← Chapters

ချောင်စွေ့ဖုန်း၏ အတိတ်

Vol. 98 Ch. 1372

ချောင်စွေ့ဖုန်း၏ အတိတ်

Vol. 98 Ch. 1372

ဝေ့ဝူယင် စိတ်ဝင်တစား နားထောင်နေချိန်မှာပင် ချောင်စွေ့ဖုန်းက ဇာတ်လမ်းအစမှ စတင်ကာ ရှင်းပြလိုက်လေတော့သည်။

“ကျွန်မက ပထမံ မွေးဖွားသူ တစ်ယောက်ရဲ့ မျိုးဆက်ပါ... တိတိကျကျ ပြောရရင် ကျွန်မ အဘွားရဲ့ အမေက ပထမံ မွေးဖွားသူ တစ်ယောက်ပါပဲ”

ဝေ့ဝူယင် မျက်ခုံးပင့်လိုက်မိ၏။ ပထမံ မွေးဖွားသူများမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ချိပ်ဆက်များကို ကာကွယ်ရသည့် ရေစက်ကြိုး ပိုင်ရှင်များမှ မွေးဖွားလာသူများ ဖြစ်ကြသည်။ ချိပ်ပိတ် နယ်မြေ အတွင်း မွေးဖွားလာကြသူများ အနေဖြင့် သူတို့၏ ဝိညာဉ် အော်ရာများမှာ ချိပ်ပိတ် အစီအရင်၏ ဖိနှိပ်မှုမှ ကင်းလွတ်ပေသည်။

အရှင် အစားကျူးသူ တစ်ဖြစ်လည်း... အဇူရာလ စာကြည့်တိုက်မှူး အစားကျူးသူ အဖြစ် သိကြသည့် လူအိုကြီးမှာလည်း ထိုလူနည်းစုများထဲ၌ တစ်ယောက် အပါအဝင် ဖြစ်သည်။ ထိုအစားအသောက်ကို အင်မတန် မက်မောသည့် လူအိုကြီးမှာ လေလွင့် ကျင့်ကြံသူ တစ်ယောက်၏ အသွင်အပြင်ကို ယူကာ လောက နှစ်ခုထဲတွင် လွတ်လပ်စွာ သွားလာလေ့ ရှိကြသည်။

ချောင်စွေ့ဖုန်းမှာ ပထမံ မွေးဖွားသူ တစ်ယောက်၏ အဆက်အသွယ် ဖြစ်ကြောင်း ကြားသိရခြင်းက အံ့ဩစရာ ကောင်းသော်လည်း တစ်ချိန်တည်း၌ သူ၏ မေးခွန်း အမြောက်အများကို ဖြေရှင်းပေးခဲ့သည်။ သိချင်စိတ်များက အရှိန်အဟုန်နှင့် မြင့်တက်လာနေခဲ့သည့်တိုင် ဝေ့ဝူယင်က မေးခွန်းထုတ်ခြင်း မပြုပဲ သူမ ရှင်းပြအလာကိုသာ စောင့်ဆိုင်း နေခဲ့သည်။

“အမှောင် ကြယ်တာရာခေတ် နှောင်းပိုင်းလောက်မှာပဲ ကျွန်မကို ချောင်မျိုးနွယ်မှာ မွေးခဲ့တာ... ကျွန်မရဲ့ မိသားစု ဖြစ်တဲ့ ချောင်မျိုးနွယ်က အင်ပါယာ ထျန်းတိုင်ကျုံးနဲ့ စစ်ပွဲမှာ ကြီးမြတ်မှုတွေ အားလုံးကို ရှုံးနိမ့်ခဲ့ရတယ်... မိသားစုဝင်တွေ အများကြီး သတ်ဖြတ်ခံခဲ့ရတယ်... တစ်ချို့တစ်လေလောက်ပဲ လွတ်မြောက်ခဲ့တယ်... အဲဒီ အချိန်တုန်းက မျိုးနွယ်တွေ အများကြီး စုပေါင်းပြီး သူ့ရဲ့ မြေကြီးရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံကို ရင်ဆိုင်ဖို့ ကြိုးပမ်းခဲ့ကြတာပေါ့လေ... ပုရွက်ဆိတ် အကောင်း တစ်သောင်း ပေါင်းရင် ဆင်တစ်ကောင်လောက်ကိုတော့ ရင်ဆိုင်နိုင်လိမ့်မယ်လို့ အားလုံး ယုံကြည်ချက် ရှိနေခဲ့တာပေါ့”

ချောင်စွေ့ဖုန်းက ပြောရင်း ကြမ်းပြင်ကို ငုံ့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက ရှုံးနိမ့်မှု၊ စိတ်ပျက် အားငယ်မှု၊ ထိခိုက်ရှနာမှုများနှင့် ပြည့်နှက်လာကာ ခေါင်းကို ခါယမ်းလိုက်သည်။

ဝေ့ဝူယင် သူမ နံဘေးသို့ ရွှေ့ထိုင်လိုက်ကာ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်။ ထိုခေတ်ကာလများထဲ၌ မိန်းကလေးမှာ အခက်ခဲဆုံးသော အချိန်များကို ဖြတ်ကျော်ခဲ့ရကာ မိသားစုပါ ဆုံးရှုံးခဲ့ရသည်။ ကိုယ်တိုင်လည်း မိသားစုကို ဆုံးရှုံးခဲ့ဖူးသူ တစ်ယောက် အနေဖြင့် ထိုခံစားချက်က မည်မျှ ခက်ခဲကြောင်း သူ သိပေသည်။ ထို့ကြောင့် သူမ၏ နာကျင်မှုများကို သူ နားလည်သည်။

“သူက အစွမ်းထက်လား...”

ဝေ့ဝူယင်မှာ အဆုံးမဲ့ ‌ကောင်းကင် နတ်ဘုရား အင်ပါယာ အကြောင်း ကောလဟလများစွာ ကြားဖူးသော်လည်း... သမိုင်းကြောင်းကို အောင်နိုင်သူကသာ ရေးကြောင်း စွဲမှတ်ထားခဲ့သည်။ သူတို့က ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်ဖို့ အတွက် မကြာခဏ ဆိုသလို ချဲ့ကား ပြောဆိုလေ့ ရှိသည်။ သို့သော်လည်း... သူက မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ပထမဆုံး မြေကြီး ရှန့်ထို ဖြစ်သည်။ ထိုအရာကပင် အံ့မခန်း အောင်မြင်မှု တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“အစွမ်းထက်လား...”

ချောင်စွေ့ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်၏။

“သူက ပြိုင်ဘက်ကင်းတယ်... ရှင့်ရဲ့ အဂ္ဂိရတ် သူရဲကောင်း ဝူယုတောင် မြေကြီး ရှန့်ထို အဆင့်ကို ရောက်ခါစ အချိန်မှာ သူ့ကို မှီမယ် မထင်ဘူး”

“ဟုတ်လား...”

ဝေ့ဝူယင် စိတ်ဝင်စား သွားခဲ့၏။ နတ်ဘုရား အင်ပါယာ၏ ကျင့်ကြံခြင်း အခြေခံနှင့် ပတ်သက်၍ အချက်အလက်များကို ရှာဖွေခဲ့သော်လည်း ဘယ်တော့မှ ပြီးပြည့်စုံစွာ မရခဲ့ချေ။ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သည့် မာ့ကျန်း ပင်လျှင် သူ သိထားသည့် အကြောင်းအရာများကို တိတိကျကျ ပြောနိုင်ခြင်း မရှိချေ။ သူတို့က ထုတ်ဖော် ပြောဆိုခြင်း မပြုရန် လျှို့ဝှက်ကျိန်စာ ကျိန်ဆို ထားရကြောင်း ထင်ရှားပေသည်။

သို့သော်လည်း... ကြည့်ရသည်က ချောင်စွေ့ဖုန်းမှာ ထိုကန့်သတ်ချက်များမှ ကင်းလွတ်သည့်ပုံ ရသည်။ သူမ၏ နောက်ဆက်တွဲ စကားလုံးများက ဝေ့ဝူယင်၏ စကား မှန်ကန်ကြောင်း ထောက်ပြလိုက်၏။

“ဟုတ်တယ်... ရှင့်ရဲ့ အဂ္ဂိရတ် သူရဲကောင်းက မြေကြီး ရှန့်ထို အဆင့်ကို လမ်းစဉ် ရှစ်ခုနဲ့ စရောက်တယ်လို့ ကျွန်မ ကြားဖူးတယ်... ဒါက ကမ္ဘာကို လှုပ်ခတ်စေခဲ့တာ မှန်ပေမဲ့ ထျန်းတိုင်ကျုံးက မြေကြီး ရှန့်ထို အဆင့်ကို ခြေချတဲ့ နေ့မှာတင် လမ်းစဉ် ကိုးခုလုံးကို အောင်မြင်ခဲ့ပြီးပြီ...”

“အဲဒီအချိန်တွေတုန်းက အဂ္ဂိရတ် တာအိုက ဒီလောက် မထွန်းကားသေးတဲ့ အတွက် လမ်းစဉ်တွေကို နားလည်ဖို့ အများကြီး ပိုခက်ခဲတယ် ဆိုတာ ရှင်လည်း သိမှာပါ... နောက်ပြီး လမ်းစဉ် တစ်ခုနဲ့ တစ်ခုကြားမှာ ကွာခြားချက် ဘယ်လောက် ကြီးမားတယ် ဆိုတာ ဘယ်သူမှ သိပ်သဘောမပေါက်ခဲ့ကြဘူး... ဒါကြောင့်ပဲ သင်္ကေတ အဆင့် အများကြီး နိမ့်ကျတဲ့ နောက်ပေါက် မြေကြီး ရှန့်ထိုတွေက အင်ပါယာ ကလန်ကို တော်လှန်ဖို့ အခွင့်အရေး ရှိတယ်လို့ ထင်ခဲ့ကြတယ်လေ... လျူမျိုးနွယ် နိမ့်ကျသွားခဲ့ရတာလည်း အဲဒီ မောက်မာမှုကြောင့်ပဲ”

“...”

ဝေ့ဝူယင်၏ မျက်လုံးများက အံ့အားသင့်သည့် အငွေ့အသက်များနှင့် ပြည့်နှက် သွားခဲ့၏။ ထျန်းတိုင်ကျုံးမှာ လမ်းစဉ် ကိုးခုဖြင့် ကောင်းကင် ကပ်ဘေးကို ဖြတ်ကျော်ခဲ့ကာ ချိပ်ပိတ်နယ်မြေ၏ ပထမဆုံးသော မြေကြီး ရှန့်ထို ဖြစ်လာခဲ့သည်။ ထိုအရာက အတော်လေး မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။ နှိုင်းယှဉ်ရပါက သူ၏ ကျင့်ကြံခြင်း ပါရမီမှာ ထာဝရ ဧကရာဇ်၏ အဂ္ဂိရတ် ပါရမီကိုပင် ယှဉ်နိုင်ပေလိမ့်မည်။ နတ်ဘုရား အင်ပါယာကား နာမည်အတိုင်ပင် နတ်ဘုရား အဆင့် ပါရမီကို ပိုင်ဆိုင်ထားပေသည်။

သို့တိုင်အောင် ထိုအရာမှာ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းကျော်ခန့်က ဖြစ်သည်။ ယခုတွင်ရော...။ အဆုံးမဲ့ ကောင်းကင် နေကြယ်မှ ထောက်ပံ့ပေးသည့် ရင်းမြစ်များနှင့် အကျိုးအမြတ်များကို နှစ်ပေါင်း နှစ်သောင်းကျော် သိမ်းပိုက်ပြီး နောက်တွင် သူက မည်သည့် အဆင့်ကို ရောက်ရှိနေပြီနည်း။

ဝေ့ဝူယင် ချောင်စွေ့ဖုန်း ပြောပြမည့် ဇာတ်လမ်းကို ပိုမို၍ သိချင်လာခဲ့၏။ သို့သော်လည်း... ထျန်းတိုင်ကျုံး အကြောင်းကို ကြားသိပြီးနောက်တွင် မမေးပဲ မနေနိုင်သည့် မေးခွန်းတစ်ခု သူ့စိတ်ထဲတွင် ရှိနေပေသည်။

“နတ်ဘုရား အင်ပါယာက ဒီလောက် သန်မာရင် ဘာလို့ မဟာစက်ဝန်း ကြယ်ကွင်းပြင်က ကျိန်စာကို အခြေခံတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်လာရတာလဲ...”

သူက ထိုမျှ အစွမ်းထက်နေလျှင် အဘယ်ကြောင့် ကိုယ့်ကိုယ်ကို သံကြိုးခတ် ခံရသနည်း။ ကိုယ်ပိုင် ကြယ်တာရာ နယ်မြေ တစ်ခုတည်းတွင်ပင် နေထိုင်နေသနည်း။

"..."

ချောင်စွေ့ဖုန်းက ပြုံးလိုက်၏။ ပျော်ရွှင်မှုနှင့် လှောင်ပြောင်လိုမှု အငွေ့အသက် တစ်ချို့က သူမ၏ မျက်ဝန်းများထဲ၌ မွေးဖွားလာခဲ့သည်။

“သူက ဟင်းလင်းပြင်တာအို နန်းတော်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကို သတ်လိုက်တယ်လေ... ဟင်းလင်းပြင် တာအို နန်းတော် ဆိုတာက အခု အာကာသ ဝေဟင်ဂိုဏ်းပေါ့... အာကာသ ခရီးသွားဂိုဏ်းလို့လည်း ခေါ်ကြတယ်”

“တာအို နန်းတော်...”

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ လောကဂိုဏ်းကြီးမှာ တစ်ခါတုန်းက နန်းတော် တစ်ခု ဖြစ်ခဲ့သည်လား။ ကြည့်ရသည်က နှစ်ပေါင်း နှစ်သောင်း အတွင်း များစွာ ပြောင်းလဲသွားသည့်ပုံ ရသည်။

“သူက လက်ထောက်ဂိုဏ်းချုပ်ကို သတ်လိုက်တယ်... ဒီတော့ ဟင်းလင်းပြင် တာအိုဂိုဏ်းက သူ့ကို ဖိနှိပ်တယ် အဲ့လိုမျိုးလား...”

“အတိအကျကိုတော့ ကျွန်မလည်း မသိဘူး... ဒါပေမဲ့ အဲဒီ ကိစ္စကြောင့်ပဲ ထျန်းတိုင်ကျုံး အတော်လေး အထိနာသွားတာတော့ သေချာတယ်... တင်းကြပ်တဲ့ ကျိန်စာနဲ့ အပြစ်ပေးတာတွေကို ခံစားခဲ့ရတဲ့ပုံ ပေါ်တယ်... မဟုတ်ရင် မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ ဘာလို့ ကြယ်တာရာ နယ်မြေ အခု နှစ်ဆယ်လောက် ကွဲထွက် နေမှာလဲ... အဆုံးမဲ့ ကောင်းကင် ကြယ်ကွင်းပြင်လို့တောင် နာမည် ပြောင်းပြီး နေလောက်ပြီ... အလွှာကြားက လူတွေရဲ့ လွှမ်းမိုးမှုက ဒီနေရာမှာ ဘယ်လောက်တောင် သက်ရောက်သလဲ ဆိုတာ ရှင်သိသင့်တယ်... ဒါပေမဲ့ အဲဒီ အချိန်တုန်းက ဟင်းလင်းပြင် တာအိုနန်းတော်ရဲ့ ခေါင်းဆောင်က မြေကြီး ရှန့်ထို အဆင့်ကိုတောင် မရောက်သေးဘူး... သေမျိုးတစ်ပိုင်း အရှင် အဆင့်မှာပဲ ရှိနေသေးတာ”

ချောင်စွေ့ဖုန်းက အပြုံးနှင့် ရှင်းပြလိုက်၏။

“သေမျိုးတစ်ပိုင်း အရှင် အဆင့်...”

အာကာသ ဝေဟင်ဂိုဏ်းချုပ် ရာထူးက အတော်လေး ရှုပ်ထွေးသည့် အခြေအနေ တစ်ခု ဖြစ်ကြောင်း သူ သိပေသည်။ ၎င်းကို ချိပ်ပိတ် နယ်မြေ အတွင်း မွေးဖွားလာသည့် ရေစက်ကြိုး ပိုင်ရှင် အဖွဲ့ဝင်များထဲမှ ရွေးချယ်ရသည်။ ဝတ်စုံနက် ဝေ့ဝူယင်သည်လည်း အလားတူပင် အာကာသ ဝေဟင်ဂိုဏ်းချုပ် တစ်ယောက် ဖြစ်ခဲ့ဖူးသည်။

လျူယင်လန်းမှာ နတ်ဆိုးအလား ပါရမီကိုပင် ပိုင်ဆိုင်ထားကာ လောကရှန့်ထို အဆင့်ကို ရောက်ရှိခဲ့သည်။ ထို့အပြင် ကောက်ကျစ်၍ မရေမတွက်နိုင်သည့် လှည့်ကွက်များကို ပိုင်ဆိုင်ထားသည်။ မည်သို့ပင် ဆိုစေ... သူမ လက်အောက်၌ အာကာသ ဝေဟင်ဂိုဏ်း များစွာ တိုးတက်လာခဲ့သည်ကိုတော့ ဝန်ခံရလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ဂိုဏ်းချုပ်ကပင်လျှင် သေမျိုးတစ်ပိုင်း အရှင် အဆင့်၌ ရှိသေးသည် ဆိုလျှင်... လက်ထောက်ဂိုဏ်းချုပ် တစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းက ထျန်းတိုင်ကျုံး၏ အခြေအနေကို အဘယ်ကြောင့် ယခုလောက် ဆိုးသွားစေခဲ့သနည်း။

“ကျွန်မ အရင်က စုံစမ်းဖို့ ကြိုးစားခဲ့သေးတယ်... ကျန်းကျဲ့ကလန် ပါဝင်နေတယ် ဆိုတဲ့ အချက်လောက်ကိုပဲ သိခဲ့ရတယ်... အဲဒါကလွဲလို့ အခြား ဘာမှ မသိခဲ့ရဘူး”

ချောင်စွေ့ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။

“ကျန်းကျဲ ကလန်... ကျန်းကျဲဝူရှုလား...”

ဝေ့ဝူယင်က မေးလိုက်၏။ ကျန်းကျဲဝူရှု ဆိုသည်မှာ အနန္တမိုင်ချီ စာကြည့်တိုက်တွင် သူ တွေ့ခဲ့ရသည့် စာကြည့်တိုက်မှူး မိန်းကလေး ဖြစ်သည်။ ထိုစဉ်ကာလတည်းက သူမက သာမန် မဟုတ်ကြောင်း သူ ရိပ်မိခဲ့သည်။

“ဝူရှု... ဟုတ်လား...”

ချောင်စွေ့ဖုန်းမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည့်ပုံ ပေါ်၏။

“သူက ဘယ်သူလဲ...”

ထိုတုန့်ပြန်ပုံ အရ ချောင်စွေ့ဖုန်းမှာ ကျန်းကျဲဝူရှုကို မသိထားကြောင်း ဝေ့ဝူယင် သဘောပေါက် သွားခဲ့သည်။

“သူက ကျုပ်တို့ အနန္တ မိုင်ချီ စာကြည့်တိုက်မှာ တွေ့ခဲ့တဲ့ စာကြည့်တိုက်မှူး လီပိုင် ဆိုတဲ့ တစ်ယောက်လေ... သူ့ နာမည် အရင်းက ကျန်းကျဲဝူရှု... သူက လောကရှန့်ထို တစ်ယောက် ဖြစ်လိမ့်မယ်”

ဝေ့ဝူယင်မှာ ဘာကိုမှ ထိန်ချန်ထားခြင်း မပြုပါချေ။

“ဘာကြီး...”

ချောင်စွေ့ဖုန်း တစ်ယောက် အံ့ဩသွားခဲ့၏။

“သူက ကျင့်ကြံခြင်း အခြေခံကို ဖုံးကွယ်ထားတာကိုတော့ ကျွန်မ ရိပ်မိတယ်... ဒါပေမဲ့ ကျန်းကျဲကလန်သား တစ်ယောက် ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

“ကျန်းကျဲ ကလန် အကြောင်း ခင်ဗျား သိလား...”

ဝေ့ဝူယင်က ထပ်မံ၍ မေးလိုက်လေ၏။

***

All Chapters