အစစ်အမှန် အဆင့်အတန်း
Vol. 98 Ch. 1370
ဝေ့ဝူယင်၏ ပုံရိပ်ယောင် ကိုယ်ပွားက လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်၏။ ချက်ချင်းပင် ကောင်းကင် ဖျက်ဆီးသူများမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းသို့ ဦးတည် ရွေ့လျား လာခဲ့သည်။ ကောင်းကင် ဖျက်ဆီးသူ တစ်စင်း ထုတ်လုပ်ရန်မှာ အလွန်ပင် အချိန်ကုန် ငွေကုန်များသည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ ရာစုနှစ် မဟုတ်လျှင်ပင် အနည်းဆုံး ဆယ်စုနှစ်များစွာ အချိန်ယူရလေ့ ရှိသည်။ သူက အလွန် ချမ်းသာသည့်တိုင် ကောင်းကင် ဖျက်ဆီးသူ တစ်စင်းကို ဝယ်ယူဖို့ မဖြစ်နိုင်ပါချေ။
အရာအားလုံး အသားတကျ ဖြစ်ပြီးနောက် ဝေ့ဝူယင်က ကျေးဇူးတင်စကား ဆိုလိုက်ကာ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ကြေညာလိုက်သည်။ ထို့နောက်တွင်တော့ သူက ခစားခွင့် အတွက် တောင်းဆိုခဲ့သည့် အင်အားစု လေးခုကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်းဖြင့် အဆုံးသတ်လိုက်သည်။
အရာအားလုံး ပြည်ဖုံးကား ချသွားခဲ့ပြီ ဖြစ်လေရာ အခြား လျှို့ဝှက် အာဏာရှင် အဆင့်များမှာ အလျှိုလျှိုပင် ပြန်လည် ထွက်ခွာ သွားခဲ့ကြလေတော့၏။
...
တစ်နာရီခန့် ကြာမြင့်ပြီးနောက်...
လျှို့ဝှက် အာဏာရှင် အဆင့်အားလုံး ထွက်ခွာ သွားခဲ့ကြပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ နယ်နိမိတ် အစပ်တွင် ရပ်နေကာ အမှောင် ဟင်းလင်းပြင်ကို မျက်တောင်မခပ် စိုက်ကြည့် နေခဲ့၏။ သူ၏ စိတ်အစဉ်က အတိတ်၏ လွမ်းမောဖွယ်ရာ မှတ်ဉာဏ်များ အကြားတွင် နစ်မြုပ် နေခဲ့လေသည်။
တစ်ခဏ ကြာမြင့်ပြီးနောက် သူက သက်ပြင်းတစ်ချက် ချလိုက်၏။
“အဲဒီနှစ်တွေတုန်းက ခင်ဗျား ဘာကို လိုချင်ခဲ့တယ် ဆိုတာ ကျုပ်ကို ပြောပြလို့ ရပြီလား...”
သူ၏ အသံက ဝိညာဉ် လှိုင်းများ အဖြစ် အမှောင် ဟင်းလင်းပြင် တစ်လျှောက် ပျံ့နှံ့သွားခဲ့လေသည်။ အချိန်က တရွေ့ရွေ့ပင် ဖြတ်ကျော် နေခဲ့၏။ မိနစ် အနည်းငယ် ကြာမြင့်ပြီး နောက်မှ တုန့်ပြန်သံ တစ်ခုကို သူ ကြားလိုက်ရလေသည်။
“အချိန်လေပွေကနေ ဘယ်လို လွတ်မြောက်သွားခဲ့တယ် ဆိုတာ ရှင် ပြောပြမယ်ဆိုရင် ကျွန်မလည်း ပြောပြမှာပါ”
ထိုအသံက ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ တက်ရောက်လည် ဖြစ်ကြောင်း ကြေညာခဲ့သည့် အသံအတိုင်း အတိအကျပင် ဖြစ်လေသည်။ ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ပေါ်လွင် လာခဲ့လေ၏။ ထိုအပြုံးက ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေခဲ့လေသည်။
“ခင်ဗျားကို အရင် မြင်ပါရစေဦး”
သူက အာရုဏ်ဦး ကြယ်တာရာ နယ်မြေ နယ်နိမိတ်နှင့် ပိုမို နီးကပ်အောင် ပျံသန်းလာရင်း ပြောလိုက်၏။ သူ၏ မျက်လုံးများက အမှောင် ဟင်းလင်းပြင် အတွင်းရှိ တစ်နေရာကို မြဲမြံစွာ စူးစိုက် ကြည့်နေဆဲ ဖြစ်ပေသည်။
“...”
မိနစ် အနည်းငယ် ကြာပြီးနောက် သက်ပြင်းချသံ တစ်ချက်ကို သူ ကြားလိုက်ရ၏။ ထို့နောက်တွင်တော့ အမှောင် ဟင်းလင်းပြင် အတွင်းရှိ ပုံသေ ဟင်းလင်းပြင်တွင် ပေါ်တယ် တစ်ခု ဖွဲ့စည်းလာကာ ပိန်ပိန်သွယ်သွယ် ပုံရိပ် တစ်ခု ထွက်လာခဲ့သည်။ သူမက ပျံသန်းလာကာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အစပ်သို့ ရောက်လာခဲ့၏။ ဝေ့ဝူယင်နှင့် သူမတို့ အကြားတွင် မီတာ ဆယ်ဂဏန်းမျှသာ ကွာဝေးပေတော့သည်။
သူမက အသက် နှစ်ဆယ်ကျော်လောက် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ဦး ဖြစ်သည်။ ဆံပင်ရှည်များက ပခုံးကို ကျော်လွန်၍ ရေတံခွန် တစ်ခုနှယ် စီးဖြာကျ နေခဲ့ကာ ရောင်စုံ ကြယ်ကိုးပွင့် ခြယ်သသည့် အဂ္ဂိရတ် တာအို ဝတ်စုံကို ဝတ်ဆင်ထား၏။
သူမက လှပသည်။ ဝူပိုင်ကျိုး၊ လင်းကျိရန်တို့နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ချင်ချူးမူ၊ ရွှယ်ရီဖေး၊ ယွီစွန်းလီ၊ ထျန်းရှောင်လော့တို့ထက် အနည်းငယ် နိမ့်ကျသည့်တိုင် ဆွဲဆောင်မှု အရာတွင်တော့ လျော့နည်းခြင်း မရှိပါချေ။ အထူးသဖြင့် သူမ၏ မျက်ဝန်းများမှာ ဉာဏ်ရည် ထက်မြက်မှု၊ လိမ္မာ ပါးနပ်မှုတို့နှင့် ပြည့်နှက်နေကာ မည်သည့် ပုရိသကို မဆို ကောင်းစွာ ထိန်းချုပ်နိုင်စွမ်း ရှိပုံ ပေါ်သည်။
မိန်းကလေး၏ အစိမ်းရောင် မျက်ဝန်းများက ဝေ့ဝူယင်ကို စိုက်ကြည့် နေခဲ့၏။ ကောင်းစွာ ဖုံးကွယ်ထားသည့်တိုင် ထိုမျက်ဝန်းများထဲ၌ နက်ရှိုင်းသော စိတ်ခံစားချက်များနှင့် နာကျင်မှု အနည်းငယ်တို့ ပါဝင်နေသည်။
“ချောင်စွေ့ဖုန်း...”
ဝေ့ဝူယင်က သူမ၏ နာမည်ကို ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမက အဆုံးမဲ့ ခရီးသွား နယ်မြေမှာ တွေ့ခဲ့ရတုန်းကနှင့် များစွာ ခြားနားလှပေသည်။ ထိုစဉ်အခါက သူမမှာ ဆယ့်ခြောက်နှစ် အရွယ် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ ခန္ဓာကိုယ် ကောက်ကြောင်းများမှာလည်း ယခုလောက် ထင်ရှား ပေါ်လွင်ခြင်း မရှိပါချေ။ သို့စေကာမူ... သူမကို မေ့လျော့သွားဖို့က သူ့အတွက် မဖြစ်နိုင်လောက်အောင်ပင်...။
“ကြည့်လို့ ဝပြီလား...”
ချောင်စွေ့ဖုန်းက မေးလိုက်၏။
"ဘယ်တော့မှ ဝမယ် မထင်ပါဘူး”
ဝေ့ဝူယင်က ချင်ချင်းပင် တုန့်ပြန်လိုက်သည်။ ချောင်စွေ့ဖုန်းမှာ တကယ်ကို လှပသည်။ ပိုမို၍ ကြည့်လေလေ သူမက ပိုမို၍ ဆွဲဆောင်မှု ရှိလေလေ၊ သူမ၏ အလှတရားကို ပိုမို၍ တန်ဖိုးထားမိလေလေ ဖြစ်သည်။ ချောင်စွေ့ဖုန်းမှာ နှလုံးသားကို တမြည့်မြည့် ဖမ်းစားနိုင်သည့် ထူးဆန်းသော အလှပိုင်ရှင်မျိုး ဖြစ်သည်။
"..."
ဝေ့ဝူယင်၏ တုန့်ပြန်ပုံကို ကြည့်ရင်း ချောင်စွေ့ဖုန်းက သဘောကျစွာ ပြုံးလိုက်၏။ သူမ၏ နှလုံးသားထဲမှ နာကျင်သည့် ခံစားချက်က တဖြည်းဖြည်းပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
“ခင်ဗျားနဲ့ ပြန်ဆုံရမယ် ဆို ကျုပ် သိထားတယ်... ဒါပေမဲ့ ဒီလိုနည်းနဲ့တော့ မဟုတ်ဘူး”
ဝေ့ဝူယင်က ပြောလိုက်၏။ အလွှာကြားက လောကတွင် ကျပန်း တွေ့ခဲ့ရသည့် မိန်းကလေး တစ်ယောက်မှာ လျှို့ဝှက် ဆန်းကြယ်သည့် ဒဏ္ဍာရီလာ အယ်နီယာ အဂ္ဂိရတ် ရှန့်ထို ဖြစ်လိမ့်မည်ဟု သူ မည်ကဲ့သို့ တွေးထင်ခဲ့မိမည်နည်း။ ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များထဲတွင်ပင် ထိုအကြောင်းအရာ မပါဝင်ပါချေ။
ထိုဘဝ၌ ဝေ့ဝူယင်မှာ လျူယင်လန်း၏ လှည့်ကွက်များ အတွင်း ပိတ်မိကာ ကျင့်ကြံခြင်း တစ်ခုတည်းကိုသာ အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူနှင့် ထိတွေ့ဆက်ဆံခဲ့သူ အလွန်ပင် နည်းပါးပေသည်။ ဝတ်စုံနက် ဝေ့ဝူယင်မှာ အသက် ၁၂၈ နှစ်သာ နေခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့်ပင် ကျင့်ကြံသူ တစ်ဦး အနေဖြင့် အလွန် ငယ်ရွယ်သည့် အချိန်တွင်ပင် သူ သေဆုံး သွားခဲ့ရခြင်း ဖြစ်သည်။
“ကျွန်မ သိပါတယ်...”
ချောင်စွေ့ဖုန်းက နူးညံ့စွာပင် တုန့်ပြန်လိုက်၏။ ဝေ့ဝူယင် မထွက်ခွာခင် နောက်ဆုံး ပြောခဲ့သည့် စကားလုံးများကို သူမ မှတ်မိနေဆဲ ဖြစ်သည်။ ထိုစဉ်အခါက ဝေ့ဝူယင်မှာ အလျင်လိုနေခဲ့ကြောင်း ထင်ရှားသည်။ သူမ သူ့ကို ဆက်နေဖို့ တားချင်သော်လည်း အခွင့်အရေး တစ်ခုပင် မရခဲ့ချေ။ ထိုအပြင်... သူ အလောတကြီး ထွက်ခွာချင်ရသည့် အကြောင်းရင်းကိုလည်း သူမ နားမလည်ခဲ့ချေ။ ထို့နောက်တွင်တော့ လောကရှန့်ထိုများမှာ အလွှာကြားက လောကို ချိပ်ပိတ် ပစ်ခဲ့သည်။ ကံကောင်းထောက်မစွာပင် သူမကတော့ ကြိုတင် ပြင်ဆင်ထားသည့် လမ်းကြောင်း တစ်ခုကို သုံး၍ ချိပ်ပိတ် နယ်မြေထံ တိတ်တဆိတ် ပြန်လာနိုင်ခဲ့သည်။
သေမျိုးပြန်လည် ဆေးလုံးကို သောက်သုံးပြီး နောက်တွင် ချောင်စွေ့ဖုန်းမှာ သူမ၏ မဟာ အာဏာရှင် စွမ်းအား ဥဿုံကို ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့်ပင် သူမမှာ အဆုံးမဲ့ ခရီးသွား နယ်မြေတွင် ဆက်လက် နေရဲခြင်း မရှိတော့ချေ။ အယ်နီယာ အဂ္ဂိရတ် ခန်းမမှာ သူမ အတွက် အလုံခြုံဆုံး ဖြစ်ပေသည်။ ထို့ကြောင့်ပင်.. နောက်ဖေး တံခါးကို သုံး၍ သူ ပြန်လာခဲ့ခြင်း ဖြစ်ပေသည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ပြန်လည် ရောက်ရှိပြီးနောက် ဝေ့ဝူယင် မသေသေးကြောင်း သတင်းများကို သူမ ကြားသိခဲ့ရသည်။ ထို့အပြင်... မကြာခဏ ဆိုသလို သူ၏ အောင်မြင်မှု သတင်း သဲ့သဲ့များကို ရရှိတတ်သည်။ သို့သော်လည်း... အချိန်မကျသေးဟု ခံစားရလေရာ သူမ လူငယ်ကို တစ်ကြိမ်တစ်ခါမှ သွားမတွေ့ခဲ့ချေ။
ဤသည်က သူတို့ နှစ်ယောက် ပြန်လည် တွေ့ဆုံရန် အချိန်ကောင်း၊ အခါကောင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ဝေ့ဝူယင်၏ ချောမောသည့် မျက်နှာကို ကြည့်ရင်း လွန်ခဲ့သည့် ဆယ်စုနှစ်များစွာမှ ခံစားချက်များက အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသလို ချောင်စွေ့ဖုန်း ခံစားလိုက်ရ၏။
“တစ်နေရာရာမှာ စကား သွားပြောကြမယ်”
ဝေ့ဝူယင်က ပြုံးလိုက်ရင်း မိန်ကလေးထံ လက်ကမ်းပေးလိုက်၏။ သူ၏ ငွေရောင် မျက်ဝန်းများက နူးညံ့ သိမ်မွေ့ခြင်းများနှင့် လွှမ်းခြုံနေသည်။
“...”
ချောင်ဆွေ့ဖုန်း ဆွံ့အသွားခဲ့၏။ ဝေ့ဝူယင်က သူ့ကိုယ်သူ သူမ ယောက်ျားဟု ထင်နေသည်လား။ သို့သော်လည်း သူမက အလိုက်သင့်ပင် လက်ကမ်းပေးလိုက်၏။
ဝေ့ဝူယင်က မိန်းကလေး၏ နူးညံ့သော လက်ကလေးကို ဆုပ်ကိုင်ကာ အနားသို့ ဆွဲယူလိုက်သည်။ ထို့နောက် သေးကျဉ်သည့် ခါးကလေးကိုပါ လက်နှစ်ဖက်ဖြင့် ပိုင်စိုးပိုင်နင်း ဖက်လိုက်၏။ မျက်နှာချင်းဆိုင် နီးနီးကပ်ကပ် ရပ်ရင်း လူငယ်၏ ချောမောသည့် မျက်နှာကို ချောင်စွေ့ဖုန်း မော့ကြည့် နေခဲ့မိ၏။ မြေကြီး ရှန့်ထို တစ်ယောက်၊ အဂ္ဂိရတ် ရှန့်ထို တစ်ယောက် အနေဖြင့် သူမမှာ မည်သူမှ မလေးမစား မလုပ်ရဲသည့် ဂုဏ်သိက္ခာမြင့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင်ထံပါးတွင်တော့...။
ချောင်စွေ့ဖုန်း၏ အတွေးများ မဆုံးသေးခင်မှာပင် ဝေ့ဝူယင်၏ နှုတ်ခမ်းများမှာ သူမ၏ ရေအလား နူးညံ့ နွေးထွေးသည့် သူမ၏ ပန်းနုရောင် နှုတ်ခမ်း အစုံပေါ် ပြိုကျလာခဲ့သည်။ ထိုနေ့ညက အဖြစ်အပျက်များမှာ မိန်းကလေး၏ စိတ်အတွင်း ပြန်လည်၍ ပေါ်လာခဲ့၏။ သူမက ဝေ့ဝူယင်၏ အင်္ကျီစကို ပြန်လည်၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိ၏။
ဖီဆန်ပေါက်စလေ၏ နွေးထွေးသော နေရောင်ခြည် အလင်းတန်းများ အောက်တွင် လူသား နှစ်ဦးမှာ သူတို့၏ ဆယ်စုနှစ် သုံးခုကျော် အလွှမ်း ဝေဒနာကို အနမ်းဖြင့် ဖြေဖျောက်နေကြပြီ ဖြစ်လေတော့သည်။
***