← Chapters

အကြွင်းအကျန်များ

Vol. 1 Ch. 28

အကြွင်းအကျန်များ

Vol. 1 Ch. 28

“အ‌ဒေါ် ၊ ကျေးဇူးတင်ပါတယ်” စုရွှေလျန်သည် ညဘက်တွင် ဝါဂွမ်းလစဉ်သုံးပစ္စည်းများပြုလုပ်ခြင်း ပြီးသောအခါတွင်၊ နောက်နေ့မနက်၌ အောက်ထပ်သို့ အသာကလေးဆင်းလာပြီး ကျေးဇူးတင်စကားပြောရန် တည်းခိုခန်းမှူး၏ဇနီးထံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

"မလိုဘူး၊ မလိုဘူး၊ ယဉ်ကျေးနေဖို့ မလိုပါဘူး" တည်းခိုခန်းပိုင်ရှင်၏ဇနီးသည်လည်း အလွန်ယဉ်ကျေး၏။ အထူးသဖြင့် စုရွှေလျန်တို့၏ခွေးများက သူမ၏မဆင်မခြင်နှင့် ထိန်းသိမ်းမှုမရှိသော ကလေးနှစ်ယောက်ကို ထိန်းသိမ်းပေးပြီးနောက် ပို၍ယဉ်ကျေးလာသည်။ စုရွှေလျန် အပေါ်ထား‌သော သူမ၏ သဘောထားသည် အခြားသူများနှင့် ယှဉ်လျှင် ပို၍ နွေးထွေးသည်။

“မိန်းက‌လေး နောက်ထပ်လိုအပ်‌​​သေးရင် လာတောင်းလိုက်ရုံပါပဲ။ ကျွန်မဆီမှာ ရှိပါသေးတယ်။ အားနာနေဖို့ မလိုပါဘူး” တည်းခိုခန်းပိုင်ရှင်၏ဇနီးသည် စုရွှေလျန် ဘာကြောင့် ဝါဂွမ်းလိုအပ်သည်ကို မသိသော်လည်း ၎င်းတို့ဖောက်သည်များ၏ ကိုယ်ရေးကိုယ်တာကို ထိန်းသိမ်းရန် ဂရုတစိုက်ရှိလှ၏။ ဖောက်သည်တွေ မမျှဝေချင်တဲ့အရာကို သူတို့က လုံးဝ အပူကပ်‌‌​မေးမှာမဟုတ်‌​ပေ။

"ကျေးဇူးတင်ပါတယ် အဒေါ် " စုရွှေလျန် ခေါင်းညိတ်ရင်း ပြုံးပြလိုက်သည်။

တည်းခိုခန်းပိုင်ရှင်အမျိုးသမီးပေးသော ဝါဂွမ်းဖြင့် လစဉ်သုံးပစ္စည်းခြောက်ခုလုပ်နိုင်ခဲ့သည်။ သူမ ယခင်ကအသုံးပြုခဲ့သည့် ပစ္စည်းများနှင့်ယှဉ်လျှင် ယခုဟာများသည် ရေစုပ်စက္ကူမပါသည့်အတွက် ထိရောက်မှု နည်းပါးသည်။ သို့‌သော်၊ ၎င်းသည် ပါးလွှာသော အထည်သားများထက်တော့ ပိုကောင်းပါ‌သေးသည်။ မနေ့ညကတည်းက သူမ တစ်ခါပဲလဲထားပြီး ယခုချိန်အထိ မပေါက်သေးပေ။

သူမသုံးခဲ့တဲ့ ပထမဆုံး ချည်သားလစဉ်သုံးကို ဆေးကြောပြီး ပြတင်းပေါက်နားက နေရောင်အောက်တွင် လှမ်းထားလိုက်သည်။ တောက်ပတဲ့ နေရောင်ကြောင့် နေ့တစ်ဝက်အတွင်းမှာပင် ခြောက်သွားသည်။ အဆိုပါ လစဉ်သုံးများကို ပြန်လည်အသုံးပြုရန် ဖြစ်နိုင်သော်လည်း အကြိမ်ကြိမ်အသုံးပြုပြီးနောက် အတွင်းရှိ ဝါဂွမ်းသည် မာကျောလာမည်ဖြစ်ပြီး ၎င်းကိုဖွင့်၍ ဝါဂွမ်းများကို ဖွပေးရန်လိုအပ်‌ပေသည်။

ဘာပဲဖြစ်ဖြစ်၊ စုရွှေလျန်ကတော့ ဒီ ပစ္စည်းတွေအတွက် အရမ်းကိုကျေနပ်‌နေသည်။ တကယ်တော့ ဒီမနက် သူမအခန်းကို သန့်ရှင်းရေးလုပ်ခဲ့တဲ့ အိမ်အကူက အမျိုးသမီးအများစုဟာ အပင်ပြာတွေနဲ့ ဖြည့်ထားတဲ့ လစဉ်သုံးတွေကို သုံး‌နေကြတယ်လို့ ပြောခဲ့သည်။ သူမသုံးနေတဲ့ ချည်သားပစ္စည်းတွေကို ချမ်းသာတဲ့မိသားစုက အမျိုးသမီးတွေသာ တတ်နိုင်ကြသည်။ ထိုစကားကိုကြားသောအခါ ရှက်ရွံ့သွား၏။ ဒါကို သူမ သတိမထားမိခဲ့‌ချေ။ အပင်ပြာများကို လစဉ်သုံးများတွင် အသုံးပြုနိုင်ကြောင်းကိုလည်း သူမယုံကြည်ရန် ခက်ခဲနေခဲ့သည်။

စုရွှေလျန် လက်သီးဆုပ်လိုက်မိသည်။ လာမယ့်နွေဦးရာသီတွင် သူမတို့ပိုင်ဆိုင်သည့် မြေနှစ်ဧကတွင် ဝါအချို့ကို သေချာစိုက်ထားရမည်။ အိမ်ပြောင်းပြီးနောက် ဝါဂွမ်းပင်စိုက်ပျိုးနည်းနှင့် ပတ်သက်သော စိုက်ခင်းဆိုင်ရာ စာအုပ်အချို့ဝယ်ရန် စာအုပ်ဆိုင်သို့သွားပြီး ၎င်းတို့အကြောင်း ဖတ်ရ‌ပေမည်။ သူမတို့ မြို့နဲ့နေသားတကျဖြစ်ချင်လျှင် လယ်ယာလုပ်ငန်းအကြောင်း သိထားရပေမည်။ ထို့အပြင် လုပ်ကြံသတ်ဖြတ်သူဟောင်း လင်းစစ်ယောင်သည် လယ်သမားတစ်‌ယောက်ဖြစ်နိုင်ပါ့မလားဆိုတာကို သူမသံသယဖြစ်မိသည်။ လယ်ယာလုပ်ငန်းသည် လိုအပ်ချက်များစွာရှိပြီး ရေရှည်လုပ်ရမည့် လုပ်ငန်းတစ်ခုဖြစ်၏။

……

လင်းစစ်ယောင်သည် ဖန်းဟွာမြို့သို့ နေ့တိုင်းသွားရောက်ခဲ့သည်။ နံနက်ခင်းကတည်းက နေ့လယ်တွင်စားရန် ရေအနည်းငယ်နှင့်အသားပေါင်မုန့်အချို့ကို ချန်ထားခဲ့သည်။ ဒါကိုမြင်တော့ လက်သမားလေးယောက်သည် အိမ်ပြန်ပြီး မစားရဲတော့‌ပေ။ သူတို့ရဲ့ ဖောက်သည်က ဒီလိုမျိုးဆိုတော့ အိမ်ပြန်ပြီး နေ့လည်စာ ပူပူနွေးနွေး‌လေးနဲ့ စွပ်ပြုတ်စားဖို့ ဘယ်လိုတွေးနိုင်မလဲ။ ဒါ‌ကြောင့်နောက်နေ့ကျတော့ လက်သမားတစ်ယောက်စီတိုင်းသည် နေ့လည်စာအတွက် ပြောင်းဖူးပေါင်မုန့်နှစ်ခုနှင့်အတူ ရောက်လာကြသည်။ သူတို့ရဲ့ အမြန်နှုန်းကလည်း တစ်နေ့ထက်တစ်နေ့ တိုးလာခဲ့သည်။ နောက်သုံးရက်အတွင်း စာချုပ်ချုပ်ထားတဲ့ ဆယ်ရက်ကုန်ဆုံးတော့မည်ဖြစ်၏။ အချိန်မီမပြီးပါက ဖောက်သည်၏မပျော်မရွှင်မျက်နှာကိုမြင်ရရုံသာမက ၎င်းတို့၏ အပိုကြေးများလည်း ရရှိမည်မဟုတ်‌ချေ။

ယနေ့တွင်၊ အမျိုးသမီးများသည် အိမ်၏နိမ့်ပါးသောဝင်းထရံများထက်မှတစ်ဆင့်ချောင်းကြည့်နေကြပြီး တစ်စုံတစ်ခုအကြောင်း အတင်းအဖျင်းပြောနေကြသည်။

“သူတို့က ဒီပရိ‌ဘောဂတွေအ​ကြောင်းဆွေးနွေးချင်နေတာ။ မျှော်လင့်မနေနဲ့။ တကယ်က ဒီပစ္စည်းတွေဒီကိုရောက်ဖို့ ခုနစ်ရက်‌တောင်ကြာခဲ့တာ။ အဲဒါက ဒီဟာတွေ ဘယ်လောက် ခိုင်ခံ့လဲဆိုတာ ပြ‌နေတာပဲ။” ဖုန်းလောင်လျှို့ သည် ခေါင်းယမ်းပြီး သူ့အလုပ်အပေါ် အာရုံစိုက်လိုက်သည်။

"အဲဒါ ဟွာအိမ်က အမျိုးသမီး မဟုတ်ဘူးလား။ သူမပေါ်လာဖို့တောင် သတ္တိရှိသေးတယ်‌ပေါ့” လက်သမားဆရာများထဲမှ အငယ်ဆုံး ဖန်တရှန်း သည် လူအုပ်ကို စိုက်ကြည့်နေသော လျို့ရှီကို မြင်သောအခါတွင် မထိန်းနိုင်ဘဲ ကျယ်လောင်စွာ အော်‌ပြောလိုက်သည်။

"ကျွတ်၊ မင်းတကယ်ကို ဗဟုသုတနည်းတာပဲ။ ဒီမြို့လေးမှာ ဟွာအိမ်ကအမျိုးသမီးနဲ့ သူ့ချွေးမတွေက နာမည်ဆိုးနဲ့‌ကျော်ကြားတယ်‌လေ။ သူမမျက်နှာပေါ်က 'အရှက်' ဆိုတဲ့ စကားလုံးကို ရှာချင်တာလား? ဒါဆိုရင်တော့ မဖြစ်နိုင်ဘူး!" လက်တစ်ဖက်တည်းနဲ့ အလုပ်လုပ်နေတဲ့ ရွာသူကြီး ဝမ်ကန်းဖာ ရဲ့ဝမ်းကွဲ ဝမ်ရွှေ့ဖာက အနည်းငယ် မကျေမနပ်ပြောလိုက်သည်။

အများအားဖြင့်တော့ လူတွေ သစ်သားလက်မှုအတတ်လုပ်ချင်တဲ့အခါတိုင်း သူ့ကို ငှားတာ ရှားသည်။ ပထမအချက်က မသန်မစွမ်းဖြစ်နေလို့၊ ဒုတိယအချက်က ရွာသူကြီးနဲ့ ပတ်သက်နေလို့ပါ။ အကယ်၍ သူသည် ရှုပ်ရှုပ်ရှက်ရှက်လုပ်နေလျှင် သို့မဟုတ် သူလုပ်သောအရာသည်အဆင်မ‌ပြေလျှင် သူ့ကို ထုတ်သင့်လား မထုတ်သင့်ဘူးလားဆိုတာ ဝေခွဲမရသောကြောင့်ဖြစ်၏။

လင်းစစ်ယောင်က ဖုန်းလောင်လျှို့အား နောက်ထပ် ကျွမ်းကျင်သော လက်သမား သုံးဦးကို တောင်းဆို‌သောကြောင့်သာ သူ့ကိုခေါ်ခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူ့ကို ခေါ်လိမ့်မည်မဟုတ်ပေ။ ဒါပေမယ့် လင်းစစ်ယောင်က သူ့ရဲ့ ကျိုးနေတဲ့လက်မောင်းနဲ့ပတ်သက်ပြီး မညည်းညူတာကို မြင်လိုက်ရမှ စိတ်သက်သာရာ ရသွားခဲ့သည်။

“အားဖာ ပြောတာမှန်တယ်။ ဟွာအိမ်ရဲ့ အမျိုးသမီးက တကယ်ကိုပါးနပ်တယ်။ ငါ့မိန်းမတောင်မှ သူ့ကြောင့် ဒုက္ခရောက်ခဲ့ဖူးတယ်” နောက်ဆုံးပြောလိုက်သူမှာ ဟွာအိမ်၏ အိမ်နီးချင်း ထျန်းတဖူ ဖြစ်သည်။ သူ့အိမ်၏အမျိုးသမီးသည် ရိုးသားသောစိတ်ထားရှိသောကြောင့် သူမသည် ထျန်းအိမ်နှင့်လက်ထပ်ပြီးသောအခါ လျို့ရှီကြောင့် ဆုံးရှုံးမှုများစွာရှိခဲ့သည်။ ထိုအချိန်မှစ၍ သူတို့နှစ်အိမ်သည် အဆင်မပြေတော့ခြင်းဖြစ်၏။

လင်းစစ်ယောင်သည် ပရိဘောဂများတည်ဆောက်ရန် တိုင်းတာမှုများပြုလုပ်ပြီးနောက် ညာဘက်ဆုံးအခန်းမှ ထွက်လာချိန်တွင် လက်သမားလေးဦး၏ တီးတိုးသံကိုကြားလိုက်ရပြီး မျက်ခုံးပင့်လိုက်မိသည်။ သူသည် ဒူးဆစ်‌လောက်မြင့်သော ခြံစည်းရိုးဆီသို့ မျက်နှာမူလိုက်ပြီး ထိုနေရာတွင်ရှိ‌သော အမျိုးသမီးအုပ်စုကို လှမ်းကြည့်လိုက်သည်။

"အာ... သခင်လေး ကျွန်မကို မှတ်မိလား" ဟွာအိမ်မှ အမျိုးသမီးသည် လင်းစစ်ယောင် အိမ်မှ ထွက်လာသည်ကို မြင်သောအခါ၊ သူမသည် သူ့ဆီသို့ လျှောက်လာရင် မခိုးမခန့်ပြုံးလိုက်၏။

လင်းစစ်ယောင် မျက်ခုံးပင့်လိုက်သည်။ ဒီလောက်အမျိုးသမီးတွေအားလုံးထဲမှာ ဒီအမျိုးသမီးကို ဘယ်လိုမမှတ်မိဘဲနေနိုင်မှာလဲ?သို့သော် စုရွှေလျန်အား သူတပါးကို မထိခိုက်စေရန် ကတိပေးခဲ့သောကြောင့် လင်းစစ်ယောင်သည် ထိုအမျိုးသမီးကို မြစ်ထဲသို့ ပစ်ချချင်စိတ်ကို မနည်းချိုးနှိမ်ထားရသည်။

"အဲ သခင်လေး၊ ကျွန်မတို့ … သခင်လေးမှာ သစ်သားတွေအများကြီးရှိတာကို‌မြင်လိုက်တယ်။ ပရိဘောဂ‌​တွေလုပ်ပြီးရင် သစ်သားစအကြွင်းအကျန်တွေ အများကြီးရှိမှာ သေချာတယ်… ဟားဟား... ကျွန်မတို့ကို လက်ဆောင်ပေးလို့ရမလား" အခြားအမျိုးသမီးအုပ်စုအဖွဲ့မှ တွန်းထုတ်ခံရပြီးနောက် လျို့ရှီက ၎င်းတို့အားလုံးအတွက် အတင်းပြောခိုင်း‌​နေသလိုမျိုးသူမ၏တောင်းဆိုမှုကို အထစ်အထစ်နှင့်ပြောလိုက်သည်။

အကြွင်းအကျန်တွေ? လင်းစစ်ယောင်၏အမူအရာ သည်တည်ငြိမ်နေသော်လည်း အတွင်းစိတ်ကမူလှောင်ရယ်နေသည်။ သူ့ခေါင်းကို လှည့်ပြီး လက်သမားလေးယောက်ကို ကျယ်လောင်တဲ့ အသံနဲ့ မေးလိုက်သည်၊ "သစ်သားအကျန်တွေက အမြဲတမ်း အစအနသေးသေးလေးတွေလား"

"သခင်လေး၊ ဘယ်လိုဟာသတွေပြောနေတာလဲ? ဒီလောက်သစ်သားအများကြီးနဲ့ဆိုရင် မင်းတောင်းဆိုတာတွေလုပ်ပြီးရင်တောင်မှ မထိရ‌​သေးတဲ့သစ်လုံး‌​တွေအများကြီးကျန်နေဦးမှာ။ သူတို့ပြောသလို အကုန်လုံးက သစ်သားစလေးတွေဖြစ်နေမှာမဟုတ်ဘူး” သူ့အကြည့်ကို နားလည်သဖြင့် ဖုန်းလောင်လျှို့က ပြန်ဖြေပြီးနောက် တည်ငြိမ်ဟန်ဆောင်‌​နေလိုက်သည်။

"အရမ်းကောင်းတယ်" လင်းစစ်ယောင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် မြဲမြံစွာ တည်ရှိနေသော အမျိုးသမီးများအုပ်ကြီးထံ လှည့်ကြည့်လိုက်သည်။ "ငါးရက်လောက်ကြာပြီးရင်တော့ ခင်ဗျားတို့ယူလို့ရပါတယ်" နောက်ထပ်တိုင်းတာမှုအချို့ပြုလုပ်ဖို့အတွက် သီးခြားမီးဖိုချောင်ထဲကို မဝင်ခင် သူပြောလိုက်၏။

ထိုစကားကို ကြားသောအခါ အမျိုးသမီးအုပ်စုသည် ဝမ်းသာအားရဖြင့် လူစုကွဲသွားကြသည်။

လက်သမားလေးယောက်က တစ်ယောက်ကိုတစ်‌​ယောက်ကြည့်လိုက်ကြပြီး လင်းစစ်ယောင် ဘာကြောင့်ဒီလိုပြောလိုက်လဲဆိုတာကို ဝေခွဲမရဖြစ်နေကြသည်။

ညနေစောင်းတော့ လင်းစစ်ယောင် အိမ်ပြန်ဖို့ ထုပ်ပိုးနေတဲ့ လေးယောက်ကို “ကျွန်‌​တော် နောက်ထပ်နှစ်ရက် ထပ်တိုးလိုက်မယ်။ ဒါကို ငါးရက်အတွင်း မပြီးဘူးဆိုရင် အပိုကြေးမရရုံသာမက ကျန်သစ်သား‌တွေ​​ကိုလည်း ရမှာမဟုတ်ဘူး‌နော်”

ဖုန်းလောင်လျှို့နှင့်အခြားသူများ ဒီစကားကြားသောအခါတွင် ဝမ်းသာသွားကြ၏။ ဆိုလိုတာကသတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ဒီတာဝန်ကို ပြီးမြောက်ခဲ့မယ်ဆိုရင် ကျန်တဲ့သစ်သားတွေကို သူတို့အချင်းချင်း ဝေငှယူရလိမ့်မယ်လို့ ဆိုလိုတာလား?

လိုချင်စိတ်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့ လေးယောက်သား လင်းစစ်ယောင်ကို ကြည့်နေမိကြသည်။

ဖုန်းလောင်လျှို့ သူ့ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည် "လုပ်နိုင်တယ်၊ လုပ်နိုင်ပါတယ်! သခင်လေး၊ စိတ်မပူပါနဲ့၊ ပြီးအောင်လုပ်မယ်လို့ အာမခံပါတယ်။ သတ်မှတ်ထားတဲ့နေ့မှာ မပြီးသေးရင် ဖယောင်းတိုင်မီးထွန်းပြီး ညဘက်မှာ အလုပ်လုပ်မယ်!” လင်းစစ်ယောင်တစ်ယောက် သူ့စကားပြန်ရုတ်သိမ်းမှာကြောက်တာကြောင့် ကျန်တဲ့ သုံးယောက်ကလည်း အားတက်သရော ခေါင်းညိတ်လိုက်ကြသည်။

လင်းစစ်ယောင် ခေါင်းတညိတ်ညိတ်လုပ်လိုက်ပြီး သူတို့ကို စိတ်ထဲမထားတော့‌​ပေ။ သူလှည့်ပတ်ကြည့်လိုက်ပြီး တစ်ချက်ခုန်လိုက်ရုံနဲ့ သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

“ဝါး! သူက တကယ်ကို သိုင်းပညာရှင်ပဲ!" ဖန်တရှန်းက တောက်ပသော မျက်လုံးများဖြင့် အော်ပြောလိုက်သည်။

“ဟုတ်ပြီ… အာ သူတံခါး‌​တွေကို စိတ်ရှုပ်ခံပြီးပိတ်​မသွားတာ​က…​ ​ဆိုလိုတာက..."

ထိုညတွင် သူတို့လေးဦးသည် အိမ်မှ ဖယောင်းတိုင်အချို့ အမြန်ပြန်ယူပြီး ညဥ့်နက်သည်အထိ အလုပ်လုပ်ခဲ့ကြသည်။ အကြောင်းအရင်းကို သူတို့ဇနီးများကြားသိရသောအခါတွင် လွန်စွာထောက်ခံကြပြီး လာရောက်ကူညီရန်ပင် ကမ်းလှမ်းလိုက်ကြ‌​သေး​၏။ လက်ကျန်သစ်တုံးတွေကို တွေးကြည့်ရုံနဲ့ သူတို့လေးယောက် ခွဲယူရမည်ဆိုလျှင်‌​တောင် သူတို့တစ်ယောက်စီအတွက် စားပွဲကြီးတစ်လုံး ဖန်တီးဖို့ လုံလောက်နေသေးသည်။ ဘာပဲဖြစ်​ဖြစ်​ ​သစ်လုံးတွေရဖို့ သူတို့ဘာမဆိုလုပ်ကြပေလိမ့်မည်။

***

~ Book 1 ~

All Chapters