စစ်ဝိညာဉ်များ
Vol. 98 Ch. 1361
“မင်း...”
သုန်မှုန်နေသည့် အသံတစ်ခုမှာ နက်ရှိုင်းစွာ ထွက်ပေါ်လာခဲ့၏။ စီးဆင်းနေသည့် ဓား၏ အရှိန်အဟုန် အတင်းအကြပ် ရပ်တန့် ခံလိုက်ရပြီး နောက်တွင် ဓားသခင်၏ အမူအရာက ဆိုးရွားစွာပင် ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ သူ့အရှေ့ မီတာ ဆယ်ဂဏန်းခန့် အကွာတွင်တော့ လှံကိုင်ဆောင်ထားသည့် မြေကြီး ရှန့်ထို တစ်ယောက် ရပ်တန့် နေခဲ့၏။ စစ်သူရဲ၏ ခေါင်းဆောင်းအောက်ရှိ မျက်လုံးများမှာ ထိန်းချုပ်မှု ကင်းမဲ့သည့် သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် ပြည့်နှက်နေကာ ကျန်းကျင်းရှီကို စိုက်ကြည့် နေခဲ့သည်။
လှံ၏ ထိပ်ဖျားတွင်တော့ လတ်ဆတ်သည့် သွေးစတစ်စ စွန်းထင်း နေ၏။ ၎င်းက အမှောင် ဟင်းလင်းပြင်ကို ဖြတ်တောက်ကာ ပုံသေ အာကာသနယ် တစ်လျှောက် အလျားလိုက် အက်ကြောင်း တစ်ခုကို ချန်ရစ်ထားသည်။
ကျန်းကျင်းရှီ၏ မျက်လုံးများက ရေခဲ ကဲ့သို့ အေးစက်နေကာ သူ၏ လက်ညိုးနှင့် လက်ခလည်ကို စိုက်ကြည့် နေခဲ့သည်။ သူ၏ လက်ခလည် ဘေးဘက်တွင်တော့ အရိုးထိ ရောင်အောင် နက်ရှိုင်းသော အက်ကြောင်း တစ်ခု ရှိနေခဲ့လေသည်။
“သူ့ကို တားလိုက်ပြီ...”
ထျန်းလင်းယုက အံ့ဩစွာဖြင့် ပြောလိုက်သည်။ သူမမှာ ကောင်းကင် ဖျက်ဆီးသူ တစ်စင်းကို ထျန်းမူယန်နှင့် အတူ ထိန်းချုပ်ကာ ထိုမြင်ကွင်းကို ကြည့်နေခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင်တော့ သူတို့ နှစ်ယောက်မှာ ဘုရင်မ၏ အမိန့်ကြောင့် ပွဲကြည့် ပရိသတ် အဖြစ်သာ ဘေးထွက်ထိုင်နေရသည်။
"..."
ထိုမြင်ကွင်းကို လေ့လာရင်း ထျန်းမူယန်၏ မျက်လုံးများမှာ ဝိညာဉ် အလင်းများဖြင့် တောက်ပနေခဲ့၏။ လှံကိုင်ထားသည့် မြေကြီး ရှန့်ထိုမှာ တမုဟုတ်ချင်း အတွင်းမှာပင် ကျန်းကျင်းရှီ၏ အရှေ့သို့ ရောက်ရှိလာကာ ဓားတစ်စင်းဖြင့် ဟန့်တားခဲ့ခြင်း ဖြစ်သည်။ ၎င်းက ရိုးရှင်းပုံ ပေါ်သည့်တိုင် အာကာသနှင့် လှံစွမ်းအားကို အသုံးပြုသွားသည်မှာ အသက်ရှူ မှားလောက်ဖွယ် ကောင်းလွန်းသည်။
အခြားတစ်ဖက်၌... ကျန်းကျင်းရှီ၏ မျက်လုံးများမှာ သွေးနတ်ဆိုးမိစ္ဆာထံသို့ ရောက်ရှိသွားခဲ့၏။ ထိုတစ္ဆေအိုကြီးမှာ ဆက်လက် ဒူးထောက်နေဆဲ ဖြစ်ကာ သူ့ တည်ရှိမှုကို အပြည့်အဝပင် လျစ်လျူထားသည်။
“မင်းက ဒီနတ်ဆိုးကောင်ကို ကာကွယ်ချင်တာလား...”
ကျန်းကျင်းရှီ ဝေ့ဝူယင်ဘက်ကို လှည့်ရင်း မေးလိုက်၏။ သူ့ နှုတ်ခမ်းထက်၌ မထီမဲ့မြင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဒါမှမဟုတ် မင်းက...”
“ဟမ်...”
စကားမဆုံးခင်မှာပင် ကျန်းကျင်းရှီ၏ အမူအရာက ပြောင်းလဲသွားကာ လက်ညိုးနှင့် လက်ခလည်ကို ဓားအသွင် ပြုရင်း ဝှေ့ယမ်းလိုက်၏။
ဘုန်း...
ပြင်းထန်သည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ သူ့ ခန္ဓာကိုယ်က နောက်သို့ မိုင်ပေါင်း ထောင်ချီ လွင့်စဉ် သွားခဲ့သည်။ သူ့ လက်ချောင်းထိပ်၌ နောက်ထပ် အက်ကြောင်း တစ်ခု ပေါ်လာခဲ့ပြန်၏။
ကျန်းကျင်းရှီမှာ ဝေ့ဝူယင်ကို မိစ္ဆာ ကျင့်ကြံသူ တစ်ဦးနှင့် ပူးပေါင်း ကြံစည်သည်ဟု စွပ်စွဲရန် ပြင်လိုက်သော်လည်း စစ်ဝိညာဉ်က သူ့ကို စကားပြောခွင့်ပင် မပေးပဲ ကြားဖြတ် တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။
ဝှစ်... ဝှစ်...
လှံကိုင် မြေကြီး ရှန့်ထိုမှာ ထိုမျှနှင့် ရပ်တန့်ခြင်း မရှိပါချေ။ သူက ပုံသေ အာကာသကို တိုက်ရိုက်ပင် ဖောက်ထွင်းကာ ကျန်းကျင်းရှီနောက်သို့ လိုက်ပါ သွားခဲ့၏။ သူ၏ လှံသွားထိပ် အောက်၌ ကမ္ဘာ လောကကြီး တစ်ခုလုံးပင် တဟုန်းဟုန်း တုန်ရီသွားခဲ့သည်။
ထိုအခိုက်တွင်ပင် ဆန္ဒ တစ်ခုမှာ လောက အတွင်း စိမ့်ဝင် ပျံ့နှံ့လာခဲ့လေ၏။
ရွှင်း...
ကျန်းကျင်းရှီ၏ ဓားရည်ရွယ်ချက်က မိုင်ပေါင်း ၈၀၀,၀၀၀ ပတ်လည် အတွင်းရှိ စွမ်းအင် အားလုံးကို လွှမ်းခြုံကာ အာဏာစက် အတွင်း ကျရောက်လာစေခဲ့၏။ ၎င်းတို့က သူ့ကို ဗဟိုပြု၍ လေဆင်နှာမောင်း တစ်ခုလို လှည့်ပတ်ကြကာ အသုံးပြုခံရန် ဓားစွမ်းအင်များ အဖြစ် ကူးပြောင်းလာခဲ့သည်။ ၎င်းတို့မှာ မရေမတွက်နိုင်သည့် ဓားအလင်းများအဖြစ် စစ်ဝိညာဉ်ထံ တိုးဝင် သွားကြလေ၏။
ဘုန်း... ဘုန်း... ဘုန်း...
ဓားနှင့် လှံမှာ အကြိမ်ပေါင်းများစွာ ထိပ်တိုက် တွေ့ဆုံ သွားခဲ့၏။ ထိခတ်မှု တစ်ခုချင်းစီတိုင်း၌ ဓားစွမ်းအင်များမှာ ကြဲပြန့်သွားကာ မူလ စွမ်းအင် ပုံစံသို့ ပြန်လည် ပြောင်းလဲ သွားကြသည်။ သို့သော်လည်း... ကျန်းကျင်းရှီမှာ ဓားနှလုံးသား ရည်ရွယ်ချက်နှင့် အတူ ၎င်းတို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်ချည်း ဖြစ်သည်။ လောကနှလုံးသား ရည်ရွယ်ချက်ကို အဆက်မပြတ် အသုံးပြုခြင်းက စိတ်စွမ်းအင်များစွာ ကုန်ဆုံးစေသည့်တိုင် ကျန်းကျင်းရှီမှာ မလွဲမရှောင်သာ ဆက်လက် လုပ်ဆောင် နေရသည်။
စစ်ဝိညာဉ်မှာ ရက်စက် ကြမ်းကြုတ်လှကာ သူ၏ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းက ရန်သူကို ဖြတ်တောက်ရန်၊ ထိုးဖောက်ရန်၊ သတ်ဖြတ်ရန်သာ ရည်ရွယ်ထားသည်။ သူ တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း ပြင်းထန်သည့် လှိုင်းများက ကြောက်မက်ဖွယ် အရှိန်အဟုန်များနှင့် ပျံ့နှံ့ နေခဲ့၏။
ကံကောင်းထောက်မစွာပင် မြေကြီး ရှန့်ထိုများမှာ သူတို့၏ နောက်လိုက်နောက်ပါများကို ထိုလှိုင်းများ မထိခိုက်အောင် ကာကွယ်ထားခဲ့ကာ၊ စစ်ဝိညာဉ် ရှစ်ဆယ်မှာလည်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေ တည်ငြိမ်စေရန် စုပေါင်း ထိန်းသိမ်း ထားနိုင်ခဲ့သည်။
သို့သော်လည်း... ထိုလှိုင်းများက ပုံသေ အာကာသကို မတည်မငြိမ် ဖြစ်စေလေရာ လူ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းမှု စီမံချက်ကို ကြီးစွာ အဟန့်အတား ဖြစ်စေသည်။
“နေရာရွှေ့...”
ဝေ့ဝူယင်က တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။ စစ်ဝိညာဉ်မှာ ချက်ချင်းပင် နားလည်လိုက်သည်။ ချက်ချင်းပင် ဆက်စပ်မှု စစ်အလံနှင့် ချိတ်ဆက်ထားသည့် သူ့ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များမှာ ပေါက်ကွဲလာကာ ပြင်းထန်သည့် အရှိန်အဝါ တစ်ခု ထွက်ပေါ်လာ၏။ လျှို့ဝှက် အော်ရာက သူ့ခန္ဓာကိုယ်ထက်တွင် ထွန်းလင်းလာကာ လှံကို ညာဘက်လက်တွင် ဆုပ်ကိုင်ရင်း ဦးဖျားကို ကျန်းကျင်းရှီထံ ညွှန်လိုက်သည်။
“ယား...”
ထို့နောက် သူက အော်ဟစ် မာန်သွင်းရင်း လှံကို ပစ်လိုက်၏။ ကျန်းကျင်းရှီ၏ မျက်လုံးများမှာ အပ်ပေါက်များ ကဲ့သို့ ကျဉ်းမြောင်းသွားခဲ့သည်။ တိုက်ပွဲ စတင်ကတည်းက သူက လက်ညိုးနှင့် လက်ခလည်ကိုသာ ဓားအဖြစ် အသုံးပြု နေခဲ့ခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်က ရန်သူ၏ အင်အားကို စမ်းသပ်ရန်နှင့် လေ့လာနေသူများ အတွက် သတင်း အချက်အလက်များ စုဆောင်းပေးဖို့ ဖြစ်သည်။ သို့သော်လည်း... စစ်သူရဲက နည်းနည်းလေးမျှ ထိန်ချန်မထားသည်ကို တွေ့မြင်လိုက်ရသော အခိုက်၌ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ခံစားချက် တစ်ခုက သူ့ကိုပါ ထုံလွှမ်းလာခဲ့သည်။
သေခြင်းတရားကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ဖူးသည့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် ထိုခံစားချက်ကို သူ မလျစ်လျူရဲပါချေ။
“ဟူး...”
ကျန်းကျင်းရှီ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူ၏ လျှို့ဝှက် အော်ရာက အပြည့်အဝပင် ပေါက်ကွဲလာသည်။ ဓားအလင်းများမှာ သူ့ မျက်လုံး၊ လက်ချောင်းများနှင့် ထျန်းတျန်တို့မှ ရုန်းကြွ ထွက်ပေါ် လာခဲ့၏။ ထို့နောက် သူက ညာဘက်လက်ကို လှုပ်ရှားကာ ဓားတစ်စင်း အဖြစ် ပြောင်းလဲရင်း ရှေ့ကို ခုတ်ပိုင်းချလိုက်တော့သည်။
“သင်္ကေတ ခုနစ်ခု...”
ကျန်းကျင်းရှီ၏ ကျင့်ကြံခြင်း အခြေခံ အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာသည်ကို ကြည့်ရင်း ကျန်းကျိရီက ထိတ်လန့် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။ ထိုလူအိုကြီးမှာ လမ်းစဉ် ခုနစ်ခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်နေခဲ့လေပြီ။ ထိပ်သီး မြေကြီး ရှန့်ထို သုံးယောက်တွင် တစ်ယောက် အပါအဝင် ဖြစ်သည့် ဝိညာဉ်ရှန့်ထို ဧကရာဇ်ကို မှီဖို့ပင် သင်္ကေတ တစ်ခုသာ လိုပေတော့သည်။
ဘုန်း...
ဓားနှင့် လှံမှာ တိုက်ရိုက် ထိတွေ့သွားရာ အလွန် ပြင်းထန်သည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ပုံရိပ် တစ်ခုမှာ ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် အတူ အလင်းစ တစ်ခု အလား နောက်သို့ လွင့်စဉ် သွားခဲ့သည်။ တစ်ခဏ အတွင်းမှာပင် ၎င်းမှာ သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင် အနားရှိ အိမ်နီးချင်း ကြယ်ကွင်းပြင်ကိုပင် ကျော်လွန်ကာ အခြား ကြယ်ကွင်းပြင် တစ်ခုထဲ အထိ ရောက်ရှိသွားခဲ့သည်။
တိုက်ခိုက်မှု တစ်ခုတည်းကပင်လျှင် ကျန်းကျင်းရှီကို ကြယ်ကွင်းပြင်များ ကျော်လွန်၍ လွင့်စဉ် သွားစေခဲ့ပြီ ဖြစ်လေသည်။
မိုင်သန်းထောင်ပေါင်းများစွာ ကွာဝေးနေသည့်တိုင် မြေကြီး ရှန့်ထိုများမှာ ကျန်းကျင်းရှီ၏ ဆိုးရွားသည့် အခြေအနေကို ထင်ရှားစွာပင် မြင်တွေ့ နေရ၏။ လှံတစ်စင်းမှာ သူ့ ရင်ဘတ်မှ ထုတ်ချင်းဖောက် ဝင်ကာ နောက်ကြောဘက်မှ ပေါက်ထွက်နေသည်။ သူ့ ဘဝ တစ်လျှောက်လုံး သန့်စင်ထားခဲ့သမျှ သွေးများမှာ ပါးစပ်၊ နှာခေါင်း၊ နားရွက် အစရှိသဖြင့် ဒွါရပေါက်ပေါင်း များစွာတွင် စီးကျ နေခဲ့၏။ သူက ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းရန်ပင် မနည်း ကြိုးပမ်း နေရလေ၏။
“ဘာလဲ...”
ကျန်းကျိရီ တစ်ယောက် ဆွံ့အ သွားခဲ့၏။ ဓားတစ်လက် အဖြစ် ကျော်ကြားခဲ့သည့် ကျန်းကျင်းရှီလို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး တစ်ဦမှာ နာမည်ပင် မကြားဖူးသည့် မြေကြီး ရှန့်ထို တစ်ယောက် လက်အောက်၌ ထိုမျှ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်သွားလိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့တာ အမှန်ပင် ဖြစ်သည်။
ဝေ့ဝူယင်၏ အမူအရာကတော့ အရာအားလုံးကို မျှော်လင့်ထားပြီး ဖြစ်သည့် အလား တည်ငြိမ်နေဆဲ ဖြစ်သည်။ သို့သော်လည်း... နှလုံးသား အတွင်းတွင်တော့ သူ ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့် နေခဲ့၏။ သူက စစ်ဝိညာဉ်ကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အနားတွင် မတိုက်ခိုက်ဖို့ ညွှန်ကြားလိုက်ခြင်းမျှသာ ဖြစ်သည်။ သို့သော်လည်း... သကောင့်သားက ကြယ်ကွင်းပြင် နှစ်ခုလောက် အထိ ဖြတ်ကျော်ကာ ပို့လွှတ်ပစ်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
***