းမြောင်ယိခံစားလိုက်ရသည်။
ဝှစ်! ဝှစ်!
ထိုအချိန်တွင် ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့သည် ယဲ့ကျွင်းလင်ဘေးတွင် အသီးသီး ဆင်းသက်လာကြသည်။
"တာအိုရောင်းရင်းတို့၊ မင်္ဂလာပါ" ဖန်းသယ်ကျန့်သည် လျစ်လျူမရှုရဲ၊ သူတို့နှစ်ယောက် ဘယ်လောက် အင်အားကြီးလဲဆိုတာ သူ မြင်ခဲ့ပြီးသားမဟုတ်လား?
ဟုန်ချန်ယဲ့သည် ပါးစပ်ဖွင့်လိုက်ပြီး 'ဆရာသခင်' ဟု ပြောထွက်တော့မည့်ဆဲဆဲတွင် ရုတ်တရက် လျှို့ဝှက်အသံ ပို့လွှတ်သည်ကို ကြားလိုက်ရသောကြောင့် အချိန်မီနှုတ်ပိတ်ထားလိုက်ပြီး ထူးဆန်းသော အမူအရာဖြင့် ဆိုလိုက်သည်။ "ယဲ့၊ အစ်ကိုယဲ့၊ အပြင်က ပြဿနာတွေ အားလုံး ဖြေရှင်းပြီးပါပြီ"
"ကောင်းတယ်" ယဲ့ကျွင်းလင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ဒါတွေ ဘယ်သူတွေလဲ...?" အန်းမြောင်ယိမျက်လုံးလှလှလေးများ ပြူးကျယ်လို့သွားကာ နောက်ရောက်လာသူနှစ်ဦးကို စူးစမ်းရင်း သူ့အကြည့်အများစုကတော့ ဟုန်ချန်ယဲ့၏အလှတရားနှင့် တစ်မျိုးဆန်းသောအပြုအမူတို့ထက် ရစ်ဝဲလျက်ရှိ၏။
ဘယ်လောက်တောင် လှလိုက်လေသလဲ၊ နတ်သမီးလေးနဲ့တောင် တူတယ်!
ယဲ့ကျွင်းလင်က တည်တည်ကြည်ကြည်ဖြင့် မိတ်ဆက်ပေးလိုက်သည်။ "အနီရောင်ဝတ်ထားတဲ့သူရဲ့နာမည်က ဝမ်စွေ့ဟွာလို့ ခေါ်ပြီး ဓားကိုင်ထားတဲ့သူကို လီထျဲတန်လို့ ခေါ်ပါတယ်!"
ဟုန်ချန်ယဲ့ မယုံနိုင်စွာ မော့ကြည့်လိုက်မိသည်။ ဒီအရူး ဘာတွေအဆန်းထွင်ပြန်ပြီလဲ?
ဝမ်စွေ့ဟွာဆိုတာ ဘာကြီးလဲ! ဒီအရှင့်နာမည် ဟုတ်မနေဘူးလေ!'
ရလဒ်အနေဖြင့် ယဲ့ကျွင်းလင်၏ အဓိပ္ပာယ်ရှိသော အကြည့်နှင့် ဆုံတွေ့မိသောအခါ တစ်ချိန်က တန်ခိုးထွားသော နတ်ဆိုးဂိုဏ်းချုပ်သည်လည်း နှင်းရိုက်ခံထားရသည့် ခရမ်းချဉ်သီးကဲ့သို့ အားပျော့သွားကာ ခေါင်းကို ငုံ့ပြီး ခက်ခဲစွာ ပူးပေါင်းပေးလိုက်ရ၏။ "ဟုတ်ကဲ့၊ ကျွန်တော့်ကို ဝမ်စွေ့ဟွာလို့ ခေါ်ပါတယ်"
နာမည်သစ်ကြီးကို မိတ်ဆက်ရင်း ဟုန်ချန်ယဲ့ အနည်းငယ်အရှက်ရမိသွားပြီး ယဲ့ကျွင်းလင်အပေါ် အငြှိုးအတေးသစ်တစ်ခု တိုးပြန်လေသည်။
လီဝူကျယ်လည်း ခေါင်းကိုကုတ်လိုက်ပြီး အူကြောင်ကြောင်နှင့် ပူးပေါင်းသည်။ "ဟုတ်ကဲ့၊ ကျွန်တော့်ကို လီထျဲတန်လို့ ခေါ်ပါတယ်!"
လီဝူကျယ်ကတော့ ဂရုစိုက်နေမှာမဟုတ်၊ သူ့အတွက် ဆရာသခင်၏အမိန့်ဆိုသည်မှာ ရာနှုန်းပြည့်ထမ်းဆောင်ပေးရမည့်တာဝန်ပင်။
"တာအိုရောင်းရင်းတို့၊ မင်္ဂလာပါ" အန်းမြောင်ယိက ခေါင်းညိတ်လိုက်ပြီး ဟုန်ချန်ယဲ့၏ ရုပ်ရည်နှင့်မကိုက်ညီလှသော အူကြောင်ကြောင်နာမည်ကြောင့် အံ့သြသွားရသည်။
ဒီလောက်ချောတဲ့မိန်းကလေးကို နာမည်က ဝမ်စွေ့ဟွာတဲ့၊ ဘယ်လောက် နှမြောစရာကောင်းလိုက်လဲ...
သူတို့အုပ်စု အလ္လာပသလ္လာပအနည်းငယ် ပြောဆိုပြီးနောက် အန်းမြောင်ယိကို ဖန်းသယ်ကျန့်က ပြန်ဆွဲခေါ်သွားသည်။
"ဆရာသခင်၊ ခုနက ဘာလုပ်နေတာလဲ...?" လီဝူကျယ်က တုံ့ဆိုင်းစွာ မေးလိုက်သည်။
ယဲ့ကျွင်းလင်သည် လက်တစ်ဖက်ကို နောက်တွင်ထားကာ ပုလွေကို အရှေ့သို့ထုတ်ကိုင်ထားလိုက်ပြီး ချောင်းတစ်ချက်နှစ်ချက်ဟန့်ကာ လေးလေးနက်နက်ဆိုသည်။ "ငါ့အထင်တော့ သရုပ်မှန်မပြသေးတာပိုကောင်းမယ်၊ အဲဒီအတုအယောင်တွေမှာ နောက်ထပ် လုပ်ဆောင်စရာတွေ ရှိနေဦးမှာပဲ၊ ဒီရက်ပိုင်းမှာ ဘာသတင်းအချက်အလက်မှ မပေါက်ကြားတာ အကောင်းဆုံးပဲ၊ ရန်သူကို သတိပေးမိမှာ စိုးရိမ်တယ်"
"ဆရာသခင် ပညာရှိလိုက်တာ!" လီဝူကျယ်က ချီးကျူးလိုက်သည်။
ဟုန်ချန်ယဲ့ကတော့ စိတ်ထဲတွင် ကဲ့ရဲ့ရှုတ်ချလို့မဆုံး၊ သရုပ်လုပ်တာတော့ဟုတ်ပါပြီ။ ဒါပေမယ့် သူ့ကျဘာလို့ ဝမ်စွေ့ဟွာဆိုတာကြီးလဲ?
သူ့ကိုယ်သူ နာမည်ပေးတဲ့ဗေဒင်ဆရာထင်နေလားမသိဘူး!
တစ်ဖက်မှာတော့။
ဖန်းသယ်ကျန့် သက်ပြင်းချရင်း ဆိုသည်။ "အဲဒီ သခင်လေးယဲ့ဟာ သာမန်မဟုတ်ဘူး၊ ဒီည သူ မျက်နှာမပြပေမယ့် ပုလွေသံနဲ့တင် တစ်ဖက်ရန်သူကို ထိန်းချုပ်နိုင်ခဲ့တယ်၊ ဒီအကျပ်အတည်းကို သူဦးဆောင်ဖြေရှင်းလိုက်တာပဲ၊ ပြီးတော့ အဲဒီ မရဏချောက်နက်က သတ္တဝါအုပ်စုကို သူ့လက်ဝါးပေါ် အသာတင်ပြီး ကစားနိုင်ခဲ့တယ်၊ သိပ်တော်တဲ့လူပဲ၊ ချီးကျူးစရာပဲ"
"ဦးလေးဖန်းကလည်း၊ အဲဒီလောက်တောင် အံ့သြစရာကောင်းလို့လား?" အန်းမြောင်ယိက တအံ့တသြ မေးလိုက်မိသည်။
"ဒါ့အပြင်၊ ဟို အင်အားကြီးကျင့်ကြံသူနှစ်ယောက်ကလည်း တစ်လျှောက်လုံးသူ့ကို ရိုရိုသေသေ ဆက်ဆံနေကြတာမြင်လိုက်တယ်၊ သေချာပေါက် သခင်လေးယဲ့က အဆင့်အတန်းတစ်ခုတော့ ရှိထားတယ်"
ဖန်းသယ်ကျန့်သည် နက်နဲငြိမ်ဆိတ်စွာ စဥ်းစားရင်း ထပ်ပြောလာသည်။ "နောက်ပြီး ထူးဆန်းတာတစ်ခုရှိသေးတယ်၊ အဲ့ဒီလူတွေနဲ့အတူရှိတဲ့အခါ တစ်ခုခုက ရင်းနှီးကျွမ်းဝင်နေသလိုမျိုးပဲ၊ ဘာရယ်တော့မပြောတတ်ဘူး"
"ဦးလေးဖန်း၊ အရမ်းမတွေးပါနဲ့၊ သခင်လေးယဲ့နဲ့ အခြားသူတွေအားလုံးဟာ လူကောင်းတွေပါ၊ ဆေးဘုရင်တောင်ကြား ဖွင့်တဲ့အခါ သူတို့နဲ့အတူ ခရီးထွက်မယ်ဆိုလည်း အဆင်ပြေတာပဲ" အန်းမြောင်ယိက အကြံပေးသည်။
ဖန်းသယ်ကျန့်က တင်းမာစွာ သတိပေးလိုက်ရ၏။ "မမလေး၊ လူတစ်ယောက်ရဲ့ နှလုံးသားကို မျက်နှာကြည့်ရုံနဲ့ သိဖို့ ခက်တယ်၊ မမလေးက ဓားဆင့်ခေါ် ဂိုဏ်းထဲမှာပဲ အရမ်းကြာကြာနေလာတဲ့အတွက် အပြင်က အန္တရာယ်တွေကို မသိနိုင်သေးဘူး၊ ဦးလေးအတွက်တော့ ဒီလူတွေက ပုံမှန်မဟုတ်တဲ့လက္ခဏာတွေ ရှိနေသေးတယ်၊ ငါတို့ သတိထားရဦးမယ်၊ ဘာပဲဖြစ်ဖြစ်..."
"အိုး၊ ဦးလေးဖန်းက ဘာလို့ ကျွန်မအဖေလိုမျိုး ပူညံပူညံကြီးဖြစ်လာရတာလဲ၊ အဖေတတွတ်တွတ်ဆုံးမနေတာတွေကို မခံနိုင်တော့လို့ ကျွန်မထွက်ပြေးချင်ခဲ့တာပါဆို၊ အခု အိပ်ချင်နေပြီ၊ အိပ်တော့မယ်၊ မနက်ဖြန်မနက်မှ တွေ့တာပေါ့!" အန်းမြောင်ယိ ပြန်ရန်တွေ့ကာ အခန်းထဲသို့ လျှင်မြန်စွာ ဝင်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။
ဖန်းသယ်ကျန့် ဆွံ့အသွားရကာ ခေါင်းကို ခါယမ်းကာ သက်ပြင်းချရင်း ညည်းညူလိုက်သည်။ "ဂိုဏ်းချုပ်ရေ၊ ခင်ဗျားရဲ့ အဖိုးတန်သမီးလေးဟာ ဂရုစိုက်ရတာ တကယ် ခက်ခဲတာပဲ"
မနက်စောစောတွင်။
တည်းခိုခန်းမှ ဧည့်သည်များသည် ညက ဘာဖြစ်ခဲ့သည်ကို မသိဘဲ တစ်ယောက်ပြီးတစ်ယောက် အိပ်ရေးဝလင်စွာ နိုးထလာကြပြီး ညက သူတို့ မက်ခဲ့သော အိပ်မက်များကို စားမြုံ့ပြန်ရင်း အလွန်ကျေနပ်နေကြလေသည်။
"ဆရာသခင်၊ ဒါက ဒီမှာဆရာစားချင်တဲ့ တီရာမိဆုကိတ်" ပုရှောင်ရှီးသည် ပန်းကန်တစ်ခုကို ကိုင်ကာ အသစ်ပြုလုပ်ထားသော အချိုပွဲကို စားပွဲပေါ်တွင် ညင်သာစွာ ချပေးလိုက်သည်။
ယဲ့ကျွင်းလင် ဇွန်းကို ကောက်ယူကာ တစ်ဇွန်းခန့် မြည်းကြည့်ပြီး ကျေနပ်သော အပြုံးတစ်ခုဖြင့် ချီးကျူးလိုက်သည်၊ "ရှောင်ရှီး၊ မင်းက အစားအသောက်လုပ်တဲ့နေရာမှာ တကယ် ပါရမီရှင်ပဲ!"
"ဟဲဟဲ၊ အဲ့လောက်လည်း မဟုတ်ပါဘူး!" ပုရှောင်ရှီးသည် ခေါင်းကို ကုတ်လိုက်ပြီး အရှက်ပြေပြောလိုက်သော်ငြား ဆရာသခင်၏ချီးကျူးစကားကြောင့် ခြေထောက်လေးများလိမ်ယှက်သည်အထိ ကျေနပ်သွားသည်အမှန်ပင်။
"ဒါနဲ့ ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား?" ယဲ့ကျွင်းလင်က ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။
ဒါကို ကြားတော့ ပုရှောင်ရှီးရဲ့ မျက်လုံးတွေ တောက်ပလာပြီး စိတ်လှုပ်ရှားစွာ ဖောက်သည်ချလာ၏။ "ဆရာသခင်၊ ရှုရှု ညက အိပ်မက်လှလှကြီး မက်ခဲ့တယ်၊ အိပ်မက်ထဲမှာ အရမ်းအရမ်း အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ရှိတယ်၊ အကုန်လုံးက အရသာရှိနေတာပဲ၊ ရှုရှု အဝစားပြီးမှ တိမ်တိုက်တွေပေါ်မှာ ပစ်လှဲပြီး ကောင်းကောင်း အိပ်ပစ်ခဲ့တယ်!"
ယဲ့ကျွင်းလင် ပြုံးရွှင်စွာပြန်ပြောလိုက်သည်။ "ဟားဟား၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ"
မွေးဖြူကြွက်လေး၏ဘဝမှာ အိပ်မက်ထဲတွင်ပင် အိပ်မောကျနိုင်လောက်သည်အထိ အပူအပင်ကင်းလှပေ၏။
"ဆရာသခင်၊ ရှုရှု ပြောပြတဲ့ အိပ်မက်ကမ္ဘာက အပြင်မှာ တကယ်ရှိလားဟင်? ရှုရှု သွားကြည့်ချင်လိုက်တာ!" ပုရှောင်ရှီးက လိုချင်တောင့်တစွာ ရေရွတ်လိုက်သည်။
ယဲ့ကျွင်းလင်သည် သူမ၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး အသာချော့သည်။ "စကြဝဠာက အရမ်းကျယ်ပြောလှတယ်၊ မင်းပြောတဲ့ ကမ္ဘာက တကယ်ရှိကောင်းရှိနိုင်တာပဲ၊ အခွင့်အရေးရရင် ဆရာသခင် မင်းကို အပါခေါ်သွားမယ်!"
"ဟုတ်ပြီဟေ့!" ပုရှောင်ရှီးသည် အပြစ်ကင်းသော ကလေးငယ်တစ်ဦးကဲ့သို့ ပျော်ရွှင်စွာ ထခုန်လိုက်မိသည်။
ထိုအချိန်၌။
ထျန်းလင်မြို့မှ မိုင်တစ်ရာအကွာတွင် လျှို့ဝှက်ဆန်းကြယ်သော တားမြစ်ဖွဲ့စည်းမှုဖြင့် ကာကွယ်ပိတ်ပင်ထားသည့် တောင်ကြားချိုင့်ဝှမ်းတစ်ခုမှ ကြီးမားသော လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။
ဂွမ်း!!!
ရွှေရောင်တောက်သော အလင်းတန်းများစွာ ဖြာထွက်လာလျက် ကောင်းကင်သို့ ထိုးတက်သွားပြီး ဖားလောင်းလေးများကဲ့သို့ မရေမတွက်နိုင်သော သင်္ကေတလက္ခဏာ အမြောက်အများသည် ကောင်းကင်တွင် စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နေကာ တောင်ကြားတစ်ခုလုံးမှ သည်းမခံနိုင်လောက်အောင် လွန်စွာပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာ၏။
လှုပ်ရှားမှုမှန်သမျှကို ခြေရာခံအာရုံစိုက်နေသော ကျင့်ကြံသူများသည်လည်း တခဏအတွင်း သတိထားမိလိုက်ကြကာ တအံ့တသြအမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"ဆေးဘုရင်တောင်ကြား ဖွင့်ပြီ! ဆေးဘုရင်တောင်ကြား ဖွင့်ပြီ!!!" အော်သံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးအား ဆွဲကိုင်လှုပ်တော့မတတ်။
ဤသတင်းသည် ထျန်းလင်မြို့တွင်းသို့လည်း လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။
ဘုန်း!
ထျန်းလင်မြို့တစ်ခုလုံး ရုတ်တရက် ကသောင်းကနင်းဖြစ်ကုန်ကြတော့သည်။
လမ်းမများ၊ လမ်းကြားများ၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ သို့မဟုတ် ပြည့်တန်ဆာအိမ်များတွင်ပင် ကျင့်ကြံသူများအားလုံး သူ့ထက်ငါအရင် လျင်မြန်စွာ ရွေ့လျားပြေးလွှားနေသည်ကို တွေ့မြင်နိုင်ပြီး ဓားပျံများကိုကိုယ်စီစီးလျက် အလုအယက် တိုးကြိတ်နေကြပေသည်။
ဝှစ် ဝှစ် ဝှစ် ~
ဓားပေါင်းစုံ၏ လေခွင်းသံသည် ထက်ရှစူးနင့်ပြီး နားစည်ပင် မခံနိုင်တော့အောင် ထိုးကိုက်လာတော့မတတ်။
ကောင်းကင်အလယ်တွင် ကျပ်သိပ်စွာ စုရုံးနေသော ကျင့်ကြံသူများသည် ဆေးဘုရင်တောင်ကြားသို့ တည့်တည့်ဦးတည်လျက် အလျင်အမြန် သွားရောက်နေကြပြီး ပျံသန်းမှုလမ်းကြောင်းတစ်လျှောက်တွင် အရောင်စုံလှစွာသော အငွေ့တန်းများကို ချန်ရစ်ထားခဲ့လျက်။
"ထူးဆန်းတယ်၊ ကောလာဟလတွေထဲက ခန့်မှန်းထားတဲ့ အချိန်နဲ့ မကိုက်ညီဘူး၊ ဒီတစ်ခါတော့ တကယ်ကြီး ရုတ်တရက် ဖွင့်ချလိုက်တာပဲ!" စင်္ကြံတွင် အန်းမြောင်ယိသည် ကောင်းကင်ရှိ ကျင့်ကြံသူများ၏ အင်အားကြီးမားသော ပုံရိပ်အသွယ်သွယ်ကို မော့ကြည့်ရင်း မကျေမနပ်ဖြင့် တောက်တစ်ချက်ခေါက်လိုက်သည်။
"သွားကြမယ်!" ဖန်းသယ်ကျန့်သည် လေးနက်စွာတစ်ခွန်းဆိုလိုက်ပြီး ချက်ချင်းပင် အန်းမြောင်ယိကို ဆွဲကာ နေရာမှ ပျောက်ကွယ်သွားတော့၏။ ခဏကြာတော့ နှစ်ဦးသားသည် မီတာသောင်းချီအကွာအဝေးသို့ ရောက်ရှိသွားလေပြီ။
"ဆရာသခင်၊ ကျွန်တော်တို့လည်း ထွက်ခွာသင့်ပြီ" ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့ ပေါ်လာပြီ အရိုအသေပြုကာ ခပ်တိုးတိုးလျှောက်တင်လိုက်ကြသည်။
ယဲ့ကျွင်းလင်သည် ကိတ်မုန့်လေးကုန်အောင် အလောတကြီးသွပ်ထည့်လိုက်ပြီးမှ ပုရှောင်ရှီး၏ လက်ကို ဆွဲကာ အခန်းမှ ထွက်ပြီး အော်လိုက်သည်။ "သွားကြစို့ဟေ့၊ ဆေးဘုရင်တောင်ကြားကို!"