ယောင်ဝမ့်တောင်ကြား၏ ငုပ်လျှိုးနေသောအမှန်တရား
Vol. 9 Ch. 122
(နာမည်တွေက နှစ်မျိုးနှစ်စားပါတတ်ပါတယ်။ ယောင်ဝမ့်တောင်ကြားဆိုတာလည်း ဆေးဘုရင်တောင်ကြားပါပဲ။ ယောင်ဝမ့်က တရုတ်အသံထွက်၊ ဆေးဘုရင်ကကျ အဓိပ္ပာယ်ပေါ့။)
ဆေးဘုရင်တောင်ကြားသည် လျှို့ဝှက်ဆန်းကြယ်ပြီး ဝိုးတဝါး အငွေ့အသက်များဖြင့် ခပ်မှိုင်းမှိုင်း ဝန်းရံထားလျက်။ အတွင်းမှ လွင့်ပျံလာသော ဆေးဖက်ဝင်အပင်များ၏ ရနံ့သည် ဖြတ်လျှောက်ရှူသွင်းမိရုံမျှဖြင့် ကိုးဆယ့်ခြောက်ပါးရောဂါကင်းစင်သွားသည့်နှယ် လူကိုလန်းဆန်းသစ်လွင်စေ၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မူးဝေတပ်မက်လှသော အမူအရာများဖြင့် ဆေးနံ့သင်းသင်းလေကို တပ်မက်စွာ ရှူရှိုက်နေကြပြီး ထိုသို့ရှူသွင်းမိရုံမျှဖြင့် ကျင့်ကြံဆင့်တွေထိုးတက်ကုန်တော့မလို ခံစားချက်များ တက်ကြွလာကြတော့သည်။
"ဟားဟားဟား၊ ငါ အခုတောင် ခံစားမိနေပြီ! မရေမတွက်နိုင်တဲ့ ရတနာတွေနဲ့ ဆေးဖက်ဝင်အပင်တွေ အထဲမှာ စောင့်မျှော်နေကြရောပေါ့ကွာ!"
"အကယ်၍ ငါသာ အဆင့်မြင့် ရတနာဆေးပင်တစ်မျိုးကို ရရှိခဲ့ရင် ခန္ဓာပေါင်းစည်းခြင်းအဆင့်ကနေ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်လောက်မယ်၊ ထိပ်သီးကျင့်ကြံသူအရှင်ဘွဲ့ကိုလည်း ရအောင်ယူမယ်၊ နောက်တောင့် နှစ်ပေါင်း ငါးသောင်းတိုင်အောင် အသက်ရှည်ရှည် နေထိုင်ပြီး ကောင်းကင်နဲ့ မြေကြီးကြားမှာ လွတ်လွတ်လပ်လပ် လှည့်ပတ်ပျော်မြူးလိုက်ဦးမဟေ့!"
"အဆင့်မြင့် ရတနာဆေးပင်တဲ့လား? ဒီတာအိုရောင်းရင်းက တကယ်ကိုပဲ အိပ်မက်မက်ရဲလိုက်တာ! ကျုပ်ကတော့ သာမန် ရတနာဆေးပင်တစ်မျိုးလောက် ရနိုင်ရင်ကိုပဲ ကျေနပ်ပါပြီ!"
"ဟဲဟဲ၊ ဒါက နာမည်ကျော် ဆေးဘုရင်တောင်ကြားပဲလေ! ကမ္ဘာ့ရှားပါး ရတနာဆေးပင်တွေအကြောင်း မပြောနဲ့တော့၊ ဆေးဘုရင်ရတနာကိုယ်တိုင်တောင် အထဲမှာ ရှိချင်ရှိနေလောက်မှာ မဟုတ်လား? အကယ်၍ ငါသာ ဆေးဘုရင်ရတနာတစ်ခုကို ရရှိခဲ့ရင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို တိုးတက်ဖို့အတွက်တောင် လုံလောက်တာထက် ပိုနေပြီ!"
"ဟ၊ ရောင်းရင်းက ဆေးဘုရင်ရတနာအကြောင်း ပြောနေတာလား? အဲဒီလို အင်မတန် ရှားပါးတဲ့ ဆေးဝါးပစ္စည်းမျိုးဆိုရင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်က အစ်ကိုကြီးတွေတောင် သွားရေတမျှားမျှားနဲ့ အပြိုင်အဆိုင် လုယက်နေကြမှာ။ ခင်ဗျားတို့ကျုပ်တို့လို အရေးမပါတဲ့ ကောင်တွေက ဘယ်လိုများ တပ်မက်ရဲမှာတဲ့လဲ?"
… …
ပတ်ဝန်းကျင်သည် စကားပြောသံများဖြင့် တဝေါဝေါဆူညံနေသည်။
ပတ်ပတ်လည်ကြည့်လိုက်တော့ ဆေးဘုရင်တောင်ကြား၏ အဝင်ဝသည် မြေပြင်ပေါ်တွင်ရော ကောင်းကင်ထက်တွင်ပါ လူရိပ်လူယောင်များဖြင့်သာ ပြည့်နှက်လျက်။
ကမ္ဘာ့အနှံ့အပြားမှ ခရီးနှင်လာကြသော ကျင့်ကြံသူများသည် အလွန်စိတ်လှုပ်ရှားနေကြပြီး ဘယ်လိုကံထူးပြီး အဆင့်မြင့်ရတနာတွေကို တူးဖော်ရယူနိုင်လေမလဲ ဆိုသည့်အတွေးများဖြင့် ကောင်းကင်သို့ ပျံသန်းထိုးဖောက်တော့မည့် အတွေးများသာ ပြည့်နှက်နေကြ၏။
ဘာပဲဖြစ်ဖြစ် ဆေးဘုရင်တောင်ကြားသည် နှစ်ပေါင်း တစ်သိန်းတွင် တစ်ကြိမ်သာ ဖွင့်လှစ်သည်မဟုတ်လော။ နှစ်ပေါင်း တစ်သိန်းဆိုသည်မှာ မည်မျှပြင်ကြာညောင်းလိုက်လေသနည်း? ကျင့်ကြံသူအများစုအတွက်ပင် မယုံနိုင်လောက်အောင် ကြာမြင့်သော အချိန်ကာလတစ်ခုဖြစ်သည်။
အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျွမ်းကျင်သူများပင်လျှင် မြင့်မြတ်လှပါပေသည်ဟု ချီးကျူးထောပနာပြုခံရသော်လည်း နှစ်ပေါင်း ငါးသောင်းသာ အသက်ရှင်နိုင်လေသည်။ ဆေးဘုရင်တောင်ကြားအား တစ်ကြိမ်လွဲချော်သွားခြင်းသည် နောက်တစ်ကြိမ် ဖွင့်လှစ်မည့်အချိန်ကိုလည်း လွဲချော်သွားခြင်းဟု အဓိပ္ပာယ်ရ၏။
ထို့ကြောင့် ဤသို့ ရှားရှားပါးပါးအခွင့်အရေးကို လူကိုယ်တိုင်ကြုံတွေ့ရခြင်းသည် ကျင့်ကြံသူများစွာအတွက် အင်မတန်ကံကောင်းခြင်းပင်ဖြစ်သည်။
လူအုပ်ကြီးထဲတွင် လူများစွာသည် ချောမွေ့ဖြောင့်ဖြူးသော အနာဂတ်လမ်းကို စိတ်ကူးယဉ်နေကြပြီး ရတနာဆေးပင်များ ပိုမိုရရှိရန် မျှော်လင့်ဆုတောင်းလို့နေကြသည်။ အချို့ကတော့ ဆေးဘုရင်ရတနာအထိ မျှော်မှန်းထားကြသည်ပင်!
လူတိုင်းသိကြသည့်အတိုင်း ဆေးဝါးပစ္စည်းများကိုလည်း အဆင့်အမျိုးမျိုး ခွဲခြားထားသည်- ဝိညာဉ်ဆေးပင်များ၊ ရတနာဆေးပင်များ၊ ဆေးဘုရင်၊ မဟာဆေးဘုရင်နှင့် နတ်ဆေးပင်များ!
၎င်းတို့ တစ်မျိုးချင်းစီကိုလည်း အနိမ့်အဆင့်မှ အမြင့်ဆုံးအဆင့်အထိ ထပ်မံခွဲခြားထားသေးသည်!
ကျင့်ကြံရေးလောကတွင် ဝိညာဉ်ဆေးပင်များသည် တွေ့ရအများဆုံးဖြစ်၏။ ရတနာဆေးပင်အဆင့်သို့ ရောက်ရှိသော မည်သည့်ဆေးဝါးပစ္စည်းမဆို ကြီးကျယ်ခမ်းနားသော ပွဲတစ်ခုခုတွင် လေလံတင်ရောင်းချကြမည်ဖြစ်ပြီး အင်အားကြီးအဖွဲ့အစည်းအားလုံးကြားမှ အပြိုင်အဆိုင်လုယူရမည့် အဖိုးတန်ပစ္စည်းမျိုးပင်။ အကယ်၍ တစ်စုံတစ်ယောက်က ရတနာဆေးပင်တစ်မျိုးကို ပေါ့ပေါ့တန်တန် ပစ်ချမိလိုက်ပါက ထိုနေရာတွင် ရုတ်ချည်းသွေးချောင်းစီးမည် ဧကန်ပင်။
ဆေးဘုရင်ဆိုလျှင် ပို၍ပင် ရှားပါးသည်။ အရှေ့ပိုင်းစီရင်စုတွင် လွန်ခဲ့သော နှစ်သောင်းချီကာလအတွင်း ဆေးဘုရင်အဆင့်ရှိသော ဆေးအမယ်မျိုးမှာ အစအနပင်မမြင်ရအောင် အလွန်ရှားပါးခဲ့သည်သာ။ ထိုဆေးပင်ကိုသာ ပိုင်ဆိုင်ရရှိပါက အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖင်တကြွကြွဖြစ်ရမည်ကို အသာထား၊ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူများပင် မနာလိုဖြစ်ကြပေမည်။
"ဦးလေးဖန်း၊ ဆေးဘုရင်တောင်ကြားက ဒီလောက်များတဲ့လူတွေကို တစ်ပြိုင်နက်တည်း ဝင်ဆံ့နိုင်ပါ့မလား? ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်နေတယ် မဟုတ်လား?" အန်းမြောင်ယိက ပတ်ပတ်လည်ကို ကြည့်ရင်း အံ့သြစွာ ပြောလိုက်သည်။
"မှတ်တမ်းတွေအရ ဆေးဘုရင်တောင်ကြားမှာ လူဦးရေနဲ့ အချိန်အကန့်အသတ်တွေ ရှိတယ်။ ဒါ့အပြင် ကျင့်ကြံသူတစ်ယောက်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာဆိုရင် ဆေးဘုရင်တောင်ကြားရဲ့ ဖွဲ့စည်းမှုကနေ အပြင်ကိုချက်ချင်းပို့ဆောင်ပေးနိုင်စွမ်းရှိသေးတယ်"
"ခြုံငုံကြည့်ရင် အဲဒီတုန်းက ဆေးဘုရင်ရဲ့ စီစဉ်မှုဟာ အင်မတန် သင့်လျော်ခဲ့တယ်။ ဦးလေးတို့လို မျိုးဆက်သစ်တွေအနေနဲ့ သူ့ရဲ့ကြင်နာမှုကို ကျေးဇူးတင်ရုံကလွဲလို့ မတတ်နိုင်တော့ပါလေ"
ဖန်းသယ်ကျန့်သည် လက်နှစ်ဖက်ကို နောက်တွင်ပစ်ကာ ရပ်နေပြီး ခံစားချက်များပြည့်လွှမ်းနေသော မျက်နှာဖြင့် ထိုရှေးခေတ်ပညာရှိကြီး၏ လုပ်ရပ်များကို ချီးကျူးထောပနာပြုနေသည်!
"ဆေးဘုရင်ဘိုးဘိုးကြီးဟာ အရမ်းကောင်းတဲ့လူ ဖြစ်ရမယ်!" အန်းမြောင်ယိက ပြုံးပြီး ဖြည့်စွက်ချီးကျူးလိုက်သည်။
ရုတ်တရက် ဖန်းသယ်ကျန့်သည် တစ်ခုခုကို ခံစားလိုက်ရပြီး သတိချပ်ထားလိုက်၏။ သူသည် ကျယ်ပြန့်သော လူအုပ်ကြီးကို စူးစမ်းကြည့်ရှု့ကာ မျက်လုံးအစုံမှာ တစ်စုံတစ်ခုကို စိုးရိမ်ကြောင့်ကြနေသကဲ့သို့။
"ဦးလေးဖန်း၊ ဘာဖြစ်လို့လဲ?" အန်းမြောင်ယိက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ဖန်းသယ်ကျန့်က အလေးအနက် သတိပေးလာ၏။ "မမလေးပြောတာ မှန်တယ်။ ဒီပြိုင်ပွဲဟာ တကယ်ပဲ အင်မတန် ပြင်းထန်လိမ့်မယ်။ အထဲဝင်ပြီးရင် ဘာမှ မဆင်မခြင် မလုပ်နဲ့၊ ဦးလေးဘေးမှာပဲ ကပ်နေ!"
ခုနက သူ ခံစားမိသည်မှာ အနည်းဆုံး အင်အားကြီးပုဂ္ဂိုလ်များ တစ်ဒါဇင်လောက် ရှိနေသည်ဟု၊ သူ့ထက် လျော့စရာမရှိနိုင်သော အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ အငွေ့အသက်တွေ!
ပုန်းကွယ်ငုပ်လျှိုးနေတဲ့ ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံသူတွေတောင် ရှိနေသေးတာပဲ!
ဒီဆေးဘုရင်တောင်ကြားက နယ်ပယ်အသီးသီးကလူတွေကို ဆွဲဆောင်ထားနိုင်တာပဲလို့သာ ဆိုရတော့မပေါ့။