← Chapters

ရွှေ့ပြောင်းခြင်း (၂)

Vol. 98 Ch. 1366

ရွှေ့ပြောင်းခြင်း (၂)

Vol. 98 Ch. 1366

“သူက ပြန့်ကျဲနေတဲ့ နယ်မြေတွေကို နယ်မြေကွင်းပြင် တစ်ခု ဖြစ်လာအောင် ပေါင်းစည်းနေတာ...”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က မယုံကြည်နိုင်သည့် လေသံဖြင့် ရေရွတ်လိုက်လေ၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်သီး မြေကြီး ရှန့်ထို သုံးယောက် စာရင်းဝင် ပုဂ္ဂိုလ်ကြီးမှာ ကျန်းကျင်းရှီ သေဆုံးတုန်းကပင် တည်ငြိမ်စွာ တုန့်ပြန်နိုင်ခဲ့သော်လည်း ယခုတွင်တော့ ကြီးမားစွာ ပြောင်းလဲ နေခဲ့ပြီ ဖြစ်သည်။

သူ့ ဘေးနားရှိ ယွီလီရှင်း၊ ဖေးယဲ့လီယင်နှင့် အခြား ဝိညာဉ် ဧကရာဇ်များ အားလုံးမှာလည်း အလားတူပင် တုန်လှုပ် နေခဲ့ကြသည်။

“နယ်မြေကွင်းပြင် ဟုတ်လား...”

ဝိညာဉ် နိုးထခြင်း ရှန့်ထိုက အံ့ဩစွာဖြင့် မေးလိုက်၏။ ၎င်းက အထင်ကြီးစရာ ကောင်းသည်ဟု ခံစားရသော်လည်း... အကြောင်းတရားကိုတော့ ယခုတိုင် မဆုပ်ကိုင်နိုင်သေးပါချေ။

"..."

ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ အမူအရာက တည်ငြိမ်မှုကို ပြန်လည်၍ ရရှိလာ၏။ သူ၏ မျက်ဝန်းများက အာကာသ၊ ဝိညာဉ် အလင်းများနှင့် ရောနှော၍ ပြည့်နှက်နေသည်။ သံလိုက်နှင့် ဆွဲငင်ခံရသလို ရွေ့လျားနေသည့် (အာကာသ အလွှာများ အတွင်း ပုန်းကွယ်နေသော) နယ်မြေများ၏ မြင်ကွင်းက ဖော်ပြရန် ခက်ခဲလှသော်လည်း အလွန် အံ့အားသင့်စရာ ကောင်းလှသည်။

“ရိုးရိုးရှင်းရှင်း ပြောရရင် နယ်မြေကွင်းပြင် ဆိုတာက အရမ်းကို ကြီးမားတဲ့ လောက နယ်မြေကြီးပေါ့... တစ်နည်း ဆိုရရင် လွတ်လပ်တဲ့ ကြယ်တာရာ နယ်မြေတွေ ပါတဲ့ ကြယ်ကွင်းပြင် တစ်ခုနဲ့ ဆင်တူတယ်”

“ဟုတ်လား...”

ဝိညာဉ် နိုးထခြင်း ရှန့်ထို၏ မျက်ဝန်းများမှာ အံ့အားသင့်သည့် အငွေ့အသက်များနှင့် ထုံလွှမ်းသွားခဲ့သည်။ သူမက ထိုအကြောင်းကို နောက်ထပ် အသေးစိတ် မေးမြန်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ယွီလီရှင်းက ကြားဖြတ်ကာ ပြောဆိုလိုက်လေသည်။

“အကြွင်းမဲ့ စည်းစိမ် နယ်မြေကလည်း နယ်မြေကွင်းပြင် တစ်ခုနဲ့ ဆင်တူတယ်လို့ ပြောလို့ရတယ်”

“အိုး...”

ထိုအချက် တစ်ချက်တည်းဖြင့် ဝိညာဉ် နိုးထခြင်း ရှန့်ထို သိချင်သည့် အရာအားလုံးက ရှင်းလင်း သွားခဲ့ပြီ ဖြစ်သည်။

အကြွင်းမဲ့ စည်းစိမ်နယ်မြေမှာ ဂြိုဟ်အနည်းငယ်ဖြင့် ဖွဲ့စည်းထားသည့် နေရာ တစ်ခုသာ ဖြစ်သည့်တိုင် တကယ်တမ်းတွင် များလှစွာသော လောကနယ်မြေများ၊ လျှို့ဝှက် နယ်မြေများကို ဟင်းလင်းပြင် ဂိတ်တံခါးများနှင့် ပေါင်းစပ်၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အဆုံးမဲ့ ကောင်းကင်တွင် မာ့ကျန်းလို အာကာသ လမ်းစဉ်ကို နက်ရှိုင်းစွာ နားလည်ထားသည့် ကျင့်ကြံသူ တစ်ယောက်သာလျှင်၊ ရွှေရောင် အသက်နန်းတော်၏ များလှစွာသော အထောက်အပံ့ ရင်းမြစ်များ အကူအညီဖြင့် ထိုကဲ့သို့ နယ်မြေကွင်းပြင်မျိုးကို တည်ဆောက်ရန် မျှော်လင့်နိုင်ပေသည်။ ၎င်းက အလွန်ပင် ကြီးမားလွန်းလှသည့် အပြင်... ပိုမို၍ အရေးကြီးသည့် အရာက အလွန် အကုန်အကျ များခြင်း ဖြစ်လေသည်။

“အံ့ဩစရာ မရှိတော့ဘူး...”

အကန့်အသတ်မဲ့ သိုင်းဧကရာဇ်က ထိုမြင်ကွင်းကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုနေကြယ်ကြီးမှာ သဘာဝ အတိုင်း ဖြစ်ပေါ်လာခြင်း မဖြစ်နိုင်တော့ချေ။ ဝေ့ဝူယင်၏ နောက်ကွယ်ရှိ အင်အားစုမှာ ထိုအရာကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ဧကရာဇ် ရှောင်ချွမ်း၏ မျက်ဝန်းများမှာ တဖျပ်ဖျပ် တောက်ပနေခဲ့၏။ ထိုဖြစ်ရပ်က သူမ၏ စိတ်ဝင်စားမှုကို ယူနိုင်စွမ်း ရှိပေသည်။ ကောင်းကင် ဖျက်ဆီးသူ၏ အရှေ့၌ ရပ်နေသည့် ဝေ့ဝူယင်၏ ပုံရိပ်ကို သူမ လှမ်းကြည့် လိုက်မိ၏။

ထိုလူငယ်က မရိုးရှင်းချေ။ လက်ရှိ အချိန်ထိ လျှောက်လှမ်းနေခဲ့သည့် လမ်းကြောင်းကို ပြန်လည် တွေးတောရင်း ဆုံးဖြတ်ချက်များက မှားယွင်းခဲ့လေသလော နှလုံးသားထဲ၌ သူမ သံသယ ဝင်လာခဲ့သည်။ သို့သော်လည်း... အပြာရောင် ဆံပင်များနှင့် ချောမော ခန့်ညားသည့် ပုဂ္ဂိုလ်ကို ပြန်လည် မြင်ယောင်မိသော အခိုက်၌ သူမ၏ သံသယများက ပျောက်ကွယ်သွားခဲ့၏။

ဝေ့ဝူယင်မှာ ဧကရီ၏ စိတ်ခံစားချက် အပြောင်းအလဲကို သတိထားမိရာ လှည့်ကြည့်လိုက်၏။ ထိုအခါ ဝမ်းဗိုက် အောက်ပိုင်းအား ဆုပ်ကိုင်ထားသည်ကို သတိပြုမိလိုက်သည်။ ထိုအမျိုးသမီးက သူ့ ကိုယ်ပိုင် ကျင့်ကြံခြင်း အခြေခံကို စစ်ဆေးနေသလော။ ဝေ့ဝူယင် သူမ၏ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်နေဖို့ ဆုံးဖြတ်လိုက်၏။ အကယ်၍ သူမသာ တစ်နည်းနည်းဖြင့် လှုပ်ရှားဖို့ ကြိုးပမ်းမည် ဆိုလျှင်... အဆုံးမဲ့ ကောင်းကင်၏ နံပတ်တစ် အလှမယ် ဖြစ်လျှင်ပင် သူ ငဲ့ညှာမည် မဟုတ်ပါချေ။

ဟူး... ဟူး....

နောက်ဆုံး၌ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းရှိ ဂြိုဟ်ပျက်ကြီးများ၊ ဥက္ကာခဲများ၊ ထူးဆန်းသော အရာ ဝတ္ထုများနှင့် ပြန့်ကျဲနေသည့် လောက အားလုံးမှာ လောကကွင်းပြင် တစ်ခု အတွင်း စုစည်း သွားခဲ့သည်။ ဝေ့ဝူယင် ဆယ်စုနှစ်ချီ ရေးဆွဲထားခဲ့သော အစီအစဉ်များမှာ အသက်ဝင်လာခဲ့ပြီ ဖြစ်လေသည်။

သုံးမိနစ်မျှ အတွင်းမှာပင် အသစ် ဖွဲ့စည်းထားသည့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို သန့်ရှင်းရေး လုပ်ပြီး သွားကြပြီ ဖြစ်သည်။ ဖီဆန်ပေါက်စလေးမှ အပ ကျန်နေရာ အားလုံးမှာ နတ္ထိ ဟင်းလင်းပြင်နှင့်ပင် ခြားနားခြင်း မရှိတော့ချေ။ ယခု အခါ၌ အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ ပထမဆုံး ဂန္တဝင်မြောက် စုတ်ချက်ကို စောင့်မျှော်နေသည့် ကန်းဗတ်စ အလွတ်တစ်ခုလိုပင်။

ထိုအခိုက်၌ ဦးညွှတ်နေကြသည့် မြေကြီး ရှန့်ထို လေးယောက်ပင်လျှင် ဆက်လက် ခေါင်းငုံ့နိုင်ခြင်း မရှိတော့ပဲ ထူးဆန်းကာ အသက်ရှူမှားဖွယ် ကောင်းလှသည့် ထိုနတ္ထိ အလှအပကို ငေးမော နေကြသည်။ စိတ်လှုပ်ရှားသည့် အငွေ့အသက်များမှာ သူတို့၏ မျက်ဝန်းများထဲတွင် ကိန်းအောင်း နေကြ၏။ ကြီးကျယ် ခမ်းနားသည့် အနာဂတ် တစ်ခုက စောင့်ကြိုနေကြောင်း သူတို့ သိကြပေသည်။ ဝေ့ဝူယင်အား ခစားကြသူများမှာ မယုံကြည်နိုင်လောက်စရာ အကျိုးအမြတ်များကို ရရှိကြလိမ့်မည် ဖြစ်သည်။

အခြားလူများမှာလည်း ဉာဏ်ရည်နိမ့်ပါးကြသူများ မဟုတ်လေရာ ထိုအချက်ကို သိကြပေသည်။ သို့သော်လည်း ကိုယ့်ကံကြမ္မာကို စီရင်ပိုင်ခွင့်နှင့် မာနတရားတို့က သူတို့ကို ဒူးမထောက်အောင် တားဆီးထားသည်။ အင်ပါယာ ကလန်မှာ ကျိန်စာ အခြေပြု လူ့အဖွဲ့အစည်း တစ်ခုကို ဖန်တီးခဲ့ကာ ထိုအရိပ်အောက်၌ သူတို့မှာ ခြိမ်းခြောက်မှု၊ ကျူးကျော်မှုများကို ထိတ်လန့်စရာ မလိုပဲ နှစ်ပေါင်းများစွာ နေထိုင်နိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့ အတွက် ဒူးထောက်ရန်မှာ ခက်ခဲလွန်းလှသည်။

အခြားတစ်ဖက်၌ အလံကို ကိုင်ဆောင်ထားသည့် ဝေ့ဝူယင်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားသည့် အငွေ့အသက်များနှင့် တဖျပ်ဖျပ် တောက်ပလာနေခဲ့၏။ သူက အလံကို မြှောက်လိုက်ရာ ငွေရောင် အလင်းတန်း တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာကာ ဖီဆန်ပေါက်စ၏ ရောင်စဉ်များက အဆမတန် တိုးမြင့်လာခဲ့သည်။ ထိုတောက်ပမှုက အလွန်ပင် စူးရှလွန်းရကား လျှို့ဝှက် အာဏာရှင် အဆင့်များပင်လျှင် မျက်လုံးများကို ဖုံးကွယ် ထားလိုက်ရ၏။

ဟား... ဟား...

ဝေ့ဝူယင်က ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်ရင်း အလံ၏ အောက်ခြေကို အာကာသ အလွှာအတွင်း ထိုးစိုက် လိုက်သည်။ ထို့နောက်... သူက အော်ဟစ်လိုက်လေ၏။

“ရွှေ့ပြောင်းမယ်...”

သူ၏ အသံက တစ်လောကလုံးကို လွှမ်းခြုံ သွားခဲ့လေ၏။

ဘုန်း... ဘုန်း... ဘုန်း..

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ နေရာ အနှံ့အပြားတွင် အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာကာ အာကာသတိုင်ကြီးများ တိုးထွက်လာခဲ့၏။ ထို့နောက်တွင်ကား...

ဝှစ်... ဝှစ်... ဝှစ်...

အကြီး၊ အငယ်၊ အလတ်၊ တိုက်တန် အရွယ် ဂြိုဟ်ပေါင်းများစွာမှာ ပုံစံ မပျက်ပဲ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း စတင်ကာ ပေါ်လွင်လာခဲ့သည်။ ၎င်းတို့မှာ ပျံကျ ပြန့်ကျဲနေပုံ ပေါ်သော်လည်း တကယ်တမ်းတွင်တော့ စနစ်တကျ ဖြစ်ကာ ကိုယ်ပိုင် ဝင်ရိုးများထက်၌ လည်ပတ်ရင်း နေကြယ်ကို စတင် ပတ်လာကြ၏။

အကယ်၍ သေချာ ရေတွက်ကြည့်မည် ဆိုပါက ဂြိုဟ်ပေါင်း ၄၉ လုံး တိတိ ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်လေသည်။ အချို့သော ဂြိုဟ်များမှာ ဂြိုဟ်ရံလများကို ပိုင်ဆိုင်ထားကာ ၎င်းတို့က အရေအတွက်အားဖြင့် ၈၂ လုံးတိတိ ရှိသည်။

ထာဝရဂြိုဟ်သစ်ဟု လူသိများခဲ့ပြီး မကြာသေးခင်ကမှ အဆုံးမဲ့ အာရုဏ်ဦး အဖြစ် နာမည် ပြောင်းလဲထားသည့် ဂြိုဟ်ကြီးမှာလည်း အသစ်ရောက်ရှိလာသည့် ဂြိုဟ်များထဲတွင် တစ်ခု အပါအဝင် ဖြစ်လေသည်။ ၎င်းမှာ နေရာ ကောင်း၌ တည်ရှိနေကာ ဖီဆန်ပေါက်စနှင့် အနီးဆုံး၊ သို့သော်လည်း... ဘေးအကင်းဆုံး နေရာတစ်ခုတွင် တည်ရှိနေသည်။ ယခုအချိန်မှ စတင်၍ ၎င်းမှာ အခြား ဂြိုဟ်များထက် နေရောင်ခြည် စွမ်းအင်များကို အများဆုံး ရရှိလိမ့်မည် ဖြစ်ပေသည်။

အသူရာ အာရုဏ်ဦး...

ထိုဂြိုဟ်မှာလည်း တည်ရှိနေပေသည်။

“နေဦး... ဟိုဟာက အယ်ဗန် ဘေးမဲ့ နယ်မြေက လလေးစင်း မဟုတ်ဘူးလား...”

ရုတ်တရက် မြေကြီး ရှန့်ထို တစ်ယောက်က မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။ အယ်ဗန် ဘေးမဲ့ နယ်မြေရှိ ရေလ၊ သစ်သားလ၊ မီးလျှံလနှင့် မီးခိုးရောင်လတို့မှာ အထွတ်အမြတ် ရေနန်းတော်၊ အထွတ်အမြတ် သစ်တော နန်းတော်၊ အထွတ်အမြတ် မီးတောင် နန်းတော်နှင့် အထွတ်အမြတ် ကန္တာရ နန်းတော်တို့ တည်ရှိရာ ဌာနေများ ဖြစ်ကြပေသည်။ သူတို့က အယ်ဗန်မျိုးနွယ်၏ ထိပ်သီး အင်အားစု လေးခု ဖြစ်ပေသည်။

“ဂြိုဟ်တစ်လုံးလည်း ပါသေးတယ်... ဘုရားရေ... သူက အယ်ဗန် ဘေးမဲ့ နယ်မြေ တစ်ခုလုံးကို ဒီနေရာ ရွှေ့ပစ်လိုက်တာလား”

လလေးစင် အပြင် အထွတ်အမြတ် ရောင်စဉ် နန်းတော်၏ ထိပ်သီး အယ်ဗန်မျိုးနွယ်များ နေထိုင်ကြသည့် တစ်ခုတည်းသော ဂြိုဟ်လည်း အပါအဝင် ဖြစ်ပေသည်။

ထာဝရ အစည်းအရုံးမှာ အယ်ဗန်မျိုးနွယ်ဝင်များကို ကျွန်မပြုခဲ့ပဲ နှစ်ထောင်ပေါင်း များစွာ ကြာအောင် သူတို့ အတွက် ခိုလှုံရာ နေရာတစ်ခု ဖန်တီးပေးခဲ့သည်။ သို့သော်လည်း... တကယ်တမ်းတွင် ထိုခိုလှုံရာ နေရာမှာ သူတို့ အတွက် ပြင်ပ လောကနှင့် အဆက်အသွယ်ဖြတ်ထားသော အကျဉ်းထောင် တစ်ခုလည်း ဖြစ်ပေသည်။ သူတို့က ထိုဘေးမဲ့ နယ်မြေတွင် နေထိုင်ကြရကာ အမှန်တကယ် လွတ်လပ်မှုမျိုးကို မခံစားရပါချေ။

အကယ်၍ အယ်ဗန် မျိုးနွယ်ဝင် တစ်ယောက်က ပြင်ပ နယ်မြေတွင် အင်အားစု တစ်ခု တည်ဆောက်ခဲ့လျှင်ပင် ၎င်းမှာ အချိန်တို အတွင်း ဖျက်ဆီးခံရလေ့ ရှိသည်။ ရဲရင့်သော လူငယ် ပါရမီရှင် များစွာမှာလည်း မကြာခဏ ဆိုသလို ပြင်ပ နယ်မြေများတွင် ခွဲခြား ဆက်ဆံခံရခြင်း၊ လှောင်ပြောင် ကဲ့ရဲ့ခြင်းများကို ခံစားရလေ့ ရှိသည်။

ထို့ကြောင့်ပင် ဘေးမဲ့ နယ်မြေ တစ်ခုထက် အကျဉ်းထောင် တစ်ခုနှင့် တူသည်ဟု ဆိုကြခြင်း ဖြစ်သည်။ ထိုနေရာ၌ အရင်းအမြစ် အကန့်အသတ်များစွာ ရှိလေရာ အယ်ဗန်မျိုးနွယ်ဝင်များ အတွက် ကြီးထွားဖို့ အခွင့်အလမ်း မရှိသလောက် ဖြစ်ပေသည်။

ယခုတွင်တော့ အယ်ဗန် ဘေးမဲ့ နယ်မြေ တစ်ခုလုံးမှာ အဆုံးမဲ့ ကောင်းကင် နေကြယ်ထက် ဆယ်ဆမျှ ပိုမို ကြီးမားသည့် နေကြယ်ကြီး၏ အကျိုးအမြတ်များကို မည်သည့် ကန့်သတ်ချက်မှ မရှိပဲ ရရှိခံစားခွင့် ရရှိတော့မည် ဖြစ်လေသည်။

***

All Chapters