ရွှေ့ပြောင်းမှု
Vol. 98 Ch. 1365
ကျန့်ကျန့်မှာ အလွန်ပင် လျှင်မြန်လွန်းလှ၏။ သူက အမှောင် ဟင်းလင်းပြင်ကို သာမန် မဟုတ်သည့် နည်းလမ်း တစ်မျိုးဖြင့် ဖြတ်သန်း ရွေ့လျား နေခဲ့သည်။ အခြား စစ်ဝိညာဉ်များနှင့် ခြားနားစွာပင် ကျန့်ကျန့်မှာ ဝေ့ဝူယင်၏ စွမ်းအင်များကို အတွေးတစ်ချက်တည်းဖြင့် ထိတွေ့နိုင်သည်။ သူက ဆက်စပ်မှု စစ်အလံ၏ အဓိက ဝိညာဉ် ဖြစ်လေရာ ဝေ့ဝူယင်နှင့် တိုက်ရိုက် ချိတ်ဆက်နေသည်။ ဝေ့ဝူယင်မှာ သူ့ကို ဖြတ်သန်း၍ စစ်ဝိညာဉ်များအား အမိန့်ပေးရသည်။
ဟူး... ဟူး...
ကျန့်ကျန့်မှာ အာကာသ ဥပဒေသ အပေါ် သာမည အာဏာကို ထုတ်ဖော်ကာ ပုံသေ၊ တည်ငြိမ်နှင့် အပျက်အစီး အာကာသ သုံးခုလုံးကို လွှမ်းမိုး ချုပ်ကိုင်ထား၏။ ထို့ကြောင့်ပင် သူ၏ လှုပ်ရှားမှုက အလင်းထက်ပင် ပိုမို မြန်ဆန် နေခဲ့လေသည်။
တစ်ခဏ အတွင်းမှာပင် ကျန့်ကျန့်မှာ အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၏ ရှေ့သို့ ရောက်ရှိသွားခဲ့၏။ သူ မျက်လုံးများက ပိန်ပိန်ပါးပါး ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။
အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၏ အမူအရာက အဆုံးမဲ့ ရူးသွပ်ခြင်းများနှင့် ပြည့်နှက် နေခဲ့၏။ သူ၏ ရည်ရွယ်ချက်က ရှင်းပေသည်။ ကျန်းကျင်းရှီ၏ ဦးခေါင်းကို ပြန်လည် ရယူဖို့ပင်။ သူက အခြား မည်သည့် အရာကိုမှ ဂရုမစိုက်တော့ဟန် ရလေသည်။
“ယား...”
အကန့်အသတ်မဲ့ သိုင်းဧကရာဇ်က အော်ဟစ် မာန်သွင်းရင်း လက်သီးကို ထိုးနှက်လိုက်၏။ ၎င်းက ရိုးရှင်းသည့် လက်သီးတစ်ချက်သာ ဖြစ်သည့်တိုင် အလင်း၊ အာကာသနှင့် အချိန် အားလုံး ပြိုကွဲသွား၏၊ ပိုမို၍ အရေးကြီးသည့် အရာက ထိုလက်သီးချက်ထဲတွင် ဂြိုဟ်များကိုပင် ဖြိုခွင်းပစ်နိုင်သည့် ပြိုင်စံရှား အင်အား တစ်ခု ပါဝင်နေခြင်း ဖြစ်သည်။
အကန့်အသတ်မဲ့ အင်အား...
ကျန့်ကျန့်က လက်သီးကို လက်သီးချင်း ယှဉ်၏။ သူက ရှေ့ကို ခြေတစ်လှမ်း တိုးကာ တူညီစွာပင် အချိန်နှင့် အာကာသအား တွန့်ကြေစေသည့် လက်သီး တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဘုန်း...
လက်သီးနှစ်ချက် ထိပ်တိုက် တွေ့သွားရာ အလွန်တရာ ပြင်းထန်လှသည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာ၏။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် မိုင်ပေါင်းတစ်သောင်း ပတ်ဝန်းကျင် အတွင်းရှိ အာကာသက လဲပြိုကျ သွားခဲ့သည်။ အကယ်၍ ထိုတိုက်ခိုက်မှုသာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်း ဖြစ်ပျက် သွားခဲ့ခြင်း ဆိုလျှင် ဂြိုဟ်ပေါင်းများစွာ ပျက်စီး၍ မရေမတွက်နိုင်သည့် လူများ သေဆုံးသွားရလိမ့်မည် ဖြစ်ပေသည်။
ဘုန်း...
ကျန့်တုန်းမှာ ရှေ့ဆုံးမှ ဦးဆောင်ကာ ဒိုင်းကာ၏ အကူအညီနှင့် အတူ အဆိုပါ ပေါက်ကွဲမှု လှိုင်းကို တားဆီးလိုက်၏။ ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်များက နောက်သို့ မိုင်သိန်းပေါင်းများစွာ ပြန်လည် လွင့်စဉ် သွားခဲ့သည်။ ကျန့်တုန်းက ဒိုင်းကာကို စစ်ဆေးကြည့်လိုက်၏။ ထိုအခါ ၎င်း၏ အတွင်းပိုင်း ဝင်္ကပါများစွာမှာ လဲပြိုကျကာ ပျက်စီးလုနီးပါး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
“...”
ကျန့်တုန်း ဆွံ့အသွားခဲ့၏။ ၎င်း၏ မျက်နှာပြင်ထက်၌ အက်ကွဲကြောင်း ခပ်ဖျော့ဖျော့များကိုပင် သူမ တွေ့ရှိရ၏။ ၎င်းမှာ အကြီးအကျယ် ထိခိုက် သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ ထိုလက်သီးသာ သူတို့ သုံးယောက် အပေါ် တိုက်ရိုက် ကျဆင်းလာပါက... ။
ဟူး... ဟူး...
အခြားတစ်ဖက်၌ မိုင်သန်းပေါင်းများစွာ အကွာအဝေး၌ ရှိနေသည့်တိုင် ကောင်းကင် ဖျက်ဆီးသူများမှာ တိုက်ပွဲ၏ အဟုန်ကြောင့် တုန်ခါသွားခဲ့ကြသည်။ မြေကြီး ရှန့်ထိုများမှာလည်း ဝရုန်း သုန်းကားပင် လျှို့ဝှက် အကာအကွယ်များကို ထုတ်ဖော်ကာ ခုခံလိုက်ကြရ၏။ သူတို့ အထဲမှ များစွာမှာ ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရပါက တဒင်္ဂ အတွင်း သေဆုံးသွားလိမ့်မည်ဟုပင် တွေးတော လိုက်မိကြသည်။
ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ အမူအရာသည်ပင် အနည်းငယ် ပြောင်းလဲ သွားခဲ့၏။ ဓား၊ လက်သီးနှင့် သရဖူ သူရဲကောင်း သုံးယောက်၌ အကန့်အသတ်မဲ့ သိုင်း ဧကရာဇ်မှာ အားအနည်းဆုံးဟု ဆိုကြသည်။ သို့သော်လည်း... ယခု ထိုပုဂ္ဂိုလ် ပစ်လွှတ်လိုက်သည့် လက်သီးချက်မှာ သူ့ကိုပင် ခြိမ်းခြောက်နိုင်သလို ခံစားရသည်။
“လက်သီးချက်က မဆိုးဘူး...”
ပုံရိပ် နှစ်ခုမှာ နောက်သို့ ပြန်ခွာ သွားကြကာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေခဲ့ကြ၏။ အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို လေ့လာရင်း ကျန့်ကျန့်၏ မျက်လုံးများက တလက်လက် တောက်ပ လာခဲ့သည်။
‘လမ်းစဉ် ရှစ်ခု... ပြောင်းလဲထားခြင်း မရှိဘူး... သိုင်းမြေကြီး လျှို့ဝှက် ဝိညာဉ်... မြေကြီး အထွတ်အထိပ် အဆင့် သိုင်းဂိုင်ယာ ရုပ်ခန္ဓာ... အဆင့်မြင့် ဝိညာဉ်နဲ့ ရုပ်အင်အား... အလယ်အလတ် အဆင့် လျှို့ဝှက် လမ်စဉ် နားလည်မှု...”
ဤသည်က မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရှိပြီး နောက်တွင် ပထမဆုံး အကြိမ် အဖြစ် တိုက်ခိုက်ရမှာကို သူ စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ ချက်ချင်းပင် သူ့ ခန္ဓာကိုယ်မှာ စစ်အော်ရာများနှင့် တောက်လောင် လာခဲ့၏။ အကန့်အသတ်မဲ့ သိုင်းဧကရာဇ်လို ပြိုင်ဘက်မျိုးမှာ ရှားပါးလှသည်။ အဂ္ဂိရတ် ထုတ်ကုန် တစ်ချို့ ပံ့ပိုးပေးလိုက်သည်နှင့် ထိုပုဂ္ဂိုလ်မှာ အစစ်အမှန် ထိပ်သီး မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာမှာ ကျိန်းသေသည်။
ကျန့်ကျန့် နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ပြင်လိုက်စဉ်မှာပင် ဝေ့ဝူယင်၏ အသံက အမှောင် ဟင်းလင်းပြင် အတွင်း ပျံ့နှံ့လာခဲ့၏။
“သူ့ကို ခေါင်းပေးလိုက်...”
အကန့်အသတ်မဲ့ သိုင်းဧကရာဇ်ကို ကြည့်ရင်း ကျန့်ကျန့်၏ မျက်လုံးများက စိတ်ပျက်သည့် အရိပ်အယောင်များနှင့် ပြည့်နှက် သွားခဲ့သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကျန်းကျင်းရှီ၏ ဦးခေါင်းမှာ အဆုံးမဲ့ သိုင်းဧကရာဇ်ထံ ပျံသန်း သွားခဲ့သည်။
ကျန့်ကျန့်မှာ ထိုနေရာတွင် ဆက်လက် အချိန်ဖြုန်းခြင်း မပြုတော့ချေ။ သူက စစ်ဝိညာဉ် သုံးခုကို ခေါ်ဆောင်ကာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေထံ ပြန်လည် ပျံသန်းလာခဲ့တော့၏။
"..."
အကန့်အသတ်မဲ့ သိုင်းဧကရာဇ်က ကျန်းကျင်းရှီ၏ ဦးခေါင်းကို ဆုပ်ကိုင်ရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ကျန့်ကျန့်ကို လှမ်းကြည့် နေခဲ့သည်။ သူက လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားဆဲ ဖြစ်ကာ မျက်လုံးများမှာလည်း မှောင်မည်းနေဆဲ ဖြစ်သည်။ သို့သော်လည်း... သူ ကျန့်ကျန့်တို့ နောက်ကို မလိုက်ပါချေ။ လက်ထဲရှိ ဦးခေါင်းပြတ်ကိုသာ ငုံ့ကြည့်လိုက်၏။ ချက်ချင်းပင် သူ့ မျက်လုံးများက အချိန် စွမ်းအင်များနှင့် တောက်လောင် လာခဲ့သည်။
တစ်စက္ကန့်မျှ ကြာမြင့်ပြီးနောက် အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၏ မျက်လုံးများက ဝမ်းနည်း ပူဆွေးမှုများနှင့် ပြည့်နှက် လာခဲ့၏။
“သောက်ရူးကောင်... အကြိမ်ကြိမ် အသက်ဘေးက လွတ်မြောက်ခဲ့ပေမဲ့ ငါ လက်စားချေမယ့် အချိန် အထိတော့ မစောင့်နိုင်ခဲ့ဘူး”
သူ ခပ်တိုးတိုး ရေရွတ်လိုက်ရင်း အကန့်အသတ်မဲ့ သိုင်းဂိုဏ်း၏ လျှို့ဝှက် အာဏာရှင် အဆင့်များ ရှိရာထံ ပြန်လည် ပျံသန်းလာခဲ့သည်။ အားလုံးမှာ ပါးစပ် အဟောင်းသားဖြင့် သူတို့၏ ခေါင်းဆောင်ကို ငေးကြည့် နေမိကြ၏။ ဒဏ္ဍာရီလာ သူရဲကောင်း သုံးဦး အပါအဝင် ဖြစ်သည့် လက်သီးမှာ အလွန် အစွမ်းထက်ကြောင်း သိရှိခဲ့ကြပြီး ဖြစ်သည့်တိုင် ယခုလောက် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မျှော်လင့် မထားခဲ့ကြသည်ကတော့ အမှန်တကယ် ဖြစ်သည်။
ဝမ်... ဝမ်...
ရုတ်တရက် အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ ငလျင် လှုပ်ခတ်သည့် အလား စတင်ကာ တုန်ရီလာခဲ့လေ၏။ အားလုံး၏ အမူအရာများက ပြောင်းလဲသွားကာ ဝေ့ဝူယင်တို့ ရပ်နေသည့် နယ်မြေထံ လှမ်းကြည့် လိုက်သည်။ အာကာသ ငလျင်လေလော...။
“နောက်ဆုံးတော့ အဆင်သင့် ဖြစ်ပြီ...”
ဝေ့ဝူယင်က အသာအယာပင် ပြုံးလိုက်လေ၏။
...
“ဘာတွေ ဖြစ်နေတာလဲ...”
လောကကြီး၏ ရုတ်တရက် အပြောင်းအလဲကြောင့် လျှို့ဝှက် အာဏာရှင်များထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့၏။
ဟူး... ဟူး...
များလှစွာသော ထိပ်သီး ကျင့်ကြံသူများမှာ လျှို့ဝှက် အကာအကွယ်များကို ထုတ်ဖော် လိုက်ကြကာ ဖြစ်ပေါ်လာသည့် မည်သည့် အန္တရာယ်မျိုးကို မဆို ကာကွယ်ဖို့ အဆင်သင့် ပြင်ဆင်ထားကြသည်။ သူတို့ အားလုံး၏ မျက်လုံးများက အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို စိုက်ကြည့် နေခဲ့၏။ အာကာသ ငလျင်မှာ ထိုအရပ်တွင် မြစ်ဖျားခံလာခြင်း ဖြစ်ကြောင်း သူတို့ ရှင်းလင်းစွာ ခံစားနိုင်ပေသည်။
“အဲဒီနေရာမှာ အာကာသ လှုပ်ခတ်မှုတွေ ရှိနေသလိုပဲ...”
အာကာသ အမျိုးအစား အမြင်အာရုံ အစီအရင် တစ်ခုကို ထုတ်ဖော်ကာ လေ့လာ ကြည့်ရှု နေသည့် မြေကြီး ရှန့်ထို တစ်ယောက်က သုံးသပ်လိုက်၏။
အာကာသလှိုင်းများ တဖြည်းဖြည်း ကြီးထွားလာသည်ကို ကြည့်ရင်း မြေကြီး ရှန့်ထို တစ်ချို့မှာ သူတို့၏ နောက်လိုက် နောက်ပါများကို ခေါ်ဆောင်ကာ ဆုံးဖြတ်ချက် ပြတ်သားစွာ နောက်ဆုတ် သွားကြသည်။
“ဆိုတော့ ဒါကြောင့်လား...”
မာ့ကျန်း၏ မျက်လုံးများမှာ နားလည် သဘောပေါက်ခြင်းများနှင့် တောက်ပသွားခဲ့၏။ လူအိုကြီးမှာ ဝေ့ဝူယင်က သူတို့ အားလုံးအား အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ဝင်ခွင့် ပိတ်ပင်ထားသည့် အကြောင်းပြချက်ကို အချိန် အကြာကြီး တွေးတော နေခဲ့ခြင်း ဖြစ်သည်။ အခြားလူများအား ပေးမဝင်လျှင်ပင် အနည်းဆုံး သူ့ကိုတော့ ပေးဝင်သင့်ပေသည်။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်နှင့် သူက အရင်းနှီးဆုံး မိတ်ဆွေများဟုပင် ဆိုနိုင်သည် မဟုတ်ပါလား။ သို့သော်လည်း ဝေ့ဝူယင်က သူ့ကိုပင် ပေးမဝင်လေရာ တစ်စုံတစ်ရာ လွဲချော်နေကြောင်း ထင်ရှားပေသည်။ ယခုတွင်တော့ အကြောင်းတရားကို သူ သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။
ပထမ တစ်ချက်... အာကာသလှိုင်းများမှာ သန့်ရှင်းရေး ယန္တရားများလိုပင် ဖြစ်သည်။ ၎င်းတို့မှာ ပြန့်ကျဲနေသည့် ဂြိုဟ်များ၊ ဥက္ကာခံ အပိုင်းအစများကို ကြိုတင် တည်ဆောက်ထားဟန် ရှိသည့် နယ်မြေတစ်ခုထဲ စုပ်ယူနေသည့်ပုံ ရသည်။ အဆိုပါ နယ်မြေမှာ လောကပုလဲ အခွံလို သီးခြား လွတ်လပ်သော နေရာ တစ်ခုနှင့် ဆင်တူပေသည်။
အကယ်၍ တက်ရောက်လာသည့် လျှို့ဝှက် အာဏာရှင် အဆင့်များသာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ဝင်ရောက်ပါက မခံမရနိုင်လောက်သည့် ဖိအားများနှင့် ရင်ဆိုင်ရကာ အလွန် အမင်း အန္တရာယ် များသော အာကာသ ဥမင်များထဲ ကျရောက်သွားလိမ့်မ့ည် ဖြစ်သည်။ ထိုအခါ... သန့်ရှင်းရေး လမ်းကြောင်းများကို ဖျက်ဆီးမိကာ အလွန် ပရမ်းပတာ ဆန်သည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
“အံ့ဩစရာပဲ...”
မာ့ကျန်းက ကြယ်ကွင်းပြင် တစ်ခုလုံးကိုပင် လွှမ်းခြုံထားသည့် အစီအရင်ကြီးကို လေ့လာရင်း ရေရွတ် လိုက်မိသည်။ ယခု အာရုဏ်ဦး ကြယ်တာရာ နယ်မြေ တစ်ဖြစ်လည်း သူတော်စင် ခုနစ်ပါး ထောက်တိုင် ကြယ်ကွင်းပြင်ကြီးမှာ အလွန်တရာပင် အပြောကျယ်လွန်းလှသည်။ မြေကြီး ရှန့်ထိုများ အတွက်ပင်လျှင် ထိုနယ်မြေကျယ်ကြီးကို သန့်ရှင်းရေး လုပ်ဖို့က မလွယ်ကူပါချေ။ ထိရောက်စွာ လုပ်ဆောင်ရန် အတွက် ဆိုလျှင် ဆယ်စုနှစ်၊ ရာစုနှစ်ချီ၍ပင် ကြာမြင့်နိုင်ပေသည်။
ဒုတိယ တစ်ချက် အနေဖြင့်...
ဆက်စက်မှု အာကာသ လျှို့ဝှက် ဝိညာဉ်ကို ကျင့်ကြံနေသူ တစ်ဦး အနေဖြင့် ရှေးဟောင်းခေတ်၏ အကြွင်းအကျန် နယ်မြေများမှာ စတင် ရွေ့လျားနေသည်ကို သူ တွေ့ရှိရသည်။ နယ်မြေများကို ရွှေ့ပြောင်းရန်မှာ အလွန်ပင် ခက်ခဲလွန်းလှသည်။ ဂြိုဟ်တစ်ခုအား နေရာ ရွှေ့ပြောင်ရသည်က ခက်ခဲသည် ဆိုလျှင် နယ်မြေ တစ်ခုကို ရွှေ့ပြောင်းရသည်က အတစ်ရာ ပိုခက်သည်။
“နေဦး...”
အာကာသလှိုင်းများကို ကြည့်ရင်း ရုတ်တရက် မာ့ကျန်း၏ အမူအရာက ပြောင်းလဲ သွားခဲ့၏။ ၎င်းတို့မှာ နေရာရွေ့နေခြင်းမျှသာ မကချေ။ တစ်စုံတစ်ရာနှင့် ပေါင်းစပ်နေခြင်း ဖြစ်လေသည်။
“သူက...”
မာ့ကျန်း၏ မျက်လုံးများမှာ အလွန်တရာ စိတ်လှုပ်ရှားသည့် အငွေ့အသက်များနှင့် ကျွမ်းလောင် လာခဲ့လေတော့၏။
***