ခါးသက်မှု
Vol. 9 Ch. 123
သင်္ကန်းရုံထားသော ရဟန်းတော်အုပ်စုတစ်စုသည် ထီးရွက်ပင်အောက်တွင် ပိဋကတ်တော်များကို ရွတ်ဖတ်သရဇ္ဈယ်ပြုနေကြပြီး သူတို့၏ ခန္ဓာကိုယ်များသည် ရွှေရောင်ဗုဒ္ဓရောင်ခြည်တန်းများဖြင့် ထွန်းလင်းဖြာကျကာ အေးချမ်းတည်ငြိမ်သော အငွေ့အသက်များကို ထုတ်လွှတ်လျက်ရှိ၏။
ထိုအုပ်စုကို ဦးဆောင်နေသူမှာ ပိန်လှီသော ကိုယ်လုံးနှင့် လည်ပင်းအထိ ရှည်လျားသော ဆံဖြူမုတ်ဆိတ်ရှိ သက်ကြီးရဟန်းတစ်ပါးဖြစ်သည်။
သူသည် လက်အုပ်ချီကာ မျက်လုံးများကို မှိတ်ပြီး တရားမှတ်နေသည့်အနေအထားတွင် ရွှံ့စေးရုပ်တုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည်။ သူ၏နောက်မှ ရဟန်းတော်များ၏ ခန္ဓာကိုယ်များတွင် ဗုဒ္ဓရောင်ခြည်များ လွှမ်းခြုံထားသော်လည်း သူကတော့ သာမန်လူတစ်ဦးကဲ့သို့ပင် အခြေခံကျသော ဈာန်အငွေ့အသက်ပင်မပါဝင်ဘဲ အလွန်တရာကို သာမန်ဆန်နေသည်။
သို့သော် အနောက်မှရဟန်းတော်များက သူ့အား လွန်စွာရိုသေလေးစားကြပုံပင်။
အကြောင်းမှာ ထိုသူ၏ ကျင့်ကြံရေးသည် ခန့်မှန်းသတ်မှတ်ရန်ခက်ခဲပြီး လေပေါ်ကျောင်းတော်တွင် အလွန်လေးစားခံရသော အဆင့်အတန်းရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ဖြစ်၏။
"အော်မီထော်ဖော၊ ဒီတစ်ခါ ဆရာတော်ရန်သမ် ကိုယ်တိုင်ဦးဆောင်ပြီး လိုက်ပါလာတာနဲ့ နာမည်ကြီး ဆေးဝါးတွေ လုံလုံလောက်လောက် ပြန်သယ်လာနိုင်မှာ သေချာပါတယ်" ခပ်ဝဝရဟန်းတစ်ပါးက မှတ်ချက်ပြုသည်။
"သေချာတာပေါ့။ လေပေါ်ကျောင်းတော်မှာ အရင်က ကောလာဟလတွေ ထွက်ခဲ့ဖူးတယ်၊ ဆရာတော်ရန်သမ်ဟာ လွန်ခဲ့တဲ့ နှစ်တစ်သိန်းတုန်းက ဆေးဘုရင်တောင်ကြားထဲကို ဝင်သွားဖူးပြီး အမြတ်အစွန်း မနည်းမနော ရခဲ့ဖူးတယ်တဲ့၊ သူ့ရဲ့ အင်အားအဆင့်လည်း အဆမတန်ပိုတိုးတက်ခဲ့တယ်လို့ ကြားတယ်" ကျင့်ကြံသူရဟန်းတစ်ဦးက မစားရဝမခန်း ဖောက်သည်ချသည်။
"ကောင်းတယ် ကောင်းတယ်။ ဆရာတော် ရန်သမ်ရဲ့ အကူအညီနဲ့ဆိုရင် ဆေးဘုရင်တောင်ကြားဟာ ငါတို့ လေပေါ်ကျောင်းတော်ရဲ့ လက်ဝါးထဲမှာ ရှိမှာ သေချာတယ်!" ရဟန်းတော်များအားလုံး စိတ်ချလက်ချ ပြုံးမိလိုက်ကြ၏။
ရဟန်းတော်များသည် အချင်းချင်း လျှို့ဝှက်အသံဖြင့် ဆက်သွယ်ပြောဆိုနေကြသော်လည်း ထိုသက်ကြီးရဟန်းထံမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
ဆရာတော် ရန်သမ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ကူကယ်ရာမဲ့ဟန် အမူအရာခပ်ပါးပါးပေါ်လာကာ ပါးစပ်ထောင့်တွင် ခါးသက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
လွန်ခဲ့သောနှစ်တစ်သိန်းအကြာက သူ ဆေးဘုရင်တောင်ကြားထဲ ဝင်ရောက်သွားခဲ့သည်ကို လေပေါ်ကျောင်းတော်တစ်ခုလုံ သိရှိထားကြ၏။ ထိုတောင်ကြားမှ ပြန်ထွက်အလာတွင် တစ်ကိုယ်တော်တံခါးပိတ်ကျင့်ကြံရေးဝင်ကာ သူကျင့်ကြံဆင့်တက်လာသည်ကို ဆေးရတနာများစွာ ရနိုင်ခဲ့သည်ဟု အထင်ခံနေရခြင်းသာ။
တကယ်တော့ ထိုသို့ မဟုတ်ရပါချေ!
ဆေးဘုရင်တောင်ကြားဆိုသည်မှာ အပြင်ပန်းမြင်နေရသည့်ရှုခင်းသာနှင့် လားလားမှမဆိုင် စိတ်ကူးကြည့်လို့ပင်မရနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုမျိုးစုံဖြင့် လွန်စွာသိပ်သည်းနက်နဲသော နေရာတစ်ခုပင်။
ထိုအချိန်တုန်းက ဆေးဘုရင်တောင်ကြားအတွင်း စမ်းသပ်ဝင်ရောက်သွားခဲ့သော ကျင့်ကြံသူတို့မှာ စိတ်နှလုံးတုန်လှုပ်ပြိုလဲလျက် အထဲတွင်ကြုံတွေ့ခဲ့ရသမျှကို ပြန်ပြောဖို့ ငြင်းဆန်ခဲ့ကြ၏။
ဆေးဘုရင်တောင်ကြားအတွင်းရှိ အမှန်တရားကို သူတို့အားလုံး သိုသိပ်စွာ ဖုံးကွယ်ထားခဲ့ကြသည်။
ထိုအထဲမှ စိတ်ကောင်းရှိသော ကျင့်ကြံသူတစ်ချို့က ဆက်လက်ဖုံးကွယ်ထားနိုင်ခြင်းငှာ မစွမ်းနိုင်စွာ နောက်ပိုင်း အထဲဝင်မည့်မျိုးဆက်သစ်တို့အား သတိပေးရန် အဖြစ်မှန်ကို ထုတ်ဖော်ပြောပြချင်ခဲ့ကြသေးသည်။
ရလဒ်အနေဖြင့် အတွင်းလူများထံမှ နှုတ်ပိတ်လုပ်ကြံခံခဲ့ရ၏။
သူတို့မှာ 'ငါခံစားခဲ့ရတဲ့ ဒုက္ခတွေကို နောက်လူတွေလည်း ခံစားရမယ်!' ဆိုတဲ့ သဘောမျိုး တစ်ညီတည်းရှိနေခဲ့ကြတာပါပဲ။
ဟုတ်ပါတယ်၊ အတွင်းမှာ သူတို့ မြင်တွေ့ကြားသိခဲ့တာတွေကို စာအုပ်ရေးပြီး လူအများသိအောင် ထုတ်ဝေချင်တဲ့ ခေါင်းမာတဲ့ လူတချို့လည်း ရှိခဲ့ပါတယ်။
အဲ့ဒီသတင်း ပေါက်ကြားပြီးတဲ့နောက် ညတွင်းချင်းပဲ ပါဝင်ခဲ့တဲ့သူ အများအပြား ရောက်လာပြီး စာအုပ်ထုတ်ဝေမယ့် ကျင့်ကြံသူကို အသက်နှုတ်၊ ပြာချပြီး နောက်လူတွေကိုသတိပေးဖို့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ သားစဥ်မြေးဆက် အဆက်အနွယ်တွေကိုပါ ကျူပင်ခုတ်ကျူငုတ်မကျန် သုတ်သင်ရှင်းလင်းခဲ့ကြတယ်လေ!
အဲဒီအချိန်ကစပြီး ဆေးဘုရင်တောင်ကြားအကြောင်း အမှန်တရားကို ဘယ်သူမှနှုတ်မဟရဲတော့ဘဲ ဖုံးကွယ်ထားခဲ့ကြတာပေါ့။ ဒါ့အပြင် နှစ်တစ်သိန်းမှာ တစ်ကြိမ် ဖွင့်လှစ်တဲ့ ကြားကာလက အရမ်းရှည်ကြာလွန်းတာကြောင့် အတိတ်ဆိုးတွေအကုန် အစအနပျောက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံပန်းသွင်ပြင်တစ်ခုသာ ကျန်ရှိခဲ့တတ်ပါတယ်။ ဒီလိုနဲ့ တောင်ကြားဖွင့်လှစ်တဲ့ အကြိမ်တိုင်းမှာ မသိနားမလည်တဲ့ ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်နိုင်ပြီး အခွင့်အရေးကို လိုက်လံဖမ်းဆုပ်ဖို့အတွက် အလျင်အမြန် လောဘတကြီး ပြေးဝင်လာကြတော့တယ်။ နောက်ဆုံးတော့လည်း ဆင်းရဲဒုက္ခတွေကိုပဲ တစ်သက်မမေ့နိုင်အောင် ကြုံတွေ့ခဲ့ရပြီး ရှင်ကျန်သူတွေကလည်း အချင်းချင်းနှုတ်ပိတ်ချုပ်တည်းထားကြရင်း သံသရာလည်နေခဲ့တာပေါ့... …
ဆရာတော် ရန်သမ်သည် ထိုအတွင်းရေးကို သိရှိသူ အလွန်နည်းပါးကြောင်း ကောင်းစွာသိထား၏။ နှစ်ပေါင်း တစ်သိန်းကျော် အသက်ရှင်နိုင်သူများမှာလည်း ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်သည်လေ။
အရင်တစ်ခေါက် ဝင်ရောက်ချိန်တုန်းက အဖြစ်အပျက်တိုင်းဟာ ပြန်တွေးမိတိုင်း အရှက်ရစေသည်အထိ သူ့ဘဝကို လွှမ်းမိုးထားခဲ့ပါသည်။
"အဲဒီတုန်းက ပြန်လာပြီးတဲ့နောက် ဒီရဟန်းအိုကြီးဟာ အရင်ထက်ပိုပြီး ကြိုးစားအားထုတ်ခဲ့တယ်၊ အရှက်ရတဲ့ခံစားချက်ကို သိပြီးတဲ့နောက် ရဲရင့်လာတယ်။ နှစ်ပေါင်းများစွာ ကြာလွန်ပြီးနောက်မှာတော့ ဒီရဟန်းအိုကြီးဟာ သူ့ရဲ့ အားနည်းချက်တွေကို ပြန်လည်ဖြည့်ဆည်းနိုင်ခဲ့ပြီး ကျင့်ကြံဆင့်ဟာလည်း အဆမတန် တိုးတက်လာခဲ့တယ်။ ဆေးဘုရင်တောင်ကြားထဲက အသေးအဖွဲလေးတွေကို ပြန်ရင်ဆိုင်ရရင်တောင် ဒီတစ်ကြိမ်မှာတော့ အလွယ်တကူ ကိုင်တွယ်နိုင်ပြီး အားလုံးကို နှိမ်နင်းနိုင်မှာ သေချာပါတယ်!"
ဆရာတော်ရန်သမ်၏ မျက်လုံးများ တောက်ပလာပြီး စိတ်ထဲမှ ရေရွတ်လိုက်၏။
သူရခဲ့သောအရှက်တရားများကို ပြန်လည်ဆေးကြောပြီး ထိုနှစ်တွေတုန်းက ချို့ယွင်းခဲ့သော စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တို့ကို ပြန်လည်ဖြည့်ဆည်းရမည်!!