← Chapters

ပထမဆုံး ဧည့်သည်

Vol. 98 Ch. 1369

ပထမဆုံး ဧည့်သည်

Vol. 98 Ch. 1369

တစ်ချိန်တည်း၌...

ဝေ့ဝူယင်၏ ပုံရိပ်ယောင် ကိုယ်ပွားမှာ ဧကရီ ရှောင်ချွမ်း လိုက်ပါလာသည့် ကောင်းကင် ဖျက်ဆီးသူ၏ အရှေ့တွင် ကာဆီးကာ ရပ်နေဆဲ ဖြစ်သည်။ ဧကရီ ရှောင်ချွမ်းကတော့ အနှောက်အယှက် ဖြစ်ဟန် မရချေ။ လေပြည်ပဲ လာလာ၊ မုန်တိုင်းပဲ လာလာ သူမက အရာအားလုံးကို ရင်ဆိုင်ဖို့ အဆင်သင့် ရှိနေသည့်ပုံ ပေါ်သည်။

ဧကရီမှာ ကောင်းကင်မှ ကောင်းချီးပေးခံထားရသော အလှပိုင်ရှင် ဖြစ်သည်။ သူမက မျိုးဆက်ပေါင်း ဆယ်ချီတွင် နံပတ်တစ် အဖြစ် သတ်မှတ်၍ ရသူ ဖြစ်သည်။ ဆန့်ကျင်ဘက် လိင်များ အတွက်တော့ သူမကို ထိခိုက်အောင် လုပ်မိဖို့ အလွန်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်ကတော့ လုံးဝ ခြားနားပေသည်။

“ကျုပ် ဘာလုပ်သင့်တယ်လို့ ခင်ဗျား ထင်လဲ...”

ဝေ့ဝူယင်၏ ပုံရိပ်ယောင် ကိုယ်ပွားက ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်၏။ သူ၏ ခန္ဓာကိုယ်က ကောင်းကင် ဖျက်ဆီးသူ၏ လေထု အလွှာကို ဖြတ်ကျော်ကာ အတွင်းသို့ ဝင်ရောက်လာသည်။ မည်သည့် ဝင်္ကပါနှင့် အစီအရင်တို့ကမှ သူ့ကို မတားဆီးနိုင်ပုံ ပေါ်လေ၏။

ကောင်းကင် ဧကရာဇ်ပိုင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ကျန်းကျင်းရှီ သေဆုံး သွားခဲ့သည့် ပုံစံကို ပြန်လည် မြင်ယောင်ရင်း သူ့ နှလုံးသားက အရှိန်အဟုန် ပြင်းစွာ တုန်ရီလာခဲ့၏။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖြစ်ပေါ်လာပုံကို လူအများ ပိုမို၍ အာရုံစိုက် နေကြသည့်တိုင် ကျန်းကျင်းရှီ သေဆုံးသွားခြင်းမှာလည်း သာမည မထင်မရှား ကိစ္စ တစ်ခု မဟုတ်ပါချေ။ ဤဖြစ်ရပ်များ အပြီးတွင် ဒဏ္ဍရီလာ သူရဲကောင်း သုံးဦး အနက် ဓားတစ်လက် ကျဆုံးသွားခြင်းမှာ လောကတစ်ခုလုံးကို တုန်လှုပ်စေသည့် သတင်း တစ်ရပ် အဖြစ် ပျံ့လွင့်လာလိမ့်ဦးမည် ဖြစ်လေသည်။

ကောင်းကင် ဧကရာဇ်ပိုင်မှာ ငယ်စဉ်ကလေးဘဝတည်းက ကျန်းကျင်းရှီကို စံပြ ပုဂ္ဂိုလ် တစ်ယောက် အနေဖြင့် လေးစားခဲ့ခြင်း ဖြစ်သည်။ သူက ဓားကို ကျင့်ကြံကာ ဂန္တဝင် ပန်းချီကားများထဲမှ ကျန်းကျင်ရှီ၏ ပုံစံအတိုင်း လိုက်လံ၍ ဝတ်ဆင်ခဲ့သည်။ တည်ငြိမ်စွာ ချဉ်းကပ်လာနေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း ကျန်းကျင်းရှီလို ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရမှာ သူ အမှန်တကယ် ထိတ်လန့် နေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း ဧကရီကတော့ တည်ငြိမ်စွာပင် တုန့်ပြန်လိုက်၏။

“အဂ္ဂိရတ် အာဏာရှင်ဝေ့က ဘာကို ဆိုလိုချင်တာလဲ...”

“ကျုပ်က ဘာကို ဆိုလိုတာလဲ...”

ဝေ့ဝူယင်က မျက်ခုံးပင့်လိုက်သည်။ သူ့နှုတ်ခမ်းထက်၌ နှစ်လိုဖွယ် အပြုံးတစ်ခုက ဖြည်းညင်းစွာ နေရာယူ လာခဲ့သည်။

“ခင်ဗျားတို့ရဲ့ ရက်ရောမှုကို ကျုပ် ဘာလုပ်သင့်လဲ လို့ မေးတာပါ”

ထိုကဲ့သို့ ပြောပြီးနောက် ဝေ့ဝူယင်က မျက်လုံးကို မှိတ်ကာ လက်ဖျောက်တစ်ချက် တီးလိုက်၏။

ဖျောက်...

တစ်ချိန်တည်းတွင်ပင်... ကောင်းကင် ဖျက်ဆီးသူ သုံးစင်းလုံး၏ အဓိက အစီအရင်များမှာ စတင်ကာ အသက်ဝင် လာခဲ့လေသည်။ ထျန်းမူယန်၊ ထျန်းလင်းယု၊ ကောင်းကင် ဧကရာဇ်ပိုင်နှင့် ဧကရီ ရှောင်ချွမ်းတို့ အားလုံး၏ အမူအရာများမှာ ပြောင်းလဲ သွားကြ၏။

“သူ ဘာလုပ်လိုက်တာလဲ...”

ဧကရာဇ်ပိုင်က ကောင်းကင် ဖျက်ဆီးသူကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးပမ်းရင်း ထိတ်လန့်စွာ ရေရွတ်လိုက်၏။ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခု နီးပါး အတွင်း၌ အင်ပါယာကလန်မှာ (အစစ်အမှန် မွေးဖွားခြင်းအား ဝေ့ဝူယင် ရင်ဆိုင်ခဲ့စဉ်တုန်းက ဖြစ်ရပ်ကြောင့်) သူတို့၏ ကောင်းကင် ဖျက်ဆီးသူများကို ပြန်လည် မွမ်းမံ ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့သည်။ ချို့ယွင်းချက်များကို ဖယ်ရှားကာ အစီအရင် အသစ်များ ထပ်မံ၍ ထည့်သွင်းခဲ့သည်။ သို့သော်လည်း... ယခုတွင်တော့ လှုပ်ရှားမှု တစ်ခုအတွင်းမှာပင် ဝေ့ဝူယင်က နောက်တစ်ကြိမ် ထပ်မံ၍ ထိန်းချုပ် သွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင် ဖျက်ဆီးသူများမှာ အင်ပါယာ ကလန်၏ ရတနာများ ဖြစ်သည်။ များလှစွာသော ထိပ်သီး ဗိသုကာ ပညာရှင်များစွာ၏ နာရီပေါင်းများစွာ ကြိုးပမ်း အားထုတ်မှု ရလဒ်များ ဖြစ်သည်။ လျှို့ဝှက် အဆင့် ရင်းမြစ်များစွာ ပေါင်းစည်းထားမှု ဖြစ်သည်။ တစ်နည်းဆိုရသော်... ၎င်းတို့မှာ ထျန်းကလန်၏ စစ်မှန်သော ထွန်းတောက်မှုများ ဖြစ်ပေသည်။

“ဒီလက်ဆောင်တွေက နည်းနည်းတော့ များတယ်... ကျုပ် အတွက် လက်ခံဖို့တောင် ခက်ခဲတယ်... ဒါပေမဲ့ ခင်ဗျားတို့က အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖွင့်လှစ်တဲ့ အထိန်းအမှတ် အနေနဲ့ ပေးချင်တယ် ဆိုတော့လည်း ငြင်းရင် ကျုပ် အတွက် ရိုင်းရာကျမှာပေါ့... ဟုတ်တယ်မလား”

ဝေ့ဝူယင်၏ နှုတ်ခမ်းထက်ရှိ အပြုံးက ကောင်းကင် ဧကရာဇ်ပိုင်ကို ဝိညာဉ်အတွင်း ရောက်သည် အထိ အေးစက် သွားစေခဲ့၏။ မည်မျှပင် ချောမောသည် ဖြစ်စေ... ထိုအခိုက်၌ ဝေ့ဝူယင်ကို မြင်ရသည်က အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော မွန်းစတား တစ်ကောင်လိုပင်။

ထျန်းမူယန်မှာ စိတ်ထဲမှ ရယ်မောလိုက်မိ၏။ သို့သော်လည်း... သူက ကောင်းကင် ဖျက်ဆီးသူထံမှ ထွက်ခွာရန် တွန့်ဆုတ်ခြင်း မရှိခဲ့ချေ။ ထျန်းလင်းယုက ခဏမျှ ရပ်တန့်လိုက်ကာ ဝေ့ဝူယင်၏ ပုံရိပ်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူမက နှုတ်ခမ်းတစ်ချက် ကိုက်ကာ ဝေ့ဝူယင်ထံ ဝိညာဉ်စာတို တစ်စောင် ပေးပို့ လိုက်သည်။ အလံကိုင်ထားသည့် ဝေ့ဝူယင်က ၎င်းကို စစ်ဆေးကာ သူမရှိရာထံ တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက်တွင်တော့ အင်ပါယာ ကလန်၏ မြေကြီး ရှန့်ထိုမှာ မြီးကောင်ပေါက် မိန်းမငယ်လေး တစ်ယောက်လို ရှက်ပြုံးကလေး ပြုံးကာ ကောင်းကင် ဖျက်ဆီးသူထဲမှ ထွက်ခွာ သွားခဲ့တော့သည်။

ယန်ချောင်ယွီမှာ တစ်ချိန်လုံး တိတ်ဆိတ် နေခဲ့သူ ဖြစ်သည်။ သူမက ထိုအရာ အားလုံး ဖြစ်လာလိမ့်မည်ဟု ကြိုတင် သိရှိထားပြီး ဖြစ်သည်။ မိန်းကလေးက လှပစွာ ပြုံးလိုက်ကာ အလားတူပင် ဝေ့ဝူယင်ထံ ဝိညာဉ် စာတစ်စောင် ပေးပို့လိုက်ရင်း ထွက်ခွာသွားခဲ့၏။

မြေကြီး ရှန့်ထို သုံးယောက်မှာ လက်အောက်ငယ်သား သင်္ဘောသားများကိုပါ သူတို့နှင့် အတူ ခေါ်ဆောင် သွားခဲ့ပေသည်။

ဧကရီ ရှောင်ချွမ်းမှာ ဝေ့ဝူယင်ကို အချိန် အကြာကြီး စိုက်ကြည့် နေခဲ့၏။ ထို့နောက် သူမက အမှန်တကယ်ပင် လက်ဆောင် လာပေးသူ တစ်ယောက်လို ပြုံးလိုက်သည်။ ဝေ့ဝူယင်က ကောင်းကင် ဖျက်ဆီးသူတိုင်းကို ထိန်းချုပ်နိုင်ကြောင်း ဝံ့ကြွားစွာ ပြောဆိုခဲ့သည့် စကားကို သူမ အမှတ်ရနေဆဲ ဖြစ်သည်။

ဝှစ်...

ဧကရီက ဘာစကားမှ မဆိုပါချေ။ သူမက တိတ်တဆိတ်ပင် ကောင်းကင် ဖျက်ဆီးသူထဲမှ ပျံထွက်လာခဲ့၏။

“ဘယ်လောက်တောင် ရက်ရောလိုက်လဲ...”

ဟုန်ယန်လျဲ့လန်က အံ့ဩတကြီး မှတ်ချက်ချလိုက်၏။ မာ့ကျန်းကတော့ ဖြူရော်စွာသာ ပြုံးလိုက်သည်။ ၎င်းက နေ့ခင်းကြောင်တောင် ဓားပြတိုက်ခြင်းနှင့် ခြားနားခြင်း မရှိပါချေ။ ထို့အပြင်... ဝေ့ဝူယင်မှာ အင်ပါယာ ကလန်ထံ သတင်းစကား တစ်ခု ပါးလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းကား... “မင်းတို့ရဲ့ အကြီးကျယ်ဆုံး လက်နက်တွေက လက်ဖျောက် တစ်ချက်နဲ့တင် ငါ့ဟာတွေ ဖြစ်လာနိုင်တယ်” ဟူ၍...။

လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုခန့် အတောအတွင်း အင်ပါယာ ကလန်က ထိုသင်္ဘောများ အပေါ် မည်မျှ ပြုပြင် မွမ်းမံမှုများ ပြုလုပ်ခဲ့သည်ကို သူ သိပေသည်။ သို့သော်လည်း... ယခုတွင်တော့ ထိုအရာအားလုံးက အဓိပ္ပာယ်မဲ့သည့် ရယ်စရာများ ဖြစ်သွားခဲ့လေပြီ...။

“တကယ်တော့ ခင်ဗျားတို့ရဲ့ လက်ဆောင်တွေက နည်းနည်းများတယ်”

ထိုအခိုက်တွင်ပင် ဝေ့ဝူယင်၏ အသံက ထွက်ပေါ်လာကာ မြေကြီးရှန့်ထို ငါးဦးစလုံး ရပ်တန့် သွားကြ၏။ ဧကရီက တည်ငြိမ်သည့် မျက်ဝန်းများနှင့် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း... သူမ၏ နှလုံးသားကတော့ စတင်ကာ လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။ သူမ စကားပြော၍ မဖြစ်ချေ။ စကားတစ်ခွန်း ဆိုလိုက်သည်နှင့် ကောင်းကင် ဖျက်ဆီးသူများကို ဝေ့ဝူယင်ထံ လက်ဆောင် ပေးအပ်လိုက်ကြောင်း ဝန်ခံလိုက်သလို ဖြစ်သွားပေလိမ့်မည်။

"ဒီအံ့ဩလောက်စရာ လက်ဆောင်တွေ အတွက် ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ ကျုပ် ဧကရီ ရှောင်ချွမ်းကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေထဲ လှည့်ပတ် ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်”

ဝေ့ဝူယင်၏ အပြုံးက ပိုမို၍ နက်ရှိုင်းလာကာ ကြိုဆိုသည့် လက်ဟန် ပြသလိုက်သည်။

“...”

မာ့ကျန်း အပါအဝင် တက်ရောက်လာကြသူ အားလုံး ဆွံ့အ သွားကြ၏။ ဝေ့ဝူယင်က ဧကရီကိုပါ ပြန်ပေးဆွဲဖို့ ကြိုးပမ်းနေသည်လား။

ဧကရီမှာ အမြဲတမ်းလိုလို တည်ငြိမ်သည့် အမူအရာကိုသာ ထုတ်ဖော်ပြသလေ့ ရှိသော်လည်း ထိုစကားကို ကြားသော အခါတွင်တော့ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့ကာ လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိသည်။ သာမန်လူများ သတိထားမိရန် ခက်ခဲလှသော်လည်း သူမမှာ ကျဉ်းထဲကြပ်ထဲသို့ ရောက်ရှိနေခဲ့သည်မှာ ထင်ရှားပေသည်။

ဝေ့ဝူယင်က သူမကို စကားပြောဖို့ အတင်းအကြပ် စေခိုင်းနေသည်။ သူမ အနေဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်၍ ရသော်လည်း... ကောင်းကင် ဖျက်ဆီးသူ သုံးစင်းကို လက်ဆောင်ပေးအပ်ခဲ့ကြောင်း တစ်ဖက်လှည့်ဖြင့် ဝန်ခံလိုက်သလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သို့တည်းမဟုတ်... စကားမဆိုပဲ နိုင်ငံရေး ဓားစာခံ အနေမျိုးဖြင့် လိုက်သွားဖို့လည်း ရွေးချယ်စရာ တစ်ခု ဖြစ်သည်။

ထို့အပြင်... ထွက်ပြေးရန် တည်းဟူသော ရွေးချယ်စရာ တစ်ခုလည်း ရှိပေသေးသည်။ ဧကရီ၏ မျက်လုံးများက ဝူယုထံသို့ ရွေ့လျား သွားခဲ့၏။ သူမ ယန်ချောင်ယွီ၊ ထျန်းမူယန်နှင့် ထျန်းလင်းယုတို့ကို မယုံချေ။ ကောင်းကင် ဧကရာဇ်ပိုင်မှာလည်း အစောကတည်းကပင် အကြောက်လွန် နေခဲ့ပြီ ဖြစ်သည်။ ဝူယု တစ်ယောက်တည်း၏ လက်ထဲကပင် သူမ အတွက် လွတ်မြောက်ရန်မှာ ခက်ခဲလှသည်။ ထို့အပြင်... နဂါးခေါင်းဆောင်းဝတ် မြေကြီး ရှန့်ထိုနှင့် အခြား မြေကြီး ရှန်ထို ရှစ်ဆယ်လည်း ရှိနေသေးသည်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေနှင့် အင်ပါယာ ကလန်မှာ အလွန်ပင် အလှမ်းကွာဝေးလွန်းလှသည်။ အခြားလူများ အတွက် နတ်ဘုရား အင်ပါယာ၏ အချုပ်အနှောင်များကို သတိထားမိရန် မဖြစ်နိုင်သည့်တိုင် သူမကတော့ မည်ကဲ့သို့ မသိပဲ နေမည်နည်း။

သူမထံတွင် အခြား ရွေးချယ်စရာ မရှိတော့ချေ။

“အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပါရစေ... ကျွန်မရဲ့ ယောက်ျားက ကျွန်မကို စောင့်မျှော်နေပါတယ်... နောက်ကျလို့ မဖြစ်ပါဘူး... ခွင့်လွှတ်ပေးပါ”

ဧကရီက ဆိုလိုက်ရင်း နောက်လှည့်ကာ ထွက်ခွာဖို့ ပြင်လိုက်၏။

“ကျုပ် အလေးအနက် ပြောနေတာပါ... ဧကရီ”

ဝေ့ဝူယင်၏ နောက်ဆက်တွဲ စကားလုံးများက လူတိုင်း၏ နှလုံးသားများကို တဒိတ်ဒိတ် တုန်ရီလာစေခဲ့လေသည်။ အလေးအနက် တောင်းဆိုခြင်း... သူက ဧကရီ အတွက် ငြင်းဆန်ရန် တံခါးဖွင့် မထားချေ။

“နင်...”

ဧကရီမှာ ပထမဆုံး အကြိမ် အဖြစ် မယုံကြည်နိုင်မှုကို ခံစးလိုက်ရ၏။ သူမ စကားပြောဆိုခဲ့ပြီး ဖြစ်သည်။ ၎င်းက ကောင်းကင် ဖျက်ဆီးသူများကို ဝေ့ဝူယင်ထံ လက်အောင် ပေးအပ်လိုက်ကြောင်း ဝန်ခံခြင်းနှင့် အတူတူပင် ဖြစ်သည်။ သို့သော်လည်း... လူငယ်မှာ ကျေနပ်ခြင်း မရှိပဲ အဆုံးစွန်တိုင် ဆက်လက် တွန်းအားပေးဖို့ ဆုံးဖြတ်ထားပုံ ပေါ်သည်။

"ကျုပ်တို့ သွားကြစို့လား...”

ဝေ့ဝူယင်က အလံတိုင် ရှိရာသို့ လက်ညိုးထိုးကာ ခန္ဓာကိုယ်ကို ဘေးသို့ ရွေ့လျား လိုက်သည်။ သူမ အလျင်သွားဖို့ ဦးစားပေး လမ်းဖယ်ပေးလိုက်သလိုပင်။

ဧကရီ ရှောင်ချွမ်းက တက်ရောက်လာခဲ့သည့် လျှို့ဝှက် အာဏာရှင် အဆင့်များစွာကို တစ်ချက် ကြည့်လိုက်၏။ သူမ အတွက် စကားပြောပေးမည့်သူ တစ်ယောက်မှ မရှိချေ။ ဧကရီ၏ မျက်လုံးများက အင်ပါယာ မျိုးနွယ်တွင် ဝေ့ဝူယင်နှင့် အရင်းနှီးဆုံးလူဟု ဆိုနိုင်သည့် ထျန်းမူယန်ကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း... လူအိုကြီးမှာ သူမ၏ အခက်အခဲကို သတိထားမိဟန်ပင် မပြပဲ အခြားတစ်ဖက်သို့ မျက်နှာလွှဲနေခဲ့သည်။

“ဆိုတော့ မဖြစ်မနေပေါ့ ဟုတ်လား...”

ဧကရီက ဝေ့ဝူယင်ကို ကြည့်ရင်း မေးလိုက်၏။ သူမ၏ မျက်လုံးများက ခြိမ်းခြောက်လိုသည့် အငွေ့အသက်များနှင့် စူးရဲစွာ တောက်ပနေသည်။

"အမှန်ပါပဲ... မစိုးရိမ်ပါပဲ... ကျုပ်က ဧည့်ဝတ်ကျေတတ်တဲ့ လူတစ်ယောက်ပါ”

ဝေ့ဝူယင်၏ မျက်နှာထက်ရှိ အပြုံးက ဆက်လက်၍ တည်မြဲနေဆဲ ဖြစ်သည်။ သူက မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမှ မကြောက်လန့်သည့်ပုံ ရလေသည်။

“ကဲ... သွားကြစို့...”

ဝေ့ဝူယင်က ဧကရီကို ငြင်းဆန်ဖို့ ဒုတိယ အကြိမ်မြောက် အခွင့်အရေး မပေးတော့ချေ။ သူမဘက်က မယဉ်ကျေးလျှင် သူ့ဘက်ကလည်း သိမ်မွေ့မည် မဟုတ်ချေ။

ဧကရီ၏ ဆုပ်ထားသည့် လက်သီးများက ပိုမို၍ တင်းကြပ်လာသည်။ သို့သော်လည်း... သူမက တည်ငြိမ်သည့် အမူအရာဖြင့်ပင် ဝေ့ဝူယင်ထံသို့ ပျံသန်းသွားခဲ့သည်။ ဝေ့ဝူယင်၏ ပုံရိပ်ယောင် ကိုယ်ပွားကို ဖြတ်ကျော် သွားပြီးသည့်နောက် အသံတစ်ခုက သူမ၏ နားအတွင်း ဝင်ရောက်လာခဲ့၏။ တခဏမျှ ဧကရီ၏ ခန္ဓာကိုယ်က တုန့်ဆိုင်းသွားသည်။

သို့သော်လည်း... သူမက ဆက်လက်၍ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ပျံသန်း ဝင်ရောက် သွားခဲ့၏။ လက်ရှိအချိန်အထိ... ဧကရီမှာ အာရုဏ်ဦးကြယ်တာရာ နယ်မြေ အတွင်း ဝင်ရောက်ခွင့် ရရှိခဲ့သည့် ပထမဆုံးသော မြေကြီး ရှန့်ထို ဖြစ်ပေသည်။ သူမကို ဝေ့ဝူယင်၏ ပထမဆုံး ဧည့်သည် အနေဖြင့်ပင် သတ်မှတ် နိုင်လိမ့်မည် ဖြစ်သည်။

ဧကရီ၏ နားအတွင်းတွင်တော့... စကားလုံး တစ်ခုက ပဲ့တင်ထပ် နေခဲ့၏။ ၎င်းကား... “ခြောက်ဆယ့်ခြောက်” ဟူ၍ပင်။

***

All Chapters