ဖုတ်ဝင်သည်လား ကိုယ်ပြောင်းစိတ်ခွာလား
Vol. 1 Ch. 2
.
စုရွှေလျန် နိုးလာခဲ့သည်။ နေရာမှာ စူကျိုးမြို့ရှိ ဆေးရုံ မဟုတ်ပေ၊ အချိန်ကာလမှာလည်း တရုတ်သမ္မတနိုင်ငံ သက်တမ်း ၂၃ နှစ်မြောက် နွေဦးရာသီ မဟုတ်တော့ပေ၊ တောကြီးမျက်မည်းထဲတွင် ကမ်းမမြင်လမ်းမမြင် ဖြစ်လျက်။
ကမ်းမမြင် လမ်းမမြင်တဲ့လား? စုရွှေလျန် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အားနည်းနေသာ ခန္ဓာကိုယ်ကို အားယူထူမတ်လိုက်သည်၊ ဘေးဘီဝဲယာကို ရှုပ်ထွေးနောက်ကျိစွာ ကြည့်လိုက်သည်။ ပြီးတော့ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လျက် ဟာကနဲ ဖြစ်သွားရပြန်သည်။ သည်ဝတ်စုံမျိုးသည် သူ ဘယ်တုန်းကမှ ဝတ်ဖူးသည့် ဝတ်စုံမျိုး မဟုတ်။ သူ ကိုမာဝင်နေခဲ့တုန်းကများ အစေခံအမျိုးသမီးတစ်ယောက်ယောက်က လဲပေးထားလေသလား? ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက် ကောင်းသည့် ပိုးထည်ကတော့ ဖြစ်နိုင်စရာအကြောင်းမရှိ။ သူ့အဝတ်အစားတွေသည် သူ့အတွက် သက်သောင့်သက်သာ ဖြစ်နေရန်မှအပ တခြားဘာမှမလိုအပ်ပေ။ ကလေးဘဝကတည်းက သူ့ကို ပြုစုစောင့်ရှောက်လာခဲ့သော အစေခံအမျိုးသမီးနှစ်ယောက်လုံး ဤအချက်ကို သိကြသည်။ များသောအားဖြင့် သူ့အဝတ်များသည် အလွှာတိုင်း အလွှာတိုင်းကို ချည်ချောနှင့် ပိုးတို့ဖြင့် ရက်လုပ်ထားသော အထည်များ ဖြစ်ကြသည်။ လက်ရှိ သူ့ကိုယ်ပေါ်တွင် ဝတ်ထားသော အဝတ်များကမူ အကောင်းစား ဇိမ်ခံပစ္စည်းဆန်လွန်းသည်၊ ထို့ထက်ပို၍ နွေးလည်းနွေးလွန်း၊ လေလည်းလုံလွန်း၊ နူးလည်းနူးညံ့လွန်းလှသည့်အပြင် တကယ်တော့ သူ့အဝတ်များပင် မဟုတ်ပေ...
ထို့နောက် ရည်ရွယ်ချက်မရှိဘဲ သူ့လက်နှစ်ဖက်ကို အပြန်အလှန်ပွတ်လိုက်ပြီးမှ နောက်တစ်ခါ မျက်မှောင်ကျုံ့မိပြန်သည်။ သည်ဖြူဖြူဖျော့ဖျော့ လက်ကလေးနှစ်ဖက်က သူ့လက်တွေထက် ယောင်ယောင်လေး သေးနေသလိုပင်။ ပြီးတော့ လက်ဖမိုးပေါ်တွင်လည်း သစ်ကိုင်းတွေ ဆူးချွန်တွေနှင့် ခြစ်မိထားသော အမာရွတ်မျိုးတွေနှင့်။ ဘယ်လိုပဲဖြစ်ဖြစ် သည်လက်တစ်စုံသည် ပန်းထိုးဖို့အတွက် ပိုးမွေးသလို ဂရုစိုက်ခဲ့ရသော သူ့ကိုယ်ပိုင် လက်ဖြူဖြူသွယ်သွယ်လေးတစ်စုံတော့ လုံးဝမဟုတ်။
သူ့နာမည် စုရွှေလျန်၊ စုမိသားစု၏ သမီးအကြီးဆုံး၊ "စုမိသားစု ချည်ပန်းထိုးလုပ်ငန်း"၏ ပန်းထိုးဆရာမကြီးအဖြစ် ငါးနှစ်ကျော် တာဝန်ယူခဲ့သူ။ သည်အရာတွေအားလုံးသည် ထင်ယောင်ထင်မှား ဖြစ်နေမှုလား။ အဲသည် ဆယ့်ကိုးနှစ်လုံးလုံးသည် လက်တွေ့ဘဝနှင့် သိပ်တူသော အိပ်မက်တစ်ခုသာ ဖြစ်ခဲ့လေသလား။ သူ့ကိုယ်ပိုင်ဘဝသည်လည်း သည်ခန္ဓာကိုယ်အရ နုနယ်လွန်းပြီး ကြမ်းတမ်းမှုဒဏ် မခံနိုင်သော မိန်းမတစ်ဦးသာ ဖြစ်လေသလား။ တကယ်တော့ မိန်းမဟုပင် မခေါ်သင့်သေး၊ မိန်းကလေးငယ်တစ်ဦးဟုသာ ခေါ်ရမည်။ ခန္ဓာကိုယ်ကို အကဲခတ်ကြည့်ခြင်းအားဖြင့် ရွှေယန်လောက်ပင် အသက်ကြီးဦးမည် မဟုတ်သေးပေ။
သူ့ညီမအရင်း ရွှေယန် အကြောင်း စဉ်းစားမိသည်နှင့် စုရွှေလျန် မှာ သက်ပြင်းအခါခါချမိတော့သည်။ သူ ဘယ်တုန်းကမှ မထင်ထားခဲ့။ လူအများရှေ့တွင် ယဉ်ကျေးလွန်းပြီး ရှေ့နောက်ဆင်ခြင်တတ်သော၊ ပြီးတော့ ဝါစဉ်ကို ကောင်းကောင်းနားလည်ပြီး သူ့နေရာသူ သိသော အဖေ့မယားငယ်နှင့် မြူးထူးရွှင်ပျ၍ ချစ်စရာကောင်းလှသော ညီမငယ် ရွှေယန် တို့သည် မနာလိုဝန်တိုမှုကြောင့် သူ့ကို သည်လောက်ထိ လုပ်ရက်ကြလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပါလား။ သူတို့တတွေသည် အကြီးဆုံး သခင်ကလေး၏ နာမည်ကိုပင် အလွဲသုံးစားလုပ်၍ သခင်ကြီး၏ အိမ်သို့ သူ လာအောင် လိမ်ခေါ်ခဲ့သည်၊ ပြီးတော့ သူ့ကို ရက်ရက်စက်စက် တွန်းချပြီး စူကျိုး မြို့ဂုဏ်ဆောင် "ချင်းမင် ပွဲတော်တွင်း မြစ်ကြောင်းတစ်လျှောက်ဝယ် ပန်းချီကား" ပန်းထိုးချည်စကြီးကိုပါ လုယူခဲ့ကြသည်။ ထိုပန်းထိုးချည်စကြီးကို အပြီးသတ်ဖို့ အချိန်လေးလပင် ကြာခဲ့ရသည်...
သူ့ခေါင်းကို အသာအယာ ခါယမ်းမိသည်၊ အနည်းငယ် လေးလံနေသည်မှအပ နာကျင်ကိုက်ခဲနေသော ခံစားမှုမျိုး မရှိပေ။ သည်လိုဆိုလျှင် သခင်ကြီး၏ အိမ်ဝင်းထဲတွင် ရွှေယန်၏ ဆောင့်တွန်းခြင်းကိုခံရပြီး ခေါင်းနှင့် စားပွဲထောင့်စွန်း ဆောင့်မိခဲ့ခြင်းမှာ သူ့စိတ်ကူးယဉ်တွေးယောင်မှုသက်သက်လား။
စုရွှေလျန်သည် အားနည်းချိနဲ့လှသော သူ့ခန္ဓာကိုယ်လေးကို အတော်အားတင်း၍ ထူမတ်ရပြီးနောက် သည်ပိန်လှီချိနဲ့လှသော ခန္ဓာကိုယ်လေးသည် ဘယ်နည်းနှင့်မျှ သူ့ခန္ဓာကိုယ်မဖြစ်နိုင်ဟု နောက်တစ်ခါ ယုံကြည်မိပြန်သည်။
ခေါင်းထဲက သံသယတွေ ဘယ်လိုမှမပျောက်ကွယ်နိုင်ဘဲ ရှိနေစဉ် သူ့ဘေးက တုတ်ကြီးတစ်ချောင်းကို ကောက်ယူလိုက်သည်။ တုတ်ကို တောင်ဝှေးသဖွယ် အားပြုလျက် ခြေလှမ်းလေးငါးဆယ်လှမ်းကို အတော်ကြီး ကြိုးစား၍ အောင်အောင်မြင်မြင် လှမ်းလိုက်နိုင်လေသည်။ မူးဝေခြင်း သက်သာလာသည်နှင့်အမျှ ဘေးဘီဝဲယာကို သေချာကြည့်နိုင်လာသည်။
ခြေလေးငါးဆယ်လှမ်းအကွာက ချုံပုတ်ပေါ်တွင် အိတ်ကလေးတစ်လုံး ငြိတင်လျက်ရှိသည်။ သူ ရှေ့သို့ တိုးသွားပြီး အိတ်ကို ကောက်ကိုင်၍ သေချာကြည့်မိသည်။ သည်အိတ်ကလေးသည် သည်ခန္ဓာကိုယ်၏ မူလပိုင်ရှင် ပိုင်ဆိုင်သောအိတ် ဖြစ်ရမည်ဟု ကောက်ချက်ချမိသည်။ သည်လောက်နှင့် မကျေနပ်သေးဘဲ ခန္ဓာကိုယ်ပိုင်ရှင်အကြောင်း ပိုသိလိုသိရငြား အိတ်ကလေးကို လှုပ်ခါကြည့်လိုက်သေးသည်။
အိတ်ထဲတွင် ပိုးသား သုံးလွှာ အတွင်းခံဝါတစ်စုံ၊ ရေမရှိတော့သော တကောင်းတစ်ခု၊ ဓားမြှောင်တစ်ချောင်း၊ စန္ဒကူးသား ဘီးတစ်ချောင်း၊ ကြေးဖြင့် ပြုလုပ်ထားသော လက်တစ်ဝါးသာသာ ကြည့်မှန်တစ်ချပ်၊ ပိုးသားနှင့် ထုပ်ပိုးထားသော ရွှေငွေလက်ဝတ်ရတနာတချို့၊ ကျောက်စိမ်းဆံညှပ်တစ်ခု၊ ပန်းပွင့်ပုံဖော်ထားသော ရွှေဆံထိုးတစ်ခု၊ နဂါးပုံ ဇာမဏီပုံ ရုပ်လုံးရုပ်ကြွများ ဖော်ထားသော ကျောက်စိမ်းဖြူ လက်ကောက်တစ်စုံနှင့် လေးလံသော အိတ်အသေးတစ်လုံးကိုသာ တွေ့ရသည်၊ သူ သိချင်သော အကြောင်းအရာ ဘာတစ်ခုမှ မတွေ့ရသည်မှာ စိတ်ပျက်စရာ ကောင်းလှပေတော့သည်။ ပိုက်ဆံအိတ်လေးထဲတွင် ငွေတုံးလေးငါးတုံးနှင့် ငွေစအနည်းငယ် တွေ့ရသည်။
သူ ခဏနားရင်း နဖူးပေါ် လက်တင်လျက် စိတ်ထဲတွင် ပဟေဠိပုစ္ဆာကို အဖြေရှာရသလို ခံစားလာရပြန်သည်၊ ရတနာပစ္စည်းတွေအကြောင်းတော့ သေချာပေ၊ သို့သော် ငွေတုံးငွေစများကို လှည့်လည်အသုံးပြုခြင်းကိုမူ ပိတ်ပင်ခဲ့ပြီး မဟုတ်ပါလား။ မနှစ်က မတိုင်မီထိ တကယ့်ငွေသတ္တုနှင့် လုပ်ထားသော ဒင်္ဂါးပြားများ အသုံးပြုလျက်ရှိခဲ့သေးသည်။ သို့သော် မနှစ်ကစ၍ Fabi* ကိုသာ အသုံးပြုခွင့်ပေးထားခဲ့သည် မဟုတ်ပါလား။ ဘာကြောင့်များ သည်အိတ်ထဲတွင် ငွေတုံးငွေစ တစ်ဒါဇင်လောက် ရှိနေရသနည်း။ အဝတ်များကို အကဲခတ်ကြည့်ခြင်းအားဖြင့် မူရင်းပိုင်ရှင်သည် တောကြီးမျက်မည်းထဲတွင် နေနေသည်မှာ များစွာကြာသေးဟန်မတူကြောင်း သိရသည်။ ကြေးနှင့်ပြုလုပ်ထားသော ကြည့်မှန်ထဲတွင် သူ့ရုပ်သူ ကြည့်ရန်ကြိုးစားသော်လည်း ပီပီပြင်ပြင် သဲသဲကွဲကွဲ မမြင်ရပေ၊ သို့သော် မျက်နှာကျ အနေအထားကို မြင်ရသလောက် ကြည့်ခြင်းအားဖြင့် စုရွှေလျန်၏ မျက်နှာ မဟုတ်ကြောင်း သိနိုင်သည်။ တိမ်တောင်တက်ဆံထုံးပုံစံလို ပြင်ထားသော ဆံပင်၊ ပခုံးသားများကို ကျော်၍ ကျနေသော ပိတုန်းရောင် ဆံနွယ်စများ၊ ပြီးတော့ နဖူးက ခပ်ကျယ်ကျယ်။ သည်လူပုဂ္ဂိုလ်သည် ဆံပင်ကို နားသယ်စများ ချထားလေ့ရှိသော စုရွှေလျန် လုံးဝမဟုတ်၊ သည်ခန္ဓာကိုယ်သည် သူ့ခန္ဓာကိုယ် လုံးဝမဟုတ်ကြောင်း စုရွှေလျန် မှာ ခိုင်မာစွာ ယုံကြည်လာတော့သည်။
(*တရုတ်ပြည်တွင် ငွေဒင်္ဂါးများ လှည့်လည်အသုံးပြုမှုကို ပိတ်ပင်ခဲ့ချိန်တွင် ငွေသတ္တုကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကိုပါ ပိတ်ပင်ခဲ့သည်။ ငွေဒင်္ဂါးနေရာတွင် အစားထိုး သုံးစွဲခဲ့သော ငွေကြေးစနစ်မှာ Fabi ဟု အမည်တွင်သည်။)
သူသည် အိတ်ကလေးကို ဝမ်းနည်းညှိုးငယ်စွာ ချထားလိုက်ပြီး သစ်ငုတ်တိုတစ်ခုပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်မိသည်။ အားနည်းနေသော ခြေထောက်များကို နှိပ်နယ်လျက် ယခု သူကြုံနေရသော အဖြစ်အပျက်များ၏ အကြောင်းပြချက်တို့ကို စဉ်းစားနေမိသည်။ အတော်ကြာ တွေးပြီးသည့်နောက်တွင်မူ မည်သည့်အကြောင်းပြချက်ကိုမှ စဉ်းစားမရဘဲ သူ့ဗိုက်ထဲမှ တကြုတ်ကြုတ်မြည်နေသော အသံကိုသာ သတိပြုမိလာသည်၊ ဆာလောင်မွတ်သိပ်မှုကြောင့်များ သည်ခန္ဓာကိုယ်မှာ သိပ်ပြီး ခွန်အားနည်းနေရသလား။
ချက်ချင်းပင် အတွေးတစ်ခု ပေါ်လာပြန်သည်၊ သည်ခန္ဓာကိုယ်ပိုင်ရှင်သည် ငတ်မွတ်မှုကြောင့် သေဆုံးခဲ့ပြီးနောက် စုရွှေလျန် ၏ ဝိဉာဉ်က သည်ခန္ဓာကိုယ်မှာ ဝင်ခိုအောင်းနေခဲ့သလား။ ဘုရား ဘုရား... ဒါ သရဲတစ္ဆေဝင်ပူးသလိုပဲ မဟုတ်ပါလား။ ဒါ ယုံတမ်းစကားတွေ ပုံပြင်တွေမှာ ပါတတ်တဲ့ အလောင်းတစ်ခုကို တခြားဝိဉာဉ်တခုက ဝင်နေခြင်းပဲ မဟုတ်ပါလား။ စုရွှေလျန်သည် စဉ်းစားနေရင်း ကြက်သေသေသွားသည်၊ သည်လိုဆိုလျှင် စုရွှေလျန် အစစ်ကရော။ သူ သေခဲ့ပြီလား။
မလှမ်းမကမ်းဆီမှ သားရဲတိရစ္ဆာန်တို့၏ ဟိန်းဟောက်သံများကြောင့် အတွေးရေလျဉ် ပြတ်တောက်သွားရသည်။ ထို့နောက် တစ်ဆက်တည်းပင် တစ်ခုခုကို ဆွဲဖြဲနေသော အသံကြမ်းကြမ်းကြီးတစ်ခုကို ကြားလိုက်ရပြန်သည်။ သည်တော့မှပင် သူ သတိဝင်လာသည်။ သည်နေရာသည် တောကြီးမျက်မည်းထဲတွင် မဟုတ်ပါလား။ ဆာလောင်မွတ်သိပ်နေသော သားရဲတိရစ္ဆာန်တွေ ပေါသည့် တောကြီးမျက်မည်း မဟုတ်ပါလား။ ထို့ကြောင့် ပုန်းခိုရန်နေရာကို အရင်ဦးဆုံး ရှာရမည် မဟုတ်ပါလား။
အိတ်ကို မြေကြီးပေါ်မှ ကောက်ယူပြီးနောက် တုတ်ကို အားပြုလျက် သူသည် တောကောင်ဟိန်းသံများနှင့် ဆန့်ကျင်ဘက်အရပ်သို့ အတတ်နိုင်ဆုံး အားတင်း၍ ကြိုးစားလျှောက်လေသည်။ သို့သော် ကျယ်လောင်ပြင်းထန်လှသော ဟိန်းသံကြီးတစ်ချက်နောက်တွင်တော့ တောသည် မူလဆိတ်ငြိမ်အေးချမ်းသည့်အခြေအနေသို့ ပြန်လည်ဆိုက်ရောက်လာသည်။
သူသည် ထိုနေရာတွင်ပင် ရပ်လျက် ဟိန်းသံဟောက်သံများ ထပ်ကြားမကြား သေချာအောင် တစ်ခဏမျှ နားစွင့်ကြည့်သေးသည်။ အသေအချာစဉ်းစားပြီးနောက် သူသည် တုတ်ကို အားပြုလျက် ဟိန်းဟောက်သံများ ထွက်လာခဲ့ရာ နေရာဆီသို့ တရွေ့ရွေ့ ဦးတည်လာခဲ့သည်။ သူ ထင်သလို မြင်ကွင်းမျိုး တွေ့ရပါစေဟု မျှော်လင့်နေမိသည်။ ရင်တွေ တဒိန်းဒိန်း ခုန်လှုပ်လျက် သူ တုတ်ကို အားပြုရင်း ဖြည်းဖြည်းလျှောက်လာသည်။ အထင်တစ်ချက် မှားလိုက်လို့ကတော့ သူ နောက်တစ်ခါ သေရပြန်ဦးမည်။
သွေးတွေစိုရွှဲ၍ ရှုပ်ပွစုတ်ပြတ်နေသော မြင်ကွင်းကို ကြည့်ရင်း အန်ချလိုက်ချင်စိတ်ကို မနည်းချုပ်တည်းထားရသည်။ မူးမေ့လဲမတတ်ဖြစ်နေသော ခန္ဓာကိုယ်ကို အားတင်းထူမတ်ရင်း သူ့နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်အထိ ထူးဆန်းစွာ ပြုံးမိသည်၊ သူ့အတွင်းစိတ်ထဲက ကြည်နူးနှစ်ခြိုက်လျက် မဟုတ်ပါလား။ နောက်ဆုံးတော့ ဆာလောင်မွတ်သိပ်လျက်ရှိသော ဗိုက်ကိုဖြည့်၍ အသက်ရှင်သန်ရန် မျှော်လင့်ချက်ရေးရေးလေးကို အသက်ဆက်နိုင်ဦးမည် မဟုတ်ပါလား။
သို့သော် အခြေအနေသည် ကိုင်တွယ်ထိန်းချုပ်ရန် သိပ်တော့ မလွယ်ကူလှ။
သူ့ခန္ဓာကိုယ်ထက် လေးဆခန့် ရှိသော ကျားဖြူတစ်ကောင်နှင့် ဝံပုလွေနှစ်ကောင်။
အချင်းချင်း တိုက်ခိုက်လျက် ဒဏ်ရာအသီးသီးရကာ သေဆုံးနေကြပြီဖြစ်သော သားရဲသုံးကောင်ဆီသို့ တုန်တုန်ရီရီ ချဉ်းကပ်သွားပြီး ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ တကယ်တော့ သူသည် ဓားမြှောင် မကိုင်တတ်၊ ဘယ်ကစ၍ ဘယ်လိုလုပ်ရမည်လည်း မသိ။
အရေစုတ်ခြင်း၊ အသားကို ကိုင်တွယ်လှီးဖြတ်ခြင်း၊ ပြီးတော့ အသားကင်ခြင်း။ သူ အားလပ်ချိန်များတွင် ချီကျီထံမှ တွေ့မြင်ခဲ့ရသည့်အရာများပင်။ တစ်နေ့တွင် သည်အလုပ်တွေအားလုံးကို သူကိုယ်တိုင် လုပ်ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
စုမိသားစု၏ ပထမ ကြင်ရာက မွေးသော သမီးအကြီးဆုံးအနေဖြင့်ရော "စုမိသားစု ချည်ပန်းထိုးလုပ်ငန်း"၏ ပန်းထိုးဆရာမကြီးဘဝ ငါးနှစ်တာအနေဖြင့်ရော သူ့ဘဝသည် အရာရာ အဆင်ပြေချောမွေ့ခဲ့သည်ဟု ဆိုရပေမည်။ ထို့ပြင် စူကျိုး မြို့တွင် စုမိသားစု၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကြောင့် သာမန်အလုပ်ကလေးတွေ သူ လုပ်ဖို့ မလိုအပ်ခဲ့ပေ။ ချည်ပန်းထိုးသည့် အလုပ်အတွက်ကလွဲပြီး အပ်ပင် မကိုင်ခဲ့ရပေ။
သို့သော် ယခုအခြေအနေတွင် ထမင်းပွဲရှေ့ရောက် ပါးစပ်ထဲထိ ခွံ့မည့် အခြေအနေကို မျှော်လင့်၍ ရနိုင်ပါမည်လား။ ကိုယ့်ကိုယ်ကို အားကိုးမှ အသက်ရှင်နိုင်ပေမည်။ သည်ခန္ဓာကိုယ်သည် စုရွှေလျန်၏ ခန္ဓာကိုယ် မဟုတ်သော်လည်း နာမ်ဝိဉာဉ်ကတော့ သူ့ဝိဉာဉ် ဖြစ်နေပေသည်။ ထို့ကြောင့် သူသည် စုရွှေလျန်ဖြစ်၍ စုရွှေလျန်သည် သူ ဖြစ်ပေသည်။
ခဏတာ တွေဝေနေပြီးနောက် ဆည်းဆာချိန်သို့ပင် နီးကပ်လာသော်လည်း စုရွှေလျန်သည် သားရဲသုံးကောင်၏ ခန္ဓာကိုယ်ကို ထိပင် မထိဝံ့သေးပေ။ ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၊ အသက်ကို ဝဝရှူပြီး ဓားမြှောင်နဲ့ အလုပ်စလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ဟုတ်သည်၊ အလုပ်လုပ်ရမည်။ သည်အလုပ်များကို သာမန်အလုပ်ကလေးများဟု သဘောထားလိုက်သောအခါ သူသည် သူ့စိတ်ထဲက တင်းအားနှင့် အကြောက်တရားကို မကျော်လွှားနိုင်ဟု မထင်မိတော့ပေ။
သူ အလုပ်စခါနီးလေးမှပင် သူ့နောက်ရှိ ကောက်ရိုးပုံတစ်ဖက်မှ အသံတချို့ကို ကြားရပြီးနောက် နှင်းလို ဆွတ်ဆွတ်ဖြူနေသော ခွေးပေါက်လေးနှစ်ကောင် ထွက်လာသည်ကို မြင်ရလေသည်။ အချိန်အတန်ကြာကပင် အသက်မရှိတော့ပြီဖြစ်သော ဝံပုလွေနှစ်ကောင်ကို လျက်နေသော သည်သတ္တဝါလေးနှစ်ကောင်သည် ဝံပုလွေပေါက်လေးနှစ်ကောင် ဖြစ်ရမည်ဟု စုရွှေလျန် သဘောပေါက်လိုက်သည်။ သူတို့လေးတွေသည် မိဘကို ရှာဖို့ ထွက်လာကြရှာသည် မဟုတ်လား။
စုရွှေလျန်သည် မျက်လုံးထောင့်များမှာ ပူနွေးစိုစွတ်လာသည်ကို ခံစားမိသည်၊ ပြီးတော့ သည်ဝံပုလွေနှစ်ကောင်၏ အသားကို စားဖို့ စိတ်ကူးမိသည့်အတွက် စိတ်ထဲတွင် ရှက်လာမိသည်။ သူသည် ရှေ့သို့တိုး၍ မွေးကင်းစသာသာ ရှိသော ဝံပုလွေပေါက်လေးနှစ်ကောင်ကို ပွေ့ချီလိုက်ပြီး ညင်သာစွာ ပြောမိသည်။
"ဝမ်းမနည်းကြပါနဲ့ကွယ်၊ မင်းတို့မိဘတွေကို သေချာမြေမြှုပ်သင်္ဂြိုဟ်ပေးပါ့မယ်ကွယ်။" ဝံပုလွေပေါက်လေးနှစ်ကောင်သည် သူ့ထံမှ ရုန်းဖယ်၍ အူသံပေးခြင်းဖြင့်သာ တုန့်ပြန်လေသည်။ သူတို့၏ စိုစွတ်ပြောင်လက်နေသော မျက်လုံးများကို ကြည့်ခြင်းအားဖြင့် စုရွှေလျန်သည် သူ့စကားများကို သည်ဝံပုလွေပေါက်လေးနှစ်ကောင် နားလည်ကြသလို ခံစားမိလေသည်။
ဝံပုလွေပေါက်လေးနှစ်ကောင်ကို ကောက်ရိုးပေါ်ပုံတွင် ညင်သာစွာ တင်ပြီးနောက် စုရွှေလျန် သည် ဓားမြှောင်ငယ်လေးဖြင့် ကျင်းတစ်ခု စတူးတော့သည်။ အချိန်အကြာကြီး တူးနေသော်လည်း သေးသေးလေးသာ ရှိသေးသော ကျင်းကို ကြည့်လျက် သူ စိတ်ရှုပ်လာပြန်သည်။ မိုးကလည်း ချုပ်သထက် ချုပ်လာပြီ၊ နောက်ထပ် သားရဲတွေ အမဲလိုက်ထွက်ချင်လည်း ထွက်လာကြဦးမည်။ သူ့မှာတော့ ဝံပုလွေပေါက်လေးနှစ်ကောင်နဲ့ တစ်ကိုယ်တည်း၊ သူ ဘာဆက်လုပ်ရမည်နည်း။
နောက်သို့ လှည့်လိုက််မိပြီး ကောက်ရိုးပုံထက်မှာ ငြိမ်ငြိမ်ဝပ်ဝပ်လေး ထိုင်နေသော ဝံပုလွေပေါက်လေးနှစ်ကောင်ကို ကြည့်၍ သူ ပြုံးမိသည်။ သူ သတိလည်လာပြီး ပထမဆုံး တွေ့ရသော သက်ရှိသည် လူသား မဟုတ်ဘဲ ဝံပုလွေပေါက်လေးတွေ ဖြစ်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ဝံပုလွေပေါက်လေးတွေကလည်း သူ့ကို ပြန်ကြည့်ကြလေသည်။ စုရွှေလျန် က သူတို့ကို ကြည့်နေကြောင်း သတိထားမိသည်တွင် ဝံပုလွေပေါက်လေးနှစ်ကောင်သည် အူသံပေးလျက် စုရွှေလျန် ၏ ခြေဖဝါးဆီသို့ လူးကာ လှိမ့်ကာ တွားသွားကာ အရောက်လာပြီး ခြေဖဝါးကို လျက်ပေးကြလေသည်။ ပြီးတော့ စုရွှေလျန် တူးခဲ့သလိုပင် သူတို့နှစ်ကောင်ကလည်း မြေကြီးကို တူးကြယက်ကြလေသည်။ သူတို့လေးနှစ်ကောင်၏ ချစ်စရာ အမူအရာကို မြင်ရပြီးနောက် စုရွှေလျန် လည်း အတွေးစကို ရပ်၍ ဝံပုလွေနှစ်ကောင်ကို မြှုပ်လောက်သည်အထိ ကျယ်သော တွင်းတစ်ခု ရအောင် တူးကာ အလုပ်ကို လက်စသတ်ရလေသည်။
"ပြီးပြီ"
စုရွှေလျန်သည် ဝံပုလွေနှစ်ကောင်ကို မြှုပ်ထားသော မြေကျင်းဘေးတွင်း ကျောက်တုံးလေးများကို စက်ဝိုင်းပုံ နေရာချထားလိုက်လေသည်။ ရည်ရွယ်ချက်မှာ နောင်တွင် ဝံပုလွေလေးများနှင့် ပြန်လာသည့်အခါ နေရာကို ပြန်ရှာတွေ့ရန် ဖြစ်သည်။ တကယ်တော့ သည်တောအုပ်ထဲကနေ ဘေးမသီရန်မခ ထွက်သွားနိုင်ပါ့မလား မသေချာသလို ထွက်သွားနိုင်လျှင်လည်း သည်နေရာကို တစ်ခေါက် ပြန်လာနိုင်ပါ့မလား မသေချာပေ။ သို့သော် သူကိုယ်တိုင် သူ့လက်နှင့် လုပ်ခဲ့ရသမျှ အလုပ်တိုင်းကို အမှတ်အသားပြုလုပ်ခဲ့သည့် အကျင့် စွဲနေခဲ့လေသည်။
စုရွှေလျန် သည် ကိုယ်ပေါ်မှ ဖုန်များကို သပ်ခါပြီးနောက် ကျားသေကောင်ကို ရှိသမျှ အားကုန်သုံး၍ ဆွဲလာရင်း ဝံပုလွေပေါက်လေးနှစ်ကောင်ကို လှမ်းပြောလိုက်သည်။ "မင်းတို့လေးတွေ ဘယ်မှာ နေကြလဲ။ ငါ့ကိုပါ ခေါ်သွားလို့ရလား။"
ဝံပုလွေပေါက်လေးနှစ်ကောင်လည်း သူတို့မိဘနှစ်ပါး သင်္ချိုင်းနေရာလေးကို လေးငါးဆယ်ကြိမ် ဝိုင်းပတ်ပြီးနောက် စုရွှေလျန် ဘေးသို့ ပြန်ကပ်လာကြလေသည်။ ပြီးတော့ ခေါင်းလေးတွေ မော့ကာ အူသံပေးပြီး ကျားသေ၏ ရှေ့ခြေနှစ်ချောင်းကို ဆွဲ၍ စုရွှေလျန် ကို ကူညီရင်း သူတို့နောက်သို့ လိုက်ခဲ့ရန် အမူအရာနှင့် ဦးဆောင်ခေါ်သွားလေသည်။
ဝံပုလွေပေါက်လေးနှစ်ကောင်နောက်မှ လိုက်၍ မီတာ ၅၀ ခန့် လျှောက်မိပြီးနောက် သူ့မျက်စိရှေ့မှ ချုံပုတ်များကို လက်ဖြင့် ရှင်းလိုက်သည်တွင် နှစ်မီတာပတ်လည် ကျယ်သော ဂူပေါက်တစ်ခုကို မြင်လိုက်ရလေသည်။ စုရွှေလျန် လည်း ခုမှပင် စိတ်သက်သာရာရတော့သည်။ သည်နေရာလေးသည် ဝံပုလွေပေါက်လေးနှစ်ကောင်၏ အိမ်ဖြစ်ရပေမည်၊ သို့မဟုတ်လျှင် ဒီသတ္တဝါလေးနှစ်ကောင်သည် သည်နေရာနှင့် ရင်းနှီးကျွမ်းဝင်နေနိုင်စရာအကြောင်း မရှိပေ။
ကျားသေကောင်ကို ဂူပေါက်ဝအပြင်ဘက်တွင် ပစ်ခဲ့ပြီးနောက် သူသည် ဝံပုလွေပေါက်လေးနှစ်ကောင်နောက်မှ လိုက်၍ သူတို့အိမ်ဖြစ်သော ဂူလေးထဲသို့ ဝင်သွားလေတော့သည်။
ဂူ၏ ပုံပန်းသွင်ပြင်မှာ ကြောက်စရာကောင်းသော်လည်း သိပ်မညစ်ပတ်လှပေ။ မြေကြီးပေါ်တွင် သစ်ကိုင်းခြောက်များနှင့် သစ်ရွက်များကို အခင်းသဖွယ် ဖြန့်ခင်းထားသောကြောင့် နင်းလိုက်တိုင်း ချိုးချိုးချွတ်ချွတ် အသံမြည်နေလေတော့သည်။ ဂူမှာ သိပ်မကြီးလှပေ။ ကျဉ်းကျဉ်းလေးနှင့် ရှည်သော ဂူ ဖြစ်ပြီး ဂူအဆုံးထိဆိုလျှင် ဆယ်မီတာခန့်မျှ ရှိပေမည်။ ဂူအဆုံးတွင်တော့ ရေအိုင်လေးတစ်အိုင် ရှိပေသည်။
အိုး...ရေအိုင်တင်မကဘူး သဘာဝအတိုင်းဖြစ်နေတဲ့ ကျောက်စက်ပန်းဆွဲတွေပါ ရှိနေတာပါလား။ ကျောက်စက်ပန်းဆွဲများထဲကမှ အလယ်ကတစ်ခုဆီမှ ရေကျလာပြီး ရေအိုင်လေးတစ်ခု ဖြစ်နေခြင်းပင် ဖြစ်ရမည်။ ရေအိုင်ထဲတွင် ပုံမှန်ရေနှင့်မတူဘဲ ကြမ်းပြင်ထိ ထွင်းဖောက်မြင်ရအောင် ကြည်နေသော အစိမ်းရောင်အရည်များကို တွေ့ရသည်၊ စိမ်းသည်မှ ကျောက်စိမ်းကဲ့သို့ စိမ်းနေပေသည်။
ဒီရေအိုင်လေးပဲကိုး...။ စုရွှေလျန် သည် လက်ညှိုးကို ရေထဲ အနည်းငယ်နှစ်ပြီး လျှာပေါ်တင်၍ အရသာခံကြည့်လိုက်သည်။ လန်းဆန်း၍ အားသစ်ဖြစ်စေသော အရသာကို ခံစားလိုက်ရသည်။ ရေသည် သူ့ဗိုက်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် အားအင်ပြည့်ဖြိုးသွားသလို ခံစားလိုက်ရသည်။ မောပန်းနွမ်းနယ်ခြင်း ဆာလောင်မွတ်သိပ်ခြင်းတို့ကို မခံစားရတော့ပေ။
ဒီရေအိုင်လေးက ဘယ်လိုရေအိုင်မျိုးလဲ။ ဂူအမိုးထိပ်ကနေ ရေစက်လေးများ ကျလာပြီး ရေအိုင်ဖြစ်လာခြင်း ဖြစ်ရမည်။ သို့သော် ဂူအမိုးက ကျလာသော ရေစက်လေးများမှာ မြင်ရလောက်အောင်ပင် မရှိ။ ထူးဆန်းလှသည်။ သည်ရေအိုင်ထဲသို့ ကျမည့် ရေစက်ကလေးတစ်စက်ဖြစ်အောင် ဂူအမိုးတွင် စုမိဖို့ပင် အလွန်ကြာဟန်တူသည်။ ကျောက်စိမ်းလို ကြည်လင်နေသော ရေသည် သည်နေရာတစ်ခုလုံး ပြည့်လျှံအောင် ရှိမနေသည်မှာ အံ့ဩစရာ မဟုတ်ပေ။
ယခုလက်ရှိ ရေအိုင်ကလေးလောက် ဖြစ်လာရန်ပင် နှစ်ပေါင်းမည်မျှ ကြာခဲ့မည် မသိနိုင်။
စုရွှေလျန် လည်း ခေါင်းတွေ ကိုက်ခဲလာသည့်အထိ အတော်ကြာအောင် စဉ်းစားကြည့်သည်။ သို့သော် သည်ကျောက်စိမ်းလို ကြည်နေသော ရေကြည်စိမ်းသည် မည်သည့်အရည်မျိုး ဖြစ်သည်ကိုမူ အဖြေရှာ၍ မရနိုင်ပေ။
***