ရွှေ့ပြောင်းခြင်း (၃)
Vol. 98 Ch. 1367
မြေကြီး ရှန့်ထိုများ ထိုအံ့မခန်း မြင်ကွင်းကို အသက်ရှူ မှားမတတ် ငေးမော ကြည့်ရှု နေမိကြ၏။ ၄၉ လုံးသော ဂြိုဟ်များထက်၌ သူတို့ ရင်းနှီးပြီးသား ဂြိုဟ်များ ပါဝင်သလို ရင်းနှီးခြင်း မရှိသည့် ဂြိုဟ်များလည်း ပါဝင်နေပေသည်။ ၎င်းတို့ တစ်ခုချင်းစီကို စစ်ဆေးရန် သူတို့ထံ၌ အချိန် မရှိသည့်တိုင် ဂြိုဟ်အားလုံး ထက်ရှိ မြင်ကွင်းများက သူတို့ နှလုံးသားကို တုန်လှုပ်စေသည်။
အချို့သော ဂြိုဟ်များထက်၌ တောင်တန်းများ၊ လွင်ပြင်များ၊ သမုဒ္ဒရာများ ပြည့်နှက် နေကြကာ ကိုယ်ပိုင် ဂေဟစနစ်ကို ထိန်းသိမ်းထားသည့် သားရဲပေါင်းများစွာ ကျက်စား နေကြသည်။ ၎င်းက အလွန် ရှားပါးသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ သားရဲများမှာ အစားအစာ သို့မဟုတ် အိမ်မွေး တိရစ္ဆာန်များ ဖြစ်သည်။ သူတို့ကို များသောအားဖြင့် စစ်ပွဲများတွင် အသုံးပြုရန် ခရီးသွားရန် ပစ္စည်းများ သယ်ပိုးရန် အတွက် အသုံးချလေ့ ရှိကြသည်။ ယခုလို လွတ်လပ်စွာ နေထိုင်ခွင့် မရှိပါချေ။ ၎င်းက အခြား မည်သည့် နေရာတွင်မှ မရှိသည့် မြင်ကွင်းမျိုး ဖြစ်လေသည်။
ပိုမို၍ ထူးဆန်းသည့် အရာ တစ်ခုက အချို့သော ဂြိုဟ်များထက်တွင် နဂါးများ မှီတင်း နေထိုင်သည့် ယဉ်ကျေးမှု တစ်ခု ရှိနေခြင်း ဖြစ်သည်။ သူတို့မှာ လူသားများနှင့် ဆင်တူကာ နဂါး အဖွဲ့အစည်း တစ်ခုကို ထူထောင် ထားနိုင်သည်။ တိုက်ရိုက် နှိုင်းယှဉ်ခြင်း မဟုတ်သည့်တိုင် သူတို့မှာ မျိုးနွယ်များ ဖွဲ့စည်းခြင်း၊ တစ်ယောက်နှင့် တစ်ယောက် ကုန်ပစ္စည်းများ ဖလှယ်ခြင်း၊ မြို့ကြီးများ ကဲ့သို့ ရှေးဟောင်း အဆောက်အအုံကြီးများ ဖန်တီးကာ အတူတကွ နေထိုင်ခြင်းတို့ကို ပြုမူ နေကြသည်။
အံ့ဖွယ် မြင်ကွင်း တစ်ခုပါပင်။
အဆုံးမဲ့ အာရုဏ်ဦးဂြိုဟ်၏ လေထု အလွှာ အထက်တွင်တော့ ခန့်ညား ထည်ဝါသည့် ပုဂ္ဂိုလ် တစ်ဦးမှာ လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ရပ် နေခဲ့၏။ သူ၏ မျက်လုံးများက အဆုံးမဲ့ ကြယ်တာရာများလို တောက်ပနေကာ အကန့်အသတ်မဲ့ စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက်နေသည်။
ဝူယု...
မဟာ သူရဲကောင်းမှာ ဂြိုဟ်သစ်နှင့် အတူ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
“နောက်ဆုံးတော့...”
သူက မျက်လုံးကို မှိတ်ရင်း အသက်ကို ဝဝရှူသွင်းလိုက်၏။ ကြွယ်ဝသည့် နေရောင်ခြည် စွမ်းအင်များမှာ အလွန်ပင် နှစ်လိုဖွယ် ကေင်းလှသည်။ ဤကြယ်တာရာ နယ်မြေမှာ သက်ရှိများ အတွက် ဖော်ပြ၍ မရနိုင်သည့် အကျိုးကျေးဇူးများ ပေးလိမ့်မည် ဖြစ်ကြောင်း သေချာပေသည်။ မကြာခင် ကမ္ဘာဦး သားရဲများမှာ ရှားပါးတော့မည် မဟုတ်ပါချေ။
အစုလိုက် အပြုံလိုက် နေရာ ရွှေ့ပြောင်းမှု စီမံကိန်းကြီးကား ထိုကဲ့သို့ပင် အောင်မြင်သွားခဲ့ပြီ ဖြစ်လေသည်။
ဂြိုဟ်ပေါင်း ၄၉ လုံး၊ လပေါင်း ၈၁ စင်းနှင့် နေကြယ် တစ်ခု...
အကယ်၍ ကုန်းမြေတိုက်ကြီးများကို ရေတွက်မည် ဆိုပါက ဝေ့ဝူယင်၏ လည်ပင်းတွင် ဆွဲထားသည့် အနန္တ ကုန်းမြေတိုက်ကြီးကိုပါ ထည့်သွင်း ရေတွက်ရလိမ့်မည် ဖြစ်ပေသည်။
“အာရုဏ်ဦး ကြယ်တာရာ နယ်မြေ...”
ဝေ့ဝူယင်က အော်ဟစ်လိုက်ရင်း အလံတိုင်ကို နောက်တစ်ကြိမ် ဆောင့်ချလိုက်၏။ အဆုံးမဲ့ အာကာသလှိုင်းများက ဟင်းလင်းပြင် တစ်ခုလုံးကို ဖြတ်ကျော် ရွေ့လျားသွားကာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ နယ်နိမိတ်ကို သတ်မှတ်လိုက်သည်။
ယနေ့၌ ဝေ့ဝူယင်၏ ပထမဆုံးသော ပိုင်နက်မှာ မွေးဖွားလာခဲ့လေသည်။ သူက အိမ်ကို ကိုယ်ပိုင် လက်နှစ်ဖက်ဖြင့် တည်ဆောက်ခဲ့လေသည်။
...
“မယုံကြည်နိုင်စရာပဲ...”
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ကြယ်တာရာ နယ်မြေ တစ်ခု တည်ဆောက်ပြီးစီး သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ၎င်းသာ ‘မယုံကြည်နိုင်စရာ’ မဟုတ်လျှင် ဤကမ္ဘာတွင် ရှိသည့် မည်သည့် အရာမှ မယုံကြည်နိုင်စရာ ဖြစ်တော့မည် မဟုတ်ချေ။ အဆိုပါ ဖြစ်ရပ်အား မြင်တွေ့ခွင့် ရရှိခဲ့သည့် လူအားလုံး၏ အမူအရာများမှာ တုန်လှုပ် ချောက်ချားခြင်း၊ မယုံကြည်နိုင်ခြင်း၊ စိတ်လှုပ်ရှားခြင်း စသည့် ခံစားချက်များနှင့် ရောနှော ပြည့်နှက် နေခဲ့လေ၏။
“ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သလဲ...”
ဝိညာဉ် ရှန့်ထို ဧကရာဇ်က အစိမ်းရောင် မျက်ဝန်းများနှင့် ဘေးပတ်ဝန်းကျင်ရှိ လျှို့ဝှက် အာဏာရှင် အဆင့်များကို လှည့်ပတ် ကြည့်ရင်း စိတ်ထဲမှ ပြုံးလိုက်မိသည်။ သူတို့အားလုံးမှာ အသစ် ပေါ်ထွန်းလာသည့် နေကြယ်ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် ဤနေရာကို လာခဲ့ခြင်း ဖြစ်သော်လည်း... ယခုတွင်တော့ အင်အားစု အသစ် တစ်ခု ပေါ်ထွန်းလာသည်ကို လာရောက် လေ့လာသူများ အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ် ဘယ်တော့မှ ဝန်ခံမည် မဟုတ်သော်လည်း... အခြားလူများနှင့် ခြားနားစွာပင် သူ တည်ငြိမ်နေခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ယနေ့ ရောက်ရှိလာမည်ကို သူ ကြိုတင် သိရှိထားပြီး ဖြစ်သောကြောင့်ပင်။
ထိုနေ့တုန်းက သူ နဂါးခေါင်းဆောင်းဝတ် မြေကြီး ရှန့်ထိုနှင့် တိုက်ခိုက်ခဲ့သည်။ လျှို့ဝှက် ကျိန်စာ တစ်ချို့နှင့် ချည်နှောင်ခံခဲ့ရသည်။ ထိုအထဲ၌ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖန်တီးပြီး ပထမ ဆယ်စုနှစ် ကာလ အတွင်း ဟန့်တားခြင်း၊ အနှောက်အယှက်ပေးခြင်းများ မပြုလုပ်ရန် တစ်ချက် ပါဝင်ပေသည်။ ထိုစဉ်အခါတုန်းက အရေးမပါ၊ စဉ်းစားစရာ မဟုတ်ဟု သူ ယူဆခဲ့သည်။ သူ ပေါ့ပေါ့တန်တန်ပင် ကျိန်ဆိုခဲ့သည်။
ယခုတွင်တော့ အဆုံးမဲ့ ကောင်းကင်၏ နေကြယ်ထက်ပင် ဆယ်ဆမျှ ပိုမို ကြီးမားသော နေကြယ်ကြီးမှာ သေမျိုးနှင့် လျှို့ဝှက် အဆင့် နေရောင်ခြည် အမတေများကို ဟသဇာတ ဖြစ်စွာ ထုတ်လွှတ် နေခဲ့ပြီ ဖြစ်လေသည်။ ၎င်းမှာ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်နှင့် ပြုပြင် ဖန်တီးထားသည့် နေကြယ်များထက် အဆပေါင်းများစွာ ပိုမို အရည်အသွေး မြင့်မားပေသည်။ အဆိုပါ နေကြယ်မှာ ယခုအခါ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အဓိက နေကြယ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အဆိုပါ နယ်မြေကျယ်ကြီး အတွင်း လှည့်ပတ်နေသည့် ဂြိုဟ်များ၊ လများကို ငေးမောရင်း အလွန် ရင်းနှီးပြီးသား ဖြစ်သည့် ကောင်းကင် ခန္ဓာ တစ်ချို့ကို သူတွေ့လိုက်ရသည်။ ရွှေရောင် ခပ်ဖျော့ဖျော့ တောက်ပနေသည့် ဂြိုဟ် တစ်စင်းကို ကြည့်ရင်း ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။
“ရွှေမျှော်စင်...”
၎င်းမှာ သတ္တု အခြေပြု အော်ရာများကို ထုတ်လွှတ်နေကာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်း အရည်အသွေးမြင့် သတ္တုရိုင်းများအား တူးဖော်ရန် အသုံးပြုခဲ့သည့် ဂြိုဟ်တစ်စင်း ဖြစ်ပေသည်။
ကြယ်ကိုးပွင့် ရှန့်ထို ခန်းမမှာ ကြယ်တာရာ နယ်မြေ၏ အဓိကနှင့် ပင်မ အင်အားစုကြီး ဖြစ်သည့်တိုင် အခြား အဖွဲ့အစည်းများ ပိုင်ဆိုင်ထားသည့် ကောင်းကင်ခန္ဓာ တစ်ချို့ ရှိနေသေးဆဲ ဖြစ်သည်။ ရွှေရောင်မျှော်စင်မှာ ယခုအခါ ကွယ်လွန်သွားပြီး ဖြစ်သည့် သေမျိုးတစ်ပိုင်း အရှင် ရွှေရောင်မျှော်စင် တည်ထောင်ခဲ့သော ရှန်းကလန်၏ ကြိုးပမ်း အားထုတ်မှုတစ်ခု ဖြစ်သည်။ ၎င်းမှာ သူတို့၏ အမွေအနှစ်ဂြိုဟ် ဖြစ်ကာ ရှန်းမျိုးနွယ်၏ အဓိက ဌာနချုပ်လည်း ဖြစ်သည်။ ၎င်းကို ဤနေရာတွင် ရှာဖွေ တွေ့ရှိလိမ့်မည်ဟု ဝိညာဉ် ရှန့်ထို ဧကရာဇ် ထင်မှတ် မထားခဲ့ပါချေ။
အဆိုပါဂြိုဟ်ကို ရှာဖွေ တွေ့ရှိခဲ့သည်က ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ ခေါင်းဆောင် တစ်ယောက်တည်းသာ မဟုတ်ပါချေ။ အခြား ဝိညာဉ် ဧကရာဇ်များမှာလည်း သတိထားမိကြသည်သာ ဖြစ်သည်။
“အဲဒါက တကယ့်ကို မဟာရွှေ သတ္တုရိုင်း မိုင်းတွင်းဂြိုဟ် ဖြစ်တဲ့ ရွှေရောင်မျှော်စင်ပဲ... သတင်းကြားတာကတော့ ရွှေရောင် အသက်နန်းတော်နဲ့ ထာဝရ အစည်းအရုံးကြားက လောင်းကြေးစားကြေးမှာ အဆုံးခံလိုက်ရတာတဲ့... ကြည့်ရတာ ကောလဟလတွေက တကယ် မှန်နေတဲ့ပုံပဲ”
ယွီလီရှင်းက သက်ပြင်းတစ်ချက် ချရင်း ရေရွတ်လိုက်၏။
“တကယ်ကြီးလား... ဒါက သေမျိုးတစ်ပိုင်း အရှင် ရွှေရောင်မျှော်စင်ရဲ့ အမွေအနှစ်မလား... သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက် အဖိုးတန်တဲ့ အရင်းအမြစ်ကို လောင်းကြေးထပ်ရတာလဲ...”
ဝိညာဉ် နိုးထခြင်း ရှန့်ထိုက မယုံကြည်နိုင်စွာ ဆိုလိုက်သည်။ ရှန်းကလန်မှာ အလွန် အဆင်အခြင်မဲ့သည့် လုပ်ရပ် တစ်ခုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ကံဆိုးတာပဲ...”
ဝိညာဉ် မြည်ဟီးခြင်း ရှန့်ထိုက ခံပြင်းဟန်ဖြင့် ပြောလိုက်သည်။
“အဲဒီတုန်းက လောင်းကြေးကလည်း အရမ်းကို ခေတ်စားနေခဲ့တာလေ... ထာဝရ အစည်းအရုံးက ဒီလောက် အသုံးမကျမယ်လို့ ဘယ်သူက ခန့်မှန်းမိမှာလဲ”
အခြား ဝိညာဉ် ဧကရာဇ်များမှာ ဝိညာဉ် မြည်ဟီးခြင်း ရှန့်ထိုကို ကြည့်လိုက်မိကြ၏။ သူတို့ အားလုံးမှာ ပါးနပ်ကြသူများ ဖြစ်ကြလေရာ လူအိုကြီးသည်လည်း ထိုလောင်းကြေးတွင် များစွာ ရှုံးနိမ့်ခဲ့ကြောင်း ပေါ်လွင် ထင်ရှားပေသည်။
ဝိညာဉ် မြည်ဟီးခြင်း ရှန့်ထိုမှာ နေရခက်သွားကာ ချောင်းတဟွတ်ဟွတ် ဆိုးလိုက်၏။
“ဘာပဲ ဖြစ်ဖြစ်... ဒါက ဂြိုဟ်အတွက်တော့ ကောင်းချီး မင်္ဂလာပဲ...”
ဝိညာဉ် ဖန်တီးခြင်း ရှန့်ထိုက ညင်သာစွာဖြင့် ရေရွတ်လိုက်၏။ သူမက ထိပ်သီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်တန်း ဗိသုကာ ပညာရှင်များထဲ၌ တစ်ယောက် အပါအဝင် ဖြစ်သည်။ သူမက ခပ်တိုတို အညိုရောင် ဆံပင်နှင့် မက်မွန်ရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားကာ ရိုးရှင်းသည့် အသွင် ရှိသည်။ လှပခြင်း မရှိသော်လည်း ရုပ်ဆိုးသူ မဟုတ်ဟု ဆိုနိုင်ပေသည်။
“...”
အခြား ဝိညာဉ် ဧကရာဇ်များမှာ ဆိတ်ဆိတ်နေခြင်းဖြင့် ဝိညာဉ် ဖန်တီးခြင်း ရှန့်ထို၏ စကားလုံးများကို ထောက်ခံလိုက်ကြ၏။ နေကြယ်အသစ်၏ အနှိုင်းမဲ့ ရောင်စဉ်များ အောက်တွင် ရွှေရောင်မျှော်စင်မှာ ပိုမို မြင့်မားသည့် အဆင့် တစ်ခုသို့ ဆင့်ကဲ ပြောင်းလဲသွားမှာ ကျိန်းသေပေသည်။
“သူက ဘယ်လိုလုပ်လိုက်တာလဲ...”
ဝိညာဉ် သိုင်းရှန့်ထိုက မေးလိုက်သည်။ သူက သန်မာ ထွားကျိုင်းကာ ခန္ဓာကိုယ် ကြွက်သားများမှာ ခန့်ညား ထည်ဝါသည့် အော်ရာဖြင့် ထွန်းလင်းနေ၏။
မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည့်တိုင် ဝိညာဉ်သိုင်းရှန့်ထိုမှာ အာကာသနှင့် အချိန် အမျိုးအစား လမ်းစဉ်များကို နားလည်ထားခြင်း မရှိပါချေ။ အဆိုပါ နယ်ပယ် နှစ်ခု အပေါ် သူ၏ ဉာဏ်အလင်းက များစွာ လိုအပ်နေသေးဆဲ ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ထင်ရှားသော ကောင်းကင်ခန္ဓာ အချို့ အပါအဝင် ဂြိုဟ်များ၊ လများ ရုတ်တရက် ပေါ်လာသည့် အပေါ် နားလည်နိုင်ခြင်း မရှိသေးပါချေ။
ထို့အပြင် အချို့သော ဂြိုဟ်များမှာ ကမ္ဘာပြားများကို ပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်လေရာ သူတို့ အတွက် အစိမ်းသက်သက်လို ဖြစ်နေခဲ့သည်။ ထိုအထဲ၌ ခုတ်ပိုင်းခြင်းဓား၏ ဓားအမိုးခုံး ကုန်းမြေတိုက်ကြီးလည်း တစ်ခု အပါအဝင် ဖြစ်လေသည်။ ဝေ့ဝူယင်၏ မြေကြီး ရှန့်ထိုများမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း၌ ထိုကဲ့သို့ ကုန်းမြေတိုက်ကြီးများကို ဂြိုဟ်များ အဖြစ် ပေါင်းစပ်ကာ ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင်... အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း၌ အကြွင်းမဲ့ စည်းစိမ်၏ ၈၁ ခုသော လောကနယ်မြေများကို တုပထားသည့် နယ်မြေကွင်းပြင် တစ်ခုလည်း ရှိနေပေသည်။ အနီးကပ် စစ်ဆေးခြင်း မပြုပါက အဆိုပါ ကွင်းပြင် မည်မျှ အံ့ဩဖွယ်ကောင်းအောင် ထုဆစ် ပုံသွင်းထားသည်ကို ပြောပြနိုင်လိမ့်မည် မဟုတ်ပါချေ။
“တကယ့်ကို လှပတဲ့ ဖန်တီးမှုမျိုးပဲ...”
ဝိညာဉ် ဖန်တီးရှင်း ရှန့်ထိုက သက်ပြင်းတစ်ချက်နှင့် အတူ မှတ်ချက် ချလိုက်သည်။ သူမ၏ မက်မွန်ရောင် မျက်ဝန်းများက စစ်မှန်သည့် တန်ဖိုးထားခြင်းများနှင့် ပြည့်နှက် နေခဲ့သည်။ ဗိသုကာ ပညာရှင် တစ်ဦး အနေဖြင့် ဝင်္ကပါများ၏ အခြေခံ ခိုင်မာမှု၊ ဂြိုဟ်များ၊ လများ လှည့်ပတ်နေပုံကို ကြည့်ရုံဖြင့်ပင် ၎င်းက လက်ရာမြောက်လှသည့် အနုပညာ တစ်ရပ် ဖြစ်ကြောင်း မြင်နိုင်ပေသည်။
“နေကြယ်ကလည်း လုံးဝ သာမန် မဟုတ်ဘူး...”
ဝိညာဉ် ဖျက်ဆီးခြင်း ရှန့်ထိုကလည်း မှတ်ချက်ပြုလိုက်၏။ ၎င်းကို ကြည့်ရင်း လျှို့ဝှက် ဝိညာဉ်ထဲမှ ကျင့်ကြံလိုစိတ်ကို သူ မနည်းထိန်းချုပ် နေရသည်။ အကယ်၍ မြေကြီး ရှန့်ထို ရှစ်ဆယ့် တစ်ယောက်သာ မရှိပါက သူ အာရုဏ်ဦး ကြယ်တာရာ နယ်မြေထဲ တိုးဝင်ကာ စတင် ကျင့်ကြံနေလောက်ပြီ ဖြစ်သ်ည။
“ဆိုတော့ အခု ကျွန်မတို့ ဘာလုပ်ကြမှာလဲ...”
ဝိညာဉ် နိုးထခြင်း ရှန့်ထိုက မေးလိုက်၏။ သူတို့ အားလုံးမှာ နေကြယ်အသစ်ကို စူးစမ်းရန် ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။ ယခု နေကြယ် အသစ်မှာ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်၏ ပိုင်ဆိုင်မှု ဖြစ်ကြောင်း သိရှိခဲ့ရပြီ ဖြစ်သည်။ ထို့အပြင်... သူက သူတို့ အားလုံးကို ကြယ်တာရာ နယ်မြေ အတွင်း မဝင်ရောက်နိုင်အောင် တားဆီးထားသည်။ သူတို့ထံတွင် လုပ်စရာ မရှိပါတော့ချေ။
“ငါတို့ စောင့်ကြတာပေါ့...”
ဝိညာဉ် ရှန့်ထို ဧကရာဇ်က သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်လေ၏။
***