← Chapters

ချောင်စွေ့ဖုန်း

Vol. 98 Ch. 1371

ချောင်စွေ့ဖုန်း

Vol. 98 Ch. 1371

တစ်နာရီခန့် ကြာမြင့်ပြီးနောက်၊ ယခင်က နဂါးငွေ့တန်း ကြယ်ကွင်းပြင် တစ်ဖြစ်လည်း အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ...

အဆုံးမဲ့ နတ္ထိဖြစ်ခြင်းများနှင့် ပြည့်နှက်နေသည့် ထိုနေမြေကျယ်ကြီး အတွင်းတွင် အလွန်တရာ ကြီးမားလှသည့် မူလ အာရုဏ်ဦး နန်းတော်ကြီး တစ်ခု ရှိနေပေသည်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ ဝေ့ဝူယင်၏ နေအိမ် အသစ် ဖြစ်သော်လည်း... အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေမှာ ပိုင်လင် အတွက် အကောင်းဆုံး ကျင့်ကြံခြင်း ပတ်ဝန်းကျင် တစ်ခု ဖြစ်လေရာ ဝေ့ဝူယင်မှာ ထိုနန်းတော်ကို ဆက်လက် ထားရှိဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ၎င်းမှာ တာအိုများ ကင်းလွတ်သည့် တည်နေရာ တစ်ခု ဖြစ်လေရာ အလွန်တရာ ငြိမ်းချမ်းပေသည်။

“ဆိုတော့... ဒါက မီးဖီးနစ်ပေါ့ ဟုတ်လား...”

ချောင်စွေ့ဖုန်းမှာ ပိုင်လင်၏ နံဘေးတွင် ရပ်နေခဲ့၏။ သူမ၏ လက်များက ညင်သာစွာပင် ပိုင်လင်၏ အဖြူရောင်နှင့် ရွှေရောင် သားမွေးများကို ပွတ်သပ် နေခဲ့သည်။

“သူက တကယ့်ကို လှတာပဲ...”

သူမက စိတ်လိုလက်ရပင် ချီးကျူးလိုက်၏။

ဂီး...

ပိုင်လင်က ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့ထားလိုက်သည်။ တစ်ချိန်တည်းက သူမက အတောင်ပံကို သုံးကာ ချောင်စွေ့ဖုန်းကို သူမနှင့် ပိုမို နီးကပ်ဆောင် လုပ်လိုက်၏။ မီးဖီးနစ်၏ လှပသော ရွှေရောင် မျက်လုံးများက ချောင်စွေ့ဖုန်းကို ဆက်လက် မြှောက်ပင့်ဖို့ တိုက်တွန်းနေသယောင် ရှိသည်။

ချောင်စွေ့ဖုန်းက ထိုအရာကို သဘောပေါက်လေရာ ပြုံးလိုက်၏။

“ဒဏ္ဍာရီထဲက မီးဖီးနစ်တွေကို ပန်းချီကားတွေထဲမှာ ငါ တွေ့ဖူးတယ်... ဒါပေမဲ့ သူက အဲဒီ ပန်းချီကားတွေထဲက ဖီးနစ်တွေထက်တောင် အများကြီး ပိုလှတယ်... ကောင်းကင်ကိုယ်တိုင်တောင် မနာလို ဖြစ်လောက်တယ်”

မိန်းမလှလေးက ပိုမို၍ မြှောက်ပင့်လေလေ ပိုင်လင် တစ်ယောက် ပို၍ တက်ကြွလာလေလေ နောက်ထပ် မြှောက်ပင့်ပေးဖို့ ပိုမို၍ တောင်းဆိုလေလေ ဖြစ်သည်။ ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို ဘေးမှ ကြည့်ရင်း နွေးထွေးမှုကို ခံစားနေရ၏။ သို့သော်လည်း... ပိုင်လင် လောဘ အနန္တ ဟု ဆိုရလေမလားပင်။ ဆယ့်ငါးမိနစ်မျှ ကြာမြင့်သွားသည့် တိုင်အောင် သူမက ချောင်စွေ့ဖုန်းကို ဆက်လက် တောင်းဆိုနေတုန်း ဖြစ်သည်။

ဝေ့ဝူယင်မှာ မနေနိုင်တော့ချေ။

“ကဲ... ကဲ... ပိုင်လင်... တော်လောက်ပြီ... နောက်ထပ် နိဗာန အသွင်ပြောင်းခြင်း အတွက် ပြင်ရဦးမယ် မလား... သွားတော့”

ပိုင်လင်က အတောင်ပံများကို ခပ်လိုက်၏။ ထို့နောက် သူမက ချောင်စွေ့ဖုန်းကို နှမြောတသစွာဖြင့် ကြည့်လိုက်သည်။

“ကျွန်တော် သူ့ကို သဘောကျတယ်...”

သူမက ဝေ့ဝူယင်ကို စိတ်ဖြင့် ဆက်သွယ်ရင်း ပြောလိုက်၏။ မကြာခင်မှာပင် ပိုင်လင်မှာ ဗာမီလီယန် သင်္ချိုင်းဆီ ဦးတည်နေသည့် ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

မူလ အာရုဏ်ဦး နန်းတော်ထဲတွင် ဟင်းလင်းပြင် ဂိတ်တံခါး ဆယ်ဂဏန်းခန့် ရှိကာ ထိုအထဲရှိ များစွာမှာ မဟာ စက်ဝန်းကြယ်ကွင်းပြင်နှင့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းရှိ နေရာ အသီးသီးကို ဦးတည် နေပေသည်။ ဝေ့ဝူယင် မူလ အာရုဏ်ဦး နန်းတော်ကို လာရောက်ခဲ့ခြင်းမှာ ပိုင်လင်နှင့် ချောင်စွေ့ဖုန်းကို မိတ်ဆက်ပေးရန် မဟုတ်ပါချေ။ သူတို့ နှစ်ယောက် စကားပြောရန် သီးသန့်နေရာ တစ်ခု လာရှာခြင်း ဖြစ်ပေသည်။

မကြာခင်မှာပင် ဝေ့ဝူယင်တို့ နှစ်ယောက်မှာ အာရုဏ်ဦး မူလ နန်းတော် အတွင်းရှိ ဧည့်ခန်းသို့ ရောက်ရှိလာခဲ့ကြ၏။ သူတို့ နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မေးခွန်းများစွာမှာ သူတို့ စိတ်ထဲ၌ ပေါ်လာနေခဲ့၏။

“ကျုပ် အရင် စလိုက်မယ်...”

ဝေ့ဝူယင်က ပြောလိုက်၏။ ချောင်စွေ့ဖုန်းမှာ သူ့ကို ယုံကြည်ကာ ဤနေရာ အထိ ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် မည်သည့် ကိစ္စများ ဖြစ်ပျက်ခဲ့ကြောင်း သူ သိုဝှက် မထားချင်တော့ပေ။

"အဲဒီတုန်းက လျူစုယင်က ကျုပ်ကို အလွှာကြားက လောကဆီ လိုက်ဖို့ အတင်းအကြပ် ဖိတ်ခေါ်ခဲ့တာ...”

ဝေ့ဝူယင် အချိန်လေပွေ အကြောင်းက မစပဲ အလွှာကြားက လောကကို ပထမဆုံး စတင် ရောက်ရှိချိန်က စလို့ ရှင်းပြလိုက်လေတော့သည်။

ချောင်စွေ့ဖုန်းမှာ ဝေ့ဝူယင်၏ ရှင်းပြမှုများကို နားထောင်ရင်း တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေသည့်တိုင် သူမ မလုပ်နိုင်ပါချေ။ လျူယင်လန်း ပင်လျှင် ဝေ့ဝူယင်ကို လျှို့ဝှက် ကျိန်စာဖြင့် မချုပ်နှောင် နိုင်ခဲ့ကြောင်း သိလိုက်ရသော အခါတွင်တော့ သူမ အလွန် အံ့အားသင့် သွားခဲ့၏။ အာရုဏ်ဦး အာဏာရှင် အင်ပါယာကို ဘယ်လောက်တောင် လျှော့တွက်ခဲ့သနည်း။

ထို့အပြင်... ပိုမို၍ အံ့ဩစရာ ကောင်းတာ တစ်ခုက ဝေ့ဝူယင်မှာ လောကီ မျက်လုံး အဆင့်ကို တက်လှမ်းရန် အချိန်လေပွေကို တွန်းအား တစ်ခု အနေဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။

အဆုံးမဲ့ ခရီးသွား နယ်မြေ ခရီးစဉ်၌ လူငယ်မှာ မရေမတွက်နိုင်လောက်သည့် အကျိုးအမြတ်များကို ရှာဖွေ နိုင်ခဲ့သည်။ သူက အကြွင်းမဲ့ အောင်နိုင်သူ တစ်ဦး အနေဖြင့် ထိုနေရာကို စွန့်ခွာနိုင်ခဲ့ခြင်း ဖြစ်ကာ လျူစုယင်၏ နှလုံးသားကို အပိုင်သိမ်းခဲ့သည်။ ချောင်စွေ့ဖုန်းကို သိမ်းပိုက်ခဲ့သည်။ စာကြည့်တိုက်များထဲမှ အချက်အလက်ပေါင်း များစွာကို နှိုက်ထုတ်နိုင်ခဲ့သည်။ အချိန်သခင် အဆင့်ကိုပါ တက်လှမ်းနိုင်ခဲ့သည်။

ဝေ့ဝူယင်၏ ရှင်းပြမှုများကို နားထောင်ပြီးနောက် ချောင်စွေ့ဖုန်းမှာ အချိန် အတန်ကြာ တိတ်ဆိတ် နေမိခဲ့၏။ နောက်ဆုံးတွင်မှ သူမက သက်ပြင်းတစ်ချက် ချကာ ဝန်ခံလိုက်သည်။

“ကျွန်မတို့ နှစ်ယောက် စမတွေ့ခင်တည်းက ရှင် ဘယ်သူလဲ ဆိုတာ ကျွန်မ သိနေခဲ့တယ်”

ဝေ့ဝူယင်က သူမ မျက်ခုံးပင့်လိုက်မိ၏။

“အစစ်အမှန် ရေစက်ကြိုး ပိုင်ရှင် ဆိုတာ သိလို့ ခင်ဗျား ကျုပ်ကို ချဉ်းကပ်ခဲ့တာလား”

ချောင်စွေ့ဖုန်းက ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး... ရှင်က အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် ဆိုတာကို သိနေခဲ့တယ်လို့ ပြောတာ... အဆုံးမဲ့ ခရီးသွား နယ်မြေမှာ နေနေခဲ့တယ် ဆိုပေမဲ့ ကျွန်မက မဟာ စက်ဝန်း ကြယ်ကွင်းပြင်နဲ့ အဆက်အသွယ် မပြတ်ခဲ့ဘူး... ဒါကြောင့် ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်နိုင်တဲ့လူ၊ သူ့ရဲ့ မျိုးဆက် ဖြစ်နိုင်ချေ ရှိတဲ့သူ ရောက်လာတာကို ကျွန်မ သိနေခဲ့တယ်လေ”

သူမ၏ မျက်ဝန်းများက ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများကို စူးစိုက် ကြည့်နေခဲ့သည်။ ထာဝရ ဧကရာဇ်တွင်လည်း အလားတူ မျက်လုံးများ ရှိပေသည်။ သဘာဝ အတိုင်း ဖြစ်တည်နေသည့် ငွေရောင် မျက်လုံးများမှာ အလွန် ရှားပါးလှလေရာ သူတို့ နှစ်ယောက်ကြားတွင် ဆက်စပ်မှု တစ်ခု ရှိနေခဲ့ကြောင်း ထင်ရှားပေသည်။

“ကျုပ်တို့ နှစ်ယောက်က တူညီတဲ့ မျိုးရိုး တစ်ခုတည်းကနေ ဆင်းသက်လာတာ ဖြစ်နိုင်တယ်... ဒါမှမဟုတ် မျက်လုံး ကျင့်စဉ်တွေ တူသွားတာလည်း ဖြစ်နိုင်ပါတယ်”

ဝေ့ဝူယင်က ဖုံးကွယ်ခြင်း မပြုပါချေ။ သို့သော်လည်း သူနှင့် ထာဝရ ဧကရာဇ်ကြား သွေးသား တော်စပ်မှုက အမှန်တရား ဟုတ်၊ မဟုတ် ကိုတော့ သူ ကိုယ်တိုင်ပင် အတည်ပြုနိုင်ခြင်း မရှိပါချေ။ တူညီသည့် ကုန်းမြေ တိုက်ကြီး တစ်ခုတွင် မွေးဖွားလာခြင်း၊ အဂ္ဂိရတ် လမ်းစဉ်တွင် အလွန်အမင်း ပါရမီပါခြင်းနှင့် မျက်လုံး အရောင် တူညီနေခြင်းတို့ကို ထောက်ချင့်ရလျှင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

“အဓိပ္ပာယ် ရှိတယ်...”

ချောင်စွေ့ဖုန်းက စဉ်းစဉ်းစားစားဖြင့် မှတ်ချက်ချလိုက်၏။ ထိုအရာက ဖြစ်နိုင်ချေ များသည့်တိုင် ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်၏ တိုက်ရိုက် မျိုးဆက်ဟုတော့ ပြောဖို့ ခက်ပေသည်။ မည်သို့ပင် ဆိုစေ... ထာဝရ ဧကရာဇ်ထံတွင်လည်း အခြား ညီအကို၊ မောင်နှမများ ရှိနေနိုင်သေးသည် မဟုတ်ပါလား။

"ဆိုတော့... ကျုပ်က အဂ္ဂိရတ် တာအိုမှာ ပါရမီပါတယ် ဆိုတာ သိလို့ ခင်ဗျားက ကျုပ်ကို ချဉ်းကပ်ခဲ့တာပေါ့ ဟုတ်လား... ကျုပ်ဆီမှာ ခင်ဗျား လိုချင်တာ တစ်ခုခုများ ရှိလို့လား”

ချောင်စွေ့ဖုန်းထံတွင် ရည်ရွယ်ချက်များ ရှိကြောင်း ဝေ့ဝူယင် အစောကြီးတည်းက ရိပ်မိခဲ့ပေသည်။ သို့သော်လည်း... ထိုရည်ရွယ်ချက်က မည်သည့် အရာ ဖြစ်ကြောင်းကိုတော့ သူ မစဉ်းစားနိုင်ခဲ့ပါချေ။

“အမွေအနှစ်ပါ...”

ချောင်စွေ့ဖုန်းက ဖြည်းညင်းစွာပင် ဝန်ခံလိုက်၏။

“ခင်ဗျားက အမွေအနှစ်ကို လိုချင်တာလား...”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်သည်။ ထိုအချက်ကို သူ အနည်းနှင့် အများတော့ ရိပ်မခဲ့ပေသည်။ သို့သော်လည်း... အမွေအနှစ်ကို သူ ရရှိခဲ့လျှင်ပင် မဆင်မခြင် ဖြန့်ဝေခြင်းမှ တားဆီးရန် ကန့်သတ်ချက်များ ကျိန်းသေ ရှိလိမ့်မည်။ သူမ အနေဖြင့် ၎င်းကို ရရှိနိုင်လိမ့်မည် မဟုတ်ပါချေ။

ထို့အပြင်... သူ အဂ္ဂိရတ် တိုက်ပွဲကို ရောက်ရှိခဲ့သည့် အချိန်က အတော်လေး နောက်ကျသည်။ ထျန်းရှောင်လော့နှင့် ချင်ကူးယဉ်တို့၏ တိုက်ပွဲက သရေ ဖြစ်ကာ၊ မျှဝေ ပိုင်ဆိုင်ခွင့် ဥပဒေ အရ တတိယမြောက် မျှဝေ ပိုင်ဆိုင်သူ တစ်ဦး ပေါ်လာလိမ့်မည်ဟု သူမ မည်ကဲ့သို့ ခန့်မှန်းနိုင်မည်နည်း။

နောက်ဆုတ်ကာ ပြန်လည် စဉ်းစားရလျှင် ချောင်စွေ့ဖုန်း ကိုယ်တိုင်က မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထို တစ်ပါး ဖြစ်သည်။ သူမ အနေဖြင့် ချင်ကူးယဉ်ကိုရော ထျန်းရှောင်လော့ကိုပါ အလွယ်တကူ အနိုင်ယူလို့ ရသည်။ အဘယ်ကြောင့် သူမ ကိုယ်တိုင် စိန်မခေါ်ခဲ့သနည်း။ အယ်နီယာ အဂ္ဂိရတ် ရှန့်ထို ဆိုသည့် အစစ်အမှန် အဆင့်အတန်း ပေါ်လွင်မသွားအောင် ဖုံးကွယ်ထားခဲ့ခြင်းလော။

“ကြည့်ရတာ ကျွန်မလည်း အစက စပြီး ပြောသင့်တယ် ထင်တယ်”

ချောင်စွေ့ဖုန်းက အစိမ်းရောင် မျက်လုံးများကို မှိတ်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ ပြန်လည် ဖွင့်လိုက်သော အခိုက်၌ ၎င်းတို့က ထူးခြားစွာပင် တလက်လက် တောက်ပနေခဲ့တော့သည်။

“ကျေးဇူးပြုပြီး...”

ဝေ့ဝူယင်မှာ ထိုမျက်ဝန်းများ၏ နောက်ကွယ်ရှိ ဇာတ်လမ်း တစ်ခုလုံးကို သိချင်နေခဲ့ပြီ ဖြစ်လေသည်။

"ဆိုတော့ စလိုက်ကြတာပေါ့...”

***

All Chapters