အပင်မြင့်တော့ လေတိုက်ခံနေရပြီ
Vol. 9 Ch. 113
"အဟမ်း အဟမ်း၊ နှင်းမြူကျောက်စိမ်းအသားကလွဲရင် ခုနက မင်းပြောခဲ့တဲ့ ဟင်းလျာအားလုံး လိုချင်တယ်၊ အကုန်ယူလာခဲ့!" ယဲ့ကျွင်းလင်သည် သူ၏ သိုလှောင်လက်စွပ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ အသံမြည်အောင် ဆောင့်ချလိုက်ပြီး သူ၏ ကြွယ်ဝမှုကို ပြသလိုက်သည်။
စားပွဲထိုးလည်း လန့်ဖျပ်သွားရပြီး လက်စွပ်တွင်းသို့ အသိစိတ်အားနှစ်မြှုပ်ကြည့်လိုက်သော် ထိုအထဲတွင် အဆင့်မြင့် ဝိညာဉ်ကျောက်များ တောင်လိုပုံနေသည်ကို တွေ့လိုက်ရ၏။ သူသည် စိတ်လှုပ်ရှားလွန်း၍ အာခေါင်တစ်ခုလုံးခြောက်သွေ့သွားပြီး နှလုံးခုန်သံသည် ဗုံသံကဲ့သို့ တဒုန်းဒုန်းမြည်လာသည်ဟု ခံစားလိုက်ရသည်။
ဘုရားရေ၊ ဒါဘယ်ကသူဌေးကြီးများပါလဲ!
"ဒီ၊ ဒီက အထူးဧည့်သည်တော်၊ ခဏလောက် စောင့်ပေးပါဦး၊ ကျွန်တော် ချက်ချင်း မီးဖိုချောင်ကို အကြောင်းကြားပြီး ပြင်ဆင်ခိုင်းလိုက်ပါ့မယ်!" စားပွဲထိုးသည် ရင်တုန်ပန်းတုန်ဖြင့် စကားပြန်ရင်း မြန်မြန်ဆန်ဆန် ထွက်သွားသည်။
ယဲ့ကျွင်းလင် မတတ်သာစွာ ခေါင်းကိုခါယမ်းလိုက်သည်။ ဤကာလအတွင်း စနစ်တွင်းနေ့စဉ်ဝင်ရောက်မှုမှ သူစုဆောင်းထားသော ဝိညာဉ်ကျောက်အရေအတွက်သည် သာမန်မင်းဆက်ပြည်ထောင်တစ်ခုကိုပင် ဝယ်ယူရန် လုံလောက်နေလေပြီ။
ပြီးတော့ အဲ့လောက်လန့်သွားရအောင်ကလည်း အခု သုံးလိုက်တာက စည်းစိမ်ပင်လယ်တစ်ခုလုံးထဲက ရေတစ်စက်စာပဲ ရှိသေးတယ်!
"ဝူး ဝူး၊ ရှုရှုလေးတွေက အရမ်းချစ်စရာကောင်းတာကို၊ ဘာလို့ ရှုရှုလေးတွေကို စားကြတာလဲ..." ရှုရှုသည် သူမ၏မျက်နှာလေးကို လက်ဝါးနှစ်ဖက်ထဲနှစ်မြှုပ်ထားကာ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေပြီး သူမ၏ အမျိုးတူရှုရှုလေးများ၏ ကံကြမ္မာကို ဝမ်းနည်းလို့မဆုံးနိုင်ဖြစ်နေသည်။
ယဲ့ကျွင်းလင်သည် နှစ်သိမ့်သည့်အနေဖြင့် ခေါင်းကိုအသာပွတ်ပေးလိုက်ပြီး နည်းနည်းလည်း ရယ်ချင်နေမိသည်။
ဘုန်း!
ထိုစဥ် ကျယ်ပြောခမ်းနားလှသော အရှိန်အဝါတစ်ခု ဝုန်းခနဲပျံ့နှံ့သွားပြီး နဂါးဂိတ် တည်းခိုခန်းတစ်ခုလုံးကို တုန်ခါသွားစေသည်။ ကံကောင်းထောက်မစွာ နဂါးဂိတ် တည်းခိုခန်းသည် အလွန်ခိုင်ခံ့ပြီး နက်နဲသော သံမဏိသားဖြင့် တည်ဆောက်ထားသောကြောင့် ပြောပလောက်အောင် ပွက်လောရိုက်မသွားခဲ့ပေ။
"ဘာဖြစ်နေတာလဲ?" ယဲ့ကျွင်းလင်သည် စွမ်းအင်ရိုက်ခတ်မှု၏ အရင်းအမြစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
"ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူရဲ့ အရှိန်အဝါလား? ဘယ် တာအိုရောင်းရင်းများ အဆင့်တက်သွားတာပါလိမ့်?" အသက်ကြီးကြီး ရွှေအမြုတေကျင့်ကြံသူတစ်ဦးက မနာလိုစွာ ရေရွတ်လိုက်သည်။
ဝူးရှ်၊ မီးတောက်ကဲ့သို့ နီရဲသော ခန္ဓာကိုယ်ရှိသည့် ပုံရိပ်ကြီးတစ်ခု တည်းခိုခန်းအပေါ်ထပ်မှ လွင့်ထွက်လာပြီး စားပွဲပေါ်သို့ ဒုန်းခနဲ ဆင်းသက်လာ၏။ စားသောက်ဝိုင်းများတွင် ထိုင်နေသော ဧည့်သည်တော်အချို့ လန့်ဖျပ်သွားရပြီး အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလို သိပ်သည်းများပြားသော ဝိညာဉ်အာရုံများ ထိုသတ္တဝါထံသို့ စုစည်းလာသည်။
အာရုံခံကြည့်လိုက်သော် ဤသည်မှာ အသိဉာဏ်အလင်းပွင့်ထားသော ကျောက်ပုစွန်သားရဲတစ်ကောင်ဖြစ်ကြောင်း သူတို့အားလုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ကြသည်။
၎င်းမှာ သုံးမီတာခန့်အမြင့်ရှိပြီး အခွံမာကြီးသည် မီးတောက်ကဲ့သို့ နီရဲတောက်ပြောင်နေကာ ကြီးမားသော လက်မကြီးတစ်စုံမှာ ညှပ်အားအလွန်ကောင်းလှပြီး ၎င်း၏ မျက်လုံးနှစ်လုံးသည် ဟိုဟိုသည်သည် လှုပ်ရှားလျက် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလို့နေသည်။ မျက်လုံးပြူးပြူးများက အနည်းငယ် ထိတ်လန့်ပြာဝေနေဟန်။
ဤကျောက်ပုစွန်သားရဲသည် အစောပိုင်း ဝိညာဉ်သန္ဓေအဆင့်ထိ ရောက်ရှိနေခြင်းကြောင့် ဧည့်သည်တော်အပေါင်း အတော်လေးထိတ်လန့်အံ့သြသွားကြဟန်ရှိ၏။
ယခုလေးတင် အဆင့်တက်သွားသော တာအိုရောင်းရင်းဆိုသူမှာ ထိုကျောက်ပုစွန်ပင်!
ဝိညာဉ်သန္ဓေအဆင့်သို့ ယခုလေးတင်ချိုးဖျက်သွားသော ထိုကျောက်ပုစွန်သားရဲသည် အရှိန်အဟုန်ကို စုစည်းကာ နဂါးဂိတ် တည်းခိုခန်းမှ ထွက်ပြေးရန် ပြင်ဆင်နေစဉ် ကျင်လည်လှသော ဓားအလင်းရောင်တစ်ပြက်ကို မြင်လိုက်ရပြီး ထိုဓားချက်က ၎င်း၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။
ကျောက်ပုစွန်သားရဲသည် နာကျင်ခံစားရသော အော်ဟစ်သံတစ်ချက် ထုတ်လွှတ်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး စားပွဲပေါ်တွင် လျော့ရဲစွာ လဲကျသွားကာ မျက်လုံးပြူးပြူးများမှာ ဖြည်းဖြည်းချင်းမှေးမှိတ်လျက် အရှိန်အဝါသည်လည်း မှေးမှိန်ပျောက်ကွယ်လို့သွား၏။
ဓားအလင်းရောင်၏ ပိုင်ရှင် ထွက်ပေါ်လာသည်။ ထိုသူမှာ အရပ်ရှည်ရှည်နှင့် ဦးထုပ်ဆောင်းထားသော သက်လတ်ပိုင်းအရွယ် စားဖိုမှူးတစ်ဦးဖြစ်ပြီး ခါးတွင် အေပရွန်ကို ပတ်ချည်ထားကာ လက်ထဲတွင် အေးစက်တောက်ပသော မီးဖိုချောင်သုံးဓားကို ကိုင်ထားသည်။ ထိုစားဖိုမှူးက ရက်စက်ကြမ်းတမ်းလှသော မျက်နှာထားကိုပြင်၍ အားနာပါးနာပြုံးကာ တောင်းပန်လာ၏။ "အထူးဧည့်သည်တော်များခင်ဗျာ၊ အနှောင့်အယှက်ဖြစ်သွားရတဲ့အတွက် ကျွန်တော် တကယ် စိတ်မကောင်းပါဘူး၊ ကျွန်တော်အစက ကျောက်ပုစွန်အစပ်ကင်လုပ်ဖို့ စီစဉ်ထားတာပါ၊ ဒါပေမဲ့ ဒီတစ်ကောင်က သူ့အပေါင်းအပါတွေ တစ်ယောက်ပြီးတစ်ယောက် ဟင်းအိုးထဲရောက်ကုန်တာမြင်တော့ စိတ်ဓာတ်တွေကျပြီး ချည်ထားတဲ့သံကြိုးတွေ မရရအောင်ဖြတ်ပြီးထွက်ပြေးသွားတာပါ၊ ဝိညာဥ်သန္ဓေအဆင့်ထိတက်သွားတော့ ကျွန်တော့်ဓားချက်ကနေလွတ်အောင် နည်းနည်းရုန်းလိုက်နိုင်တာပေါ့၊ ကံကောင်းလို့ အချိန်မီမိသွားပေမယ့် လူကြီးမင်းကို တစ်စုံတစ်ရာအနှောင့်အယှက်ဖြစ်သွားခဲ့ရင် ကျွန်တော်အနူးအညွှတ်တောင်းပန်ချင်ပါတယ်"
ထို့နောက် ထိုသက်လတ်ပိုင်းအရွယ်စားဖိုမှူးသည် ကျောက်ပုစွန်အလောင်းကိုဆွဲလျက် စားဖိုချောင်ထဲသို့ပြန်သွားသည့်လမ်းတစ်လျှောက်တွင် စိတ်ရင်းဖြင့် တောင်းတောင်းပန်ပန် ပြုံးပြသွားသော်ငြား ကြမ်းကြုတ်သောမျက်နှာအခံနှင့် ယခုလေးတင်တွေ့မြင်လိုက်ရသော အင်အားအဟုန်ကြောင့် မကျေနပ်သည့်ဧည့်သည်များရှိလျှင်တောင် စောဒကတက်ဖို့ မဝံ့ရဲကြတော့ပေ။
အရမ်း ရက်စက်ကြမ်းတမ်းတဲ့ ဓားချက်ပဲ!
ဒီနဂါးဂိတ် တည်းခိုခန်းမှာ စားဖိုမှူးတောင် ဒီလောက် ကြမ်းတမ်းနေတာလား?
ဆိုင်သက်တမ်းက ဘယ်လောက်တောင်ရှည်ကြာနေပါပြီလိမ့်? သေချာတာကတော့ ထမင်းဖိုးမရှင်းဘဲပြေးလို့လွတ်တဲ့သူ တစ်ယောက်မှမရှိဖူးလောက်။
ကျောက်ပုစွန်သားရဲကြောင့် ထမင်းပန်းကန်များ မှောက်သွားသော စားပွဲရှိ ကျင့်ကြံသူအချို့သည် တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင်စိုက်ကြည့်လျက်သာ။
ခေါင်းဆောင်ဖြစ်သူက စတင်အသိဝင်လာပြီး စားပွဲကို ဒုန်းခနဲ ရိုက်ချကာ အရှိန်အဟုန်အပြည့်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ချီးပဲ ရှုပ်ကိုရှုပ်တယ် ငါတို့ညီအစ်ကိုတွေအတွက် ထမင်းနဲ့စားဖို့ ကျောက်ပုစွန်ကြော်တစ်ပန်းကန် ယူလာခဲ့စမ်း၊ ခုနက အဲဒီကျောက်ပုစွန်ကြီးကို ပါဝင်ပစ္စည်းအဖြစ် သုံးလိုက်!"
ဝိညာဉ်သန္ဓေအဆင့် သားရဲ၏ ဟင်းလျာသည် အလွန်ဈေးကြီးလှမည်မှန်သော်လည်း ဤလူများသည် ဒေါသကိုရှေ့တန်းတင်ဖို့သာ သိတတ်ကြသည်ပင်။
!
"ဟုတ်ကဲ့ခင်ဗျ!" စားပွဲထိုးသည် အလွန်ပျော်ရွှင်သွားပြီး ပုဝါကို ပခုံးထက်သို့ဖတ်ခနဲပစ်တင်ကာ စိတ်လှုပ်ရှားစွာ လှမ်းအော်လိုက်သည်။ "ဒီဧည့်သည်တော်တွေအတွက် ကျောက်ပုစွန်ကြော်တစ်ပန်းကန် ယူလာခဲ့ဟေ့!"
မုန်တိုင်းငြိမ်သက်သွားသည်ကို မြင်သောအခါ နဂါးဂိတ် တည်းခိုခန်းသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။
ယဲ့ကျွင်းလင်သည် စပ်စုနေသောအကြည့်ကို ပြန်ရုတ်သိမ်းကာ ပြုံးလိုက်ပြီး "ကျင့်ကြံသူတွေ စုတည်းကြတဲ့ ဒီလို တည်းခိုခန်းမျိုးက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ" ဟု ပြောလိုက်သည်။
လီဝူကျယ်က လက်များကိုဟန်ပါပါပိုက်ကာ ကျွမ်းကျင်သော အမူအရာဖြင့် မှတ်ချက်ပြုလိုက်သည်။ "အင်း..၊ ဒီတပည့်ရဲ့ အမြင်အရတော့ အဲဒီ စားဖိုမှူးရဲ့ ဓားချက်က အလွန်သန်မာတယ်၊ မြန်ဆန်ပြီး ရက်စက်တယ်၊ တိကျတယ်။ သူက ကြမ်းတမ်းပြီး အာဏာစက်ရှိတဲ့ ဓားကျင့်စဥ်ကို ကျင့်ကြံတာပဲဖြစ်ရမယ်၊ ဒါပေမဲ့ ခုနက သူ့ရဲ့ အရှိန်အဝါက သိပ်တော့မတည်ငြိမ်ဘူး၊ ပျာယာခတ်သွားလို့လည်း ဖြစ်နိုင်ပါတယ်"
သူသည် ဓားကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဓားရူးတစ်ဦးဆိုလျှင်လည်း မမှားပေ။
"ရှူး တိတ်တိတ်နေ၊ နားထောင်ကြည့်စမ်း၊ တစ်ယောက်ယောက် ငါတို့အကြောင်း ပြောနေပုံရတယ်" ဟုန်ချန်ယဲ့၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"သာမန်ပါပဲ၊ ငါ့မှာ ပရိသတ်တွေ အရမ်းများတယ်လေ" ယဲ့ကျွင်းလင်က တည်ငြိမ်ဟန်ဖြင့် တစ်ခွန်းဆိုလိုက်သော်ငြား နားရွက်များကိုမသိမသာစွင့်ကာ ဂရုတစိုက် နားထောင်ကြည့်လိုက်သည်။
တည်းခိုခန်းအတွင်း ဆွေးနွေးမှုများသည် တဖြည်းဖြည်း ဆူညံရောထွေးလာပြီး ၎င်းတို့အားလုံးမှာ အကြောင်းအရာတစ်ခုတည်းကိုသာ အာရုံစိုက်နေကြခြင်းပင်။
"ဒီနေ့ကံမကောင်းဘူးကွာ၊ ခုနကဟိုခွေးမသား ယဲ့ကျွင်းလင်ဆိုတဲ့ကောင်နဲ့တိုးလာတာ! ငါ တစ်သက်လုံး ကြိုးစားရှာဖွေထားတဲ့ ဝိညာဉ်ကျောက်တွေ အားလုံး လုယက်ခံလိုက်ရတယ်!"
"သေလိုက်လေ၊ ငါလည်းအတူတူပဲ၊ ငါဆို ဝိညာဉ်ကျောက်တွေတင်မကဘူး၊ အဆင့်ခုနစ် တန်ဖိုးရှိတဲ့ မှော်ရတနာခြောက်ခု၊ အဆင့်နိမ့် မှော်အဆောင်ရုပ်ပြားသုံးဆယ်နဲ့ မြေကမ္ဘာအဆင့် ဆေးလုံးငါးလုံးတောင် အကုန်ပါသွားတာ၊ ဓားချက်ပေါင်းထောင်ချီပြီး အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းခံသင့်တဲ့ကောင်!"
"ဟော ဒီလိုဆို မင်းတို့အားလုံး ဓားပြတိုက်ခံလိုက်ရတာပဲ! အဲဒီခွေးအိုကြီးလက်ထဲ ငါပဲကံဆိုးပြီးမိလိုက်တယ်ထင်နေတာ!"
"တာအိုရောင်းရင်းတို့အကုန် မတရားခံလိုက်ရတာဆိုတော့ ကျွန်တော်တောင်စိတ်ညစ်နေတာ နည်းနည်းသက်သာသွားတယ်ဗျာ"
ပတ်ဝန်းကျင်တွင် ပြင်းထန်သော အတင်းအဖျင်းပွဲများဖြင့် ပြည့်နှက်လို့နေသည်။
နဂါးဂိတ် တည်းခိုခန်းတစ်ခုလုံးရှိ မတရားခံခဲ့ရသူများထဲတွင် ၈၀ ရာခိုင်နှုန်းလောက်က အော်ကျယ်အော်ကျယ်ဖြင့် ယဲ့ကျွင်းလင်အား အရှက်မရှိသော၊ ဂုဏ်သိက္ခာကင်းမဲ့သော၊ စည်းမရှိသော လူယုတ်မာတစ်ယောက်အဖြစ် စွပ်စွဲပြောဆိုကြလေတော့၏။
တစ်ချိန်လုံးကိန်းအောင်းပါရှိလာသော မကျေနပ်ချက်များကို ပုံအောသွန်ချလျက် ပြောဆိုနေကြခြင်းဖြစ်ရာ အကုန်လုံးက မြေခွေးယုတ်ထံမှ ကောက်ကျစ်လှည့်ဖျားခြင်းခံလိုက်ရသော ဖြောင့်မတ်မှန်ကန်သည့် သူတော်ကောင်းများအဖြစ် ဒေါတခွီးခွီးဖြင့် စတင်ဆဲဆိုကြကုန်တော့သည်။
သူတို့၏ ပါးစပ်ထဲက ယဲ့ကျွင်းလင်သည် ကောင်းကင်ဘုံ၏ပြစ်ဒဏ်ကိုခံယူကာ အရိုးများကို အပိုင်းပိုင်းချိုးချေ၊ မီးတင်ရှို့၍ကျလာသောပြာများကို နေရာအနှံ့လွင့်စင်ပြန့်ကျဲစေပြီး၊ ငရဲကြီးဆယ့်ရှစ်ထပ်၏ အောက်ဆုံးအဆင့်ထိ ပစ်ချဖို့ထိုက်တန်သည့် အပြစ်သားတစ်ဦးဘဝသို့ ရောက်လို့နေလေပြီ။
"ခွိခွိခွိ..." ဟုန်ချန်ယဲ့သည် ခေါင်းကို ငုံ့ထားပြီး ပုခုံးများက တဆတ်ဆတ်တုန်ယင်နေကာ ရယ်မချလိုက်မိအောင် အတော်လေးထိန်းချုပ်ထားရပုံပင်။
သူတစ်ခါမှထုတ်မဆဲရဲခဲ့သော ယဲ့ကျွင်းလင်ကို တည်းခိုဆောင်တစ်ခုလုံး တက်ညီလက်ညီဝိုင်းဝန်းကျိန်ဆဲနေကြသည့်အတွက် နတ်ဆိုးဂိုဏ်းချုပ်အရှင်မှာ အူမြူးလို့မဆုံးနိုင်တော့။
သူသည် ကောင်းကင်ဘုံသည် ရှင်းလင်းပြီး လက်စားချေခြင်းသည် သေချာသည်ဟုသာ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းသည် ဆန့်ထွက်နေကာ သူ၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်ပင် သူ၏ ခန္ဓာကိုယ်မှ ထွက်တော့မည့်ဆဲဆဲ ဖြစ်သည်။
ဟားဟားဟား၊ သူရဲကောင်းတို့၊ သူတော်ကောင်းတို့ရေ၊ တန်ဖိုးရှိလိုက်တဲ့ စကားဝိုင်းတွေပါလား! ဒီအရှင်ရဲ့နှလုံးသားထဲ အနှစ်နှစ်အလလကိန်းအောင်းလာတဲ့ မကျေပွဲအလီလီကို မင်းတို့ကဆဲဆိုဖြေထုတ်ပေးလိုက်တာပဲ!
ယဲ့ကျွင်းလင်၊ မင်းလည်း လူထောင်ပေါင်းများစွာဆီက ပြောင်ပြောင်တင်းတင်းဆဲရေးခံနေရတဲ့အချိန်တွေ ရှိသေးတာပါလား?!
ကြည့်စမ်း၊ ဒါဟာ ပြည်သူ့ဆန္ဒပဲ! အားလုံးက မင်းကိုသပိတ်မှောက်နေကြတာ! တစ်လောကလုံးရဲ့ ချဉ်ဖတ်ငပိချက်ဖြစ်လာလို့ ဂုဏ်ယူပါတယ်
ယဲ့ကျွင်းလင်ရဲ့ နေ့စဥ်ဘဝသားကောင်လေးတစ်ဦးဖြစ်တဲ့ ဟုန်ချန်ယဲ့ဟာ ဧည့်သည်တော်အပေါင်း၏ တက်ညီလက်ညီ ဒေါသတကြီး အဆဲအဆိုတို့အား ရင်ဘတ်ကြီးနှင့်ထပ်တူခံစားမိရလေ၏။
လက်တွေ့ကျလိုက်တဲ့ ဆန္ဒထုတ်ဖော်ပွဲကြီးပါလား။
ဘဝရဲ့အကောင်းဆုံးနေ့ပါပဲ၊ ပျော်စရာကြီးဟေ့!
လီဝူကျယ်ခမျာတော့ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ချုံခိုတိုက်ခိုက်ခံလိုက်ရသည့်နှယ် ပါးစပ်အဟောင်းသားဖြင့် တုံ့ပြန်နိုင်စွမ်းရှိမလာသေး။
ငါ့ဆရာသခင်က ဒီလိုမကောင်းတဲ့လုပ်ရပ်တွေကို လက်ဖျားနဲ့တောင်မထိဖူးတဲ့ သူတော်စင်စစ်စစ်ကွ!
အသိဝင်လာသည်နှင့် ချက်ချင်းဆိုသလို လီဝူကျယ်ရဲ့ မျက်နှာဟာ လူသတ်လိုစိတ်များ လွှမ်းမိုးသွားပြီး ဓားရိုးကို ညာလက်ဖြင့် ခပ်တင်းတင်းလှမ်းဆုပ်လျက် တမုဟုတ်ချင်းဆွဲထုတ်ကာ လူသတ်ပွဲကျင်းပရန်ပြင်ဆင်လိုက်သည်။
ဆရာသခင်ကို စော်ကားရင် သေလမ်းကိုပဲပို့ရလိမ့်မယ်!
ထိုစဥ် ခပ်နွေးနွေးလက်ဝါးတစ်ဖက်က သူ၏ ပခုံးကို ပြန်လည်ဖိချလိုက်ပြီး လီဝူကျယ်ကို အတင်းအကြပ် ပြန်ထိုင်စေလိုက်သည်။
လီဝူကျယ် အံ့သြသွားဟန်ဖြင့် ပြောလိုက်သည်။ "ဆရာသခင်၊ ဘာလို့ကျွန်တော့်ကို..."
ယဲ့ကျွင်းလင် ခေါင်းခါယမ်းပြလိုက်ပြီး ဆိုသည်။ "စိတ်လိုက်မာန်ပါမလုပ်နဲ့၊ သူတို့ပြောတာတွေကို သေချာနားထောင်ကြည့်၊ တစ်ယောက်ယောက်က ငါ့အယောင်ဆောင်ပြီး လူတွေကိုလှည့်ဖျားနေတာဖြစ်ရမယ်!"
အကြောင်းမဲ့ အဆဲအဆိုခံရရင် ဘယ်သူမဆို စိတ်အနှောင့်အယှက် ဖြစ်မှာပါပဲ။
ဒီအခြေအနေမှာ ယဲ့ကျွင်းလင်ဒေါသမထွက်ဘူးလို့ပြောရင် လိမ်ရာကျသွားမှာပေါ့။
စကားပုံတစ်ခုရှိတယ်၊ ကိုယ့်အိမ်မှာကိုယ်ထိုင်နေတုန်း ခေါင်းပေါ်အိုးပြုတ်ကျလာတယ် ဆိုသလိုပေါ့၊ အေးအေးဆေးဆေး အိမ်မှာအနားယူနေတုန်းလေး ကိုယ်လည်းဘာမှမလုပ်လိုက်ရပါဘဲ ဘယ်သူပစ်ချလိုက်မှန်းမသိတဲ့ အိုးတစ်လုံးက ခေါင်းပေါ်ဒေါင်ခနဲကျလာတဲ့ဖြစ်ရပ်မျိုး စိတ်ကူးကြည့်ကြည့်လေ!
ယဲ့ကျွင်းလင်သည် တတ်နိုင်သမျှ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး မကြုံစဖူးမှောင်မည်းနေသော မျက်နှာထားဖြင့် ခေါင်းငုံ့လျက်ပုခုံးတုန်လျက်ရှိသော အကြီးဆုံးတပည့်ကို ခပ်ရွဲ့ရွဲ့လှမ်းပြောသည်။ "ရှောင်ဟုန်၊ ရယ်ချင်ရင် ရယ်ချလိုက်ပါ၊ အောင့်ထားရင် ကျန်းမာရေးအတွက်မကောင်းဘူးလေ"
ဤစကားကို ကြားသောအခါ အူမြူးနေသော ဟုန်ချန်ယဲ့သည် ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး နဖူးမှ ချွေးစက်များ စီးကျလာသည်။
ထို့နောက် သူသည် မျက်နှာအမူအရာကို အမြန်အဆန်ပြန်လည်ပြင်ဆင်ပြီး ခေါင်းပြန်မော့လိုက်သောအခါ မျက်နှာတစ်ပြင်လုံး ဒေါသရိပ်များဖြင့် ပြည့်နှက်နေပြီး မျက်လုံးများမှ မီးတောက်များ ထွက်လုနီးပါး ဝင်းဝင်းတောက်လျက်ရှိကာ အံကြိတ်သံဖြင့် ပြောလိုက်သည်။ "ဒီပုရွက်ဆိတ်ကောင်တွေ သေကိုသေသင့်တယ်! ဆရာသခင်! အမိန့်စကားတစ်ခွန်းသာပေးလိုက်ပါ၊ ဒီအကြီးဆုံးတပည့်က တစ်ယောက်မှအရှင်မထားဘဲ ဆုံးမပေးပါ့မယ်"
ယဲ့ကျွင်းလင်: "ဟဲဟဲ ဟုတ်လှချည်လား၊ သရုပ်ဆောင်လုပ်ရင် ချမ်းသာမယ့်အမျိုးပဲ"