ဆွံ့အနားမကြားများလား
Vol. 1 Ch. 6
ငါ မသေသေးဘူးလား? စစ်လင် တစ်ယောက် သူ့ကိုယ်သူ လှောင်ပြုံးပြုံးလိုက်သည်။
ဘေးဘီဝဲယာကို ကြည့်ပြီးနောက် သူ ဝံပုလွေဂူတစ်ခုထဲ ရောက်နေကြောင်း စစ်လင် သိလိုက်သည်။ သူနှင့် မနီးမဝေးတွင်တော့ နှစ်ခြိုက်အေးချမ်းစွာ အိပ်ပျော်လျက်ရှိသော ဝံပုလွေပေါက်လေးနှစ်ကောင်။ သူ့ကယ်တင်ရှင်မှာ ဝံပုလွေများ ဖြစ်နေသလား။
ဤသို့ တွေးမိပြီး ရုတ်တရက် မျက်ခုံးပင့်လိုက်မိသေးသည်။ သို့သော် ချက်ချင်းပင် ထိုအတွေးကို ပယ်ဖျက်လိုက်သည်။ ဒဏ်ရာရထားသော သူ့ခါးနှင့် ဗိုက်ကို ကြည့်မိတော့ အနာတွေကို သေချာဆေးကြောသန့်စင်ပေးထားပြီး ချည်စအဖြူနှင့် ပတ်တီးစီးပေးထားကြောင်း တွေ့ရသည်။ ပြီးတော့ သွေးစသွေးနတွေကို သုတ်သင်သန့်ရှင်းပေးထားကြောင်းလည်း တွေ့ရသည်။ တကယ် ဘယ်တုန်းကမှ သွေးတွေရွှဲနစ်နေအောင် သေလုမျောပါး ဒဏ်ရာမရခဲ့သလိုပင်။ ဒီတော့ သူ့ကို ကယ်ဆယ်ခဲ့သူမှာ ဝံပုလွေမဖြစ်နိုင်၊ လူသားတစ်ယောက်သာ ဖြစ်ရမည်ဟု စစ်လင် အတပ်သိလိုက်သည်။
သို့သော်... သေမင်း၏ လက်ထဲသို့ ရောက်နေခဲ့ပြီဖြစ်သော မိမိကို ကယ်ဆယ်ခဲ့သူမှာ ဘယ်လိုလူမျိုးမို့ ဤလောက်အထိ ဆေးပညာဗဟုသုတ ရှိနေနိုင်သနည်း။
သူ့ကို ကယ်ဆယ်ခဲ့သူသည် သူ့ကိုယ်တွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားပေးခဲ့ရုံသာမက ကိုယ်ပေါ်မှ ဒဏ်ရာများကိုလည်း မြန်သင့်သည်ထက် အလွန်လျင်မြန်စွာ သက်သာလာအောင် ကုသပေးထားလေသည်။
စစ်လင်တစ်ယောက် အတွေးတွေ များနေတုန်းမှာပင် ဂူပေါက်ဝနားမှ ခြေသံများကို ကြားရလေသည်။ သူ မျက်လုံးများကို ဇွတ်မှိတ်လိုက်ပြီး အိပ်ချင်ယောင်ဆောင်လိုက်လေသည်။
ဂူထဲ ဝင်လာသူကတော့ စမ်းချောင်းမှာ မျက်နှာသစ်ပြီး ပြန်လာသော စုရွှေလျန်မှတစ်ပါး တခြားမဖြစ်နိုင်ပေ။ စုရွှေလျန်သည် စမ်းချောင်းအနီးတွင် တွေ့ရသော စား၍ရသည့် အပင်အနည်းငယ်ကိုပါ နုတ်ယူလာခဲ့သေးသည်။ အပင်များကို ခြင်းထဲထည့်ပြီးနောက် စုရွှေလျန်သည် လူမမာအနီးတွင် ဝပ်ချလိုက်သည်။ လူမမာမှာ သတိမရသေးပုံ ပေါ်သောကြောင့် စုရွှေလျန်လည်း လူမမာကို အနှောင့်အယှက် မဖြစ်စေဘဲ ဝံပုလွေပေါက်လေးနှစ်ကောင်ကိုသာ အိပ်ရာနှိုးလေသည်။ "ရှောင်ချွမ်တို့ ရှောင်ရွှယ်တို့ရေ ထကြတော့ဟေ့။ ငါတို့ လုပ်စရာ ဝေယျာဝစ္စတွေ အများကြီး ရှိတယ်လေ။ အေးနော် မင်းတို့ ငါ့ကို မကူလို့ကတော့ အစားမစားရဘဲ ဗိုက်ဟောင်းလောင်းနဲ့ နေရုံပဲနော်။"
စုရွှေလျန် ကြိုတွက်ထားသလိုပင် "အစား"ဆိုသော စကားလုံးကို ကြားလိုက်ရသည်နှင့် ဝံပုလွေပေါက်လေးနှစ်ကောင်သည် အိပ်ချင်ယောင်ဆောင်နေသူကဲ့သို့ ငေါက်ကနဲ ထထိုင်ကြလေသည်။
"ဟားဟား...မိပြီ။ ကဲ ငါ စားစရာသောက်စရာ ပြင်နေတုန်း မင်းတို့တစ်တွေ စမ်းချောင်းကို သွားပြီး ခြေလေးလက်လေး ဆေးကြ။ အဝေးကြီးလည်း သွားမနေကြနဲ့ဦးနော်။ ကြားလား။" စမ်းချောင်းဆီ အမြီးလေး တနန့်နန့် ပြေးသွားကြသော ဝံပုလွေပေါက်လေးနှစ်ကောင်ကို ကြည့်ပြီး စုရွှေလျန် ခေါင်းလေးတခါခါနှင့် သဘောကျစွာ ပြုံးနေမိသည်။
စုရွှေလျန်သည် ဝံပုလွေလေးနှစ်ကောင်ကို ဘယ်ချိန်ကတည်းက ဤသို့ စကားတွေ ပြောမိခဲ့လဲ မမှတ်မိတော့ပေ။ သို့ပေမယ့် သူတို့လေးတွေ နားလည်ကြသည် မဟုတ်လား။ တောကြီးမျက်မည်းထဲတွင် တစ်ကိုယ်တည်း ကာလရှည်ကြာ နေလာရသဖြင့် စုရွှေလျန်သည် လူသားတစ်ယောက်မှာ ရှိသည့် ဆက်သွယ်ပြောဆိုနိုင်စွမ်းများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်မိသည်။ ထိုအကြောင်းကြောင့်ပင် စုရွှေလျန်သည် ဝံပုလွေပေါက်လေးနှစ်ကောင်ကို စကားပြောဖြစ်နေခြင်း ဖြစ်ပေသည်။
စုရွှေလျန်သည် တစ်ကိုယ်တည်း ခေါင်းရမ်းလိုက်ပြီး ထိုအကြောင်းတွေ တအားကြီး မတွေးတော့ဟု ဆုံးဖြတ်လိုက်သည်။ ပြီးတော့ အသီးအရွက်နှင့် အသားစုံ ရောထားသည့် စွပ်ပြုတ်ကိုသာ သီချင်းလေး တညည်းညည်းနှင့် ပြုတ်နေလေသည်။
မနက်စာ စားပြီးလျှင်တော့ ဝံပုလွေလေးနှစ်ကောင်ကို ခေါ်ပြီး စမ်းချောင်းမှာ ငါးကူဖမ်းခိုင်းရပေမည်။ စမ်းချောင်းမှာ မျက်နှာသစ်ခဲ့တုန်းက ငါးတွေ အများကြီး တွေ့ခဲ့ရသည် မဟုတ်လား။ လက်မလောက်ရှိသည့် ပုစွန်လေးတွေ ရေမျက်နှာပြင်ပေါ် ပေါ်လာတတ်သည်ကိုပင် တွေ့ခဲ့ရသည်။ သည်ဝံပုလွေပေါက်လေးနှစ်ကောင် ကုန်းပေါ်တွင် အမဲလိုက်ကျွမ်းကြသလို ရေထဲတွင်လည်း ဆေးစက်ကျရာ အရုပ်ထင်ပါစေဟု မျှော်လင့်နေမိသည်။
တွေးကြည့်နေရင်း စုရွှေလျန် တံတွေးပင် မျိုချလိုက်ရသည်။ ဤတောကြီးထဲက မထွက်နိုင်သည့် ကာလတစ်လျှောက်လုံး သူတို့မှာ အသီးအရွက်လေးတချို့နှင့် အသားလောက်သာ စားခဲ့ရသည် မဟုတ်ပါလား။ သူတို့ဟင်းပွဲလေးတွေထဲ ငါးလေး ပုစွန်လေးများသာ ထည့်လိုက်ရလျှင်တော့ အာဂပါးစပ် လူဖြစ်ကျိုးနပ်ရပေဦးမည်။
စုရွှေလျန် အတွေးရေယဉ်ထဲမျောပြီး မျက်နှာလွှဲနေခိုက် စစ်လင်သည် စုရွှေလျန်၏ ကျောဘက်ကို ကြည့်နေမိသည်။ ငါ့ကို ကယ်ခဲ့တာ လောကကြီးအကြောင်း ဘာမှမသိရှာတဲ့ ဒီမိန်းကလေးတဲ့လား...။ အေးပေါ့လေ... မသိလို့လည်း သူ ငါ့ကို ကယ်ရဲရှာတာပေါ့။ စစ်လင်တစ်ယောက် ထိုသို့သာ တွေးမိတော့သည်။ စစ်လင်မှာ သူ့နာမည်ပျက်အကြောင်း သူ တွေးနေမိသည်။ တကယ်တော့ သူ့နာမည်ကို သိသူ များများစားစား မရှိပေ။ သို့သော် သူသည် တစ်နိုင်ငံလုံးတွင် ထိပ်တန်းလူသတ်သမားသုံးယောက် စာရင်းဝင်ဖြစ်ပြီး ဖုန်းယောင်ရုံးတော်က အလိုရှိဆုံးသော လူတစ်ယောက်လည်း ဖြစ်ပေသည်။
ရုတ်တရက် စစ်လင် ခေါင်းထဲသို့ အတွေးတစ်ခု ဖျတ်ခနဲ ဝင်လာသည်။ သူ့ အေးစက်သော မျက်လုံးများပင် ဒေါသဖြင့် အရောင်တွေ လက်သွားသည်။ ဖုန်းချင်းယာ ဆိုတဲ့ကောင်!!! ငါ စစ်လင်ဟာ ကိုယ့်တာဝန်ကိုယ် အကုန်ကျေပွန်အောင် လုပ်ခဲ့တယ်၊ တခြားဘာအတွေးမှလည်း မရှိခဲ့ဘူး။ ဒါပေမယ့် နောက်ဆုံးတစ်ယောက် သုတ်သင်ပြီးတော့မှပဲ မင်းက ငါ့ကို မယုံလို့ဆိုပြီး ဆေးနှစ်မျိုး ခတ်တဲ့အပြင် စစ်ထိုနဲ့ သူ့လူတစ်သိုက်ကိုပါ ငါ့ကို သတ်ဖို့ လွှတ်ခိုင်းတယ်တဲ့လား။ ဒီလောက်အောက်တန်းကျတဲ့ မင်းလိုလူက ဖုန်းယောင်ရုံးတော်ကို ဘယ်လိုလုပ်ပြီးတော့များ လက်ဝါးကြီးအုပ်ထားနိုင်ရတာလဲ။ နောက်ဆုံး သုတ်သင်ခဲ့တဲ့ ခေါင်းတစ်လုံးကြောင့် မင်းအပေါ် ကျေးဇူးကြွေးကြီး တင်နေလို့ ဒီတစ်ခါတော့ ချမ်းသာပေးလိုက်မယ်။ ဒါပေမယ့် မင်းအတွက် နောက်တစ်ခါဆိုတာ ဘယ်တော့မှ မရှိနိုင်တော့ဘူး ဖုန်းချင်းယာ...
စုရွှေလျန်တစ်ယောက် ဟင်းကနဲ ညည်းသံတစ်ချက် ကြားလိုက်ရသဖြင့် ကြောင်အမ်းအမ်းဖြစ်ကာ လှည့်ကြည့်လိုက်လေသည်။ စုရွှေလျန်တစ်ယောက် ခေါင်းလေးစောင်း၍ တွေဝေစဉ်းစားလိုက်ပြီးမှ လူမမာဘက်သို့ လှည့်ကြည့်လိုက်သည်။ လူမမာ၏ မျက်နှာကို ကြည့်တော့လည်း ပုံမှန်မဟုတ်တာ တစ်ခုမှ မတွေ့ရ။ စုရွှေလျန်လည်း လူမမာ အသက်ရှူမရှူ စမ်းရန် လက်ညှိုးလေး ထုတ်လိုက်သည့် အခိုက်ဝယ် သူ့လက်ကောက်ဝတ်ကို လက်တစ်ဖက်က ဖြုန်းခနဲ ဆွဲဖမ်းပြီး ဖျစ်ညှစ်လိုက်လေသည်။
"အား..." ထိတ်လန့်ကြောက်ရွံ့လွန်းလှသဖြင့် စုရွှေလျန်တစ်ယောက် လဲကျသွားလေတော့သည်။ သူ့ရှေ့တွင်ရှိသော ငါးရက် ငါးည သတိလစ်နေခဲ့ပါသည်ဆိုသူကို စုရွှေလျန်တစ်ယောက် အံ့ဩတကြီး ကြည့်နေမိလေတော့သည်။ နွေးထွေးမှု လုံးဝကင်းမဲ့သော မျက်လုံးစိမ်းများကို စိုက်ကြည့်မိသောအခါတွင်မူ စူရွှေလျန်တစ်ယောက် ကြောက်ရွံ့စွာ မျက်နှာလွှဲလိုက်ရလေတော့သည်။ စုရွှေလျန်တစ်ယောက် ထရပ်လိုက်ချင်ပါသော်လည်း သူ့လက်ကို အတင်းဆွဲဖမ်းထားသေးသဖြင့် ရပ်မရ၊ နာလွန်းလှသဖြင့် အော်၍ပင် ငိုလိုက်ချင်လာတော့သည်။
မျက်ရည်စများကို ထိန်းသိမ်း၍ မငိုမိအောင် အတင်းအံကြိတ်လျက် စုရွှေလျန်သည် ထိုလူ၏ မျက်လုံးထဲသို့ ရဲရဲတင်းတင်း စိုက်ကြည့်ပြီး ပြောလိုက်သည်။ "ငါ့ကို လွှတ်လိုက်စမ်း အရိုင်းအစိုင်းကောင်။"
ကျေးဇူးကန်းတဲ့ကောင်။ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော စုရွှေလျန်သည် ယခုတော့ ဒေါသကြောင့် ပေါက်ကွဲနေလေတော့သည်။
ရုတ်တရက်ပင် စုရွှေလျန်သည် လူတစ်ယောက်ကို ဆဲလိုက်မိသည့်အတွက် စိတ်ရှုပ်သွားရပြန်သည်။ သူ့ပါးနှစ်ဖက်လည်း ရဲတွတ်လာလေသည်။ သို့သော် သည်လူ့လက်က လွတ်အောင် ရုန်းကန်နေရသဖြင့် စုရွှေလျန်တစ်ယောက် လက်ရောပါးစပ်ရော မရပ်နိုင်ဘဲ ရှိလေသည်။
စစ်လင်တစ်ယောက် သူ့ကိုယ်သူ သတိမထားမိခင်မှာပင် သူ့မျက်လုံးတွေက အဓိပ္ပာယ်မသိနိုင်သော အရောင်တစ်မျိုးဖြင့် တောက်ပနေလေပြီ။ စုရွှေလျန်၏ လက်ကလေးကို လွှတ်ပေးလိုက်သောအခါ စုရွှေလျန်သည် လက်ကို ဆတ်ခနဲ ရုပ်လိုက်ပြီး နောက်သို့ပင် အနည်းငယ်ဆုတ်သွားလိုက်သေးသည်။
"သတိရပြီဆိုတော့လည်း သက်သောင့်သက်သာ နေပေါ့။" စုရွှေလျန်တစ်ယောက် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားထားရသော အသံဖြင့် ပြောလိုက်သည်၊ သို့သော် သူ့အသံထဲမှ ဒေါသအရိပ်အယောင်များကို သတိပြုမိရန် များစွာမခက်လှပေ။ စကားဆုံးသည်နှင့်တစ်ပြိုင်နက် စုရွှေလျန်တစ်ယောက် ကျောခိုင်းထွက်သွားပြီး စွပ်ပြုတ်အိုးကိုသာ မွှေနေလေသည်။ ဒီလောက် ရိုင်းစိုင်းသောလူမျိုးနှင့် စုရွှေလျန် စကားလုံးဝဆက်ပြောလိုစိတ် မရှိပေ။
စစ်လင် တစ်ယောက် မျက်ခုံးပင့်မိသွားသည်။ ဒီမိန်းကလေး ရှုံ့မဲ့သွားပါလား။ ပြီးတော့ စစ်လင် သူ့ကိုယ်ပေါ်က အနာများကို သူ့ဘာသာ ပြန်စမ်းကြည့်မိသည်။ နည်းနည်းလေးမှ မနာတော့။ ထူးဆန်းလှချေလား။ စစ်လင် တစ်ယောက် ထထိုင်လိုက်သောအခါ သူသည် သစ်ရွက်ခြောက်များခင်းထားသည့်အပေါ်က ကျားသားရေထပ်ခင်းထားသော အိပ်ရာပေါ်မှာ လှဲနေခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သည်မိန်းကလေးနှင့် ဝံပုလွေပေါက်လေးနှစ်ကောင်၏ အိပ်ရာ ဖြစ်ရပေမည်။ သည်လိုဆိုတော့လည်း သူတို့ သူ့ကို ပြုစုထားပုံ နေရာချထားပုံက မဆိုးလှပါလား။
စစ်လင် တစ်ယောက် ဂူနံရံကို အားပြု၍ ဒယိမ်းဒယိုင် ထရပ်ကြည့်သည်။ သူ့ကိုယ်သူ အားနည်းနေလွန်းကြောင်း သတိထားမိမှပင် သူ့ဒဏ်ရာများသည် သူ ထင်ထားသလိုပင် အလွန်ဆိုးဝါးခဲ့ကြောင်း သေချာသွားသည်။ ရုတ်တရက် မိုက်ခနဲ ဖြစ်သွားပြီးနောက် စစ်လင် တစ်ယောက် ဂူနံရံပေါ်သို့ မှီလိုက်ရပြီး လဲကျမသွားအောင် အတော်ပင် အားတင်းထားလိုက်ရသည်။
သူ့နောက်မှ လှုပ်ရှားသံများ ကြားရသည့်အခါ စုရွှေလျန်လည်း မနေနိုင်ဘဲ လှည့်ကြည့်မိသည်။ သေမင်းလက်မှ အသက်လုယူထားရသောသူတစ်ယောက်မှာ ယခုကဲ့သို့ သွေးရူးသွေးတန်း ထပြီး လှုပ်ရှားနေသည်ကို မြင်ရသည့်အခါ စုရွှေလျန်တစ်ယောက် ဒေါသတွေ မေ့ပျောက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ပြေးလာလေသည်။ လူမမာကို ထူမပေးပြီးတော့ ဆူပူရေရွတ်လိုက်သေးသည်။ "နောက်တစ်ပြန် သေချင်သေးလို့လား။ သေလောက်အောင် ရထားတဲ့ ဒဏ်ရာတွေက လေးငါးဆယ်ရက်လောက် အိပ်ရာထဲ လှဲလိုက်ရုံနဲ့ အကောင်းပကတိ ဖြစ်သွားမယ် ထင်နေတာလား။"
စုရွှေလျန်လည်း လူမမာကို နေရာတကျ ပြန်လှဲချပေးပြီးမှပင် ပတ်တီးစီးပေးထားသော ဒဏ်ရာများကို စစ်ဆေးရလေသည်။ အနာတွေ ပြန်ပွင့်မနေသဖြင့် တော်ပါသေးသည်။ လူမမာ၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုနှင့် အားနည်းပျော့ပျောင်းမှုကို မြင်လိုက်ရသည့်အခါ စုရွှေလျန်တစ်ယောက် အရဲစွန့်၍ ပြောလိုက်သည်။ "ရှင့်ကို ကယ်ဖို့ ကျွန်မမှာ အတော့်ကို အချိန်ကုန် လူပန်း ဖြစ်ခဲ့ရတယ်။ ဆိုတော့ ရှင် နောက်တစ်ခါ လဲကျသွားတာမျိုး ကျွန်မ မမြင်ပါရစေနဲ့တော့။"
စစ်လင်ကတော့ တစ်ခွန်းမှ မတုန့်ပြန်ဘဲ စုရွှေလျန်ကို တစ်ချက်ကလေးသာ ပြန်ကြည့်လိုက်သည်။ ပြီးတော့ မျက်လုံးများကို မှိတ်လိုက်ပြီး မှေးလေတော့သည်။
"အယ်...ဒီလူက ဆွံ့အနားမကြား ဖြစ်နေတာလား။" စုရွှေလျန် မျက်မှောင်ကျုံ့လိုက်မိသည်။ သည်လူမှာ သတိရလာကတည်းက ခုထိ စကားတစ်ခွန်း မဆိုသေးပေ။ သူ့ကို လူသတ်သမားတွေ ဝိုင်းနေတုန်းကလည်း သူ့ဘက်က စကားပြောသံကို စုရွှေလျန် မကြားခဲ့ရပေ။
ထိုအတွေးကြောင့် စုရွှေလျန်တစ်ယောက် အတော်ပင် အားပျက်သွားရလေသည်။ နောက်ဆုံးတော့ သည်လူကို အသက်လု၍ ကယ်နိုင်ခဲ့လေပြီ။ သို့သော်... ဤလူ့ထံမှ ပြင်ပလောကအကြောင်း သတင်းစုံစမ်း၍ ရှေ့ရေးအတွက် အစီအစဉ်ဆွဲရန် ကြံစည်နေတုန်း ရှိသေး... ခုတော့ ကောင်းရော။ ဒီလူဟာ ဆွံ့အနားမကြားတဲ့လား။
"ငါတော့ ကိုယ်ကျိုးနည်းရချေရဲ့..." စုရွှေလျန်တစ်ယောက် နံရံကို ကျောမှီပြီးနောက် ဒူးထောင်၍ ထိုင်ချလိုက်လေသည်။ ဒူးပေါ် နဖူးတင်၍ သူစဉ်းစားနေမိသည်။ ဒီပုံစံတိုင်းဆို သည်လူ့ကို သူ ဘာမှမေး၍ ရမည် မထင်။ ကုန်ဈေးနှုန်းလောက် သိရလျှင်ပင် မဆိုးဘူး မဟုတ်လား။ တကယ်တမ်း တောအုပ်အပြင်ဘက်ရောက်လျှင် သူ့မှာ ရှိသမျှ ငွေစလေး ဘယ်လောက်မှ ခံပါ့မလဲ သူမသိ။
စစ်လင် တစ်ယောက် နောက်တစ်ကြိမ် နိုးလာသောအခါ ဂူထဲတွင် သူ့တစ်ယောက်တည်း ရှိနေကြောင်း သိလိုက်ရသည်။
ပြောင်နေအောင် လျက်ထားသော ဇလုံနှစ်လုံးကို တွေ့လိုက်ရမှပင် သူအိပ်ပျော်နေတုန်း မိန်းကလေးနှင့် ဝံပုလွေပေါက်လေးနှစ်ကောင် စားသောက်ပြီး အပြင်ထွက်သွားကြပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ကိုယ့်ကိုယ်ကို နာကြည်းမုန်းတီးလျက် စစ်လင် တစ်ယောက် ဤကဲ့သို့ လူမမာဖြစ်နေသည့်အတွက် သူ့ကိုယ်သူသာ အပြစ်တင်နေမိပြန်သည်။ သည်ခန္ဓာကိုယ်သာ အားနည်းချိနဲ့မနေလျှင် ဒီလို မရင်းနှီးနေသည့်နေရာမျိုးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့မည်မဟုတ်ပေ။ ခုတော့ မိန်းကလေးနှင့် ဝံပုလွေနှစ်ကောင် ထွက်သွားကြသည်ကိုပင် သူ သတိမပြုမိလိုက်။ အရင်တုန်းကသာ ဒီလိုဖြစ်နေခဲ့လျှင် သူ ဆယ်ခါပြန်ပင် သေခဲ့လောက်ပြီ။
ပြန်စဉ်းစားကြည့်တော့မှ သူ အိပ်ပျော်လုပျော်ခင်လေးတွင် မိန်းကလေးက ဆွံ့အနားမကြားဆိုလား ဘာလား ပွစိပွစိ လုပ်နေသည်ကို ကြားလိုက်မိကြောင်း သူ သတိရမိသည်။ ဒီမိန်းကလေးက ငါ့အကြောင်း ပြောနေတာများလား။ ငါက စကားမပြောတာနဲ့ပဲ သူက ငါ့ကို ဆွံ့အနားမကြား ထင်သွားရောလား။ ကောင်းပြီလေ။ ဆွံ့အနားမကြားလိုပဲ နေကြည့်တာပေါ့။ သူ ဘာတွေဆက်လုပ်မလဲ စောင့်ကြည့်ရသေးတာပေါ့။
အတွေးထဲ မျောနေခိုက်မှာပင် စစ်လင်တစ်ယောက် မိန်းကလေး၏ အသံကို ကြားလိုက်ရသည်။ ဝံပုလွေပေါက်လေးနှစ်ကောင်ကို စကားပြောနေဟန် တူပေသည်။
လေသံငြိမ့်ငြိမ့်အေးအေးလေးကို နားထောင်ရခြင်းဖြင့် သည်မိန်းကလေး၏ စိတ်သဘောထားနှင့် အကျင့်စရိုက်တို့သည် နူးညံ့သိမ်မွေ့ရမည်ဟု ခန့်မှန်းမိသည်။ သို့သော် သူ့လက်ကို ဖမ်းကိုင်ထားလိုက်တုန်းက မျက်နှာတစ်ခုလုံး ဒေါသဖြင့် နီရဲလျက် အရိုင်းအစိုင်းကောင်ဟု အော်ဟစ်ခဲ့ပုံ၊ သူ့လက်ကလေးကို စစ်လင် အနား နည်းနည်းမှ မကပ်တော့ပုံတို့ကို ပြန်မြင်ယောင်မိသောအခါ စစ်လင်၏ စိတ်ထဲတွင် ဘာကြောင့်မှန်းမသိ နေလို့ထိုင်လို့ ပိုကောင်းလာသလို ခံစားရသည်။
"ရှူး...တိုးတိုးလေး လုပ်ကြကွာ။ တော်ကြာ သူ နိုးလာမှ ငါတို့တွေ နောက်တစ်ခါ အပြင်ထွက်နေရဦးမယ်။" စုရွှေလျန်တစ်ယောက် ဂူထဲသို့ ချောင်းကြည့်မိသောအခါ လူမမာ၏ မျက်လုံးများ မှိတ်လျက်ရှိသည်ကို တွေ့ရသည်။ ထိုအခါ စုရွှေလျန်သည် သူ့လက်ညှိုးလေးကို နှုတ်ခမ်းပါးတွင် ကပ်၍ ဝံပုလွေနှစ်ကောင်ကို တိတ်တိတ်နေကြဟု အမူအရာ လုပ်ပြလိုက်လေသည်။
စုရွှေလျန်၏ စကားများကို ကြားရသောကြောင့် စစ်လင် တစ်ယောက် မျက်မှောင်ကျုံ့မိပြန်သည်။ ဘာတဲ့ သူနိုးလာတာနဲ့ပဲ ဟိုမိန်းကလေးကို သူ့အိမ်ကနေ မောင်းချသလို ဖြစ်နေရပြန်သတဲ့လား။
တည်ငြိမ်စပြုနေသော စစ်လင်၏ရင်မှာ ဒေါသဖြင့် ရုတ်ချည်း လှိုင်းထလာပြန်လေသည်။ အိပ်ချင်ယောင်ဆောင်မနေတော့ဘဲ မျက်စိဖွင့်ပြီး စုရွှေလျန်ကို စိမ်းစိမ်းကြီး ကြည့်လိုက်သည်။
စုရွှေလျန်မှာ အသံမထွက်ဘဲ နေ့လယ်စာပြင်နေခိုက် သူ့ကျောထဲတွင် စိမ့်သွားပြီး တုန်သွားလေသည်။ သို့သော် ထိုခံစားမှုအကြောင်း ဆက်တွေးမနေတော့ပေ။ ယခုလေးတင် ဆေးပြီးခဲ့သော ကျောက်အိုးတစ်အိုးကို ယူ၍ ငါးလေးကောင် ထည့်ထားလိုက်လေသည်။ ကျန်သည့် ခြောက်ကောင်ကိုတော့ ကင်ရန် အပြင်ထုတ်သွားရမည်။
ဤဝံပုလွေပေါက်လေးနှစ်ကောင် အတော့်ကို အားကိုးရနေပြီ။ ငါးအကောင်နှစ်ဆယ်လောက်ကို အသာလေး ဖမ်းပြကြသည်။ စုရွှေလျန်သည် ယနေ့အတွက် အကြီးဆုံး ဆယ်ကောင်ကို ရွေးပြီးတော့ ကျန်ဆယ်ကောင်ကို အခြောက်လှန်းရန် ဆုံးဖြတ်လိုက်သည်။ ဒီလို နေပြင်းသည့်နေ့မျိုးတွင် ငါးတွေ လွယ်လွယ် ပုပ်သွားနိုင်သည် မဟုတ်ပါလား။ ဆားလိုငန်သည့် အသီးတွေနဲ့ အရသာထည့်ထားသည့် ဘယ်ရီသီးတွေကို သုံးပြီး ငါးဆားနယ်လုပ်၍ ကင်စားလို့ ရသည်။
သူ့အတွေးသူ သဘောကျပြီး စုရွှေလျန်တစ်ယောက် အသံထွက်အောင် ရယ်လိုက်မိသည်။
စုရွှေလျန်တစ်ယောက် သူ့အတွေးနှင့်သူ ရယ်နေသည်ကို မြင်ရပြီး စစ်လင်လည်း ဘယ်လိုမှ မနေနိုင်တော့ဘဲ ဟင်းကနဲ အသံတစ်ချက် ထွက်သွားသည်။ ကောင်းရော... ခုတော့ သည်မိန်းကလေး သူ့ဆီ အာရုံရောက်လာပြီ။
"အယ်...နိုးနေပြီကိုး" စုရွှေလျန်တစ်ယောက် နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့ကို စိုက်ကြည့်နေသော စစ်လင်ကို တွေ့လိုက်ရသည်။ စုရွှေလျန်လည်း ကိုယ်ရှိန်သတ်၍ လူမမာထံ လျှောက်သွားပြီး ရှက်ကိုးရှက်ကန်း ပြောမိသည်။ "ခုနတုန်းက နည်းနည်းရိုင်းသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ ရှင် နေကောင်းလာပြီလား။ ရှောင်ချွမ်နဲ့ ရှောင်ရွှယ်တို့ ဒီနေ့ ငါးတွေ အများကြီး ဖမ်းမိလာတယ်။ ငါးပြုတ် နွေးနွေးလေးများ သောက်ချင်မလား မသိဘူး။ သောက်ချင်လို့ရှိရင် ခေါင်းငြိမ့်ပြနော်။"
စုရွှေလျန်မှာ သူ ဆွံ့အနားမကြားဟု ထင်ထားသူကို ရှက်ကိုးရှက်ကန်းနှင့် စကားတွေ ပြောလိုက်မိပြီးမှ အရှက်ပြေ ပြုံးမိလေသည်။
စုရွှေလျန်၏ ရိုးသားဖြူစင်သော အမူအရာနှင့် စကားကို မြင်ရကြားရပြီးနောက် စစ်လင်လည်း အလိုလိုပင် ခေါင်းငြိမ့်လိုက်မိလေတော့သည်။
"ဟုတ်ပြီ။ ဒါဆို ခဏလေး နားလိုက်ဦးလေ။ ငါးပြုတ်ဟင်းရည် သွားပြင်ခဲ့ဦးမယ်။ ခဏလေးနေရင် အဆင်သင့်ဖြစ်မယ်နော်။" စုရွှေလျန်လည်း လူမမာထံမှ အဖြေရပြီးနောက် သူ့ကို စောင်ခြုံပေးထားခဲ့ပြီး စားဖို့သောက်ဖို့ ပြင်ရန် ပြန်လှည့်ထွက်ခဲ့လေတော့သည်။
***