သူတော်ကောင်းပညာရှိ ဆေးဘုရင်အိုကြီး၏ မျက်နှာဖုံးနောက်ကွယ်
Vol. 9 Ch. 125
ချုံပုတ်များမှ သက်ဝင်လှုပ်ရှားနေသော ဆေးဖက်ဝင်အပင်များ ပေါက်ထွက်လာသည်။ အချို့မှာ ကြယ်ရောင်လွှမ်းသော အရွက်များရှိပြီး ရှုပ်ထွေးသော အမြစ်များဖြင့် တွားသွားလျက်ရှိ၏။ အချို့မှာ နေကြာပန်းနှင့်တူကာ အင်အားကြီးမား၍ တောက်ပသော နေအလင်းရောင်ကို ထုတ်လွှတ်နေကြသည်။ အချို့မှာ မြေခွေးမြီးပင်များနှင့်တူပြီး ခေါင်းများကို ခါယမ်းလျက် ရွေ့လျားလာကြလေသည်…
ပတ်ဝန်းကျင်တွင် ပျံ့လွင့်လာသော အားကောင်းသည့် ဆေးအငွေ့အသက်များကြောင့် ၎င်းတို့အားလုံးမှာ အဆင့်မြင့် အဖိုးတန်ဆေးပင်များဖြစ်ကြောင်း မစစ်ဆေးဘဲ သိရှိနိုင်ပေသည်။
သိထားရမည့်တစ်ချက်က ဝိညာဉ်ဆေးပင်များသည် ဝိညာဉ်သတ္တိစွမ်းအင်ပါရှိပြီး အတော်လေး အတွေ့ရများသော ဆေးဖက်ဝင်ပစ္စည်းများဖြစ်ကြသည်။
အဖိုးတန်ဆေးပင်များဆိုသည်မှာ ဉာဏ်ရည်အလင်း နိုးထပြီးသားဖြစ်ပြီး လူသားများကဲ့သို့ တွေးတောနိုင်စွမ်းရှိသည်။ ၎င်းတို့သည် မည်သည့်နေရာကိုမဆို လွတ်လပ်စွာပင် ရွေ့လျားနိုင်၏။
"ဟာဟား၊ ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ! အဖိုးတန်ဆေးပင်တွေ အများကြီး သူ့အလိုလို ရောက်လာနေတယ်ဟေ့!" လီဝူကျယ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်လိုက်သည်။ "ဟင်? ဒီအဆင့်နိမ့် အဖိုးတန်ဆေးပင်တွေက ငါတို့လိုပဲ ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်မှာ ရှိနေတာပဲ။"
ချီစုဆောင်းခြင်းအဆင့်ကို အဆင့်ဆယ့်နှစ်ဆင့် ခွဲခြားထားသည်။
အဖိုးတန်ဆေးပင်များတွင် ကျင့်ကြံဆင့်ရှိနေသည်ကို သူတို့ အံ့သြမိခြင်းမရှိပေ။ ယေဘုယျအားဖြင့် အဖိုးတန်ဆေးပင်များ ဉာဏ်ရည်နိုးထလာသောအခါ ၎င်းတို့သည် သဘာဝအားဖြင့် ကျင့်ကြံရန် ကြိုးစားကြသည်သာ။
သို့သော် ဤသို့ပင်ဖြစ်လင့်ကစား ၎င်းတို့၏ အခြေခံတိုက်ခိုက်ရေးစွမ်းအားသည် ယေဘုယျအားဖြင့် လူသားကျင့်ကြံသူများထက် အားနည်းရမည်ဖြစ်သည်။ အကြောင်းမှာ ဆေးပင်များသည် တိုက်ခိုက်ရန်အတွက် သင့်လျော်မှုမရှိသောကြောင့်ပင်။ ၎င်းတို့၏ အားသာချက်မှာ အသက်ရှည်ရှည်နေနိုင်ခြင်းသာဖြစ်၏။ တိတ်ဆိတ်သော နေရာတစ်ခုတွင် ပုန်းအောင်းနေသမျှကာလပတ်လုံး ၎င်းတို့ကို တပ်မက်သော ကျင့်ကြံသူများလက်မှ ရှောင်ရှားနိုင်ကာ ထိုသူတို့ထက်ပင် အသက်ရှည်ရှည် နေထိုင်နိုင်ကြမည်ဖြစ်သည်။
ဤသည်မှာ အဖိုးတန်ဆေးပင်များ ရရှိရန် ခက်ခဲရသည့် အဓိကအကြောင်းရင်းဖြစ်သည်။
ထိုအချိန်တွင် သုံးရွက်ပါကလိုဗာပင်တစ်ပင်သည် စိတ်ဝိညာဥ်လှိုင်းများကို ထုတ်လွှတ်ကာ စကားပို့လွှတ်လိုက်သဖြင့် ယဲ့ကျွင်းလင်နှင့်တစ်ခြားသူများ၏ စိတ်ထဲတွင်လည်း အကြမ်းဖျင်း ကြားသိလိုက်ရ၏။ - "ရောင်းရင်းတို့ရေ၊ ဆေးဘုရင်အဘိုးကြီးက ငါတို့ကို ကစားစရာတွေ ထပ်ပို့ပေးလိုက်ပြီ! ဒီလူတွေကို ဖမ်းပြီး အရင်အခေါက်တွေတုန်းကလို ရက်ရက်စက်စက် ညှဉ်းပန်းပစ်ရမယ်!"
နောက်ထပ် နေကြာပန်းတစ်ပွင့်ကလည်း ကောက်ကျစ်စွာပြုံးလိုက်ပြီး ထုတ်လွှတ်လာသော ထိတ်လန့်ဖွယ် ရယ်သံသည် နတ်ဆိုးဆိုးဆန်ဆန်အငွေ့အသက်များ ဖုံးလွှမ်းလျက်ရှိသည်။ - "ငါက သူတို့ကို ကိုယ်လုံးတီးချွတ်ပြီး တောင်ကြားထဲမှာ လှည့်ပတ်ပြေးခိုင်းချင်တာ!"
"ဟားဟား၊ အဲဒါ ဘာပျော်စရာကောင်းလို့လဲ? သူတို့ကို ကင်မြှီးကောက်ထောင်ပြီး ပြေးခိုင်းတာကမှ ပိုစိတ်ဝင်စားဖို့ကောင်းမယ်ထင်တယ်၊ ဒါမှ ဒီလူတွေ ဆေးဘုရင်တောင်ကြားထဲမှာ တစ်ချိန်လုံးနေနေရတဲ့ ခံစားချက်ကို ခံစားဖူးကြမှာပေါ့!" မြေခွေးမြီးပင်နှင့်တူသော နောက်ထပ် အဖိုးတန်ဆေးပင်တစ်ပင်က အားတက်သရောအကြံပေးရင်း စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံးတုန်ခါနေလျက်။
ရိုင်းစိုင်းသော ဆွေးနွေးပွဲတစ်ခုအလယ်တွင် ကျင့်ကြံသူများအားလုံး မျက်ခုံးလှုပ်သွားကြရ၏။
လီဝူကျယ်က ထူးဆန်းသော အမူအရာဖြင့် ရေရွတ်လိုက်သည်။ "သောက်ကျိုးနည်း! ဘယ်အချိန်ကစပြီး အဖိုးတန်ဆေးပင်တွေတောင် ဒီလောက် မာန်တက်လာကြတာလဲ?"
အကယ်၍ ၎င်းတို့သာ အပြင်ကမ္ဘာတွင် နေထိုင်ရပါက လူသားကျင့်ကြံသူများ၏ ဖမ်းဆီးခြင်း၊ မျိုချစားသုံးခြင်းနှင့် သန့်စင်အသုံးပြုခြင်းကို ကြောက်ရွံ့ရသောကြောင့် အားလုံး ပုန်းအောင်းငုပ်လျှိုး၍သာ နေကြရမည်ဖြစ်သည်။
ဒီလို ရမ်းကားရိုင်းစိုင်းဖို့စိတ်ကူး ဝင်တောင်ဝင်ဖူးမည်မဟုတ်။
ဟုန်ချန်ယဲ့က မဲ့ပြုံးပြုံးလိုက်သည်။ "ကိုယ့်သေတွင်းကိုယ် တူးနေကြတာပဲ"
အဖိုးတန်ဆေးပင်လေးတစ်ပင်က ဒီအရှင်ကို ကင်းမြှီးကောက်ထောင်ပြေးခိုင်းဖို့ ပြောရဲတယ်ပေါ့လေ?
ကြားဖူးသမျှထဲ အရယ်ရဆုံးပြက်လုံးပဲဟေ့!
ထို့နောက် ဟုန်ချန်ယဲ့သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်ကို လှုံ့ဆော်လိုက်ပြီး လက်ဝါးကိုဖြန့်ကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တောက်လောင်နေသော မီးတောက်နီနီတစ်ခုကို ပစ်လွှတ်လိုက်သည်။
"အနံ့ဆိုးတဲ့ကောင်မ၊ နင်ကများရန်စရဲတယ်ပေါ့လေ? ငါသည်းမခံနိုင်တော့ဘူး!" မြေခွေးမြီးပင်သည် ဒေါသတကြီးအော်ဟစ်ရင်း ခေါင်းကို ရူးသွပ်စွာ ခါယမ်းလိုက်ကာ ချွန်ထက်သော လေဓားများစွာကို ပစ်လွှတ်ပြီး မြေပြင်ပေါ်တွင် ရှုပ်ယှက်ခတ်နေသော လျှိုမျှောင်များစွာကို ဖန်တီးလိုက်သည်။
ဘုန်း!
တစ်သက်မမေ့နိုင်သော မြင်ကွင်းမျိုးပါပေ။
အဆင့်ကိုး ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများကြားက တိုက်ပွဲတစ်ခုဟု လက်ခံရန်ပင် ခက်ခဲလေသည်။
ဟုန်ချန်ယဲ့သည် အဖိုးတန်ဆေးပင်တစ်ပင်နှင့် အမှန်တကယ် အကြိတ်အနယ် တိုက်ခိုက်နေရသည်ကို မယုံနိုင်လောက်အောင် ခံပြင်းနေရ၏။ သူသည် ချက်ချင်းပင် ထိုးစစ်ကို ရူးသွပ်စွာ အားထည့်မြှင့်တင်လိုက်သည်။
မြေခွေးမြီးပင်သည် မခံနိုင်တော့ဘဲ အကြိမ်ကြိမ် ဆုတ်ခွာနေရကာ မီးတောက်များဖြင့် လောင်ကျွမ်းခံရသောကြောင့် အာခေါင်ခြစ်၍ အော်ဟစ်နေရသည်။ "မင်းတို့ ဘာရပ်လုပ်နေကြတာလဲ? မြန်မြန်လာပြီး ငါ့ကို ကူညီကြဦးလေ! ဒီနံစော်နေတဲ့ မိန်းမကြောင့် ငါ မီးလောင်သေတော့မယ်ဟ!"
ကျန်ရှိသော အဖိုးတန်ဆေးပင် ဆယ့်နှစ်ပင်ခန့်သည် အော်သံကိုဂရုမစိုက်သည့်ဟန် ပြုံးရယ်နေကြပြီး ရှိုးပွဲကြည့်နေသကဲ့သို့ အေးအေးလူလူပင်။ သို့သော် နောက်ဆုံးတွင်တော့ တစ်ဖွဲ့တည်းမှရောင်းရင်း ပြာကျတော့မည့်အရေးကို ဆက်ပြီးလက်ပိုက်ကြည့်နေ၍ မဖြစ်နိုင်သောကြောင့် ၎င်းတို့အားလုံး လှုပ်ရှားကာ ဟုန်ချန်ယဲ့ကို စတင်တိုက်ခိုက်ကြတော့၏။
ဝှစ် ဝှစ် ဝှစ်~
အင်အားကြီးမားသော ဒြပ်စင်စွမ်းအင်များစွာ ပစ်လွှတ်လိုက်ကြပြီး မူလက အလျှံတငြီးငြီး တောက်လောင်နေသော မီးတောက်များမှာ ချက်ချင်းပင် ပိတ်ဆို့ငြှိမ်းသတ်ခံရသည့် လက္ခဏာများ ပြသလာသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ဟုန်ချန်ယဲ့၏ မျက်နှာသည် လွန်စွာပျက်ယွင်းလျက်။
သူ့မှာ ကျင့်ကြံဆင့်နိမ့်ကျသွားမှုကြောင့် တိုက်ကွက်များစွာကို အသုံးမပြုနိုင်တော့ဘဲ အလုံးစုံအားနည်းလို့နေလေပြီ။
"အင်း..."
ယဲ့ကျွင်းလင် ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
တပည့်ဖြစ်သူသည် ကောက်ကျစ်တတ်သောသဘာဝရှိပြီး ပုန်ကန်လိုစိတ်ပါ အချိန်ပြည့်ရှိနေတတ်သော်လည်း သူ့ကိုယ်သူအားဖြည့်ဖို့အတွက် ကောင်းကင်ကိုပင် ဆန့်ကျင်ဖောက်ခွဲနိုင်သည်အထိ စွမ်းအားကြီးသော ကျင့်စဥ်နည်းလမ်းများ ရှိထားသလို မသေမျိုးအဆင့် မီးသဘာဝ ဝိညာဉ်အမြစ်လည်း ပိုင်ဆိုင်ထားသေး၏။ ယခု သူ၏ ကျင့်ကြံရေးသည် ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်သို့ ကျဆင်းသွားသော်လည်း ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသဘာဝအရ အခြေတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် လွယ်လွယ်ပိုင်းချနိုင်သည်အထိ အားကြီးသေးပါသည်။
ယခုအချိန်တွင် သူသည် အဆင့်နိမ့် အဖိုးတန်ဆေးပင် ဆယ့်နှစ်ပင်ခန့်နှင့် အပြန်အလှန် တိုက်ခိုက်နေပြီး အခြေအနေမှာ မည်သို့ပင်ကြည့်ကြည့် ပုံမှန်ဟုတ်မနေပေ။
ဟုန်ချန်ယဲ့က အင်အားလျော့သွားလို့ ဒီလိုအရေးနိမ့်နေတာလား?
မဟုတ်သေးဘူး၊ အဲ့ဒီအဖိုးတန်ဆေးပင်တွေကိုယ်တိုင်က ထူးဆန်းနေတာပဲ!
အပြင်လောကမှာသာဆိုရင် ဒီအဖိုးတန်ဆေးပင်တစ်ခုချင်းစီဟာ လူသားကျင့်ကြံသူအများစုကို ချေမှုန်းနိုင်တဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမိတဲ့အထိ သူတို့က ကြောက်စရာကောင်းနေတယ်။
သူတို့ ပေါ့ပေါ့တန်တန် ထုတ်လွှတ်လိုက်တဲ့ အခြေခံလှုပ်ရှားမှုတွေမှာတင် အံ့သြစရာ ကြောက်စရာကောင်းလှတဲ့ အင်အားအဟုန်တွေ ပါဝင်နေတာပဲ။
ဘယ်လိုပဲတွေးတွေး ဒါကြီးက ပုံမှန်မဟုတ်ဘူး!
ဆေးဖက်ဝင်အပင်များ မည်မျှအထိဉာဏ်အလင်းပွင့်ပြီး ကျင့်ကြံဆင့်တက်နိုင်နေပါစေ တိုက်ရည်ခိုက်ရည်တွင်တော့ ညံ့ဖျင်းလှတတ်ကြသည်မှာ သဘာဝပင်။ ထို့ကြောင့် မည်သည့်လူသားကျင့်ကြံသူနှင့်မှ တိုက်ရိုက်မရင်ဆိုင်နိုင်ဘဲ ပုန်းအောင်းနေရုံသာတတ်နိုင်ကြောင်း ကျင့်ကြံရေးလောကတစ်ခုလုံးက အသိအမှတ်ပြုထားကြပြီးဖြစ်၏။ သို့သော် ယခုတော့ သူတို့တစ်ပင်ချင်းစီက သာမန်မဟုတ်သော တိုက်ရည်ခိုက်ရည်များကိုထုတ်ပြပြီး လူအများအား အံ့သြမှုကြောင့် ကြက်သေသေသွားစေသည်။
"မဟုတ်မှလွဲရော..." ယဲ့ကျွင်းလင်၏ အတွေးများ ဟိုဟိုသည်သည် ပြေးလွှားနေပြီး ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်ကာ ဆေးဘုရင်တောင်ကြားအထက် ကောင်းကင်ကို မော့ကြည့်လိုက်သော် တိမ်မြုပ်နေသော ဖျော့တော့တော့ ရွှေရောင်လှိုင်းငယ်တစ်ခုကို တွေ့လိုက်ရသည်။
"ငါထင်တာမမှားဘူးဆိုရင် ဒီအဖိုးတန်ဆေးပင်တွေ ဒီလောက်ထိ အင်အားပြနိုင်နေရတဲ့ အကြောင်းရင်းက ဒီအစီအရင်ရဲ့ ကောင်းချီးကြောင့်ပဲ၊ အစီအရင်ကိုတည်ဆောက်ခဲ့တဲ့သူကလည်း တောင်ကြားရဲ့ဆေးဘုရင်အဘိုးကြီးပဲဖြစ်ရမယ်!"
အမှန်တရား ပေါ်လွင်လာလေပြီ။
ဒီကမောက်ကမဖြစ်ရပ်တွေအားလုံးက ဆေးဘုရင်အိုကြီးရဲ့ အမှားတွေပါပဲ!
"ငါတို့ရဲ့ ကျင့်ကြံဆင့်ကို နှိမ်နင်းပြီး ဆေးပင်တွေရဲ့ အင်အားကို အလွန်အကျွံ မြှင့်တင်တာ၊ ဒီအစီအစဥ်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က ဘာများဖြစ်မလဲ?"
ယဲ့ကျွင်းလင်က မေးစေ့ကိုပွတ်သပ်ရင်း စဥ်းစားခန်းဝင်လိုက်သည်။
ပါဝင်သူအားလုံး၏ ကျင့်ကြံဆင့်ကို နင်းချေယုတ်လျော့စေခြင်းသည် တရားမျှတသော ပြိုင်ဆိုင်မှုအတွက်ဟု ပြောမည်ဆိုလျှင် နားလည်နိုင်စရာရှိသော်လည်း ဆေးပင်များ၏ အင်အားကို တမင်တကာ မြှင့်တင်ခြင်း၊ ဤဆေးပင်များကို လူသားကျင့်ကြံသူများ၏ ခေါင်းပေါ်တွင် တက်စီးကာ မာနထောင်လွှားစွာ ပြုမူခွင့်ပေးခြင်းသည် နည်းနည်းတော့ များလွန်းနေသည် မဟုတ်လော?!
ဒါဟာ တစ်စုံတစ်ခု ကာကွယ်ဖို့အတွက် စီစဥ်ထားတဲ့ စစ်ဆင်ရေးတစ်ခုပါပဲ!
အကြောင်းပြချက်အားလုံး ဦးတည်နေသော အဖြေတစ်ခုတော့ရှိ၏။ ဆေးဘုရင်တောင်ကြားကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ နှစ်ပေါင်းတစ်သိန်းဟူသော အချိန်ကာလတစ်ခုတိုင်းတွင် လူမိုက်အုပ်စုတစ်စုကို ဆွဲဆောင်ရန်ဖြစ်ပြီး ဤနေရာရှိ ဆေးပင်များကို ၎င်းတို့အား စိတ်လွတ်လပ်လွတ်ညှင်းပန်းခွင့်ပေးခြင်းဖြစ်သည် ဟူ၍ပင်။
အထူးဆန်းဆုံးအရာမှာ ယခင်က တစ်ဦးတစ်ယောက်မှ ထိုအမှန်တရားကို မပြောခဲ့ကြခြင်းပင်! ယခင်ကဝင်ရောက်ခဲ့ကြသော ကျင့်ကြံသူတို့သည် တစ်ဦးနှင့်တစ်ဦး တိတ်တဆိတ် သဘောတူညီမှုရှိခဲ့သည့်အလား နောင်လာကျင့်ကြံသူများကို လှည့်စားရန် တမင်ကြိုးစားနေခဲ့ကြသည်လော။
"ရောင်းရင်းတို့ရေ၊ ပြောရရင်တော့ ကျုပ်တို့ရှေ့ကအစ်ကိုကြီးတွေဟာ သူတို့မိုးစိုတိုင်း သူများထီးကိုဆုတ်ဖြဲပစ်ချင်ကြတဲ့ လူ့ငနွားတွေပါပဲ"