← Chapters

လူသတ်သမားကို ကယ်ဆယ်ရခြင်း

Vol. 1 Ch. 5

လူသတ်သမားကို ကယ်ဆယ်ရခြင်း

Vol. 1 Ch. 5

ကျယ်လောင်ပြင်းထန်လှသော တိုက်သံခိုက်သံများကြောင့် စုရွှေလျန် နိုးလာသည်။

တိုက်သံခိုက်သံများ...။ သတိဝင်လာလျှင်ဝင်ချင်း စုရွှေလျန် ငုတ်တုတ်ထထိုင်မိသည်။

လူသံသူသံ တိုက်သံခိုက်သံများ ကြားရခြင်းကို ထောက်၍ သူသည် တော၏ အပြင်ဘက်နှင့် များစွာမဝေးတော့ကြောင်း သဘောပေါက်လိုက်သည်။ သို့သော် ကောင်းကင်ကြီးပင် ပိန်းပိတ်အောင် မှောင်နေဆဲဖြစ်သော အချိန်မတော်ကြီးတွင် တိုက်ခိုက်ထိုးခုတ်နေကြသူတို့သည် ဘယ်လိုလူတွေများ ဖြစ်ကြမည်နည်း။

စုရွှေလျန်သည် အသံမထွက်အောင် ထလိုက်ပြီးနောက် ကျားရေပေါ်တွင် အိပ်မောကျနေရှာသော ဝံပုလွေပေါက်လေးနှစ်ကောင်ကို တစ်ချက် ကြည့်လိုက်သည်။ ပြီးမှ အသံလာရာဘက်ဆီသို့ မှန်း၍ လျှောက်လာခဲ့သည်။ ချိုးကနဲ ချွတ်ကနဲ အသံမထွက်အောင် သတိပြုလျက် ကျောက်တုံးကြီးတစ်ခုနောက်တွင် ပုန်းအောင်းကာ ချောင်းကြည့်မိလေသည်။

သူ့မျက်စိရှေ့တွင် အဝတ်နက်များ ဝတ်ထားသော လူတစ်စု တိုက်ခိုက်သတ်ပုတ်နေကြသည်ကို တွေ့ရသည်။ မဟုတ်သေး...ခုနစ်ယောက် ရှစ်ယောက်ခန့်ရှိသော လူစုက နောက်ထပ် အဝတ်နက်နဲ့ လက်နက်မဲ့ လူတစ်ယောက်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ဝိုင်းပတ်ခံလိုက်ရသော လက်နက်မဲ့လူ၏ လည်ကုပ်ပေါ်သို့ လူစုထဲမှ တစ်ယောက်က ဓားမိုးထားလေသည်။ ပြီးတော့ အေးစက်ခြောက်ကပ်စွာ ပြောလိုက်သည်။ "ထုံဆေးတွေ မိထားတာတောင် ဒီလောက် ပြင်းပြင်းထန်ထန် ခုခံနိုင်သေးသားပဲ။ သခင်ကြီး ပြောတာ မမှားပေဘူး။ မင်းလိုလူကို အရှင်ထားလို့ကတော့ ငါတို့အတွက် အကျိုးထက် အပြစ်ပဲ များလိမ့်မယ်။"

စကားဆုံးသည်နှင့် ထိုလူသည် လက်ဖြင့် အချက်ပြလိုက်သည်။ ချက်ချင်းပင် ဝန်းရံထားသော လူစုသည် လက်နက်မဲ့လူကို သူတို့ဓားလှံများဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ထိုးသတ်လိုက်ကြလေသည်။

ဤမျှရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကြောင့် စုရွှေလျန် မူးမေ့သွားမတတ် ခံစားလိုက်ရလေသည်။ ယောင်ယမ်းပြီး မအော်လိုက်မိရန် သူ့ပါးစပ် သူပိတ်ပြီး အတော်ထိန်းလိုက်ရသည်။

လက်နက်မဲ့လူလည်း မြေကြီးပေါ်သို့ တုံးကနဲ လဲကျပြီးနောက် မလှုပ်မယှက် ငြိမ်သက်သွားလေတော့သည်။

လူစုထဲမှ မိန့်ခွန်း​ချွေခဲ့သူမှာ လက်နက်မဲ့လူ၏ ကိုယ်ထဲသို့ ထိုးစိုက်ထားသော ဓားကို အားလုံး၏ နောက်ဆုံးမှပင် ပြန်ဆွဲနုတ်လိုက်သည်။ ပြီးတော့ အေးစက်ခြောက်ကပ်စွာ ပြောပြန်သေးသည်။ "မင်းကိုယ်မင်းပဲ အပြစ်တင်သင့်တယ် စစ်လင်။ မင်းက ကိုယ့်အလုပ်ကိုယ် ပြိုင်ဘက်မရှိအောင် ကျွမ်းကျင်ပြီး အတော့်ကို တောက်ပလာခဲ့တယ်။ သို့ပေမယ့် ငါတို့လို လူသတ်သမားတွေရဲ့ ဘဝက မီးရောင်အောက်မှာ နေရတဲ့ ဘဝမျိုး မဟုတ်ဘူး။ အရိပ်ထဲမှာ နေရတဲ့ ဘဝမျိုးပဲကွ။" ထို့နောက် ထိုလူက တစ်ဖက်သို့ ပြန်လှည့်လာပြီး လက်ပြလိုက်သည်နှင့် လူသတ်သမားရှစ်ယောက်လုံးသည် ညအမှောင်ထဲသို့ ဗြုန်းကနဲ တိုးဝင်ပျောက်ကွယ်လေတော့သည်။

အဖြစ်အပျက်တစ်ခုလုံးကို အစမှအဆုံးတိုင် မြင်လိုက်ရသော စုရွှေလျန်မှာ စကားတစ်ခွန်းပင် မဆိုနိုင်အောင် ဖြစ်ကျန်ခဲ့လေသည်။ ဤမျှလောက် ရက်စက်ကြမ်းကြုတ်သော လူသတ်မှုကို မြင်လိုက်ရမှန်း သူ့ကိုယ်သူ မယုံနိုင်၊ မိနစ်အတော်ကြာသည်ထိ သူ့ကိုယ်သူ မယုံနိုင်သေးပေ။ မနေ့ကမှပင် သည်နေရာမှာ သူနှင့် ဝံပုလွေပေါက်လေးနှစ်ကောင် ကစားနေခဲ့ကြသေးသည် မဟုတ်ပါလား၊ ခုတော့...။ လောကကြီးမှာ ဘယ်တော့ ဘာဖြစ်မလဲ တကယ် ခန့်မှန်း၍ မရနိုင်ပါလား။

စုရွှေလျန်လည်း ညည်းသံညင်းညင်းလေး ကြားလိုက်မှပင် တွေဝေမိန်းမောနေရာမှ သတိဝင်လာတော့သည်။ အောက်ကို ငုံ့ကြည့်မိသောအခါ ဘယ်ချိန်ကတည်းက နိုးနေမှန်းမသိသော ဝံပုလွေပေါက်လေးနှစ်ကောင်သည် သူ့ခြေထောက်ဘေးတွင် ကပ်နေကြသည်ကို တွေ့လိုက်ရသည်။ စုရွှေလျန်လည်း ထိုင်ချလိုက်ပြီး ဝံပုလွေပေါက်လေးနှစ်ကောင်ကို အသာအယာ ပွတ်သပ်နှစ်သိမ့်ပေးနေမိသည်။ ပြီးတော့ သူ့နဖူးက ချွေးစေးများကိုလည်း သုတ်ပစ်ရသေးသည်။ အသက်ကို ပြင်းပြင်းရှူ၍ အတော့်ကို အားယူပြီးနောက် သူသည် ထိုလူအနီးသို့ ချဉ်းကပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အသက်ငွေ့ငွေ့လေးတော့ ရှိတန်ကောင်းပါရဲ့... သို့သော် ကိုယ်ပေါ်က ဒဏ်ရာတွေက အနှံ့အပြားနှင့် အတော့်ကို ပြင်းထန်ပုံရသည်။ သေသွားလျှင်လည်း ဘာမှထူးဆန်းမည် မဟုတ်။ သည်လူ့ကို မြှုပ်ပေးဖို့ ကျင်းတူးရပြန်ပေဦးမည်။ သူ့ရှေ့မှာ လဲကျနေသော အရပ်မြင့်မြင့် လူကို ကြည့်မိရုံနှင့်ပင် လက်တွေထုံထိုင်းလာသလို ခံစားလာရသည်။ သည်လူကို မြှုပ်ဖို့အတွက်သာ ကျင်းတူးရလျှင် ဘယ်လောက်ကျယ်ကျယ် ဘယ်လောက်နက်နက်တောင် တူးရဦးမှာပါလိမ့်။

ထိုသူ၏ အရွယ်ကို သေချာအကဲခတ်နိုင်ရန် စုရွှေလျန် ရှေ့သို့ ထပ်တိုးသွားကြည့်သည်။ သွေးတွေ ရွှဲနစ်နေသော ခန္ဓာကိုယ်ကြီးကိုကြည့်ပြီး စုရွှေလျန် မျက်မှောင်ကျုံ့မိပြန်သည်။ သူ့မျက်နှာကို သေချာကြည့်မိပြန်တော့ ရှုံ့မဲ့လျက် သွေးမရှိတော့သလို ဖြူဖပ်ဖြူရော်ဖြစ်နေသည်ကို တွေ့ရသည်။

ရှုံ့မဲ့နေသည်တဲ့လား...။ စုရွှေလျန် မြေကြီးပေါ်သို့ ဝပ်ချလိုက်ပြီး သူ့ကိုယ်သူ အော်ဂလီဆန်မသွားအောင် အသည်းအသန် ကြိုးစား၍ ထိန်းယူလိုက်ရသည်။ ပြီးတော့မှ ထိုလူ၏ နှာဝတွင် လက်တစ်ချောင်း တင်ကြည့်လိုက်သည်။ တစ်ခဏမျှ တင်ထားပြီးနောက်တော့ စုရွှေလျန် ၏ မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာလေသည်။ မသေကောင်း မပျောက်ကောင်း... သည်လူ အသက်ရှိသေးတာပဲ။ သို့ပေမယ့် သူ့ဝင်သက်ထွက်သက်များမှာ မျှင်းမျှင်းလေးသာ ရှိတော့သည်။ တော်ရုံတန်ရုံသာ စမ်းကြည့်မိလျှင် သေပြီဟု ထင်စရာရှိလေသည်။

"ရှောင်ချွမ်လေး လိမ္မာတယ်နော်။ မမအိတ်လေး ယူခဲ့စမ်းပါကွယ်။" စုရွှေလျန် သည် ဝံပုလွေပေါက်လေး၏ ခေါင်းကို ပွတ်သပ်ပြီးနောက် ချုံပုတ်နောက်က သူတို့ခိုနားရာ နေရာလေးသို့ ညွှန်ပြလိုက်လေသည်။ ဝံပုလွေပေါက်လေးသည် အမြီးနန့်၍ စုရွှေလျန်၏ စကားကို နားလည်ကြောင်း တုန့်ပြန်လိုက်လေသည်။ ပြီးတော့ အိတ်ကို အပြေးသွားယူရုံမက ကျားသားရေကိုပါ အဆစ်ယူလာခဲ့သေးသည်။

စုရွှေလျန်လည်း အိတ်ကို ဖွင့်လိုက်ပြီးနောက် ကျောက်စိမ်းရေကြည် ထည့်ထားသော ရေတကောင်းကို ထုတ်လိုက်သည်။ ပြီးတော့ သစ်သားဇွန်းတစ်ချောင်းပါ ထုတ်ပြီး ထိုဇွန်းဖြင့် ကျောက်စိမ်းရေကြည်ကို ခပ်ပြီး ထိုလူ၏ ပါးစပ်ထဲသို့ ဂရုတစိုက်ခွံ့ထည့်လိုက်သည်။ ကျောက်စိမ်းရေကြည်များ ပြန်ထွက်မကျစေရန် စုရွှေလျန်သည် ထိုသူ၏ ပါးစပ်ကို သေချာစေ့ပြီး အရည်များကို မျိုချနိုင်စေရန် နှာခေါင်းကိုပါ ညှစ်ပေးလေသည်။

သည်လောက်လောက် တိုက်လျှင် သူ့အသက် ကယ်ဖို့ လုံလောက်ပေပြီ။ စုရွှေလျန် ကိုယ်တိုင် သူ့ဒဏ်ရာများပေါ် ဒီအရည် လိမ်းခဲ့တုန်းက အနည်းငယ် လိမ်းရုံဖြင့်ပင် အနာအားလုံး ကျက်သွားခဲ့သည်။ ဆိုတော့ သည်လောက်လောက် ဝင်အောင် တိုက်လိုက်ခြင်းဖြင့် သွေးထွက်လွန်မှုဝေဒနာကို သက်သာစေလိမ့်မည်ဟု ယူဆလိုက်သည်။ ထိုလူ၏ မျက်နှာပေါ်တွင် တဖြည်းဖြည်းချင်း သွေးရောင်သန်းလာသည်ကို မြင်ရမှ စုရွှေလျန် လည်း စိတ်သက်သာရာရတော့သည်။

တစ်ချိန်တည်းမှာပဲ စုရွှေလျန်သည် သွေးတွေစိုနစ်နေသော ထိုလူ၏ ခန္ဓာကိုယ်အဝတ်အစားများကို ကြည့်မိပြန်သည်။ တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်လျက်။ အထူးသဖြင့် ရင်ဘတ်နှင့် ဝမ်းဗိုက်တွင်။ သည်ဒဏ်ရာများကို သေချာသာ ကုသမှု မပေးနိုင်လျှင် ပိုးဝင်ပြီး ပိုဆိုးသွားမည်ကို စုရွှေလျန် စိုးရိမ်မိသည်။

သို့နှင့်ပင် စုရွှေလျန်သည် တစ်စက္ကန့်လေးမျှ တုန့်ဆိုင်းမနေဘဲ ဒဏ်ရာများကို စစ်ဆေးကြည့်ရှုနိုင်ရန် ဓားမြှောင်ကို ဆွဲထုတ်ပြီး ထိုသူ၏ အဝတ်များကို ဆွဲဖြဲလေတော့သည်။ အဝတ်အောက်က ခန္ဓာကိုယ်ကို မြင်လိုက်ရမှပင် ထိုးအန်ပစ်လိုက်ချင်စိတ်ကို အတော်ကြိုးစားချုပ်တည်းလိုက်ရလေသည်။ ပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျောက်စိမ်းရေကြည်ကို ညင်သာစွာ လိမ်းပေးလေတော့သည်။

ထိုလူ၏ ဒဏ်ရာပေါ်မှ သွေးတွေအားလုံးလောက် ခြောက်သွားပြီဆိုမှပင် ကျောက်စိမ်းရေကြည် လိမ်းပေးခြင်းကို ရပ်တော့သည်။ ပြီးတော့ စုရွှေလျန်သည် သူ၏ တစ်စုံတည်းသော ချည်ထည်လေးကို အိတ်ထဲမှ ထုတ်ပြီး အစရှည်မျောမျောလေးများဖြစ်အောင် ဓားမြှောင်ဖြင့် ပိုင်းလိုက်သည်။ ပြီးတော့ ထိုလူ၏ ဒဏ်ရာများကို ပတ်တီးစည်းသကဲ့သို့ သေချာကျပ်စည်းပေးလိုက်လေသည်။ သူ့ဝမ်းကွဲအစ်ကိုနှင့် တောတွင်းစခန်းချခရီးထွက်ခဲ့စဉ်က သူ့အစ်ကိုက သူ့ကို ရှေးဦးသူနာပြုနည်းဖြင့် ပြုစုခဲ့သည်ကို ပြန်လည်အမှတ်ရအသုံးချလိုက်ခြင်း ဖြစ်ပေသည်။ ညှီစို့စို့ သွေးနံ့တွေ ပျောက်သွားမှပင် ပတ်တီးစည်းခြင်းကို ရပ်လိုက်လေတော့သည်။

စုရွှေလျန်သည် အနီးနားက ချောင်းငယ်လေးတစ်ခုတွင် လက်ဆေးလိုက်သည်။ ပြီးတော့ ပတ်တီးအဖြစ် မသုံးလိုက်ရဘဲ ကျန်နေသေးသည့် အဝတ်စများကို ရေစိမ်ပြီးနောက် ထိုသူ၏ အဆီတွေ ချွေးတွေ ဝင်းပြန်နေသည့် မျက်နှာကို သုတ်သင်သန့်ရှင်းပေးရန် ယူခဲ့လေသည်။ ရာသီဥတုပူပြင်းသော နွေနေ့ခင်း ဖြစ်သည့်အလျောက် လူမမာပြုစုရသည့်အလုပ်နှင့်ပင် စုရွှေလျန် ကိုယ်တိုင် ချွေးတွေသံတွေ ရွှဲရွှဲစိုလာလေတော့သည်။ သို့သော် ယခုမှပင် သွေးစသွေးန မမြင်ရတော့ဘဲ သန့်ရှင်းသွားသော လူမမာကို ကြည့်ပြီး စုရွှေလျန် ပီတိဖြစ်နေမိသည်။

အခြေအနေ ကောင်းလာပါပြီလေ။ စုရွှေလျန်သည် သူ့လက်လေးနှစ်ဖက်ကို တစ်ဖက်နှင့်တစ်ဖက် ပွတ်ခါပြီးနောက် မလှုပ်မယှက် ငြိမ်သက်နေသော ထိုလူကို နှစ်ပတ်ပတ်၍ လမ်းလျှောက်လိုက်သေးသည်။ မေးစေ့ကို လက်လေးနှင့် ကိုင်လျက် စုရွှေလျန် တစ်ခုခုကို စဉ်းစားနေမိသည်၊ ပြီးတော့ သက်ပြင်းအကျယ်ကြီးချ၍ ပါးစပ်မှ ထုတ်ပြောမိလေတော့သည်။ "ကျောက်စိမ်းရေကြည်တွေလည်း အကုန်ခံပြီး လဲစရာဆိုလို့ တစ်ထည်ပဲရှိတဲ့ အဝတ်ကလေးတောင် အဆုံးခံပြီးမှတော့ သူ့ကို ဒီတိုင်း ထားခဲ့လို့ မဖြစ်လောက်ဘူး ထင်ပါတယ်။ သူ့ကို ဒီတိုင်းထားခဲ့ပြီး ကိုယ့်ဟာကိုယ် ဆက်သွားတော့မှပဲ သားရဲတွေက သူ့ကို စားကြပြုကြဆိုရင် ငါ သူ့ကို အပင်ပန်းခံပြုစုခဲ့သမျှ အကုန် သဲထဲရေသွန်ဖြစ်တော့မှာပဲ။"

ဝံပုလွေပေါက်လေးနှစ်ကောင် နားလည်လား မလည်လားလည်း အာရုံမထားမိဘဲ စုရွှေလျန်သည် လက်ဟန်ခြေဟန်များဖြင့် ဆက်ပြောနေမိသည်။ "ရှောင်ချွမ်ရေ ရှောင်ရွှယ်ရေ ငါတို့ ဒီတောကြီးထဲက ထွက်တဲ့ ခရီးစဉ်လေး နည်းနည်းတော့ နှောင့်နှေးရတော့မယ်နဲ့ တူတယ်ကွယ်။ ဒီအရွယ်ရောက်ပြီး ယောက်ျားကြီးတစ်ယောက်ကို ငါ့တစ်ယောက်တည်းအားနဲ့လည်း သယ်မသွားနိုင်ဘူးကွယ်။ နည်းလမ်းလေးတစ်ခုခု စဉ်းစားကြရအောင်...။"

ဝံပုလွေပေါက်လေးနှစ်ကောင်နှင့်အတူ စုရွှေလျန်သည် သစ်ကိုင်း​များနှင့် နွယ်များ လိုက်ကောက်ကြသည်။ ဤအရွယ်ရောက်ပြီး ယောက်ျားကြီးကို သယ်မနိုင်မည့် ထမ်းစင်တစ်ခုဖြစ်အောင် သစ်ကိုင်းတွေ နွယ်တွေကို ရက်လုပ်ပြီး ထိုလူကို သယ်၍ ဂူသို့ ပြန်သွားရန် ပြင်ဆင်တော့မည်။

သူ့စိတ်ကို ဒုံးဒုံးချပြီးနောက် စုရွှေလျန်နှင့် ဝံပုလွေပေါက်လေးနှစ်ကောင်သည် အရင်ဆုံး ဗိုက်ဖြည့်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ ရေအနည်းငယ်သောက်ပြီးနောက် စုရွှေလျန်သည် အဝတ်စလေးကို ရေစွတ်ပြီးနောက် ထိုလူ၏ ပါးစပ်ထဲသို့ စိတ်ရှည်လက်ရှည် ရေစက်လေးများ ချပေးလေသည်။

ပြီးတော့ စုရွှေလျန်သည် ထိုလူ၏ အသက်ရှူပုံကို တစ်ချက် စစ်ဆေးသည်။ ယခုဆို အခြေအနေသည် အများကြီး ပို၍ တည်ငြိမ်လာပေပြီ။

အားလုံး စားသောက်ပြီးစီးကြပြီးနောက် စုရွှေလျန်သည် ထိုလူနှင့် မလှမ်းမကမ်းတွင် ထိုင်၍ ထမ်းစင် ရက်လေတော့သည်။

စုရွှေလျန်သည် သက်ပြင်းအခါခါ ချနေမိသည်။ ကူရာကယ်ရာမဲ့လူတစ်ယောက်ကို ပစ်မထားနိုင်ရက်သဖြင့် ဤတောထဲက ထွက်ဖို့ အချိန်အကြာကြီး စောင့်ဆိုင်းပြင်ဆင်ခဲ့ရသော အစီအစဉ်ကို ရွှေ့ဆိုင်းရပြန်ပြီ။ ဤလူ သတိလည်လာလျှင်တော့ တောထဲက ထွက်ရန် လမ်းပြခိုင်းရမည်ဟု စုရွှေလျန် တွေးမိသည်။ သည်လောက်မျှ အကူအညီမရလျှင်လည်း သူ ပင်ပန်းခဲ့ရသမျှ အချည်းနှီး ဖြစ်ကုန်လိမ့်မည်။ သို့သော်...သည်ပုဂ္ဂိုလ်သည် သူ့အသက်ကိုပါ ရန်ရှာပြီး ကျေးဇူးမဆပ်ဟုလည်း ဘယ်သူမှ မ​ပြောနိုင်ပါလား...။

စိတ်ကူးကြည့်နေရင်း စုရွှေလျန် တစ်ယောက် အလွန်ကြောက်ရွံ့တုန်လှုပ်လာမိတော့သည်။ ဤလူ ဒီလောက်ထိ ရက်စက်သည့်အလုပ်မျိုးတော့ မလုပ်လောက်ဘူးမလား။ သို့သော်... ချက်ချင်းပင် စုရွှေလျန် သည် သည်လူကို မကြောက်တော့ပြန်ပေ။ ဘာပဲဖြစ်ဖြစ် စုရွှေလျန်တွင် ဝံပုလွေပေါက်လေးနှစ်ကောင်လည်း ရှိသေးသည် မဟုတ်ပါလား။ ပြီးတော့ ဤတောအုပ်ကို ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သည့်အပြင် ဂူကလည်း သူ့အိမ်သဖွယ် ဖြစ်နေသောကြောင့် အရေးအကြောင်းဆိုလျှင် ထွက်ပြေးတိမ်းရှောင်ရန် သူ့ဘက်က တစ်ပန်းသာနေသည် မဟုတ်ပါလား။ သူ့ကိုယ်သူ အားပေးပြီးနောက်တွင်တော့ စုရွှေလျန်သည် အတွေးစကို ရပ်၍ အလုပ်ကိုသာ အာရုံစိုက်တော့သည်။

ညနေမစောင်းခင်မှာပင် စုရွှေလျန်သည် လူမမာကို ခေါ်၍ ဂူသို့ ပြန်ရောက်ခဲ့လေပြီ။

သူသည် မြေကြီးပေါ်တွင် ကျားသားရေကို အရင်ဆုံး ချခင်းလိုက်သည်။ ပြီးတော့မှ လူမမာကို ကျားသားရေပေါ်တွင် နေရာချပေးရလေသည်။ လူမမာကို နေသားတကျဖြစ်အောင် နေရာချပေးပြီးနောက်တွင်တော့ စုရွှေလျန် ကိုယ်တိုင် မောပန်းလွန်းလှ၍ လဲကျသွားလေတော့သည်။

"အု...အု...အု" ဝံပုလွေလေးနှစ်ကောင်သည် ဗိုက်ဆာနေကြပြီဖြစ်ကြောင်း အသံပေးကြလေသည်။

"အေးအေး ဟုတ်ပြီ... ငါ စားဖို့သောက်ဖို့ ပြင်ဦးမယ်။ မင်းတို့မောင်နှမတော့ နားနှင့်ကြဦး။ ဘာပဲပြောပြော ရှောင်ချွမ်ရော ရှောင်ရွှယ်ရော ဒီနေ့ တအားလိမ္မာတယ်နော်၊ အများကြီး ကူညီနိုင်တယ်။" စုရွှေလျန်သည် ထုံကျင်ကိုက်ခဲနေသော သူ့ခြေထောက်များကို နှိပ်နယ်ပြီးနောက် အတင်းကုန်းရုန်းထ၍ မီးမွှေးကာ အသားပြုတ်ဟင်းတစ်အိုး တည်ရလေသည်။

ဤပုံစံအတိုင်းဆိုလျှင်တော့ နောက်တစ်ခါ တောထဲက ထွက်လျှင် မနက်အရုဏ်တက်လောက်ကတည်းက ထွက်မှ ညမမှောင်ခင် တောအပြင် ရောက်နိုင်မည် ထင်သည်။ အကယ်၍ မရောက်နိုင်လျှင်တော့ မီးတုတ်ပါ ပြင်ဆင်ယူသွားရန် လိုပေလိမ့်မည်။

သို့သော် ရုတ်တရက် ရုတ်ချည်း ကိုယ်ရောင်ဖျောက်သွားသော လူစုအကြောင်း စဉ်းစားမိပြန်သည်။ သူတို့သည် သိုင်းပညာ ကျွမ်းကျင်သူများ ဖြစ်ကြဟန်တူသည်။ သို့သော် စုရွှေလျန် ကိုယ်တိုင်ကတော့...။ ထို့ကြောင့် နေ့တွင်းချင်း တောထဲမှအပြင်ရောက်အောင် ထွက်နိုင်ဖို့ မဖြစ်နိုင်လှပေ။ ထို့ပြင် တောအပြင် ရောက်နိုင်သည် ထားဦး၊ တည်းခိုနေထိုင်စရာ ရွာလေးတစ်ရွာကိုမှ ညတွင်းချင်း တွေ့အောင် ရှာနိုင်ပါမည်လား။

အဲဒါတွေ ထားလိုက်ပါဦးမယ်လေ။ လောလောဆယ်အဖို့တော့ စုံစမ်းမေးမြန်းနိုင်စရာ ဤလူ သတိရလာဖို့သာ စောင့်ရပေမည်။

အသားပြုတ်ဟင်း ကျက်ပြီးနောက် စုရွှေလျန်လည်း ဇလုံနှစ်လုံးတွင် ထည့်ပြီး ဝံပုလွေပေါက်လေးနှစ်ကောင်ကို ကျွေးလေသည်။ ပြီးတော့ ရစ်သားခြောက် နှစ်ပိုင်းကိုလည်း ဝံပုလွေပေါက်လေးနှစ်ကောင်အတွက် ထည့်ကျွေးလိုက်လေသည်။ သူ့ကိုယ်သူအတွက်မူ နောက်ဆုံးမှပင် အသားပြုတ်ဟင်းအနည်းငယ်နှင့် ဘယ်ရီသီးရိုင်းအချို့ စားရလေသည်။

ညစာ စားပြီးသည့်နောက် စုရွှေလျန်သည် အဝက်နက်နှင့် လူမမာထံသွား၍ အပူချိန် အကဲခတ်နိုင်ရန် နဖူးကို ငုံ့စမ်းလိုက်လေသည်။ အပူမပြင်းလှ၍ တော်သေးသည်၊ သို့သော် ယခုထိ သတိမလည်လာသေးမှာ ပြဿနာပင် ဖြစ်သည်။ သို့သော် ကံအားလျော်စွာပင် ကျောက်စိမ်းရေကြည်သည် သူ့ခန္ဓာကိုယ်ထဲမှ ချီဓာတ်ကို တိုးပွားစေခဲ့ဟန် တူသည်။ ကျောက်စိမ်းရေကြည် တဇွန်းခန့် ဝင်ထားပြီး ဖြစ်၍ လေးငါးဆယ်ရက်ခန့် အစာမစားရလျှင်ပင် သည်လူ အသက်ဆက်နိုင်ပေလိမ့်မည်။

နေ ထွက်လာပြီ။ စုရွှေလျန်လည်း အိပ်ရာထလိုက်သည်။ ဂူနံရံတွင် နောက်ထပ် အခြစ်ကလေးတစ်ခြစ် ခြစ်လိုက်သည်။ လူမမာနှင့်အတူ သည်ဂူထဲ ပြန်ရောက်လာခဲ့သည်မှာ ငါးရက်ပင် ရှိလေပြီ။ လူမမာကို ကြည့်ရင်း စုရွှေလျန် သက်ပြင်းချမိသည်။ အသက်မှန်မှန် ရှူနေသော်လည်း အခုထိ သတိမလည်လာသေးပေ။

ဆံပင်ကို ဖြီးသင်ပြီး၊ ကိုယ်ပေါ်မှ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီးနောက် စုရွှေလျန်သည် အနီးအနားရှိ ချောင်းတစ်ခုတွင် မျက်နှာသစ်ရန် ထွက်လာခဲ့လေသည်။

စုရွှေလျန် ဂူအပြင်သို့ ထွက်သွားပြီးနောက် လူမမာ၏ မျက်လုံးများသည် ဖြည်းညင်းစွာ ပွင့်လာသည်။ ပြီးတော့ အေးတိအေးစက် မှိတ်တုတ်မှိတ်တုတ် မျက်တောင်ခတ်လေသည်။

***

All Chapters