သာတူညီမျှသော အခွင့်အရေး
Vol. 9 Ch. 124
ဝှစ် ဝှစ် ဝှစ် ~ ပုံရိပ်အချို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲပျံသန်းကာ ဆင်းသက်လာကြ၏။
"ဆရာသခင်၊ ဒါက ဆေးဘုရင်တောင်ကြားပါ။ တောင်ကြားထဲမှာ သဘာဝဆေးဖက်ဝင်အပင်တွေ အများကြီး စိုက်ပျိုးထားတယ်လို့ ဆိုကြတယ်။ အပြင်မှာ ရှာရခက်တဲ့ အဖိုးတန်ဆေးဝါးတွေ အထဲမှာဆို နေရာတိုင်းတွေ့နိုင်တယ်တဲ့!" လီဝူကျယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူသာ အဖိုးတန်ဆေးဝါးအနည်းငယ်ကို ဖော်စပ်သန့်စင်နိုင်လိုက်ရင် ကျင့်ကြံဆင့်တိုးတက်ဖို့အတွက် အလွန်အထောက်အကူဖြစ်မှာ အသေအချာပဲလေ!
"စိတ်ဝင်စားစရာပဲ" ဟုန်ချန်ယဲ့၏ မျက်လုံးများမှာ လောဘတကြီးတောက်ပလို့လာပြီး ဆေးဘုရင်တောင်ကြားအား အင်မတန်စိတ်ပါဝင်စားသွားတော့သည်။
ဒီလူပြောတဲ့အတိုင်းသာဆိုရင် ဒီလိုဒေသမျိုး အလယ်ပိုင်းစီရင်စုမှာရှိရင်တောင် မသေမျိုးအဆက်အနွယ်တွေ အပြိုင်အဆိုင်လုယက်တိုးကြိတ်နေကြမယ့် ရတနာပုံမျိုးပဲ။
ဘယ်ကျင့်ကြံရေးအင်အားစုကမှ ငါတို့မှာတော့ အရင်းအမြစ်တွေ လိုအပ်တာထက်ပိုနေပြီလို့ တွေးကြမှာမဟုတ်ပါဘူး။ ပိုများများရှိလေ ကောင်းလေပဲပေါ့။
ယဲ့ကျွင်းလင် ပခုံးတွန့်လိုက်သည်။ သူ ဝင်ချင်ရသည့် အကြောင်းရင်းမှာ စနစ်ကသွားလိုက်ဦးဟုဆို၍သာ သွားခြင်းဖြစ်ပြီး စနစ်၏ လက်မှတ်ထိုးခြင်း တာဝန်ကို ပြီးမြောက်လျှင် သူ့အတွက်ပြည့်စုံလေပြီ။
ဆေးဖက်ဝင်ပစ္စည်းများ မည်မျှရှားပါးအဖိုးတန်ပါစေ သူ့အတွက် တန်ဖိုးမရှိ၊ အကြောင်းမှာ သူသည် အင်အားကို မြှင့်တင်ရန်နှင့် ကျင့်ကြံဆင့်ကို တိုးမြှင့်ရန် ဘာအရင်းအမြစ်မှ မလိုအပ်သောကြောင့်ဖြစ်၏။
ထိုအချိန်၌ ဆေးဘုရင်တောင်ကြား၏ အဝင်ဝ၌ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော လေပွေတစ်ခုသည် လျင်မြန်စွာ စုစည်းလာပြီးနောက် ရူးသွပ်စွာ တဟုန်ထိုးကျယ်ပြန့်လာခြင်းပင်။
"မြန်မြန်ဝင်ဟေ့!"
"ဝင်ကြစမ်း!"
ကျင့်ကြံသူအများအပြားမှာ ပြင်းစွာလှုံ့ဆော်ခံလိုက်ရသည့်အလား ဝုန်းခနဲတက်ကြွလာကြပြီး လေပွေအတွင်းသို့ ဝရုန်းသုန်းကား ပြေးဝင်ကြတော့လေသည်။
"မမလေး၊ သွားကြစို့!" ဦးလေးဖန်းသည် အန်းမြောင်ယိ၏ လက်ကို မြဲမြဲဆုပ်ကိုင်ကာ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်၏ ခန့်ညားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်ပြီး လမ်းကြောင်းကို ပိတ်ဆို့နေသော ကျင့်ကြံသူအများအပြားကို လဲကျစေကာ မကြောက်မရွံ့ ဝင်ရောက်သွားလေသည်။
ဆရာတော်ရမ်သမ်သည် ဝင်သက်တစ်ချက်ကို ဝဝရှူသွင်းလိုက်ရ၏။ ဤအခိုက်အတန့်မှာ သူ ဘယ်တော့မှ မေ့နိုင်တော့မည့် အိပ်မက်ဆိုးကြီးတစ်ခုဖြစ်သော်လည်း ယခု သူသည် ၎င်းကို ထပ်မံ ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ဤတစ်ကြိမ်တွင် အောင်မြင်ခဲ့ပါက မသေမျိုးပန်းတိုင်ကြီးကား အနာဂတ်လမ်းတွင် ဝံ့ကြွားစွာစောင့်ကြိုနေပေတော့မည်။
"သတင်းပို့ဖို့အတွက် ဒီမှာလူနည်းနည်းနေခဲ့ကြ၊ ကျန်တဲ့သူတွေ ငါ့နောက် လိုက်ခဲ့!"
"ဟုတ်ကဲ့!"
ဆရာတော် ရန်သမ်သည် ပြီးပြည့်စုံစွာ ပြင်ဆင်စစ်ဆေးပြီးနောက် တပည့်ရဟန်းတော်တို့နှင့်အတူ ဆေးဘုရင်တောင်ကြားထဲသို့ ဦးဆောင်ဝင်ရောက်သွားတော့သည်။
တစ်ဖက်တွင် ယဲ့ကျွင်းလင်၏ မျက်နှာသည် မလှုပ်မခတ် ခိုင်မြဲတည်ငြိမ်နေပြီး တပည့်များကိုဦးဆောင်လျက် လေပွေအတွင်းသို့ ဆင်းသက်ဝင်ရောက်သွားတော့၏။
ချက်ချင်းဆိုသလို ကမ္ဘာကြီး၏လည်ပတ်မှုကို ခံစားလိုက်ရသကဲ့သို့ ခေတ္တမူးဝေသွားခဲ့ပြီး ထူးဆန်းသော သင်္ကေတစာလုံးများစွာ ပတ်ပတ်လည် ရစ်ဝဲနေသည်အား မြင်တွေ့လိုက်ရသည်။
မကြာမီ သူတို့သည် ကျေးငှက်သံသာပြီး ပန်းရနံ့သင်းမွှေးသော လွင်ပြင်တစ်ခုတွင် ပြန်ပေါ်လာကြသည်။
ဤနေရာသည် တစ်နှစ်ပတ်လုံး နွေဦးရာသီတွင်သာ ရှိနေသကဲ့သို့ နေရောင်နုနု တောက်ပလင်းဖြာကာ စိမ်းလန်းစိုပြေသော အပင်များ ပေါများပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်သည် မယုံနိုင်လောက်အောင် ကြွယ်ဝသိပ်သည်း၏။
ယဲ့ကျွင်းလင်တို့ ဆရာတပည့်အဖွဲ့မှာ ချောက်ကမ်းပါးပေါ်တွင် ရပ်နေပြီး အဝေးသို့ မျှော်ကြည့်နေကြသည်။ လိမ်ယှက်ကွေ့ကောက်နေသော တောင်တန်းများသည် အိပ်မောကျနေသော နဂါးကြီးတစ်ကောင်နှင့် အလားသဏ္ဍာန်တူ၏။ တောင်ကြားတစ်ခုလုံးသည် နတ်ဘုံနတ်နန်းကဲ့သို့ တိမ်များနှင့် မြူများဖြင့် ဖုံးအုပ်ဝန်းရံထားပြီး သီးသန့်ဆန်စွာ တည်ရှိနေလေသည်။
"ဒါဆို ဆေးဘုရင်တောင်ကြားရဲ့ အတွင်းပိုင်းမြင်ကွင်းပဲ၊ ဘယ်လောက်တောင် ခမ်းနားလိုက်သလဲ!" လီဝူကျယ်က အာမေဋိတ်ပြုလိုက်သည်။
ဟုန်ချန်ယဲ့သည် ဦးစွာ ရင်သပ်ရှုမောဖြစ်သွားရပြီးနောက် တစ်စုံတစ်ခုကို သတိထားမိဟန်ဖြင့် မျက်မှောင်ကြုတ်ကာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက်မျက်နှာအကြီးအကျယ်ပျက်၍ အာမေဋိတ်ပြုလိုက်သည်။ "ဘာဖြစ်နေတာလဲ? ငါ့ကျင့်ကြံဆင့်က..."
သူသည် သူ၏ မူလ အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံဆင့်သည် ဘယ်ကနေဘယ်လိုဖြစ်သည်မသိ ချီစုဆောင်းခြင်း စဦးပိုင်းအဆင့်သို့ လျော့ကျသွားသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရ၏။
ထို့အပြင် ၎င်းသည် အဆင့်ကိုးတွင်သာ ပိတ်ဆို့ခံထားရသကဲ့သို့ ရပ်တန့်နေသည်ပင်။
"ငါလည်း..ငါ့ဟာလည်း အဆင့်ကျသွားတာဟ!" လီဝူကျယ်လည်း တုန်လှုပ်ချောက်ချားစွာ အော်ပြောလာသည်။
အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ရှိသော အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ချီစုဆောင်းခြင်းအဆင့်သို့ ဟုတ်ခနဲထိုးကျသွားခြင်းသည်ကား လက်ခံနိုင်စရာလုံးဝမရှိပေ။
ရှင်ဘုရင့်ဘဏ္ဍာတိုက်ထက် ပိုချမ်းသာသော သူဌေးသူကြွယ်တစ်ဦး ရုတ်တရတ် ခြူးတစ်ပြားမှမကျန်တော့သည်အထိ မွဲတေသွားကာ လမ်းဘေးသူတောင်းစားအဆင့်သို့ ကျဆင်းသွားခြင်းနှင့် အနီးစပ်ဆုံး ဥပမာခိုင်းနှိုင်းနိုင်ပေသည်။
ယဲ့ကျွင်းလင်လည်း သူ၏ ဘေးဒုက္ခကျော်လွှားခြင်း အလယ်အလတ်အဆင့် ကျင့်ကြံရေးကြီး ချီစုဆောင်းခြင်းအဆင့်ကိုးသို့ ထိုးကျသွားသည်အား မယုံနိုင်လောက်အောင် အံ့သြမိနေသည်။
ဒီအသက်အရွယ်ထိ ကြိုးစားပမ်းစားကျင့်ကြံပြီးတဲ့နောက် ရလာတဲ့အဆင့်က ဒါပဲတဲ့လား!!! ဘယ်မှာလဲ တရားမျှတမှု။ အားးးးး ငါအရမ်းကြိုးစားထားပြီး ကျင့်ကြံထားတာနော်
အဟမ်း အိုကေ နည်းနည်းမုဝင်သွားလို့ပါ၊ ဟုတ်ပြီလား? ဟီးဟီး
မကြာမီတွင် ယဲ့ကျွင်းလင်၏ မျက်နှာသည် ပုံမှန်ပြန်ဖြစ်သွားပြီး စိတ်ထိခိုက်မှု တစ်စုံတစ်ရာ မခံစားရတော့ပေ။
သူ့အတွက်တော့ ကျင့်ကြံဆင့်များဆိုသည်မှာ ဂုဏ်ပကာသနအလေးပေးသည့် အလှဆင်ပစ္စည်းများသာဖြစ်သည်။ သူအခု ကျင့်ကြံဆင့်ကျသွားသည်ဆိုလျှင်တောင်မှ နောက်ထပ် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်စွမ်းအားရှင်တစ်ဦးနှင့် ထိပ်တိုက်တွေ့ရပါက ချက်ချင်းပြန်တက်လာနိုင်သည်လေ။
ထို့အပြင် သူ၏ ကျင့်ကြံရေး ကျဆင်းသွားရသည့် အကြောင်းရင်းမှာ ဆေးဘုရင်တောင်ကြားနှင့် ဆက်စပ်နေရမည်ဟု တွက်ဆမိ၏။
ယဲ့ကျွင်းလင်သည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ကာ ရယ်ရယ်မောမောဆိုသည်။ "ဆေးဘုရင်က လှည့်ကွက်တွေ လုပ်နေပုံရတယ်။ ငါတို့ရဲ့ ကျင့်ကြံဆင့်ကို အတင်းအကျပ် ဖိနှိပ်နင်းချပြီး ဒီတောင်ကြားထဲမှာ လက်ချည်းဗလာနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းတာပဲ"
ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်သည် ဖျက်ဆီးတိုက်ခိုက်နိုင်စွမ်း အနည်းငယ်မျှသာ ရှိသည်ပင်။ သူတို့အားလုံး စိတ်လွတ်လက်လွတ် အားကုန်သုံးတိုက်ခိုက်လျှင်တောင်မှ ပုရွက်ဆိတ်ကလေးများနပန်းလုံးနေသကဲ့သို့ ဘေးပတ်ဝန်းကျင်ကို တစ်စုံတစ်ရာမျှ ထိခိုက်မည်မဟုတ်ပေ။
သို့သော် အလင်းလုံးများပစ်လွှတ်ကာ အထာနှင့်တိုက်ခိုက်နေကျ စွမ်းအားရှင်များအတွက် ကြက်များကဲ့သို့ အချင်းချင်း ထိုးဆိတ်ကန်ကျောက်ရမည့် ရန်ပွဲမျိုးက သိပ်တော့အသားကျလောက်မည်မဟုတ်။
"ပညာရှိဆေးဘုရင်ကြီးလို့ ဆိုရမှာပေါ့၊ ဖြောင့်မတ်တဲ့သူတော်ကောင်းတစ်ယောက်က ဒီလိုတရားမျှတတဲ့နည်းလမ်းမျိုးဖန်တီးထားခဲ့တာ ဖြစ်သင့်ပါတယ်။ လူတိုင်း ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်မှာ ရှိနေတဲ့အတွက် ကျင့်ကြံဆင့်နဲ့ မှော်လက်နက်တွေအချင်ချင်း ပြိုင်ဆိုင်နေလို့မရတော့ဘူး!"
လီဝူကျယ်သည် ခေါင်းကို ခါယမ်းကာ သက်ပြင်းချရင်း ညည်းညူသည်။ "အိုး၊ ဒါပေမဲ့ ဒီလိုဆိုရင် ကျွန်တော် သယ်လာတဲ့ ဓားကိုလည်း သုံးလို့မရတော့ဘူးပဲ၊ ကျင့်ကြံဆင့်ကွာဟမှုက ကြီးမားလွန်းလို့ ဓားကိုဆွဲထုတ်လို့တောင် မရတော့ဘူး"
သူ၏ မှင်ဓားသည် အဆင့်ကိုး ဝိညာဉ်လက်နက်ဖြစ်၏။
ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် လုံးဝ အသုံးမပြုနိုင်ပေ!
"ကံကောင်းလို့ ငါ့မှာဒီတစ်ခုလေးကျန်သေးတယ်" လီဝူကျယ်၏ လက်ထဲတွင် အတော်လေးဟောင်းမြင်းအိုမင်းနေပုံပေါက်သည့် မီးဖိုချောင်သုံး ဓားတုံးတစ်ခု ပေါ်လာသည်။
သို့သော် အားနည်းဖျော့တော့စွာ ရစ်ပတ်နေဆဲဖြစ်သော ဝိညာဉ်လှိုင်းလေးများကို ကြည့်ခြင်းအားဖြင့် ၎င်းသည်လည်း မှော်လက်နက်တစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။
"ဟင်?" ယဲ့ကျွင်းလင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ဒီလောက်သာမန်ဆန်တဲ့ မှော်ဓားလေးကို မင်းဘယ်လောက်တောင်ကြာအောင် သိမ်းထားတာလဲ?"
မှော်အဆင့်လက်နက်ဆိုသည်မှာ မှော်ရတနာအားလုံး၏ အနိမ့်ဆုံးအဆင့်ဖြစ်ပြီး ၎င်း၏အထက်တွင် ရတနာအဆင့်၊ ဝိညာဉ်အဆင့်၊ ဉာဏ်အလင်းအဆင့်နှင့် မသေမျိုးအဆင့်လက်နက်တို့ ရှိနေသေးသည်ပင်၊
လီဝူကျယ်က ရှက်ရွံ့စွာ ပြန်ဖြေလာ၏။ "ဆရာသခင်၊ ရိုးရိုးသားသားပြောရရင် ဒါဟာ ကျွန်တော် ကျင့်ကြံရေးလမ်းကြောင်းကို စတင်လျှောက်လှမ်းချိန်မှာ ရရှိခဲ့တဲ့ ပထမဆုံး မှော်လက်နက်ပါ။ ဒီမီးဖိုချောင်သုံးဓားဟာ ကျွန်တော် အားအနည်းဆုံးအချိန်ကတည်းက ကျွန်တော့်ကို အဖော်ပြုကာကွယ်ပေးခဲ့တယ်။ အဲ့ဒါကြောင့် အခုထိမစွန့်လွှတ်နိုင်သေးတာပါ"
လီဝူကျယ်သည် လက်ကို ဆန့်တန်းကာ အစင်းကြောင်းများထနေသော ဓားသွားကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူ၏ မျက်လုံးများတွင် အောက်မေ့သတိရနေဟန် ယှက်သမ်းလာကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ "ရောင်းရင်းဟောင်းကြီးရေ မင်းနဲ့ငါပြန်တွေ့ရပြန်ပြီပေါ့ကွာ"
ဓားကျင့်ကြံသူတစ်ဦးသည် ဓားမပါဘဲ မည်သို့ရပ်တည်နိုင်မည်နည်း။
ဓားသမားတစ်ဦးသည် ဓားရိုးတစ်ရိုးကို အစဥ်အမြဲဆုပ်ကိုင်ထားရမည်။ ထိုသူ့အတွက် ဓားမပါခြင်းဆိုသည်မှာ လက်မောင်းအရင်းမှ အတိဖြတ်၍ တိုက်ခိုက်စေခြင်းနှင့်မခြား။
ယဲ့ကျွင်းလင် ခေါင်းတညိတ်ညိတ်ဖြင့်ဆိုလိုက်သည်။ "ဒီလိုဇာတ်လမ်းလေးတွေ ရှိခဲ့တာပေါ့"
【တင်၊ ပိုင်သ်ဆေးဘုရင်တောင်ကြားကို ရောက်ရှိကြောင်း သိရှိလိုက်ရပါတယ်၊ လက်မှတ်ထိုးလိုပါသလား?】 စနစ်သတိပေးသံ ထွက်ပေါ်လာသည်။
"လက်မှတ်ထိုးပါ" ယဲ့ကျွင်းလင် စိတ်ထဲမှ ပြန်ဖြေလိုက်သည်။
【တင်၊ ထိပ်တန်းအဆင့်မြင့် ဉာဏ်အလင်းပွင့် လက်ဖက်ရည်ဘူးကြီးတစ်ဘူး ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်ရှင်။ ဘာမှလုပ်စရာမရှိတဲ့အချိန် လက်ဖက်ရည်လေးဖျော်သောက်ပြီး နှပ်နေလို့ရတယ်နော်။】
【အဆင့်မြင့် ဉာဏ်အလင်းပွင့် လက်ဖက်ရည်】: ကျင့်ကြံသူများသည် ၎င်းကို သောက်သုံးပြီးနောက် ဉာဏ်အလင်းပွင့်လန်းကာ သင်ယူတတ်မြောက်လွယ်ပြီး ၎င်းသည် ကျင့်ကြံရေးတွင်ဖြစ်စေ၊ ကျင့်စဥ်စွမ်းအားများတွင်ဖြစ်စေ အဆမတန် တိုးတက်လာနိုင်မည်ဖြစ်သည်။
ယဲ့ကျွင်းလင်သည် သူ့အတွက် အသုံးမဝင်သလောက်ဖြစ်နေသော ဆုလာဘ်ကြီးကြောင့် ခေါင်းကိုခါယမ်းလိုက်မိတော့၏။
ထားလိုက်တော့၊ ရေငတ်ပြေသောက်ရတာပေါ့။
ထိုအချိန်၌။
ဟုန်ချန်ယဲ့သည် မျက်လုံးများကို မှေးကျဥ်းကာ ငွေရောင်ဆံပင်ရှိသော လူငယ်ကို စေ့စေ့ကြည့်ရှု့နေပြီး သူ၏ အင်္ကျီလက်ဖျားစတွင် ဝှက်ထားသော လက်သည် လက်ဝါးစွမ်းအင်ကို တိတ်တဆိတ်အသက်သွင်း လှုပ်ရှားနေလိုက်သည်။
တစ်ဖက်လူ၏ ကျင့်ကြံဆင့်ကို ကြောက်ရွံ့သောကြောင့်သာ သူတစ်ချိန်လုံး သည်းခံခဲ့ရခြင်းဖြစ်ပြီး ယခုအခါတွင်တော့ လူတိုင်းသည် ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်တွင် ရှိနေကြသောကြောင့် ဒီ့ထက်သင့်တော်သော တရားမျှတသောအချိန် မရှိတော့ပေ။
သူသာ ထိုအခွင့်အရေးကို ဆုပ်ကိုင်ပြီး အစွမ်းကုန် ကြိုးစားပါက တစ်ဖက်လူကို အနိုင်ယူနိုင်ချေ ရှိပေမည်။
ဟုန်ချန်ယဲ့သည် ဤလူကို မည်သို့ ညှဉ်းပန်းရမည်အား ကြိုတင် စဉ်းစားထားပြီးဖြစ်၏။ ဥပမာ သစ်ပင်ထက်တွဲလောင်းချည်ပြီး အပြင်းအထန် ရိုက်နှက်ခြင်း၊ သူ့တင်ပါးကို မီးတင်ရှို့ခြင်း စသည်ဖြင့်...
သို့သော် လီဝူကျယ်၏ နောက်စကားတစ်ခွန်းက ဟုန်ချန်ယဲ့၏ စိတ်ကူးကို တည့်တည့်ကြီး ရိုက်ချဖျက်ဆီးလိုက်သည်။
"ဒါနဲ့ ဆေးဘုရင်တောင်ကြားမှာ အသက်အန္တရာယ်ကြုံရရင် အဲ့ဒီကျင့်ကြံသူဟာ အလိုအလျောက် တောင်ကြားအပြင်ကို ရောက်သွားလိမ့်မယ်လို့ ကြားဖူးတယ်၊ ဒါကြောင့် ကျွန်တော်တို့ စိတ်ပူစရာ မလိုဘူး၊ အသက်ဘေးကိုငဲ့မနေဘဲ အစွမ်းကုန် ကြိုးစားရုံပဲ" လီဝူကျယ်က မီးဖိုချောင်သုံးဓားကို တင်းတင်းဆုပ်ကိုင်ရင်း အားရပါးရ ကြွေးကြော်လိုက်သည်။
ဟုန်ချန်ယဲ့ တံတွေးတစ်ချက် မျိုချလိုက်ရသည်။
အဲ့ဒီလိုသာဆို အပြင်ရောက်ရင် သူပဲအထောင်းခံရလိမ့်မယ်။
အရင်က နာကျင်ဖွယ်သင်ခန်းစာတစ်ခုကို ရင်နှင့်ရင်း၍ သင်ယူခဲ့ပြီးဖြစ်သောကြောင့် ရာနှုန်းပြည့်သေချာမှုမရှိဘဲ တစ်ဖက်လူကို ရန်မပြုရဲတော့ပါချေ။
ယဲ့ကျွင်းလင်သည် မျက်နှာအပျက်ပျက်ဖြစ်နေသော တပည့်ကြီးကို မသိမသာအကဲခတ်ရင်း အကြောင်းသိစွာ ကြိတ်ရယ်နေသည်။
ကိစ္စမရှိဘူး၊ ဒီသောက်နတ်ဆိုးလေးရဲ့ အကျင့်ဆိုးတွေပျောက်အောင် ဆက်လေ့ကျင့်ပေးရုံပဲပေါ့။
ရုတ်တရက် မြက်တောထဲမှ တရှဲရှဲမြည်သံတစ်ခု ကြားလိုက်ရသည်။ ပုရှောင်ရှီးသည် ထိုလှုပ်ရှားမှုကို သတိပြုမိပြီး လက်ညှိုးညွှန်ကာ ကြွက်မျက်နှာလေးတွင် အံ့သြမှုအပြည့်ဖြင့် ပြောလိုက်သည်။ "ဟေ့၊ ဟိုမှာ ကြည့်စမ်း!"