ထွက်ခွာရန် အသင့်
Vol. 1 Ch. 4
"ဟူး" စုရွှေလျန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကိုယ်ကိုမတ်၍ နာကျင်နေသောခါးကို ပွတ်သပ်လိုက်ပြီး အလုပ်ကို လက်စသတ်လိုက်လေသည်။
ထို့နောက် အခြောက်လှန်းပြီးသား မှိုရိုင်းများကို ပိုးစဖြင့် ထုပ်ပိုးပြီးနောက် အိတ်ထဲထည့်လိုက်သည်။
ထိုမှိုများကို လွန်ခဲ့သည့် ရက်အနည်းငယ်က တောတစ်ခွင် စူးစမ်းလေ့လာရင်း ပင်စည်မှာ ရေညှိတက်နေသော သစ်ပင်များအောက်တွင် တွေ့ခဲ့ခြင်းဖြစ်သည်။ ပထမတော့ ထိုမှိုများ အဆိပ်ရှိမရှိ သူလည်း မသေချာပေ။ သို့သော် အတန်ငယ် အကဲခတ်ကြည့်သည့်အခါ အနီးအပါးမှ ဖြတ်သန်းသွားကြသော ရစ်ငှက်များသည် ထိုမှိုများကို နှုတ်သီးဖြင့် ထိုးဆိတ်ကြ စားသောက်ကြသည်ကို တွေ့ရသည်၊ ပြီးတော့ ထိုငှက်များတွင် အဆိပ်သင့်သည့် လက္ခဏာ ဘာမှ မတွေ့မြင်ရပေ။ ထို့ကြောင့် သူလည်းပဲ တုတ်တစ်ချောင်းကို ယူပြီး ထိုမှိုများကို ဝံ့ဝံ့ရဲရဲ တူးယူလာခဲ့ခြင်း ဖြစ်သည်။
သူသည် အသားပြုတ်ထဲသို့ မှိုအနည်းငယ် ထည့်ကြည့်လိုက်သည့်အခါ ဟင်းအရသာ အလွန်ကောင်းလာကြောင်း တွေ့ရသည်။ အသားပြုတ်ဟင်းတစ်ခွက် ဖန်တီးရခြင်းသည်ပင် လွယ်ကူရိုးရှင်းသော ကိစ္စတော့ မဟုတ်ပေ။ သို့နှင့်ပင် သူလည်း ထင်းရှာ မီးမွှေးပြီး ပေါ့ရွှတ်၍ အရသာမရှိသော ကျားသားစွပ်ပြုတ်ဖြင့် စခဲ့ရသည်ကို ပြန်တွေးကြည့်မိသည်။ ချဉ်ချဉ်ငန်ငန် အရသာရှိသော ဟင်းအနှစ်တစ်မျိုး လုပ်တတ်လာမှသာ သူ့အသားပြုတ်ဟင်းမှာ အရသာ နည်းနည်းပါးပါး ရှိလာခဲ့ပေသည်။ ယခုတော့ သူ ရှာတွေ့ခဲ့သော မှို၏ကျေးဇူးဖြင့် သူ့ဟင်းမှာ အရသာစုံလင်လာခဲ့လေပြီ။
စုရွှေလျန် သည် မှိုခြောက်ထုပ်ကြီးကို ကြည့်ပြီး ပီတိဖြစ်နေမိသည်။ မှိုထုပ်ကြီးမှာ များစွာမလေးလှသော်လည်း သူ့တစ်ကိုယ်စာ စားဖို့အတွက် လပေါင်းများစွာ ဖူလုံပေလိမ့်မည်။
"အု...အု...အု" ထိုအချိန်မှာပင် ဝံပုလွေပေါက်လေးနှစ်ကောင်သည် ဂူထဲသို့ အပြေးအလွှား ဝင်လာလေသည်။ ပြီးတော့ စုရွှေလျန်၏ ဘောင်းဘီအနားစများကို ဖွဖွလေး ကိုက်ဆွဲကြသည်မှာ သူ့ကို ဂူအပြင်ဘက်သို့ ဆွဲခေါ်နေကြသလိုပင်။ စုရွှေလျန်လည်း ဘယ်လိုမှ မငြင်းဆန်နိုင်ဘဲ ဝံပုလွေပေါက်လေးနှစ်ကောင် ဆွဲရာနောက်သို့ ဂူပေါက်ဝထိ ပါသွားလေတော့သည်။
" ရှောင်ချွမ်နဲ့ ရှောင်ရွှယ်၊ နင်တို့ ဖမ်းလာတာလား။" စုရွှေလျန် အလန့်တကြား မေးလိုက်မိသည်။ ဂူပေါက်ဝရှေ့တွင်တော့ သွေးသံတရဲရဲနှင့် ရစ်ငှက်နှစ်ကောင် မြေကြီးပေါ်တွင် ကျနေလျက်။
"အု...အု...အု" ဝံပုလွေပေါက်လေးနှစ်ကောင်မှာ အဖြေပေးသည့်နှယ် အူသံပေးလိုက်လေသည်။ ပြီးတော့ ရှေ့ခြေထောက်များကို ဆန့်ထုတ်ပြီးနောက် အမြီးနန့်လျက် စုရွှေလျန် ကို ဝိုင်းပတ်ကာ မြူးထူးခုန်ပေါက်ကြလေသည်။
စုရွှေလျန်လည်း ပြုံးမိသွားသည်၊ ပြီးတော့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဝံပုလွေပေါက်လေးနှစ်ကောင်၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ "တို့ ရှောင်ချွမ်နဲ့ ရှောင်ရွှယ် နှစ်ကောင်တောင် လူပျိုကြီးဖားဖား အပျိုကြီးဖားဖားတွေ ဖြစ်ပြီး အစာတွေဘာတွေ ရှာတတ်ကြပြီပေါ့ ဟုတ်လား။ ကဲ... ဒီနေ့တော့ ရစ်ကင် စားကြတာပေါ့ကွာ။ ပြီးတော့ ခေါင်းတွေနဲ့ လည်ပင်းတွေကိုတော့ သက်သက်ဖြတ်ထားပြီး စွပ်ပြုတ်လုပ်သောက်တာပေါ့။"
"အု...အု...အု" ဝံပုလွေပေါက်လေးနှစ်ကောင်သည် ခေါင်းလေးများကို ခါယမ်းလျက် စုရွှေလျန်ကို မြူးထူးရွှင်ပျစွာ ဝိုင်းပတ်ပြီးနောက် ထင်းခြောက်ကောက်ရန် ဂူအပြင်ဘက်သို့ ထွက်သွားကြလေသည်။ စုရွှေလျန်လည်း ဝံပုလွေပေါက်လေးနှစ်ကောင်ကို ကြည့်ပြီး ပြုံးလျက် ဂူပေါက်ဝတွင် ခဏတာ ရပ်နေမိသည်၊ ပြီးတော့ ဘောင်းဘီစများကို ခေါက်တင်လိုက်သည်။ အလုပ်စရတော့မည်။
ရစ်ကောင်များကို ကိုင်တွယ်ဆေးကြောရန် ကျောက်အိုးနှင့် ရေနွေးတည်ထားရင်း တောထဲမှ ထွက်ရမည့်အကြောင်း သူ ဆက်စဉ်းစားနေမိသည်။ အခုဆို ဝံပုလွေပေါက်လေးနှစ်ကောင်လည်း တစ်နှစ်ပြည့်ခါနီးပြီ။ တောထဲကထွက်ပြီး သူသွားရာနောက်သို့ လိုက်လာတတ်လောက်ပြီ။ ပြီးတော့ သူတို့လေးတွေသည် တောကောင်ငယ်လေးတွေကိုလည်း အမဲလိုက်တတ်နေကြပြီ။ ဆိုတော့ သူ ပြင်ဆင်စုဆောင်းထားသည့် အသားခြောက်၊ မှိုခြောက်၊ အသီးရိုင်းတွေနှင့် မလုံလောက်လျှင်ပင် ရိက္ခာအတွက် ပူပန်စရာလည်း အကြောင်းမရှိပေ။
ကောင်းပြီ... ဒါဆိုလည်း ဆုံးဖြတ်ချက် ကျပြီပေါ့။ နွေမရောက်ခင် သည်နွေဦးကာလလေးမှာပင် သူထွက်နိုင်ဖို့ လိုသည်။ မြန်နိုင်သမျှ မြန်မြန် ထွက်ဖို့လိုသည်။ သည်တောထဲကြီး အပြင်ဘက်ရောက်အောင် အချိန်ဘယ်လောက်ကြာမည်မှန်း ဘယ်သူသိနိုင်မည်နည်း။ ဆောင်းဝင်သွားပြီး တောင်တန်းတွေပေါ်မှာ နှင်းဖုံးသွားသည့်အခါကျ သူ့အတွက် ပိုခက်လိမ့်မည်။
သူ့စီမံကိန်းလေး ရုပ်လုံးပေါ်လာပြီးနောက် စုရွှေလျန်သည် ရစ်ကောင်များကို ခပ်သွက်သွက် အမွေးနုတ်လိုက်သည်။ ရစ်နှစ်ကောင်ကို ဆေးကြောပြီးနောက် ဓားမြှောင်ဖြင့် ဗိုက်ခွဲလိုက်သည်။ သူ့မှတ်ဉာဏ်ထဲမှာ သူ့အစ်ကိုဝမ်းကွဲ ကြက်သားကိုင်သည့်အကြောင်း စွဲနေသေးသည်၊ အဲသည်တုန်းကတော့ ကြက်၏ ဗိုက်ထဲက ချွဲချွဲပစ်ပစ်နှင့် ရွံစရာကောင်းလှသည့် အရာတွေအများကြီးကို ရှင်းထုတ်ပစ်ခဲ့ရသည်။ သို့သော် တောထဲတောင်ထဲတွင် နေသည့် တောရိုင်းတိရစ္ဆာန်များ၏ ဝမ်းဗိုက်ထဲတွင်မူ ရှင်းထုတ်ပစ်စရာ နည်းသည်ဟု ဆိုနိုင်သည်။ ကိုယ်တွင်းအင်္ဂါငါးခုမှလွဲပြီး အခြား ရွံစရာကောင်းသည့် အဆီအိတ်ကဲ့သို့သော အရာများ မတွေ့ရသလောက်ပင် ဖြစ်သည်။
စုရွှေလျန်သည် ဆေးကြော ခွဲစိတ်ပြီးသော ရစ်နှစ်ကောင်ကို အတန်ကြာ ကြည့်ပြီးနောက် တစ်ကောင်ကို ဆားလိုငန်သော အသီး၏ အရည်ထဲတွင် ခဏမျှ စိမ်ထားရန် ဆုံးဖြတ်လိုက်သည်၊ ပြီးတော့ ထိုအကောင်၏ ခြေနှစ်ချောင်းကို အုန်းဆံကြိုးဖြင့် ချည်ပြီးနောက် ဂူအမိုးတွင် ချိတ်ဆွဲ၍ အခြောက်ခံထားလိုက်သည်။ ကျန်သော ရစ်တစ်ကောင်ကိုတော့ အချဉ်အငန် ဟင်းအနှစ်တွေ ရွှဲရွှဲလိမ်းပြီး တံစို့ထိုးထားလိုက်သည်၊ ခဏနေ ကင်စားရန် အသင့်ဖြစ်လေပြီ။ ထို့နောက် ခုတ်ဖြတ်ထားသမျှ ရစ်ခေါင်း ရစ်ခြေထောက်နှင့် ကိုယ်တွင်းကလီစာများကို ရေတစ်ဝက်ကျော်ဖြည့်ထားပြီးသော အိုးထဲသို့ ထည့်လိုက်သည်။ ပြီးတော့ မှိုခြောက်များ ရနိုင်သမျှ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ပြီးနောက် ဟင်းအိုးပွက်သည်ထိ မီးဖိုပေါ် တင်ထားလိုက်သည်။
"အု...အု...အု" ခပ်လှမ်းလှမ်းမှာ ကစားနေသော ဝံပုလွေပေါက်လေးနှစ်ကောင်သည် ရနံ့မွှေးသင်းလှသော ရစ်သားစွပ်ပြုတ်နှင့် ကြွပ်ရွလှသော ရစ်သားကင်တို့ စားသုံးရန် အသင့်ဖြစ်လုနီးတွင် ကစားခြင်းကို ရပ်၍ စုရွှေလျန်ထံ အပြေးပြန်လာကြလေသည်။ ပြီးတော့ စုရွှေလျန်၏ ခြေဖဝါးများကို လာလျက်ကြပြီး ဆူဆူညံညံ အသံပြုကြသည်မှာ အလွန်ဗိုက်ဆာကြောင်း ပြောပြနေသလိုပင် ဖြစ်တော့သည်။
စုရွှေလျန် သည် ရှောင်ရွှယ် ကို ကျီစယ်ပွေ့ဖက်ပြီး "မင်းတို့မောင်နှမတစ်တွေ ဆာနေကြပြီကိုး။ ကောင်းပါပြီ။ ညစာ ရပါတော့မယ်..."ဟု ပြောလိုက်သည်။ စုရွှေလျန်နှင့် ရှောင်ရွှယ်တို့ ကျီစယ်ကစားနေသည်ကို မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် စူးစူးစိုက်စိုက်ကြည့်နေသော ရှောင်ချွမ် ကိုလည်း စုရွှေလျန်က အသာအယာ ပွတ်ပေးလိုက်သည်။ ထို့နောက် ပြုံး၍ "ရှောင်ချွမ် လေးလည်း ဆာရှာပြီကိုး။ ကဲ မင်းမမနဲ့ သွားကစားချေဦး။ အဆင်သင့်ဖြစ်တာနဲ့ မင်းတို့ကို မမက ရစ်သားစွပ်ပြုတ်မွှေးမွှေးလေးနဲ့ ရစ်ကင်ရွရွလေးတွေ ကျွေးမယ်နော်။"ဟု ချော့မော့လိုက်သည်။
မြေကြီးပေါ်တွင် တစ်ကောင်နဲ့ တစ်ကောင် အသာအယာကိုက်၍ ကျီစယ်ဆော့ကစားနေကြသော ဝံပုလွေပေါက်လေးနှစ်ကောင်ကို ကြည့်ပြီး စုရွှေလျန် ပြုံးမိသည်။ ဝံပုလွေပေါက်လေးနှစ်ကောင်သည် ချက်ပြုတ်ထားသော အစားအစာများကို ကြိုက်တတ်လိမ့်မည်ဟု သူ မထင်ခဲ့။ ဒါကလည်း သူတို့ကို ငယ်ငယ်လေးကတည်းက စုရွှေလျန်က အသားပြုတ် အသားစင်းကောဟင်းများ ကျွေးခဲ့၍ ဖြစ်ကောင်းဖြစ်ပေမည်...ယခုဆို ရှောင်ချွမ် နှင့် ရှောင်ရွှယ်တို့သည် အခြားဝံပုလွေရိုင်းများလို သားကောင်များကို အစိမ်းလိုက် မစားတတ်ကြပေ။ ယနေ့ ရစ်နှစ်ကောင် ဖမ်းလာသကဲ့သို့ပင် အမြဲတမ်းလည်း ဖမ်းမိသမျှသော သားကောင်များကို စုရွှေလျန်ဆီ ပြန်ယူလာမြဲ၊ စုရွှေလျန်က ချက်ပြုတ်ပြင်ဆင်ပေးရမြဲ ဖြစ်ပေသည်။ ဝံပုလွေပေါက်လေးများကို သည်လို ပြုစုပျိုးထောင်ပေးသည်မှာ နည်းမှန်လမ်းမှန်ဖြစ်သည်ဟု စုရွှေလျန် သိပ်မထင်မိပေ။ သို့သော် သူ့အနေဖြင့် သည်ဝံပုလွေပေါက်လေးနှစ်ကောင်ကို တောတောင်တွေ၏ အပြင်ဘက်ထိ သူနှင့်အတူ ခေါ်သွားရန် စိတ်ကူးထားသဖြင့် သူတို့ကို အိမ်မွေးခွေး အကြီးစားသဖွယ် ပြုစုပျိုးထောင်ရပေလိမ့်မည်။ သူကိုယ်တိုင်အတွက် စားစရာရှိသရွေ့ သည်ဝံပုလွေပေါက်လေးတွေလည်း လုံးဝမငတ်စေရဟု သန္နိဋ္ဌာန်ချထားသည်။
စုရွှေလျန် သည်တောထဲက ထွက်မည်ဟု စိတ်ပိုင်းဖြတ်ထားပြီး၊ အစစအရာရာ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အချိန် နောက်တစ်လ ကုန်ဆုံးသွားခဲ့ပြန်သည်။ နွေ ရောက်လေပြီ။
"ရှောင်ချွမ်ရေ ရှောင်ရွှယ်ရေ ငါတို့ သွားကြဖို့ အချိန်ကြပြီ။"
စုရွှေလျန်သည် စနစ်တကျ ပြင်ဆင်ပြီးဖြစ်သော အိတ်ကြီးကို ယူလိုက်သည်။ အိတ်ကို တွေ့ကတည်းက ရှိနေသော အဝတ်အစား အသုံးအဆောင် ငွေစများအပြင် စုရွှေလျန်က အမြင်ကြီးသလောက် ပေါ့လှသော မှိုခြောက်အိတ်၊ ရစ်သားခြောက်တစ်ကောင်နှင့် ကျားသားခြောက် ယုန်သားခြောက်များကို စုထည့်ထားသော အိတ်တစ်လုံးကိုပါ ထိုအိတ်ကြီးထဲတွင် ထည့်ထားလေသည်။
ဝံပုလွေပေါက်လေးနှစ်ကောင်ကတော့ အမဲလိုက်ခြင်းကို မကြာမီကမှပင် အလွန်သဘောကျလာကြလေသည်။ သူတို့၏ သသာဝအရ သားကောင်ငယ်လေးများကို လွယ်လင့်တကူ ဖမ်းယူရမိသော်လည်း သူတို့ဖမ်းသမျှကို စုရွှေလျန်ထံ အပ်၍ ချက်ပြုတ်စေသည်သာ ဖြစ်သည်။ သူတို့သည် သားစိမ်းငါးစိမ်း လုံးဝမစားတတ်တော့ပေ။ သူတို့ ဖမ်းမိသမျှ ယုန်များ ငန်းရိုင်းများကို စုရွှေလျန်က စွပ်ပြုတ်လုပ်လျှင်လုပ် သို့မဟုတ် ကင်ပေးရသည်။ စုရွှေလျန် ချက်ပြုတ်ပေးသမျှကို ဝံပုလွေငယ်နှစ်ကောင်သည် အားပါးတရ စားလေ့ရှိကြပြီး သူတို့စားပြီး အကြွင်းအကျန်မှန်သမျှကို စုရွှေလျန်က ခရီးတစ်လျှောက် စားရန် အသားခြောက်အဖြစ် ပြုပြင်ဖန်တီးခဲ့လေသည်။
ထို့ပြင် စုရွှေလျန်သည် သစ်သီးရိုင်းများကိုလည်း အုန်းဆံဖတ်ဖြင့် ရက်ထားသော ခြင်းထဲတွင် နေရာလွတ်မကျန်အောင် ထည့်ယူလာခဲ့ပေသည်။ ထည့်လာသမျှ အသီးများထဲတွင် မက်မွန်သီးရိုင်းများ၊ ဆီးသီး အချဉ်များ၊ ပိုးစာသီးရိုင်းများ၊ ဘယ်ရီသီးများ ပါသည်။ ထို့ပြင် ပန်းသီးနှင့်တူသော အသီးများပင် ပါလိုက်သေးသည်။ ထိုအသီးများသည် ပန်းသီးများထက် အနည်းငယ်သေး၍ ချဉ်ပြီး တစ်တောလုံးအတွင် ထိုအသီး သီးသော အပင်မှာ လက်ချိုးရေ၍ ရပေသည်။ ပန်းသီးရိုင်းများ ဖြစ်ချင်ဖြစ်ပေမည်။ အချိန်အကြာကြီး ရှာမှ ကြွေနေသော အသီးနှစ်လုံးသာ တွေ့ခဲ့ရသည်။ ထို့ကြောင့် အပင်ပေါ်တွင် ရှိနေသေးသမျှ အသီးမှည့်အားလုံးကို သူကိုယ်တိုင် ဆွတ်ယူခဲ့ရသည်။ စုစုပေါင်း အလုံးနှစ်ဆယ်သာ ရခဲ့သော်လည်း သူသည် နှစ်လုံးလောက်တော့ မစားဘဲမနေနိုင်၍ စားခဲ့ရသည်။ ကျန်သေးသမျှ သစ်သီးများထဲတွင် ဤပန်းသီးရိုင်းများမှာ အနည်းဆုံး ဖြစ်သည်။
သို့သော် သည်လောက်ဆိုလျှင်ပင် စုရွှေလျန်အတွက် အချိန်အကြာကြီး စားလောက်ပါသေးသည်။ သူ တွေးနေရင်း ကျေနပ်နေမိသည်။
အနည်းဆုံးတော့ သည်အခြေအနေသည် တောထဲ ပထမဆုံးရောက်လာခါစ အရသာ ပေါ့ပျက်ပျက် ဖွယ်တယ်တယ်နိုင်သော ကျားသားခြောက်ကို စားခဲ့ရတုန်းကထက်တော့ အများကြီး ပိုကောင်းလာသည် မဟုတ်ပါလား။ ယခုဆို ကြည့်ပါဦး။ ဆားသိပ်ထားသော အသားခြောက်များ၊ မှိုခြောက်အမျိုးမျိုး၊ ပြီးတော့ လတ်လတ်ဆတ်ဆတ် စားနိုင်သည့် သစ်သီးရိုင်းအမျိုးမျိုး ရှိနေသည်။
ခြင်းကြီးကလည်း လေးလံလွန်းလှသည်။ သို့သော် စုရွှေလျန်တစ်ယောက် သူ့ရှေ့တွင် မြူးထူးခုန်ပေါက်ဆော့ကစားလျက် လိုက်ပါလာသော ဝံပုလွေပေါက်လေးနှစ်ကောင်ကို ကြည်နူးစွာ ကြည့်နေရင်း ခြင်းအလေးကြီးကို လက်တစ်ဖက်နှင့်တစ်ဖက် ပြောင်း၍ပင် သယ်ရန် မေ့နေတတ်သည်။ တကယ်တော့ သည်ခြင်းကို ဝံပုလွေပေါက်လေးနှစ်ကောင်၏ ကျောပေါ်တင်ပေးလိုက်ပြီး တောပြင်ရောက်သည်ထိ သယ်ခိုင်းလိုက်ချင်လှသည်။ သို့သော် သည်ကလေးနှစ်ကောင်မှာ ငယ်လွန်းလှသေးသည်။ သူ အနိုင်မကျင့်ရက်။ သည်ခြင်းကြီးကို သူကိုယ်တိုင်သာ နိုင်အောင် သယ်ခဲ့တော့မည်။
လူတစ်ယောက်နှင့် ဝံပုလွေနှစ်ကောင်... လျှောက်လိုက်ကြ နားလိုက်ကြပင်။ ရေရနိုင်သော နေရာတစ်ခုခုကို မြင်တိုင်း စုရွှေလျန်သည် နားလိုက်မြဲ ဖြစ်သည်။ ရေတကောင်းထဲတွင် ကျောက်စိမ်းရေကြည်ကို သီးသန့် ထည့်ထားသောကြောင့် သူ့တွင် ရိုးရိုးရေချို ထည့်သယ်စရာ ဘာပစ္စည်းမှမရှိတော့ပေ။ ထို့ကြောင့် ရေရနိုင်မည့် နေရာတိုင်းတွင် စုရွှေလျန် တစ်ယောက် မျက်နှာသစ် ခြေလက်ဆေး၍ ရေအနည်းငယ်သောက်ပြီး သူ့ကိုယ်သူ ရေဓာတ်ဖြည့်ရသည်။
သူတို့တစ်တွေ တောထဲမှာ ခရီးဆက်နေကြသည်ဆိုသော်လည်း နွေရာသီဖြစ်သည့်အတွက် အတန်ငယ်တော့ ပူပေသည်။
စုရွှေလျန်သည် သူကိုယ်တိုင် သစ်ငုတ်တိုကို မှီ၍ အနားယူရင်း၊ အသီးစားရင်း ဝံပုလွေလေးနှစ်ကောင်ကို ရေဝဝသောက်ခွင့် ဆော့ကစားခွင့်ပြုထားလေသည်။ ပြီးတော့ သူတို့အတွက်လည်း အသားခြောက်လေးအနည်းငယ်ကို အဆာပြေ ကျွေးရပေသည်။
စုရွှေလျန်သည် ငွေတိုငွေစတချို့ ရေထဲ မျောပါပြီး ဆုံးခဲ့ရပြီဖြစ်သော်လည်း သူသည် ရေရနိုင်သည့် နေရာတိုင်းတွင် အနားယူတတ်ဆဲ ဖြစ်ပေသည်။
ထိုငွေစငါးစနှင့် ပတ်သက်ပြီး ပြောရလျှင်မူ စုရွှေလျန်g သည် သူနှင့် မထိုက်၍ မပိုင်သော ပစ္စည်းဟုသာ သဘောထားလိုက်တော့သည်။
သည်ခန္ဓာကိုယ်ပိုင်ရှင်သည် အပြင်ဝတ်ရုံနှင့် အတွင်းဝတ်ရုံကြား ခါးစည်းကြိုးထဲတွင်မှ ငွေစများကို ထည့်ထားခဲ့လိမ့်မည်ဟု ဘယ်သူကများ သိနိုင်ပါမည်နည်း။ သူ့ဝတ်ရုံကိုပင် ခက်ခက်ခဲခဲ ချွတ်ယူရချိန်တွင် သည်ငွေစများကို သူ ဘယ်လိုလုပ်ပြီး သတိထားမိနိုင်ပါမည်နည်း။ သူသည် ဝတ်ရုံကို ရေလျှော်ဖို့သာ တွေးပြီး ချွတ်လိုက်မိခြင်း ဖြစ်သည်။ သည်တော့လည်း ငွေစငါးစကို ရေထဲကျသွားမှသာ သူ သတိထားမိတော့သည်။ ငွေစများကို ကောက်ယူပြီး ကြည့်လိုက်သည့်အခါ လျန်တစ်ထောင် တန်ဖိုးရှိ ငွေစများ ဖြစ်ကြောင်း သူ တွေ့ရသည်။ သို့သော် ကံဆိုးချင်တော့ ငွေစများမှာ အရည်ပျော်သွားလေသည်၊ ဘယ်မှာ သွားသုံး၍ ရတော့မည်နည်း။
လမ်းလျှောက်လိုက် နားလိုက် လုပ်လာခဲ့သည်မှာ လေးငါးကြိမ်ခန့် ရှိခဲ့ပြီ။ နောက်ထပ် ရေရနိုင်မည့် တစ်နေရာကို တွေ့ချိန်တွင် မိုးပင် မှောင်လာလေပြီ။ စုရွှေလျန်မှာ အဆုံးမရှိနိုင်သော တောအုပ်ကြီးကို ကြည့်ပြီး သက်ပြင်းချမိသည်။ ဘေးဘီဝဲယာကို အကဲခတ်ကြည့်လိုက်သည်၊ သို့သော် ကျောက်ဂူ သစ်ပင်လိုဏ်ခေါင်းတို့ကဲ့သို့သော အကာအကွယ်ယူစရာနေရာ တစ်ခုမှ မတွေ့ရပေ။ သည်ပုံစံတိုင်းဆိုလျှင်တော့ ဒီည သူတို့တစ်တွေ အကာအကွယ်မရှိဘဲ အိပ်ကြရတော့မည်။ ရှေ့ဆက်သွားလျှင်လည်း သူတို့ နားရန် ရေရနိုင်မည့်နေရာ တွေ့ပါဦးမလား မသေချာတော့ပေ။
စုရွှေလျန်သည် ပတ်ဝန်းကျင်ကို တစ်ဖန် အကဲခတ်လိုက်ပြီးနောက် သူ့ကျောဘက်ရှိ အတိုင်းအတာတစ်ခုထိ လုံခြုံမည်ထင်ရသော ချုံပုတ်တစ်ခုကို ရွေးလိုက်ပြီး အိတ်ထဲမှ ကျားရေကို ထုတ်၍ မြေပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ဝံပုလွေပေါက်လေးနှစ်ကောင်မှာ အရိပ်အကဲကို လွန်စွာ သိတတ်ဟန်ဖြင့် ထင်းခြောက်လေးများကို သူ့ထံ ယူလာကြလေသည်။ စုရွှေလျန် က ဝံပုလွေလေးများကို သဘောကျနှစ်ခြိုက်စွာ ပွတ်သပ်ပေးလိုက်သည်မှာ သိတတ်လိမ္မာလှသော သားသမီးလေးများကို မိဘများက သားသမီးရ ကံကောင်းလှသည် ချီးမွမ်းပြောဆိုနေသကဲ့သို့ပင် ဖြစ်ပေတော့သည်။
တစ်ခဏမျှ ကြည်နူးနေပြီးမှပင် သူ သတိရတော့သည်။ သူ့တွင် မီးမွှေးစရာ ဘာပစ္စည်းမှ ပါမလာပါလား။
"အိုး..." စုရွှေလျန် စိတ်ညစ်ညူးလျက် နဖူးကို လက်ဝါးနဲ့ ရိုက်မိတော့သည်။ ကျောက်သားပြွန်တစ်ခုထဲတွင် ဂရုတစိုက် သိုမှီးထားပြီး ပြွန်ပေါ်မှ ကောက်ရိုးတစ်ထပ်ပါ ဖုံးအုပ်၍ သိမ်းဆည်းထားသော ကျောက်မီးသွေးများကို ပြေးသတိရမိသေးသည်။ သို့သော် ဂူထဲတွင် ကျန်ခဲ့ပြီ။
စုရွှေလျန်သည် မီးမွှေးရန် အပြင်းအထန် ကြိုးစားခဲ့ရသည်၊ အမျိုးမျိုး စမ်းသပ်ကြည့်ခဲ့ရသည်။ ထိုစဉ်ကတည်းက စုရွှေလျန်သည် ကျောက်သားပြွန်လေးထဲတွင် မီးမျှင်းမျှင်းလေးကို မငြှိမ်းဘဲ ထားထားသည့်အကျင့် ရခဲ့သည်။ မီးလေး တစ်ခါမွှေးဖို့အတွက်တော့ ထင်းချောင်းတွေကို အခါပေါင်း မရေမတွက်နိုင်အောင် ပွတ်တိုက်မနေချင်တော့ပေ။ လက်ဝင်လှသည် ပင်ပန်းလှသည် မဟုတ်ပါလား...
စုရွှေလျန်သည် မြေကြီးပေါ်တွင် ဝပ်ချလိုက်သည်။ ပြီးတော့ အပြစ်ကင်းစင်စွာ ခေါင်းလေးတခါခါ အမြီးလေးတရမ်းရမ်း လုပ်နေကြသော ဝံပုလွေပေါက်လေးနှစ်ကောင်ကို ကြည့်မိသည်။ သူသည် ဝံပုလွေပေါက်လေးနှစ်ကောင်ကို လက်ကမ်းကြိုလိုက်ပြီး သူ့ရင်ထဲက ဝေဒနာများကို ဖွင့်အန်ချလိုက်တော့သည်။ "ရှောင်ချွမ်တို့ ရှောင်ရွှယ်တို့ရေ ငါ မီးစလေးကို သယ်ယူလာဖို့ မေ့ခဲ့တယ်ကွာ။ ကျောက်သားဇလုံနဲ့ ကျောက်အိုးနဲ့ကိုတော့ လေးလွန်းလို့ စကတည်းက ယူမလာဘူးလို့ တွေးခဲ့တာပဲ။ ဒါပေမယ့် ကျောက်သားပြွန်ထဲက မီးလေးကိုတော့ ငါ ယူလာဖို့ စိတ်ကူးခဲ့ပါတယ်ကွယ်။ အင်း...ငါ့အပြစ်ပါပဲ ကလေးတို့ရယ်။ ခရီးထွက်မလာခင်တုန်းက ငါ ကျားသားရေအကြောင်းပဲ အာရုံရောက်ပြီး ပစ္စည်းတွေကို သေချာမစစ်ဆေးခဲ့မိဘူးကွယ်။" စုရွှေလျန်သည် သူ့ကိုယ်သူ မယုံနိုင်ခြင်းတစ်ဝက် အပြစ်တင်ခြင်းတစ်ဝက်ဖြင့် စုတ်တသပ်သပ် ရေရွတ်နေမိသည်။ ဝံပုလွေပေါက်လေးနှစ်ကောင်ကတော့ အသံကိုယ်စီပြု၍ စုရွှေလျန် ရင်ခွင်ထဲသို့ တွယ်တာသည့် အမူအရာဖြင့် တိုးဝင်လာကြသည်၊ စုရွှေလျန်ကို နှစ်သိမ့်ပေးနေသကဲ့သို့ပင်။
"ကဲကဲ ကလေးတို့ရယ် ငါ ဝမ်းနည်းမနေတော့ဘူးနော်။ ငါ့ကိုယ်ငါပဲ နမော်နမဲ့နိုင်လွန်းတယ်လို့ အပြစ်တင်ရတော့မှာပဲ။ နွေရာသီအစောပိုင်းလေးမို့တော့ တော်ပါသေးတယ်ကွယ်။ ညဘက် အကာအကွယ်မရှိဘဲ အိပ်ရလည်း သိပ်တော့ မချမ်းလောက်ဘူး ထင်ရတာပဲကွယ်။ ပြီးတော့ ငါတို့မှာ ဒီနူးနူးညံ့ညံ့ နွေးနွေးထွေးထွေး ကျားသားရေလေးလည်း ရှိသေးတယ် မဟုတ်လား။ ဟဲ့...ဟဲ့ မျက်နှာကို မလျက်နဲ့လေ။ ယားတယ်လို့...။"
လူတစ်ယောက်နှင့် ဝံပုလွေနှစ်ကောင်သည် အသားခြောက်နှင့် အသီးရိုင်းများ မျှစားကြသည်။ စုရွှေလျန်သည် ရစ်သားခြောက်ဆားနယ် ခြေထောက်တစ်ချောင်းကို ဝံပုလွေနှစ်ကောင်အတွက် သက်သက် လှီးပေးလိုက်သေးသည်။ သူတို့လေးနှစ်ကောင်သည် ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်သာ ရှိသေးသည်၊ ဆိုတော့ အစာအာဟာရ မရှိဘဲ ဗိုက်ဟောင်းလောင်း ဖြစ်မနေသင့်ပေ။ ပြီးနောက် သူတို့အားလုံး ရေသောက်ကြ၊ နွေးနွေးထွေးထွေး ကွေးကြ ပူးကပ်ကြ၊ ကျားသားရေအောက်တွင် လုံနေအောင် ကုပ်နေကြပြီးနောက် ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်သွားကြလေတော့သည်။
***