← Chapters

ပဋိပက္ခများ

Vol. 98 Ch. 1359

ပဋိပက္ခများ

Vol. 98 Ch. 1359

“ဘာလဲ...”

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ နယ်စပ်တွင် ရောက်ရှိနေကြသည့် ကျင့်ကြံသူ အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။ မိုင်ပေါင်းများစွာ အကွာအဝေးတွင် ရောက်ရှိနေသည့်တိုင် သူတို့ အားလုံးမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်လေရာ အရာအားလုံးကို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့ နေရပေသည်။

ပုပ်ရဟန်း မင်းကြီးမှာ အမှောင် ဟင်းလင်းပြင် အတွင်း ဒူးထောက်လျှက် ရှိနေခဲ့၏။ သူက ခေါင်းကိုတော့ အောက်သို့ ညွှတ်ထားကာ တောင်းဆိုမှုကို လက်ခံပေးဖို့ အနူးအညွှတ် တောင်းဆိုနေဟန် ရှိလေသည်။ ထိုအခိုက်၌ လူတိုင်းမှာ အိပ်မက် မက်နေသလို ခံစားနေရ၏။

ကြောက်မက်ဖွယ် အရှိန်အဝါများနှင့် ရပ်နေသည့် မြေကြီးရှန့်ထို ရှစ်ဆယ့် တစ်ယောက်ကို ကြည့်ရင်း ‘ရှန့်ထို ဖန်ဆင်းရှင်’ ဆိုသည့် ဂုဏ်ပုဒ်မှာ သူတို့ နှလုံးသားများအတွင်း နောက်တစ်ကြိမ် ပဲ့တင်ထပ် လာခဲ့ပြန်၏။ လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း၌ သူတို့ အထဲမှ များစွာမှာ ဝေ့ဝူယင်နှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ဖို့ ကြိုးစားခဲ့ကြတာချည်း ဖြစ်သည်။

သူတို့သည် ကြယ်ကွင်းပြင်နှင့် ပတ်သက်သည့် အရေးကြီး သတင်း အချက်အလက်များ လူငယ်ထံ ပေးပို့ခြင်း၊ အာဏာရှင် အဖွဲ့ဝင်များအား ကူညီပေးခြင်း၊ မိမိပိုင်နက် အတွင်း လုပ်ငန်းများ လည်ပတ်နိုင်အောင် ထောက်ပံ့ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပေသည်။

ဝေ့ဝူယင်နှင့် ပတ်သက်ပါက သူတို့ အမြဲတမ်း အံ့ဩခဲ့ရသည်။ လူငယ်၏ နောက်ကွယ်၌ ရှိနေသည့် အဖွဲ့အစည်းကို သူတို့ သိချင်ခဲ့ကြသည်။ ဝေ့ဝူယင်၏ ဇစ်မြစ်ကို အားလုံး သိရှိထားခဲ့ပြီး ဖြစ်သော်လည်း ထိုမျှ မရိုးရှင်းနိုင်ကြောင်း သံသယ ဖြစ်စရာ အချက်အလက်များစွာ ရှိပေသည်။ အထင်ရှားဆုံး အချက်ကတော့ သူ၏ အဂ္ဂိရတ် လမ်းစဉ် တိုးတက်မှုများပင် ဖြစ်သည်။

ဝေ့ဝူယင်မှာ အသက် တစ်ရာပင် ပြည့်သေးသူ တစ်ယောက် မဟုတ်ချေ။ သို့သော်လည်း သူက မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ အသက် ငါးဆယ် မပြည့်ခင်တည်းက ထိုအဆင့်ကို ရောက်ရှိနေခြင်းဟုပင် ဆိုကြသည်။ ထိပ်သီး အဆင့် အဂ္ဂိရတ် ပညာရှင် တစ်ဦး၏ လမ်းညွှန်ချက် မပါရှိပဲ ထိုအဆင့်ကို မည်ကဲ့သို့ လျှင်မြန်စွာ ရောက်ရှိနိုင်မည်နည်း။

ထာဝရ ကြယ်ကွင်းပြင် အတွင်း၌ အမွေအနှစ်များမှာ အလွန် ရှားပါးလှပေသည်။ ထာဝရ ဧကရာဇ်နှင့် ထာဝရ အစည်းအရုံးတို့မှာ လုံခြုံရေး အကြောင်းပြချက်ဖြင့် မည်သည့် ကျင့်ကြံသူကိုမှ ထာဝရ နယ်မြေ အတွင်း မဝင်ရောက်နိုင်အောင် တားမြစ်ထားခဲ့သည်။ ထို့ကြောင့်ပင် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ အတွင်း၌ ထာဝရ ကြယ်တာရာ နယ်မြေမှာ ပြင်ပ လောကနှင့် အဆက်အသွယ်ပြတ် နေခဲ့သည့် သီးသန့်နေရာလေး တစ်ခုလို ဖြစ်နေခဲ့သည်။

မိစ္ဆာ စစ်ပွဲ လောကနယ်မြေလိုမျိုး ထာဝရ ကြယ်ကွင်းပြင်နှင့် ဆက်စပ်နေသည့် နေရာ တစ်ချို့ကိုသာ သူတို့ ဝင်ရောက်ခွင့် ရရှိခဲ့သည်။ သို့သော်လည်း... ၎င်းကိုလည်း အစစ်အမှန် ဒြပ်စင်ဂိုဏ်းနှင့် စန်းကလန်တို့က ထိန်းချုပ်ထားကာ ဝင်ခွင့်ကို ပြင်းထန်စွာ ကန့်သတ်ထားပေသည်။

ဝေ့ဝူယင်၏ လှုပ်ရှားမှုများတွင် လျှို့ဝှက် အဖွဲ့အစည်း တစ်ခု၏ နောက်ခံ ရှိနေကြောင်း ထင်ရှားသည်။ အထူးသဖြင့်... နဂါးခေါင်းဆောင်း မြေကြီး ရှန့်ထို၏ တည်ရှိမှု၊ ကောင်းကင် ပုရောဟိတ်များ၏ ဟောကိန်းများအား ရှောင်လွှဲနိုင်စွမ်းတို့မှာ ထိုအချက်ကို သက်သေခံနေသည်။

အချို့သော ကောလဟလများ အရ ကျန့်ကျန့်၏ စွမ်းရည်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ မြေကြီး ရှန့်ထို အားလုံးထက်ပင် သာလွန်နေသည်ဟု ဆိုသည်။ သူက ဝေ့ဝူယင် မမွေးဖွားခင် မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာ ကတည်းက မြေကြီးရှန့်ထို တစ်ဦး ဖြစ်ခဲ့သည်ဟု ယူဆရန် ခိုင်လုံသော အကြောင်းပြချက် များစွာ ရှိပေသည်။

“မင်း ဒီလောက်တောင် အိုစာသွားတာလား... တစ္ဆေကြီး”

ရုတ်တရက်... မိုးကြိုး ထစ်ချုန်း သကဲ့သို့ အသံတစ်ခုမှာ ဟိန်းထွက်လာခဲ့၏။ ချက်ချင်းပင် အားလုံး၏ အာရုံများမှာ အသံလာရာသို့ ရောက်ရှိသွားခဲ့သည်။

အကန့်အသတ်မဲ့ သိုင်းဧကရာဇ်...

မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ မြေကြီး ရှန့်ထို အဆင့်များတွင် ထိပ်ဆုံးပိုင်း၌ ရပ်တည်နေသည့် အကန့်အသတ်မဲ့ သိုင်းဧကရာဇ်မှာ မာနကြီးမှု၊ အာဏာရှင်ဆန်မှု၊ မောက်မာမှု စသည့် ဂုဏ်ပုဒ်များနှင့် အလွန် ကျော်ကြားသည်။ လွန်ခဲ့သည့် နှစ်ပေါင်း သောင်းချီ စစ်ပွဲကာလများတည်းက အကန့်အသတ်မဲ့ သိုင်းဧကရာဇ်မှာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာနှင့် အတူ ရင်ဘောင်တန်း တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

ဓား၊ လက်သီးနှင့် သရဖူ ဟု ကျော်ကြားခဲ့သော သူရဲကောင်း သုံးယောက်ထဲတွင် သူက လက်သီး ဖြစ်ပေသည်။ ဓားကတော့ ကျန်းမျိုးနွယ်၏ ဘိုးဘေး ဖြစ်ကာ သရဖူကတော့ အခြားလူ မဟုတ်... အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာပင် ဖြစ်လေသည်။

နတ်ဘုရား အင်ပါယာကို တစ်လောကလုံးက နံပတ်တစ် အထွတ်အထိပ် ပညာရှင်ဟု သတ်မှတ် ထားကြသည့်တိုင် အကန့်အသတ်မဲ့ သိုင်းဧကရာဇ်မှာ သူ့ကိုယ်သူ ထိုပုဂ္ဂိုလ်ထက် နိမ့်ကျသည်ဟု ဘယ်တုန်းကမှ မတွေးထင်ခဲ့ချေ။ ပုပ်ရဟန်း မင်းကြီး ဟုန်ယန်မှာ သူ၏ ကာလရှည်ကြာ ပြိုင်ဘက် တစ်ယောက် ဖြစ်သည်။ သူတို့ နှစ်ယောက်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက တိုက်ခိုက်ခဲ့ဖူးကာ သရေရလဒ်ဖြင့် အဆုံးသတ် ခဲ့သည်။

အကန့်အသတ်မဲ့ သိုင်းဧကရာဇ်မှာ ထိုတစ္ဆေကြီးကို လေးစားသည်။ သူနှင့် တန်းညီသူ တစ်ယောက်ဟု သတ်မှတ်ထားခဲ့သည်။ ထိုကဲ့သို့သော လူတစ်ယောက်က သေမျိုးတစ်ယောက်၏ အရှေ့တွင် ဒူးထောက်ကာ သစ္စာခံကြောင်း ကြေညာနေသည်ကို မြင်တွေ့ရခြင်းက သူ၏ နှလုံးသားကို ပြင်းထန်သည့် ဒေါသ၊ ခံပြင်းစိတ်များနှင့် ပြည့်နှက် လာစေခဲ့သည်။

“မင်း ခုလို လုပ်နေတာတွေ အားလုံးက ဒါကြောင့်လား...”

အကန့်အသတ်မဲ့ သိုင်းဧကရာဇ်က ဖီဆန်ပေါက်စလေးကို လက်ညိုးထိုးပြရင်း မေးလိုက်၏။ သူ၏ မျက်ဝန်းအိမ်များက ပြင်းထန်သည့် ဒေါသများနှင့် ပြည့်နှက် နေခဲ့သည်။

“စကားတစ်ခွန်း ကြေညာလိုက်ရုံနဲ့တင် သူက ဒါကို တကယ် ပိုင်လိမ့်မယ်လို့ မင်းက ထင်နေတာလား... ရှန့်ထို ဖန်ဆင်းရှင်... အဂ္ဂိရတ် အာဏာရှင်... သွားစမ်းပါ... ဒီနေကြယ် အသစ်က အဖိုးတန်တယ်... ဘယ်အင်အားစု၊ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ဒါက သူ့အပိုင်ပါ ဆိုပြီး သိမ်းပိုက်လို့ မရဘူး”

ဝေ့ဝူယင် ထိုအရာ အားလုံးကို တိတ်တဆိတ်ပင် ကြည့်နေခဲ့၏။ စိတ်တာအိုကို ကျင့်ကြံနေသည့် လူတစ်ဦး အနေဖြင့် အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၏ စကားလုံးများတွင် ဧကရီ ရှောင်ချွမ်း၏ သက်ရောက်မှုများ ပါဝင်နေကြောင်း သူ မြင်တွေ့နိုင်ပေသည်။ သူမက သူတို့ အားလုံးကိ ဆက်သွယ်ကာ ပိုင်ဆိုင်လိုသည့် ဆန္ဒကို လှုံ့ဆော် ပေးနေသည်။ ဖီဆန်ပေါက်စလေးမှာ အလွန်ပင် အဖိုး ထိုက်တန်လွန်းသည်။ မြေကြီး ရှန့်ထိုများမှာ ပိုမို၍ နီးကပ်လာလေလေ ၎င်းက မည်မျှ အဖိုးထိုက်တန်ကြောင်း ပိုမို၍ နားလည်လာလေလေ ဖြစ်သည်။

မြေကြီးရှန့်ထို ရှစ်ဆယ့် တစ်ဦး ရှိနေတော့ရော ဘာအရေးနည်း။ ကြယ်ကွင်းပြင် တစ်ခုလုံး စုစည်းလိုက်ပါက ထိုအင်အားလောက်ကို အသာလေး ကျော်ဖြတ်နိုင်ပေသည်။ ထို့အပြင်... သူတို့ဘက်၌ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ တစ်ယောက်လုံး ရှိနေပေသေးသည်။

၎င်းက ဝေ့ဝူယင်ကို အနည်းငယ် အံ့ဩသွားခဲ့၏။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းတွင် သူနှင့် မဟာမိတ် မဟုတ်သည့် ထိပ်သီး အင်အားစုများစွာ ကျန်ရှိနေသေးဆဲ ဖြစ်သည်။ ယခု သူတို့၏ မျက်နှာများက အကြောက်အလန့် ကင်းမဲ့နေပြီး အကန့်အသတ်မဲ့ သိုင်းဧကရာဇ် ပြောသည့် စကားကို ထောက်ခံသည့် အမူအရာများ ပြသနေကြသည်။

“ကြည့်ရတာ အရင်တစ်ခါတုန်းကလိုပဲ နတ်ဘုရား အင်ပါယာရဲ့ နာမည်က သူတို့ကို အကန့်အသတ်မဲ့ ယုံကြည်မှုတွေ ဖြစ်ပေါ်စေတဲ့ပုံ ရတယ်”

ဝေ့ဝူယင် တွေးလိုက်မိ၏။ ကံဆိုးတာ တစ်ခုက သူတို့မှာ ဟွမ်ရီကောင်းနှင့် ထူးမခြားနားပဲ ဧကရီ၏ လှည့်စားမှုကို ခံနေရသူများ ဖြစ်သည်။ သူတို့၏ အတွေး၌ နတ်ဘုရား အင်ပါယာက ဤနေကြယ် အသစ်ကို ရက်ရောစွာ မျှဝေလိုသည်။ ပဋိပက္ခတွင် အနည်းငယ် ပါဝင်လိုက်ရုံဖြင့်ပင် သူတို့ အစုရှယ်ယာ တစ်ခု ရရှိလာလိမ့်မည်။ ထိုအကြောင်းကို ပိုမို၍ တွေးတောလေလေ၊ သူတို့စိတ်ထဲ၌ လောဘတရားမှာ ပိုမို၍ တိုးပွားလာလေလေ ဖြစ်သည်။

“ပုပ်ရဟန်း မင်းကြီး ဟုန်ယန်...”

မီးခိုးရောင် ဆံပင်များနှင့် အသက်လတ် အရွယ် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် ခန့်ညား ချောမောသော လူကြီး တစ်ဦးက ခေါ်လိုက်သည်။ သူက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ခါးတွင် ဓားအိမ်ပါ ဓားတစ်လက်ကို ချိတ်ဆွဲ ထား၏။ သူ၏ မျက်လုံးများက ဓားတစ်စင်း အလား ထက်ရှနေကာ မည်သည့် တည်ရှိမှုကို မဆို ထိုးဖောက် မြင်နိုင်စွမ်း ရှိပုံ ပေါ်သည်။ လူတိုင်းနီးပါး ထိုပုဂ္ဂိုလ်ကြီးကို သိကြပေသည်။

ဓား...

သူက ကျန်းကလန်၏ ဦးဆောင် ဘိုးဘေး ကျန်းကျင်းရှီပင် ဖြစ်လေတော့၏။

ပုပ်ရဟန်းမင်းကြီးက ခေါင်းကို မော့ခြင်း မရှိသလို အခြားလူများကိုလည်း တုန့်ပြန်ခြင်းမပြုပါချေ။ သူက ဝေ့ဝူယင်ထံမှ ခွင့်ပြုမိန့်ကိုသာ စောင့်ဆိုင်းနေဟန် ရလေသည်။

ကျန်းကျင်းရှီက မျက်မှောင်ကြုတ် လိုက်၏။

“အင်ဖာနို နေမီးတောက် ဘုရားကျောင်းရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ မင်းက ကြယ်တွေကို ကိုးကွယ်တယ်... မင်းရဲ့ သဘောထားကို ငါ နားလည်ပါတယ်... ငါ့ကိုယုံ... ငါ တကယ် သိတယ်”

သူက အလံအား ကိုင်ထားသည့် ဝေ့ဝူယင်နှင့် ဘေးနားရှိ သံချပ်ကာဝတ် မြေကြီး ရှန့်ထိုကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“ဒါပေမဲ့ မင်းရဲ့ ဆုံးဖြတ်ချက်က မြန်လွန်းနေတယ်... မင်း နည်းနည်းလောက် စဉ်းစားသင့်တယ်... မင်းရဲ့ ကိုးကွယ်သူတွေနဲ့ ညှိနှိုင်းတာပဲ ဖြစ်ဖြစ်....”

“...”

သို့သော်လည်း ဟုန်ယန်ရှင်းရှီမှာ တုန့်ပြန်ခြင်း မပြုချေ။ သူက ခေါင်းကိုသာ ဆက်လက် ငိုက်စိုက်ချထားခဲ့၏။ ဓားပဲ ဖြစ်ဖြစ် လက်သီးပဲ ဖြစ်ဖြစ် သူ့ ဆန္ဒကို ပြောင်းလဲ မပစ်နိုင်သည့်ပုံ ပေါ်လေသည်။

"..."

ကျန်းကျင်းရှီ သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူက တည်ငြိမ်စွာပင် ကောင်းကင် ဖျက်ဆီးသူဘက်သို့ လှည့်လိုက်သည်။

“ဧကရီ... ခင်ဗျားရော ဘယ်လို သဘောရလဲ...”

ကျန်းကျင်းရှီမှာ ပုပ်ရဟန်းမင်းကြီး၏ ဆုံးဖြတ်ချက် အပေါ် ဧကရီ၏ သဘောထား အမြင်ကို မေးမြန်းခြင်း မဟုတ်ပါချေ။ ဝေ့ဝူယင်က နေကြယ်အား မောင်ပိုင်စီးရန် ကြိုးစားနေခြင်း အပေါ် မှတ်ချက်ပေးရန်သာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဧကရီ၏ အမူအရာက အပြောင်းအလဲ မရှိပါချေ။ သို့သော်လည်း စိတ်ထဲတွင်တော့ မည်ကဲ့သို့ မတုန်လှုပ်ပဲ နေနိုင်ပါမည်နည်း။

အဆုံးမဲ့ကောင်းကင် နေကြယ်ထက် ဆယ်ဆမျှ ပိုမို ကြီးမားသည့် နေကြယ်...

မြေကြီး ရှန့်ထို ရှစ်ဆယ့် တစ်ယောက် ဆိုသည့် အင်အား...

ယနေ့၌ ဝေ့ဝူယင်မှာ အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဆိုသည့် သူ့နာမည်ကို ကြေညာခဲ့သည်။ သူက အုပ်စိုးသူ တစ်ဦး ဖြစ်လာရန် စီစဉ်နေသည်။ သူ့အပိုင်ဟု ကြေညာခဲ့သည့် နေကြယ်မှာ အဆုံးမဲ့ ကောင်းကင် နေကြယ်ထက် ဆယ်ဆခန့် ပိုမို ကြီးမားသည့် အပြင် အရည်အသွေးပိုင်းတွင်လည်း ပိုမို မြင့်မားသည်။ ထို့အပြင် ဤသည်က နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရသည့် ပိုင်ရှင်မဲ့ နယ်မြေ ဖြစ်သည်။ ထိုအချက် အားလုံးက ဝေ့ဝူယင်၏ ရည်မှန်းချက်များကို ဖော်ပြနေပေသည်။

“ငါ...”

ဧကရီက ရေကန်ထဲကို ကျောက်တုံးတစ်တုံး ပစ်ထည့်ကာ လူအုပ်ကြီး၏ လောဘတရားကို ဆွပေးဖို့ ဟန်ပြင်လိုက်စဉ်မှာပင် အသံ တစ်ခုမှာ ရုတ်တရက် ဖြတ်ကာ ထွက်ပေါ်လာခဲ့လေ၏။

"ကျွန်မ ဟိုင်ရွှေလင်း... အစိုးရတဲ့ မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေနဲ့ အတူ အရှင် ဝေ့ဝူယင်ဆီမှာ ခစားဖို့ ဆန္ဒရှိပါတယ်”

***

All Chapters