← Chapters

တောင်တန်းများပေါ်တွင် ကုန်ဆုံးခဲ့သောအချိန်

Vol. 1 Ch. 3

တောင်တန်းများပေါ်တွင် ကုန်ဆုံးခဲ့သောအချိန်

Vol. 1 Ch. 3

ဆယ်ရက်မြောက်နေ့

စုရွှေလျန် ကျောက်တုံးတစ်တုံးကို ယူကာ ဂူနံရံပေါ်တွင် နောက်ထပ် ကြိုးတစ်ချောင်းကို တင်လိုက်သည်။

သူမ စိုးရိမ်နေမိသည်။ဒီတောထဲကနေသာ မထွက်နိုင်ရင် သူမ ဘယ်လိုအသက်ဆက်ရှင်ရမလဲ။

အစကတော့ ဒါဟာ တောင်တန်းတွေပေါ်က သစ်တောငယ်လေးတစ်ခုလို့ ထင်ခဲ့ပေမယ့် လမ်းကြောင်းခြောက်သွယ်ကို ရှာဖွေရန် ခြောက်ရက်ကြာခဲ့သည်။ လမ်းကြောင်းတစ်ခုစီမှာ နေ့တစ်ဝက်လောက် လမ်းလျှောက်ခဲ့ပေမဲ့ သစ်တောအဆုံးကို မမြင်နိုင်ဘဲ အကြိမ်တိုင်းပြန်လှည့်ခဲ့ရသည်။

သူမခြေထောက်နားမှာ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ဝံပုလွေပေါက်လေးနှစ်ကောင်ဖြစ်သည့် ရှောင်ချွမ်နဲ့ ရှောင်ရွှယ်ကိုကြည့်ပြီး စု‌ရွှေလျန်ပြုံးလိုက်သည်။ ကံကောင်းထောက်မစွာ သူတို့သည် သူမနှင့်အတူရှိနေသေးသည်။ သို့မဟုတ်ပါက သူမ ဘယ်လိုလုပ် ဆယ်ရက်တောင် ခံနိုင်ရည်ရှိမှာလဲ။ သူမသည် ငတ်ပြတ်ပြီး၊ အေးခဲပြီး သေသွားနိုင်သည်။ တောရိုင်းတိရစ္ဆာန်များ၏ အစာလည်းဖြစ်သွားနိုင်၏။

ဒါတွေကို တွေးရင်း စုရွှေလျန် ဂူပေါက်ဝကို ရောက်လာခဲ့သည်။ ထူထဲသောအကိုင်းအခက်များဖြင့် ပြုလုပ်ထားသော ရိုးရိုးအခြောက်ခံစင်ပေါ်တွင် အသားခြောက်များ တွဲလောင်းကျလျက်ရှိနေသည်။

စင်ဘေးတွင်တော့ စုရွှေလျန် နှစ်ကိုယ်စာ အိပ်လို့ရလောက်အောင် ကြီးမားတဲ့ အဖြူရောင် ကျားရေခွံတစ်ခု ရှိနေသည်။

ဟုတ်ပေသည်။ ဝံပုလွေကြီးနှစ်ကောင် သတ်ခဲ့တဲ့ ဒီကျားဖြူရဲ့ အရေပြားနဲ့အသားကို ခွဲထုတ်ဖို့ စုရွှေလျန် အချိန် နှစ်ရက်လောက်ယူခဲ့ရသည်။ ဝံပုလွေနှစ်ကောင်၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ဂူနှင့်အနီးဆုံး ရေအရင်းအမြစ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းသည် မီတာသုံးဆယ်အကွာတွင်ရှိသော ကြည်လင်တဲ့စမ်းချောင်းလေးတစ်ခုသာဖြစ်၏။ ကျားအရေကို ဆေးကြော၍ ချုံပုတ်ပေါ်တွင် နေလှန်း အခြောက်ခံခဲ့သည်။

တစ်ပတ်လောက် အခြောက်ခံပြီးတဲ့နောက် ကျားအရေသည် တဖြည်းဖြည်း ခြောက်ငွေ့ကာ ပိုးသားနှင့်တူလာခဲ့သည်။ သစ်ကိုင်းခြောက်နဲ့သစ်ရွက်ခြောက်တွေအစူးခံကာ အိပ်ရမည့်အစား ထိုကဲ့‌သို့ နွေးထွေးပြီး နူးညံ့တဲ့ ကျားဖြူအရေခွံပေါ်တွင် အိပ်ရသည်ကိုတွေးပြီး စုရွှေလျန် မပြုံးဘဲ မနေနိုင်။

အလုပ်ကြိုးစားမှုကြောင့်တိုးလာသော အနာရွတ်များကြောင့် နူးညံ့မှုမရှိတဲ့လက်များကိုပွတ်သပ်ရင်း သူမ သက်ပြင်းချမိသည်။ ပန်းထိုးဖို့နေနေသာသာ ဒီတောထဲက ထွက်နိုင်ပါ့မလားဆိုတာတောင်မသေချာ။ ယခုလက်ရှိ ဤနေရာတွင်နေထိုင်ရန် အခြေခံစည်းမျည်းများကို လုပ်ဆောင်သည်သာ အကောင်းဆုံးဖြစ်ပေ၏။

ကံကောင်းစွာနှင့် အသက်ရှစ်နှစ်မတိုင်မီ၊ သူမ၏အဖွားအိမ်တွင် သူမထက်လေးနှစ်ပိုကြီးသည့် အစ်ကိုဝမ်းကွဲနှင့် ကစားခဲ့ပြီး ပြင်ပအသားကင်နှင့် ပက်သတ်သည့် လျှို့ဝှက်ချက်အချို့ကို သိရှိခဲ့ရသည်။ ပန်းထိုးပြီးနောက် ဖတ်ခဲ့သည့်စာအုပ်များအပြင် နေရာအမျိုးမျိုးမှ ဒေသဓလေ့နှင့် အထူးအစားအစာအချို့ကိုလည်း သင်ယူခဲ့သည်။ စုရွှေလျန်သည် ကျားဖြူကို ကိုင်တွယ်ရင်း အသက်ရှင်ရန် နည်းလမ်းများစွာကို တွေးတောနိုင်ခဲ့သည်။

သူမသည် အရေပြားပေါ်မှ အသားကို ခွာယူနိုင်ခဲ့သည်။ယခု သူမသည် ညှိုးနွမ်းသောစပျစ်နွယ်ပင်များဖြင့် ချည်နှောင်ထားသော နွားငယ်ကိုထည့်ထားသည့်အိတ်ထဲမှ ဓားမြှောင်ကို ကျေးဇူးတင်လျက်။ အဘယ့်ကြောင့်ဆိုသော် သူမ ဟိုဟိုဒီဒီလျှောက်သွားသောအခါ မည့်သည့်မတော်တဆဖြစ်ရပ်များမှမဆို ကာကွယ်နိုင်သောကြောင့်ဖြစ်သည်။

မမျှော်လင့်စွာ အလှဆင်မှုတစ်ခုအဖြစ်သာ သူမအသိအမှတ်ပြုထားသော ဤဓားမြှောင်တိုလေးသည် အလွန်ချွန်ထက်ပြီး သံကိုရွှံ့ကဲ့သို့ဖြတ်တောက်နိုင်သည့် လက်နက်တစ်ခုဖြစ်နေသည်။

ဓားမြှောင်ရဲ့ကျေးဇူးကြောင့် ကျားသားကို လှီးဖြတ်ရန် အားထုတ်မှုများများစားစားမလိုအပ်ခဲ့ပေ။ သို့သော် သူမ၏ လက်မှုပညာ မကျွမ်းကျင်မှုကြောင့် လက်ကို အကြိမ်ပေါင်းများစွာ လှီးဖြတ်ခဲ့မိသည်။ တစ်ကြိမ်တွင်တော့ သူမသည် အလွန်နက်ရှိုင်းစွာလှီးဖြတ်ခဲ့မိပြီး ယင်းကြောင့် သူမ၏ ဒဏ်ရာမှ သွေးများအဆက်မပြတ်ထွက်လာခဲ့သည်။ ကျောက်စက်ပန်းဆွဲများအောက်ရှိဗွက်အိုင်များတွင် လက်ဆေးသောအခါ ၎င်းအရည်များသည် သွေးထွက်ခြင်းကို‌လျင်မြန်စွာရပ်တန့်ပေးနိုင်သည်ကို တွေ့ရှိခဲ့ရသည်။ သို့မဟုတ်ပါက စုရွှေလျန် သွေးထွက်လွန်ခြင်းကြောင့် နောက်တစ်ကြိမ် မူးမေ့သွားနိုင်သည်။

ဤကြည်လင်၍ဖောက်ထွင်းမြင်ရသော အစိမ်းရောင်အရည်များသည် မသေမျိုးတို့၏ရိုးရှင်းသော အသိုက်ဖြစ်သည်။ အရည်အနည်းငယ်သည် သူမ၏ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးရုံသာမက ဒဏ်ရာများကိုပါ သက်သာစေခဲ့သည်။

"ဟားဟား"စုရွှေလျန် ထပ်ပြီး မရယ်နိုင်တော့ဘူး။ အစမှာတော့ သူမသည် ဒီ‌နေရာကို လက်သင့်မခံနိုင်စွာရောက်ရှိလာခြင်းအပေါ် စိတ်ပျက်မိသော်လည်း ဝံပုလွေပေါက်လေးနှစ်ကောင်ကိုကောက်ယူပြီး၊ အနားယူစရာ နေရာတစ်ခုရရှိလာပြီးနောက် ထိုကဲ့သို့ အံ့အားသင့်ဖွယ်အရည်ကို ရှာဖွေတွေ့ရှိနိုင်လောက်အောင်ပင် ကံကောင်းခဲ့သည်။ စုရွှေလျန်၏ စိတ်များငြိမ်သက်လာခဲ့သည်။

"အရာရာတိုင်းကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ" ဆိုတဲ့ ဆိုရိုးစကားရှိသည်။ ကောင်းကင်ဘုံက သူမကို မသေစေဘဲ အသက်ဆက်ရှင်ရန် ပတ်ဝန်းကျင်ကိုသာ ပြောင်းလဲခဲ့တာကြောင့် ကောင်းမွန်သောဘဝတွင် နေထိုင်နိုင်ရန် သူမ အကောင်းဆုံးကြိုးစားရမည်ဖြစ်သည်။ သူတို့ရဲ့သမီးဟာ အရှုံးမပေးဘဲ အသက်ရှင်သန်ဖို့ သူမဘာသာ ကြိုးစားနေတာကို အမေနှင့် အကြီးဆုံးအစ်ကိုတို့သိသွားလျှင် စိတ်သက်သာရာရမည်ဟု ယူဆပါသည်။

ကျန်တဲ့ အစိမ်းရောင်အရည်ကြည်တွေကိုတော့ သူမ ချွေချွေတာတာ သုံးရမည်။ ခန့်မှန်း‌ခြေဇွန်းသေးနှစ်ဇွန်းလောက်ပဲ ရှိတော့မည်။ သစ်တောထဲက ထွက်သွားဖို့လမ်းရှာ‌မတွေ့ခင်အထိ သူမ အဲဒါတွေကို ကြုံရာကျပန်း အသုံးပြုမည်မဟုတ်‌ပေ။ သစ်တောထဲမှ ထွက်သွားဖို့တွေးရင်း စင်ပေါ်မှာရှိတဲ့ ကျားသားတွေကို ရေတွက်ကြည့်ပြီး နောက်ထပ်ရက်အနည်းငယ်ကြာအောင် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခန့်မှန်း‌ခြေအားဖြင့်အသားများသည် သူမအတွက် နောက်ထပ်ဆယ်ရက်မှ တစ်လခွဲအထိ လုံလောက်သည်။

ထိုအချိန်တွင် ရှောင်ချွမ်နှင့် ရှောင်ရွှယ်သည် သူမနောက်သို့ လိုက်နိုင်လောက်အောင် ပိုကြီးပြီး ပိုကြံ့ခိုင်သင့်သည်။ သူမသည် ပိုများသော အစားအစာများကို ပြင်ဆင်ထားရန် လိုအပ်‌ပေသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက စူးစမ်းကြည့်သောအခါ တောရိုင်းသစ်သီးများစွာကိုတွေ့ရှိခဲ့ရသည်။ သစ်သီးများပေါ်တွင်ကျန်ခဲ့သော ငှက်ကိုက်ရာများမှတစ်ဆင့် ၎င်းတို့သည် အဆိပ်မရှိကြောင်းသိသာစေသည်။

သူမ မနက်ဖြန်တွင် ပိုမိုသေချာစွာ စူးစမ်းရှာဖွေမည်ဖြစ်သည်။ သူမသာ လတ်ဆတ်တဲ့အသီးအနှံတွေစားရရင် ပျော်ရွှင်လိမ့်မည်။ ဒီရက်တွေအတွင်းမှာ ရေနှင့် အသားခြောက်ကိုသာ စားခဲ့ရသည့်အတွက် သူမ ဗိုက်အရမ်းမဆာရင် အဲဒါတွေကိုလည်း မစားချင်တော့ပြီ။

ကျားသားသည် ကင်ပြီးသည့်နောက် အရမ်းမွှေးကြိုင်နေသော်လည်း ဆား သို့မဟုတ် ပျားရည်တို့ဖြင့် နယ်ထားတာမဟုတ်သောကြောင့် အလုတ်အနည်းငယ်ထက် ပိုစားရန်မဖြစ်နိုင်ပေ။ ဝံပုလွေငယ်လေးနှစ်ကောင် ပျော်ရွှင်စွာ စားနေတာကိုကြည့်ရင်း၊ စုရွှေလျန် စကားမပြောဘဲ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုလို့ရမည့် တောရိုင်းအချဉ်သီးအနည်းငယ်ကို ရှာဖွေရန် ပြင်လိုက်သည်။ တောရိုင်းထဲတွင် ဆားအဖြစ် အသုံးပြုရန် တိုင်းတစ်ပါးမှာလာသည့်စာအုပ်ထဲတွင် ဖော်ပြထားသည့် ဆားငံသီးကို ရှာတွေ့ခြင်းသည် အကောင်းဆုံးဖြစ်၏။ စုရွှေလျန်သည် ယခင်က သူမ ကြားဖူး ဖတ်ဖူးသောအရာများကို မှတ်မိနိုင်ရန် ခွန်အားများစွာ စိုက်ထုတ်ခဲ့ပြီး ၎င်းဗဟုသုတများကို သူမ၏ လက်ရှိဘဝတွင် ပေါင်းစပ်အသုံးပြုနိုင်ရန် ကြိုးစားခဲ့သည်။

—

"ရှောင်ချွမ်ရေ ၊ရှောင်ရွှယ်?" စုရွှေလျန် ဂူတွင်းသို့ဝင်ပြီး အိပ်ပျော်နေတဲ့ ဝံပုလွေပေါက်လေး နှစ်ကောင်ကို နှိုးလိုက်သည်။သူမ၏ဖြူဖျော့သောမျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အ‌ယောင်လေး ပေါ်လာခဲ့သည်။

"ဝူး ဝူး" ဝံပုလွေပေါက်လေးနှစ်ကောင်သည် အိပ်မှုန်စုံမွှားဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ ၎င်းတို့သည် စုရွှေလျန်ဖြစ်သည်ကို မြင်လိုက်ကြပြီး သူတို့၏အနည်းငယ်အေးစက်သော ခန္ဓာကိုယ်ဆီသို့ ကွေးညွှတ်ကာ မျက်လုံးများပြန်မှိတ်ပြီး ကောင်းမွန်စွာ ဆက်လက်အိပ်စက်ခဲ့ကြသည်။

စုရွှေလျန် ပြုံးလိုက်ပြီး ကျားအရေခွံပေါ်တွင် သူတို့ကိုချကာ ဆက်လက်အိပ်စက်စေခဲ့သည်။

ကျောက်စက်ပန်းဆွဲများအောက်ရှိ ဗွက်အိုင်သို့သွားကာ သူမကို ပြုံးပျော်‌စေသော သစ်သီးအချို့ကိုထုတ်ယူလိုက်သည်။

ဟုတ်ပါသည်၊ ခြောက်နေပြီဟုထင်ရသည့် ဤသစ်သီးစိမ်းများသည် တိုင်းတစ်ပါးမှစာအုပ်ထဲတွင်ဖော်ပြထားသည့် ဆားကို အစားထိုးသုံးနိုင်သော ဆားငံသီးများဖြစ်ပါသည်။

သူမ တွေ့တဲ့အခါ သေသေချာချာ မြည်းစမ်းကြည့်ခဲ့သည်။ ၎င်းသည် ငန်သော်လည်း အနည်းငယ်ခါးသည်။ တိုင်းတစ်ပါးစာအုပ်များထဲတွင်ဖော်ပြထားသည့်နည်းလမ်းအတိုင်း ကိုင်တွယ်သင့်သည်။ စုရွှေလျန် သူမနှလုံးသားထဲတွင် ပျော်ရွှင်မှုကို ခံစားရပြီး အသီးများကိုင်တွယ်နေစဉ်အတွင်း သာယာနာပျော်ဖွယ် စုကျုံးတေးသွားကို ညည်းလိုက်သည်။ သူမသည် အသီးများ၏ အရေခွံများကို ဖယ်ထုတ်ကာ ဓားမြှောင်ဖြင့် အူတိုင်များကိုဂရုတစိုက်ကော်ယူပြီး အနှစ်များကိုတော့ ကျောက်ပန်းကန်လုံးတစ်ခုထဲတွင် တစ်ခုပြီးတစ်ခု ထားရှိခဲ့သည်။

ကျောက်ပန်းကန်လုံးဟု ခေါ်သောအရာသည် ရေအနည်းငယ် ထည့်နိုင်သော ထစ်ရာများပါရှိသည့် အုတ်ကြွပ်ပြားတစ်ခုနှင့်တူသည်။ယင်းကို ချောင်းဘေးတွင် တွေ့ရှိခဲ့ပြီး ပြန်ယူလာခဲ့ခြင်းဖြစ်၏။ စုစုပေါင်း နှစ်ခုတွေ့ခဲ့ပြီး တစ်ခုကို သူမအတွက် သိမ်းထားကာ နောက်တစ်ခုကိုတော့ တိရိစ္ဆာန်လေးများ သုံးရန် ပေးခဲ့သည်။ မီးပေါ်တင်၍ ဟင်းချိုချက်ရန် အသုံးပြုနိုင်သည့် မြေအိုးနှင့်တူသော ကျောက်တုံးတစ်တုံးကိုလည်း သူမတွေ့ရှိခဲ့သည်။

သစ်သားအရင့်အမာတစ်ခုကို သူမ၏ဓား‌‌မြှောင်ဖြင့် ဇွန်းနှင့်တူအဖြစ် ထွင်းထုထားသည်။ ထိုသို့ပြုလုပ်ရန်အတွက် ရက်ပေါင်းများစွာကြာခဲ့သော်လည်း ရလဒ်က အလွန်ကောင်းခဲ့သည်။ သူမပျင်း‌သောအခါ ဇွန်းလက်ကိုင်တွင် သူမ၏လက်စွဲတော်ဓားမြှောင်လေးနှင့် ပန်းပွင့်ပုံများ ထွင်းထွင်းလေ့ရှိသည်။ တူ‌ချောင်းများကိုလည်း ထိပ်ပိုင်းတွင်ထူပြီး အခြားတစ်ဖက်တွင် သွယ်လာစေရန် တဖြည်းဖြည်းချင်း ပြုလုပ်ခဲ့သည်။ တူချောင်းများ၏ ထူသောအပိုင်းတွင် မှိုပုံစံ အဝိုင်းခေါင်းများ ထွင်းထုထားပြီး ၎င်းသည် အလွန်အနုပညာမြောက်လှသည်။

ဓားမြှောင်သည် ပန်းထိုးအပ်ကဲ့သို့ နုနုရွရွ အသုံးပြုရသော အရာမဟုတ်ပေ။ ချည်နှင့်ပိုးသားပေါ်တွင် ပန်းထိုးခြင်းအနုပညာကို ကျွမ်းကျင်စွာတတ်မြောက်ရန်မှာ အလွန်ခက်ခဲပြီး စု‌‌ရွှေလျန်သည် လေ့ကျင့်ရန် မနက်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။သူမ ယခုအသုံးပြုနေသော တူချောင်းများကို မပြုလုပ်နိုင်ခင် သစ်သားများစွာကို ဖြုန်းတီးခဲ့သည်။ သူမ၏မျက်လုံးထဲတွင်တော့ ဤသစ်သားထွင်းပန်းချီများသည် မျက်စိပသာဒ ရှိလှပေသည်။ သူမ၏ ဘဝသစ်နှင့် ပေါင်းစည်းဖို့ရာအတွက် သစ်သားပန်းပုထုခြင်းကို အကောင်းဆုံးဖြစ်အောင် လုပ်သင့်တယ်မဟုတ်လား။

သစ်သားဇွန်းဖြင့် ဆားငံသီးအနှစ်များကို အပိုင်းပိုင်းဖြစ်အောင် လုပ်ထားသည်။စုစုပေါင်း ဆားငံသီး ငါးခုရှိပြီး အနှစ်သည် ကျောက်ပန်းကန်လုံးတစ်ဝက်ခန့်သာရှိသည်။ စုရွှေလျန်တွေးလိုက်မိသည်။ သစ်သီးရဲ့ အဖန်ဓာတ်ထုတ်ခြင်းနည်းလမ်းသာ အောင်မြင်မည်ဆိုလျှင် ကျန်တဲ့အသီးကိုကောက်ဖို့ သူမ ကြိမ်ခြင်းတစ်ခြင်းတော့ ယူသွားရလိမ့်မည်။ ထိုအသီးချုံတွင် အသီးပေါင်း ရာကျော်ရှိနေသင့်သည်။ ဒီအသီးရဲ့အရသာသည် အလွန်ဆိုးဝါးသော‌ကြောင့် ငှက်နှင့် တိရစ္ဆာန်များ ရှောင်ကြဉ်ကြတာဖြစ်နိုင်သည်။

စုရွှေလျန်သည် အနှစ်ကို အကြီးဆုံးကျောက်စက်ပန်းဆွဲ‌ ကျောက်ပန်းကန်ထဲတွင်ထည့်ကာ တစ်နာရီခန့်အခြောက်ခံပြီးနောက် လွန်ခဲ့သောရက်အနည်းငယ်က သူမတွေ့ခဲ့သော အချဉ်သီးမှအရည်ကို ညှစ်ထုတ်ကာ မွှေ‌ပေးသည်။ ဤသည်မှာ တိုင်းတစ်ပါးစာအုပ်တွင် ဖော်ပြထားသည့် အရိုးရှင်းဆုံးနှင့် လက်တွေ့အကျဆုံးနည်းလမ်းဖြစ်သည်။ သို့သော် စာအုပ်ထဲတွင်ဖော်ပြထားသည့် လိမ္မော်နီအရောင်ရှိသော အရည်ထွက်သည့် ဘယ်ရီအချဉ်သီးများကို သူမ ရှာမတွေ့သေးသော်လည်း အလွန်ချဉ်သည့် ပိုးစာသီးနှင့်တူသော အခွံမပါသည့် အသီးတစ်မျိုးကိုတွေ့ရှိခဲ့ရသည်။

သူမ တူချောင်း၏ထိပ်ဖျားနှင့် အရည်တစ်ချို့ယူပြီး လျှာဖျားပေါ်တွင် တင်လိုက်သည်။ သူမမျက်လုံးများ ချက်ချင်းပင် လင်းလက်လာသည်။ ခါးတဲ့အရသာလုံးဝမရှိတော့ပေ။ ချဉ်ချဉ် ငံငံ အရသာရှိပြီး ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးနိုင်လောက်သည်။ နောက်ဆုံးတွင်တော့ သူမသည် ဟင်းချိုထက်ပိုသော အချဉ် အငံ အရသာများပါသည့် စွပ်ပြုတ်တစ်အိုး ကျိုနိုင်ခဲ့သည်။

ဝံပုလွေလေးနှစ်ကောင် နှစ်ခြိုက်စွာ အိပ်မောကျနေ‌သေးသည်ကို မြင်လိုက်ရသဖြင့် သူမ မခေါ်ခဲ့ပေ။ သူမ၏ ရေဘူးနှင့်အတူ အကြမ်းဖြင်းရက်လုပ်ထားသည့် ခြင်းတောင်းကိုယူကာ အချဉ် အငံ အရသာရှိတဲ့ ဘယ်ရီသီးများကို ထွက်ကောက်ရန် စုရွှေလျန် ဆုံးဖြတ်ခဲ့သည်။ စတော်ဘယ်ရီရိုင်းများ စားသုံးရန်သင့်လျော်ပြီလားဆိုတာ ကြည့်ရှုရန် စမ်းချောင်းဘေးတွင် သူမ ရပ်တန့်လိမ့်မည်ဖြစ်သည်။

တောထဲက အပူချိန်ကို ခံစားရင်း ငါးလမြောက်ဖြစ်သင့်သည်ဟုထင်မိသည်။ သစ်ကိုင်းများနှင့်ချုံပုတ်များကြားတွင် ပန်းပွင့်ကလေးများ တဖြည်းဖြည်း ပွင့်လာပြီဖြစ်ပြီး အစိမ်းရောင် စတော်ဘယ်ရီသီးအရိုင်းများသည်လည်း အနီရောင်ဖြစ်နေပေပြီ။ နေ့ရက်များကို ရေတွက်လိုက်ရင် သူမ ဒီတောထဲကို ရောက်နေတာ တစ်လလောက်ရှိပြီဖြစ်၏။

ကြည်လင်သောချောင်းသည် မညီညာသော မြေပြင်တစ်လျှောက် စီးဆင်းနေပြီး စုရွှေလျန်သည် ကြိမ်ခြင်းနှင့် ရေဘူးအဖြစ်အသုံးပြုရန် ဘူးသီးခြောက်ကို ချောင်းနံဘေးရှိ ကျောက်တုံးပေါ်တွင် ထားလိုက်ပြီး သူမ၏ ဘောင်းဘီရှည်များကို မ,တင်လိုက်သည်။ သူမ၏ အရောင်မရှိတော့သော ချည်ထိုးဖိနပ်ကို စမ်းချောင်းဘေးသို့ချထားလိုက်ပြီး သူမ၏ သေးသွယ်သော ခြေထောက်များကိုမူ စမ်းချောင်းထဲသို့ ခြေချလိုက်သည်။

"ဟင်း…"သူမ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ မနက်ခင်းဖြစ်တာကြောင့် ချောင်းရေသည် အရမ်းအေးသည်။ သို့သော် အစိမ်းရောင်အရည်ကြည်အနည်းငယ်ဖြင့် အာဟာရဖြည့်ပြီးတဲ့နောက်ပိုင်း ခန္ဓာကိုယ်အခြေအနေသည် ပိုပိုကောင်းလာခဲ့သည်။ ထိုအချိန်မှစ၍ စုရွှေလျန် သူမ၏ခြေထောက်များကို တစ်နေ့တစ်ကြိမ် စမ်းချောင်းထဲတွင် စိမ်နေကျဖြစ်သည်။ သူမ ရေမချိုးနိုင်ရင်တောင်မှ ခြေထောက်တွေ ရေစိမ်လိုက်တဲ့အခါ သူမ၏ စိတ်မကောင်းမှုများကို အနည်းငယ် ဖြေဖျောက်နိုင်သည်။

သူမသည် စန္ဒကူးသားဖြင့်လုပ်ထားသောဘီးကို ထုတ်ယူလိုက်ပြီး ဖြောင့်စင်းနေသော အနက်‌ရောင်ပိုးသားကဲ့သို့ဆံပင်များကို ပုခုံးပေါ်တွင် ချလိုက်ပြီး ကျစ်ဆံမြီး နှစ်ခုကျစ်လိုက်သည်။

စုမိသားစုတွင် အိမ်ဖော်များက လှပပြီး ရှုပ်ထွေးသော ဆံထုံးများကို ဖြီးသင်ပေးကြသည်။ သူမကိုယ်တိုင်လည်း အဲဒီအချိန်က လက်ဆေး၊ အမွှေးနံ့သာ ပူ‌ဇော်ပြီး‌နောက် ပန်းထိုးတာအပြင် ဒီလေးလံလှတဲ့အလုပ်တွေ ဘယ်မှာလုပ်ဖို့လိုလို့လဲ?

သူမ၏ ပြန့်လွင့်နေသောအာရုံတွေ လက်ရှိသို့ပြန်ရောက်လာသောအခါ ယခင်က လှပခဲ့ပြီး ယခုတော့ ကြေတွန့်နေပြီဖြစ်သော ပိုးသားအကျီကို လျှော်ဖွပ်ပြီး အိတ်ထဲသို့ ထည့်ထားနှင့်ပြီးဖြစ်သည်။ ရာသီဥတုသည် ပိုအေးလာမှာဖြစ်သောကြောင့် ထိုလှပစွာဆင်ယင်ထားသော အဝတ်များကို တောထဲကမထွက်နိုင်ခင်ဆောင်းရာသီ‌ရောက်လာခဲ့ရင်သူမ မဝတ်ချင်လည်း ဝတ်ရပေဦးမည်။ တောထဲမှာ ဆောင်းရာသီဘယ်လောက်အေးလဲသူမ မသိပါ။ အပြင်ဝတ်ရုံက ခံနိုင်ရည် ရှိ မရှိ‌ မသေချာသော်လည်း ဘာမှ မပါတာထက်စာရင်တော့ ပိုကောင်းပါသည်။

ယခုစုရွှေလျန်သည် နေမထိ ရေမထိနေရသော စုမိသားစုက အကြီးဆုံးသမီး မဟုတ်တော့ပေ။ အရာရာတိုင်းကို ဆင်ခြေမပေးဘဲ အတွေ့အကြုံယူပြီး သူမ၏ အနာဂတ် ပိုမိုကောင်းမွန်ရန်အတွက် အစီအစဉ်များရေးဆွဲရန် ကြိုးစားရပေမည်။

ဒါကိုတွေးရင်း စုရွှေလျန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားခဲ့သည်။ တကယ်တော့ တောထဲမှာနေရတဲ့ရက်တွေဟာ လုံးဝအဆိုးကြီးတော့မဟုတ်‌ပေ။ အနည်းဆုံးတော့ သူမဟာ ဂုဏ်သိက္ခာရှိတဲ့မိသားစုရဲ့ ရှုပ်ထွေးတဲ့စည်းကမ်းတွေကို မချိုးဖောက်မိဖို့ ခြေလှမ်းတိုင်းကို ဂရုတစိုက်လျှောက်စရာမလိုတော့ဘူးလေ။ မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ ကျက်သရေနဲ့တည်ငြိမ်မှုဆိုင်ရာ ဟောပြောချက်တွေကိုလည်း တစ်နေ့လုံးနားထောင်စရာမလိုတော့ဘူး။ စုမိသားစုမှ အဖိုးနှင့်အဖေဟာ သူမသာလူပုံအလယ်မှာ သူတို့ကို အရှက်ခွဲလိုက်လျှင် မည်သို့သော အမူအရာဖြစ်သွားကြမည်နည်း?

"ဟီး ဟီး " စုရွှေလျန် အပြစ်တင်စိတ်တစ်ချို့နဲ့အတူ ပြုံးလိုက်မိသည်။သူမအဖေနှင့် အဖိုးကို အရှက်ခွဲဖို့ဆိုတာ တကယ်ကို မသင့်လျော်ဘူး။ တောထဲမှာ တစ်လကျော်လောက် နေထိုင်လိုက်ခြင်းက သူမစိတ်တွေကို အရိုင်းဆန်လာစေသည်။ အပြင်ပိုင်းတွင် ထိုသို့‌တွေးနေမိသော်လည်း ချစ်လှစွာသော မိခင်အကြောင်းကို တွေးတောရင်း စုရွှေလျန် ဝမ်းနည်းလာခဲ့သည်။

အမေ၊ သမီးအသက်ရှင်နေသေးပေမဲ့ မတူညီတဲ့ပတ်ဝန်းကျင်မှာ အသက်ဆက်ရှင်နိုင်ဖို့ အကောင်းဆုံး ကြိုးစားရလိမ့်မယ်။ အ‌မေ့ရဲ့သမီးအတွက် ကိုယ့်ကိုယ်ကိုယ်ရော စိတ်ကိုရော အထိခိုက်မခံပါနဲ့နော်.......

***

All Chapters