← Chapters

စစ်ဝိညာဉ်များနှင့် ဓား

Vol. 98 Ch. 1362

စစ်ဝိညာဉ်များနှင့် ဓား

Vol. 98 Ch. 1362

စစ်ဝိညာဉ်မှာ သူ့ ခန္ဓာကိုယ် အတွင်းရှိ များလှစွာသော လျှို့ဝှက် စွမ်းအင်များကို အသုံးပြုကာ လမ်းစဉ်ကိုးခု မြေကြီး ရှန့်ထို တစ်ယောက်၏ ခွန်အားမျိုးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သူက ဝေ့ဝူယင်၏ အမိန့်ကို အလွန် လှပသော နည်းလမ်းဖြင့် ပြီးမြောက်စေခဲ့သည့်တိုင် ကုန်ဆုံးသွားခဲ့သည့် လျှို့ဝှက်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းဖို့ အတွက် ဝိညာဉ် အလင်းများစွာ လိုအပ်လိမ့်မည် ဖြစ်သည်။ အားအင် ကုန်ခမ်းသွားပါက သူတို့မှာ အားနည်းလာကြကာ သာမန် ကျင့်ကြံသူများလို သမာရိုးကျ နည်းလမ်းများဖြင့် ပြန်လည် ဖြည့်တင်းခြင်း မပြုနိုင်ကြချေ။ ၎င်းက စစ်ဝိညာဉ်များ၏ အဓိက ချို့ယွင်းချက် ဖြစ်သည်။ သူတို့ထံတွင် ကျင့်ကြံသူ တစ်ယောက်၏ အစစ်အမှန် ကျင့်ကြံခြင်း အခြေခံမျိုး ကင်းမဲ့ကာ စစ်ဆက်မှု စစ်အလံနှင့် အားဖြည့်ပေးမည့် ဝိညာဉ်မရှိပဲ မတည်ရှိနိုင်ပါချေ။

အလားအလာအားဖြင့် စစ်ဝိညာဉ် တစ်ယောက်ချင်းစီမှာ လောက သင်္ကေတ အဆင့် (လမ်းစဉ်ကိုးခုထက် ပိုမြင့်သည့် တစ်ဆင့်) ကို ရောက်ရှိနိုင်သည့်တိုင် သူတို့မှာ လျှို့ဝှက် လမ်းစဉ် သို့မဟုတ်... လောက နှလုံးသား ရည်ရွယ်ချက်တို့ကိုတော့ နားလည်နိုင်စွမ်း မရှိပါချေ။ ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်း ရှာမတွေ့သေးချေ။ သူတို့က အကြမ်းထည် ဆန်သည့် စွမ်းအင်များကိုသာ ထုတ်လွှတ်နိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ဝိညာဉ်အလင်း ကုန်ကျစရိတ်ကတော့ ထင်မှတ် မထားလောက်အောင်ပင် ကြီးမား လွန်းလှသည်။ အလွှာ အပြင်က လောကတွင်ပင် တတ်နိုင်သူ ရှားပါးလွန်းလှသည်။

ဥပမာ အားဖြင့် လှံကိုင် စစ်ဝိညာဉ်ကို မြေကြီး ရှန့်ထိုများထဲတွင် ပျမ်းမျှ အဆင့် တစ်ယောက်ဟုသာ သတ်မှတ်နိုင်ပေသည်။ လျှို့ဝှက် တာအို အပေါ် နားလည်မှုနှင့် အသုံးချနိုင်မှု အရ လမ်းစဉ် ငါးခုလောက် အဆင့်တွင်သာ ထားရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သန့်စင်သည့် ဝိညာဉ် အလင်းများနှင့် ဆက်စပ်မှု စစ်အလံတို့မှာ သူ ပိုင်ဆိုင်ထားသည့် လျှို့ဝှက် စွမ်းအားကို လမ်းစဉ်ကိုးခုအား ကျော်လွန်ပြီး လောက သင်္ကေတ အာဏာရှင် အဆင့် အထိ မြှင့်တင်ပေးနိုင်ပေသည်။

ထို့ကြောင့်ပင် လှံ နှလုံးသား ရည်ရွယ်ချက် မရှိသည့်တိုင် စစ်ဝိညာဉ်မှာ ကမ္ဘာလောက အတွင်းရှိ စွမ်းအင်များကို လှုံ့ဆော်နိုင်ကာ ဓားနှလုံးသား ရည်ရွယ်ချက်နှင့် ဆက်စပ်နေသည့် စွမ်းအင်များကို ဖျက်ဆီးပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုက အကြမ်းထည် ဆန်သည့်တိုင် ကြောက်မက်ဖွယ် ကောင်းတာကတော့ အမှန်တရား ဖြစ်သည်။

“ဘယ်လိုလဲ...”

ကျန်းကျင်းရှီမှာ ထိုတိုက်ခိုက်မှုကြောင့် တုန်လှုပ် သွားခဲ့၏။ လှံကိုင် မြေကြီး ရှန့်ထို၏ လျှို့ဝှက် အော်ရာမှာ လမ်းစဉ် ငါးခုလောက် အဆင့်တွင်သာ ရှိပေသည်။ သို့သော်လည်း... သူက ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်မှုကို မည်ကဲ့သို့ ထုတ်ဖော်နိုင်ရသနည်း။ အကယ်၍ သူ၏ တုန့်ပြန်မှုသာ တစ်စက္ကန့်၏ အပုံတစ်ရာပုံ တစ်ပုံလောက် နောက်ကျခဲ့ပါက...။

ကံကောင်းစွာပင်...

သူက ဓား ဖြစ်နေခဲ့သည်။ ကျန်းကျင်းရှီ ထိုဂုဏ်ပုဒ်ကို လွယ်လွယ်ကူကူနှင့် ရရှိခဲ့ခြင်း မဟုတ်ချေ။ သူ ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရင်း နှလုံးသား အတွင်း နစ်ဝင်နေသည့် လှံကို ကြမ်းတမ်းစွာ ဆွဲထုတ်လိုက်၏။ သူ့ မျက်ဝန်းများ အတွင်း၌ အဆုံးမဲ့ အချိန် စွမ်းအင်များ စီးဆင်းလာကာ အချိန် နောက်ပြန်ဆုတ်ခြင်း စွမ်းအားက အသက်ဝင်လာသည်။

စက္ကန့်ဝက်မျှ အတွင်းမှာပင် သူ နှစ်ပေါင်းတစ်ရာခန့် သက်တမ်းကို ဖြုန်းတီးလိုက်ရ၏။ အကျိုးဆက် အနေဖြင့် သန့်စင်ထားသော သွေးများက ခန္ဓာကိုယ် အတွင်း ပြန်လည် စီးဝင်သွားကာ ဒဏ်ရာများမှာ အကောင်း ပကတိ ဖြစ်သွားခဲ့သည်။ ဓားသခင် တစ်ဦး၏ ခန့်ညား ထည်ဝါမှုမျိုးကို သူ ချက်ချင်းပင် ပြန်လည် ရရှိလာခဲ့၏။ သို့သော်လည်း ကုန်ကျသွားသည့် သက်တမ်းများကတော့ သူ့ကို အနည်းငယ် မျက်မှောင်ကြုတ် စေသည်။

ဝှစ်...

ဒဏ်ရာများကို ပြန်လည် ကုသ ပြီးပြီးချင်းပင် စစ်ဝိညာဉ်မှာ သူ့ထံသို့ အရှိန်အဟုန် ပြင်းစွာ တိုးဝင်လာသည်ကို တွေ့လိုက်ရ၏။ ၎င်းထံမှ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများမှာ လျော့ကျသွားခြင်း မရှိပဲ ပိုမို၍ တိုးပွား လာခဲ့သည်။

ကျန်းကျင်းရှီ နှာခေါင်းရှုံ့ လိုက်၏။ လှံကိုင် မြေကြီး ရှန့်ထို၏ အဆင့်ဖြင့် ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားများကို ထုတ်လွှတ်နိုင်စရာ အကြောင်း မရှိချေ။ သူက လျှို့ဝှက် ကျင့်စဉ် တစ်ခုကို သုံးကာ ခွန်အားကို ယာယီ မြှင့်တင်ထားခြင်း ဖြစ်ရပေမည်။ အနည်းငယ် လျော့ကျသွားသည့် လျှို့ဝှက် အော်ရာက သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေခံနေသည်။ ကျန်းကျင်းရှီ နောက်မဆုတ်တော့ပဲ သူ့ခါးထက်ရှိ ဓားရိုးကို ဆုပ်ကိုင်လိုက်လေတော့၏။

ဝှစ်...

ဝှစ်...

ရုတ်တရက် ကျန်းကျင်းရှီ၏ ဘယ်ဘက် မျက်ခွံက အနည်းငယ် လှုပ်ခတ် သွားခဲ့၏။ အဘယ်ကြောင့်နည်း။ အခြားအော်ရာ နှစ်ခုမှာ သူ့ထံသို့ တရကြမ်း တိုးဝင်လာနေသောကြောင့်ပင်။

တဒင်္ဂ အတွင်းမှာပင် နောက်ထပ် စစ်ဝိညာဉ် နှစ်ဦးမှာ တိုက်ပွဲ အတွင်း ဝင်ရောက်လာခဲ့ပြီ ဖြစ်လေသည်။

“ဒါက တရားမျှတတဲ့ တိုက်ပွဲလို့ ဘယ်သူပြောလဲ”

ဝေ့ဝူယင်က ပြုံးလိုက်လေသည်။

“အရှက်မရှိလိုက်တာ...”

အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၏ မျက်လုံးများက မှောင်မိုက် သွားခဲ့၏။ သို့သော်လည်း... သူ့ အမူအရာထက်၌ အံ့ဩမှု၊ စိုးရွံ့မှု အငွေ့အသက်များ ကင်းမဲ့နေသည်။ ကျန်းကျင်းရှီ၏ အစစ်အမှန် ခွန်အားနှင့် စွမ်းရည်တို့ကို သူ အသိဆုံး ဖြစ်သည်။ သူတို့ နှစ်ယောက်မှာ အမှောင်မိုက်ဆုံး ခေတ်ကာလများတည်းက အတူ လက်တွဲကာ တိုက်ခိုက် လာကြသူများ ဖြစ်သည်။

“သူက နောက်ထပ် နှစ်ယောက်ကို ထပ်လွှတ်လိုက်တယ်...”

ဧကရီ ရှောင်ချွမ်း၏ ဘေးနားရှိ ကောင်းကင် ဧကရာဇ်က ရေရွတ်လိုက်သည်။ သူ၏ နှလုံးသားမှာ ကျန်းကျင်းရှီအား ကြယ်ကွင်းပြင် နှစ်ခု ကျော်လွန်၍ လွင့်စဉ်သွားစေခဲ့သည့် လှံပစ်ချက် တစ်ခုတည်းဖြင့်ပင် တုန်လှုပ် နေခဲ့ပြီး ဖြစ်သည်။ ယခု နောက်ထပ် မြေကြီး ရှန့်ထို နှစ်ယောက် ထပ်မံ ထွက်ပေါ်လာခြင်းက မီးကို ဆီလောင်းလိုက် သကဲ့သို့ သူ့ စိတ်ခံစားချက်များကို ပိုမို ရှုပ်ထွေး သွားစေခဲ့သည်။ မြေကြီး ရှန့်ထိုများ အကြားရှိ တိုက်ပွဲများမှာ အလွန် ရှားပါးသလို စိတ်လှုပ်ရှားဖွယ်ရာလည်း ကောင်းလှသည်။ သူ ၎င်းကို ပျော်ရွှင်စွာ ခံစားရပေမည်။

“...”

ဧကရီမှာ ကောင်းကင် ဧကရာဇ်၏ စကားကို တုန့်ပြန်ခြင်း မပြုချေ။ သူမထံတွင် မျက်လုံးများ ရှိလေရာ ထိုအရာကို မည်ကဲ့သို့ မမြင်ပဲ နေပါမည်နည်း။ သို့သော်လည်း... သူမ၏ လှပသည့် မျက်ဝန်းများက အလံကိုင်ထားသည့် သေမျိုးထံ လျှို့ဝှက်စွာ ရွေ့လျား သွားနေခဲ့သည်။ အကယ်၍ သတိထားကြည့်မည် ဆိုပါက ထိုမျက်ဝန်းများထဲတွင် ထူးဆန်းသည့် စဉ်းစား ဆင်ခြင်ခြင်း အလင်းရောင် တစ်ချို့ တောက်ပနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

“သူက ကျန်းကျင်းရှီကို တကယ်ပဲ သတ်ပစ်တော့မှာလား...”

ထျန်းလင်းယုက ထိတ်လန့် တုန်လှုပ်စွာဖြင့်ဘမေးလိုက်၏။ ထျန်းမူယန်က ခေါင်းခါလိုက်သည်။ သူ၏ မျက်ဝန်းများမှာ အဆုံးမဲ့ လေးနက်မှုများနှင့် ပြည့်နှက် နေခဲ့၏။

“အဲဒီလောက် မလွယ်ဘူး... အထီးကျန် ဓားဧကရာဇ်က ခုထိ ဓားမထုတ်ရသေးဘူး”

"..."

ထျန်းလင်းယုမှာ ထိုအခါတွင်မှ သတိရသွား၏။ မှန်ပေသည်။ အစမှ အဆုံးထိ ကျန်းကျင်းရှီမှာ လက်ညိုးနှင့် လက်ခလည် နှစ်ချောင်းတည်းကိုသာ အသုံးပြု၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူက ဓားကို ထုတ်ယူခြင်းပင် မပြုရသေးချေ။

“လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီလောက်တုန်းက ကျန်းကျင်းရှီက လမ်းစဉ် လေးခု အဆင့်မှာပဲ ရှိနေခဲ့သေးတာ... အဆင့်တူ အနေအထားလောက်မှာ သူနဲ့ မင်းကြီး တိုက်ခိုက်ခဲ့ဖူးတယ်... သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တယ်... အဲဒီ တိုက်ပွဲ အပြီးမှာ သူတို့ နှစ်ယောက် မိတ်ဆွေတွေ ဖြစ်သွားခဲ့ကြတယ်”

ထျန်းမူယန်က သုန်မှုန်စွာပင် ရှင်းပြလိုက်၏။

“ဘာကြီး... အဲဒါက အတည်မပြုနိုင်တဲ့ ကောလဟလ သက်သက် မဟုတ်ဘူးလား... မင်းကြီးက ကျန်းကျင်းရှီ ငယ်ငယ်လေးတည်းက ခေါ်ယူ မြေတောင်မြှောက်ပေးခဲ့တာလို့ ကျွန်မ ထင်ထားတာ...”

ထျန်းလင်းယုက မေးခွန်းထုတ် လိုက်၏။ လက်သီး၊ ဓားနှင့် သရဖူ သူရဲကောင်း သုံးယောက်၏ ဇစ်မြစ်နှင့် သမိုင်းကြောင်းတွင် မတူညီသည့် အယူအဆနှင့် ဇာတ်ကြောင်းများစွာ ရှိပေသည်။ ထိုအထဲမှ များစွာမှာ ချဲ့ကား ပြောဆိုထားခြင်း ဖြစ်ကာ အနည်းငယ်သာလျှင် အမှန်တကယ် ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ မည်သည့် ကောင်းကင် ပရောဟိတ်မျလည်း နတ်ဘုရား အင်ပါယာ၏ အတိတ်ကို မကြည့်ဝံ့လေရာ အစစ်အမှန် ဇာတ်လမ်းကို သိရှိသူ နည်းပါးလှသည်။

“မဟုတ်ဘူး... အဲဒီတုန်းက သူတို့ နှစ်ယောက်စလုံး လျှို့ဝှက်ဝိညာဉ် အဆင့်မှာပဲ ရှိသေးတယ်”

သက်တမ်းရင့် ထျန်းမျိုးနွယ်ဝင် တစ်ယောက် အနေဖြင့် ထျန်းမူယန်မှာ သူ့ ဘဝ တစ်လျှောက်လုံး နတ်ဘုရား အင်ပါယာ ထျန်းတိုက်ကျုံး၏ အနားတွင် အနီးကပ် လိုက်ပါခဲ့သူ ဖြစ်သည်။ ထျန်းလင်းယုမှာ အလွန် ငယ်ရွယ်ကာ ခေတ်ကောင်းတွင် မွေးဖွားလာခဲ့သူ ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူမမှာ အတိတ်ကာလများတုန်းက ကြောက်မက်ဖွယ် အဖြစ်ဆိုးများကို မကြုံတွေ့ခဲ့ရပါချေ။

ထျန်းလင်းယု၏ မျက်လုံးများက ဖြည်းညင်းစွာပင် အထီးကျန် ဓားဧကရာဇ်ထံသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။ ထိုအခိုက်၌ လူအိုကြီး၏ အရောင်အဝါက ပြောင်းလဲသွားသလိုပင် သူက ခံစားလိုက်ရသည်။ နတ်ဘုရား အင်ပါယာနှင့် သရေကျခဲ့ဖူးသူ တစ်ယောက်၊ နှစ်ပေါင်းများစွာ လက်တွဲ တိုက်ခိုက်ခဲ့ဖူးသူ တစ်ဦး အနေဖြင့်... ထိုလူအိုကြီးကို သတ်ဖြတ်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သူမ ပထမဆုံး အကြိမ် ခံစားလိုက်ရ၏။

ကျန်းကျင်းရှီမှာ ခါးကို ဆန့်တန်းကာ ရပ်နေခဲ့ကာ ဓားသခင် တစ်ဦး၏ အော်ရာကို အပြည့်အဝပင် ထုတ်ဖော် ထား၏။ သူ၏ လက်က ဓားရိုးကို တင်းကြပ်စွာပင် ဆုပ်ကိုင်ထားသည်။ သူ၏ မျက်ဝန်းများက အဆုံးမဲ့ တည်ငြိမ်နေကာ လောကကို စောင့်ကြည့်နေသည့် သူတော်စင် တစ်ဦးအလား ထင်မှတ်မှားရ၏။

စစ်သည်တော် သုံးဦး ဖြစ်သည့် လှံ၊ လေးနှင့် ဒိုင်းတို့မှာ တြိဂံ ပုံသဏ္ဌာန် နေရာယူထားကာ ဒိုင်းမှာ ရှေ့ဆုံးမှ ဦးဆောင်လျှက် ကျန်းကျင်းရှီထံ အလွန် မြင့်မားသည့် အမြန်နှုန်းနှင့် တိုးဝင်လာခဲ့သည်။

ဟူး... ဟူး... ဟူး...

ဒိုင်းကိုင် စစ်ဝိညာဉ်မှာ သာမန် စစ်ဝိညာဉ်များထက် ပိုမို၍ သန်မာ ထွားကြိုင်းကာ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကြွက်သားများနှင့် ပြည့်နှက် နေ၏။ သူမ၏ လှုပ်ရှားမှုများ အောက်တွင် ပုံသေ ဟင်းလင်းပြင် ပင်လျှင် ပုံပျက် သွားသယောင် ထင်ရသည်။ သူမကိုင်ဆောင်ထားသည့် ဒိုင်းကါ၏ အလယ်တွင်တော့ ထိုးဖောက်လိုသည့် ရည်ရွယ်ချက်များ ပြည့်နှက်နေသော အပ်တစ်ချောင်း ပါရှိလေသည်။

ဒိုင်ကိုင် စစ်ဝိညာဉ်၏ ညာဘက်တွင်တော့... လေးသည်တော် လိုက်ပါလာကာ သူက လက်ထဲရှိ လေးကြိုးကို အဆင်သင့် ဆွဲရင်း အမှောင် ဟင်လင်းပြင်ကို အရှိန်အဟုန် ပြင်းစွာ ဖြတ်သန်းနေ၏။ ဘယ်ဘက် အခြမ်းတွင်တော့ လှံကိုင် စစ်ဝိညာဉ် ရှိသည်။ သူက လှံစွမ်းအင်များကို မုန်တိုင်း တစ်ခုနှယ် စုစည်းနေကာ ထိုးစစ်ဆင်ရန် ရည်ရွယ်နေကြောင်း ထင်ရှားလှသည်။

မြေကြီး ရှန့်ထိုများ တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ လူများ၏ အံ့ဩ ထိတ်လန့်မှုများမှာလည်း တိုးပွား လာခဲ့ကြ၏။ လူငယ်မှာ လမ်းစဉ် ငါးခု မြေကြီး ရှန့်ထို သုံးယောက်ကို ပိုင်ဆိုင်ထားကြောင်း သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ ဝေ့ဝူယင် နောက်ကွယ်၌ ရှိနေသည့် မည်သည့် အင်အားစု မဆို အစစ်အမှန် မွေးဖွားခြင်းနှင့်ပင် ယှဉ်နိုင်ကြောင်း ထင်ရှားလှသည်။ သူက သူတို့ကို မကြောက်တာ အံ့အားသင့်စရာ မရှိတော့ချေ။

***

All Chapters