ထွက်ခွာရန် ပြင်ဆင်ရပြန်ခြင်း
Vol. 1 Ch. 8
"အထုပ်တွေ ပြင်တော့။ ဒီတောထဲကနေ နှစ်ရက်အတွင်း ထွက်မယ်။" စစ်လင်တစ်ယောက် စားသောက်ပြီးသည့်နောက်တွင် ထိုစကားတစ်ခွန်းတည်းကို တည်ငြိမ်အေးချမ်းစွာ ပြောလိုက်သည်။ သူ့စကားကို ကြားလိုက်ရသည်နှင့် စုရွှေလျန်မှာ မျက်လုံးများ ပြူးကျယ်လျက် စစ်လင်ကို အတန်ကြာပင် တအံ့တဩ ကြည့်နေမိသည်။ ပါးစပ်ထဲက အစားအစာကိုပင် အနိုင်နိုင် မျိုချပြီးနောက် စုရွှေလျန် လေးတွဲ့စွာ မေးမိသည်။ "ရှင်...ရှင် စကားမပြောတတ်တာ မဟုတ်ဘူးပေါ့။"
စစ်လင်က စုရွှေလျန်၏ စကားကို ဆန့်ကျင်သည့်အနေဖြင့် မျက်ခုံးပင့်ပြလိုက်လေသည်။ "ကျုပ် စကားမပြောတတ်ဘူးလို့ ဘယ်သူက ပြောလဲ။" စစ်လင်၏ အေးတိအေးစက် မျက်လုံးများနှင့် အသံကြောင့်သာ မဟုတ်လျှင် သူစကားပြောနေပုံမှာ စုရွှေလျန်ကို လှောင်ပြောင်နေသကဲ့သို့ပင် ထင်ချင်စရာကောင်းလှပေသည်။
"အိုး..." စုရွှေလျန် အောင့်သက်သက်နှင့် ရယ်လိုက်လေသည်။ ပြီးတော့ သူ့ပခုံးသားများ နိမ့်ဆင်းသွားပြီး သူ့မျက်နှာသူ လက်ဖြင့်အုပ်၍ လေသံသဲ့သဲ့လေးဖြင့် မေးလိုက်သည်။ "စကတည်းက ဘာလို့ မပြောခဲ့တာလဲ။ ဒီက ဘာမှမသိဘဲ နေနေတာကို ကြည့်ပြီး အတော့်ကို အပျင်းပြေခဲ့တယ်ပေါ့ ဟုတ်လား။"
စစ်လင် ရင်ထဲတွင် တိတ်တခိုးလေး သက်ပြင်းချမိသည်။ စုရွှေလျန်ကို နှစ်သိမ့်ပေးရန် စစ်လင် လက်ကို ရှေ့ထုတ်မိသော်လည်း လေထဲတွင် ရုတ်တရက် တန့်သွားသည်။ သည်မိန်းကလေးနှင့် သူ့မှာ ဘယ်လိုဆက်ဆံရေးများ ရှိနေလို့လဲ။ ဒီလိုမျိုးနှစ်သိမ့်ပေးဖို့ တကယ်လိုလို့လား။
သူနှင့် ဤမိန်းကလေး၊ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်၊ ဆိတ်ကွယ်ရာအရပ်မှာ တစ်လခွဲလောက်ကြာအောင်ပင် နှစ်ယောက်တည်း အတူနေခဲ့ပြီးပြီ။ ဒီလောက်ဆိုလျှင်ပင် လွန်လှပြီ မဟုတ်လား။
ပြီးတော့ သူသည် အညတြ လူထဲကလူတစ်ယောက်သာ ဖြစ်သည်။ ငယ်စဉ်ကတည်းက မိဘမဲ့ဘဝရောက်ခဲ့သည်။ အရပ်ဒေသပေါင်းစုံသို့ လေလွင့်လျက် ရောက်ခဲ့သည်။ ယခုတော့ သူသည် ဖုန်းယောင် ရုံးတော်ဘက်သားတစ်ယောက် မဟုတ်တော့ပေ။ ဆိုတော့ သူ ဖုန်းယောင် ရုံးတော်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ခဲ့ပြီဟု ဆိုနိုင်သည်။ သူ့ဘဝတွင် နောက်ဆုံးကျန်နေသော အနှောင်အဖွဲ့မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ဒီမိန်းကလေးကတော့ သူမတူသော လူတစ်ယောက် ဖြစ်ရပေမည်။ အပြုအမူများကို အကဲခတ်ကြည့်လိုက်ရုံဖြင့် အထက်တန်းလွှာ သူကောင်းမျိုးရိုးမှ ဆင်းသက်လာကြောင်း အလွယ်တကူ သိနိုင်ပေသည်။ တောကြီးမျက်မည်းထဲတွင် ဒီမိန်းကလေးနှင့်သူ အတူတူနေခဲ့ရသည်၊ သို့သော် အရာအားလုံးမှာ ခဏတာသာ။ တောအပြင်ဘက်သို့ ထွက်နိုင်ပြီးသည်နှင့် သူတို့နှစ်ယောက် ကိုယ့်လမ်းကိုယ် သွားကြရပေမည်။ ပြီးတော့ ဤတစ်ကြိမ် ခွဲခွာပြီးလျှင် ပြန်ဆုံကြစရာလည်း ဘာအကြောင်းမှ မရှိလှပေ။
စစ်လင်တစ်ယောက် သူ့လက်သူ ပြန်ရုပ်လိုက်ပြီးနောက် မျက်စိစုံမှိတ်လျက် ဂူပေါက်ဝဆီသို့သာ ဦးတည်လျှောက်သွားလိုက်လေတော့သည်။
စုရွှေလျန်မှာတော့ လူမမာကို စကားမပြောတတ်သူဟု အထင်မှားသည့်အတွက် ခုထိ အရှက်မပြေနိုင်သေးပေ။ ဟုတ်လည်း ဟုတ်ပေသည်။ အထင်မှားတာကလည်း နည်းနည်းနောနော မဟုတ်... တစ်လခွဲကြီးများတောင်။ ကောင်းကြပါလေရော။ လူမမာက သူ့ကို ဒီကိစ္စအတွက် အထွေအထူး စိတ်မဆိုးသည်ကိုပင် ကျေးဇူးတင်ရပေမည်။ တကယ်လို့များ သူ့ကိုသာ တစ်စုံတစ်ယောက်က စကားမပြောတတ်သူဟု အထင်မှားခဲ့လျှင် စုရွှေလျန်ကိုယ်တိုင်မှာတော့ ယမ်းပုံမီးကျ ဒေါသထွက်မိပေလိမ့်မည်။
စုရွှေလျန်သည် သူ့ကိုယ်သူ ပြန်စဉ်းစားသုံးသပ်ပြီးသည့်နောက် စိတ်ဆုံးဖြတ်ပြီး မော့ကြည့်လိုက်လေသည်။ လူမမာကို တောင်းပန်ရန် အဆင်သင့်ဖြစ်လေပြီ။ သို့သော် လူမမာမှာ နေရာတွင် မရှိတော့ပေ။ မြွေသားဟင်းကို အားပါးတရ လွေးနေသော ဝံပုလွေလေးနှစ်ကောင်နှင့် စုရွှေလျန်သာ ကျန်နေခဲ့သည်။
ပြီးခဲ့သည့် နှစ်ရက်တာလုံး စုရွှေလျန်သည် တစ်ခုခု မှားနေသလို ခံစားခဲ့ရသည်။
သူ့တုန်ပြန်မှုကို ထိုလူ့ဘက်က နားလည်မှု လွဲသွားခဲ့သည်လား။ သူသည် စုရွှေလျန်နှင့် စကားပြောမည့်အစား တေမိလုပ်၍သာ နေတော့မည်လား။
အတွေးရေယဉ်ကြောထဲ အတိုင်းအဆမရှိ မျောပါနေသော်လည်း စုရွှေလျန် လက်ကတော့ အလုပ်နှင့် မပြတ်၊ အထုပ်အပိုးများ ပြင်ဆင်နေရသည်။ ဤတစ်ခါ ထွက်သွားပြီးလျှင်တော့ ဒီနေရာကို နောက်တစ်ခါ ပြန်မလာရတော့ဘူးမလား။
တကယ်တော့ အဆင်မပြေမှုလေးတချို့ကလွဲလျှင် တောထဲမှာ နေရခြင်းသည် သိပ်တော့လည်း မဆိုးလှပေ။ အထူးသဖြင့် ဟိုလူ သက်သာလာချိန်ကတည်းကပင်။ ခွန်အားစိုက်ထုတ်ရသော အလုပ်မှန်သမျှကို သူက လုပ်ပေးလေသည်။ သို့နှင့်ပင် စုရွှေလျန်တစ်ယောက် ပို၍ နေသာထိုင်သာ ရှိလာပြီး အားလပ်ချိန်လေးများ ထွက်လာသည်။
သို့သော် အမဲလိုက်၍ ရနိုင်စရာ သားကောင်တွေ ဘယ်လောက်ပေါပေါ၊ အသီးအနှံတွေ စားလို့ရနိုင်တာတွေ ဘယ်လောက်များများ ဒီလောက်ပါးလှပ်နေသော အဝတ်အစားလေးတွေနှင့်တော့ သူတို့ တောထဲမှာ ဆက်နေလျှင် ဆောင်းကျော်သည်ထိ သက်ဆိုးရှည်နိုင်မည် မဟုတ်ပေ။
ထိုသို့တွေးလိုက်မိမှပင် စုရွှေလျန်တစ်ယောက် အထုပ်ပြင်သည့်နှုန်းမှာ သွက်သွက်လက်လက်ကြီး ဖြစ်လာလေတော့သည်။
အသားခြောက်အမျိုးမျိုး၊ မှိုခြောက်များနှင့် အသီးရိုင်းများကို အိတ်တစ်လုံးတွင် ဝင်နိုင်သလောက်ဝင်အောင် စုထည့်လိုက်သည်။
မြေကြီးပေါ်ရှိ ရေတကောင်းကို မြင်မှပင် ကျောက်စိမ်းရေကြည် နည်းနည်းလေးသာ ကျန်တော့ကြောင်း စုရွှေလျန် သတိရမိသည်။ ချက်ချင်းပင် ဂူအတွင်းပိုင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးဝင်လိုက်သည်။ ရေအိုင်လေးတွင် ကျောက်စိမ်းရေကြည် အနည်းငယ် ရှိနေကြောင်း တွေ့လိုက်ရသည်။ နတ်ဆေးရည်တမျှ အသုံးဝင်နေသော ကျောက်စိမ်းရေကြည်ကို အကုန်ထည့်ယူခဲ့ရမည် မဟုတ်ပါလား။
ဤရေအိုင်ထဲမှ ကျောက်စိမ်းရေကြည်အကျန်လေးကို လူမမာအတွက် ပြုတ်သော စွပ်ပြုတ်ထဲတွင် စုရွှေလျန် မထည့်ခဲ့ပေ။ သို့သော် ရေအိုင်ထဲသို့ ရေလေးအနည်းငယ်ရော၍ ရေတကောင်းထဲသို့ အကုန်ခပ်ယူခဲ့ရသော် မည်မျှ ကောင်းလိမ့်ပေမည်နည်း။ ပမာဏက နည်းနည်းလေးသာ ရှိသော်လည်း တစ်ခုခုများ ထိခိုက်ရှနာဖြစ်ခဲ့လျှင် အလွန့်အလွန် အသုံးဝင်ပေမည် မဟုတ်ပါလား။
"ဘာလုပ်နေတာလဲ" စုရွှေလျန်တစ်ယောက် အတွေးရေယဉ်ကြောထဲ မျော၍မှ မဆုံးခင် အသံခပ်တိုးတိုးတစ်ခုက ရုတ်တရက်ဝင်လာသဖြင့် လန့်သွားလေတော့သည်။ ပြီးတော့ ဟန်ချက်ပျက်ပြီး ခြေချော်၍ နောက်ပြန်လဲကျလေတော့သည်။
သွားပြီ။ စုရွှေလျန်တစ်ယောက် ခံစားရတော့မည့် နာကျင်မှုဝေဒနာကို ကြိုတွေးပြီး မျက်စိမှိတ်ထားမိသည်။ နောင်အနာဂတ်အတွက် ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ တွေးနေစဉ် အခုချက်ချင်းပင် ခိုက်မိတိုက်မိ ဖြစ်ရပြန်ဦးတော့မည်။
ဟင်? ဘယ်လိုဖြစ်ပြီး ကြမ်းပြင်က ဒီလောက် နူးညံ့ နွေးထွေး...?
"အိုး..." စုရွှေလျန်တစ်ယောက် ချက်ချင်းပင် စိတ်ပြောင်းသွားလေတော့သည်။ စစ်လင်၏ ရင်ခွင်ထဲမှ ဆတ်ခနဲ ခုန်ထွက်လိုက်သည်။ ပြီးတော့ မျက်နှာတွေ နီရဲလျက် စစ်လင်ကို ငုံ့ကြည့်ပြီး "ကျေးဇူးတင်ပါတယ်"ဟု ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
စစ်လင်လည်း သူ့လက်များကို အိုးတိုးအမ်းတမ်း ခွတီးခွကျပင် ပြန်ရုပ်လိုက်ရသည်။ မိန်းကလေးကို ဆွဲဖမ်းလိုက်စဉ်က သူ့ကိုယ်သူ ဘာလုပ်လို့ လုပ်မိမှန်းပင် မသိလိုက်။ မိန်းကလေး၏ နွေးထွေးနူးညံ့ပြီး ကိုယ်သင်းနံ့ သင်းပျံ့နေသော ကိုယ်လုံးလေးက သူ့ရင်ခွင်ထဲဝင်လာမှပင် စစ်လင် သူ့စိတ်ကိုသူ ဘယ်လောက်ထိ ထိန်းချုပ်ခဲ့ရမှန်း သဘောပေါက်သွားသည်။ "ဘယ်လိုဖြစ်တာလဲ။ ဂရုလေးဘာလေး စိုက်ရကောင်းမှန်း မသိဘူးလား။" စစ်လင်သည် သူ့ရင်ထဲက မဖော်ပြနိုင်လောက်အောင် ကြီးမားသော ခံစားမှုကို ကြိတ်မှိတ်မျိုသိပ်၍ အရင့်အရင်ကအတိုင်း ဘာမှမထူးခြားသော အေးစက်ခြောက်ကပ်သော အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျွန်မက..." စုရွှေလျန်တစ်ယောက် ဘာဆက်ပြောရမှန်းမသိဘဲ နှုတ်ခမ်းစူလိုက်မိသည်။ စုရွှေလျန် နောက်ပြန်လဲကျရခြင်းမှာ သူ့အတွေးကောင်းနေချိန် စစ်လင်က ဝင်နှောင့်ယှက်လိုက်သဖြင့် လန့်ဖျပ်ပြီး ဟန်ချက်ပျက်သွားရခြင်းကြောင့်ဖြစ်ကြောင်း ပြော၍လည်း မဖြစ်ပြန်ပေ။ တကယ်တော့ သူ တမင်လုပ်တာမှ မဟုတ်ဘဲ။
"အား...ဟုတ်သားပဲ။ လာပါဦး။ ဒါလေး လာကြည့်ပါဦး။" စုရွှေလျန်မှာ ခုထိ ကျောက်စိမ်းရေကြည် မခပ်ရသေးမှန်း သတိရသွားပြီးနောက် စစ်လင်၏ အင်္ကျီစကို ဆွဲပြီး ကျောက်စက်ပန်းဆွဲအောက်က ရေအိုင်လေးဆီသို့ ခေါ်သွားလေသည်။
စစ်လင်တစ်ယောက် မျက်ခုံးပင့်မိသွားသည်။ ပြီးတော့ စကားတစ်ခွန်း မဆိုနိုင်ဘဲ ရှေ့တိုးမိသွားသည်။
ဒါလား။ စစ်လင်၏ မျက်လုံးများတွင် အရောင် တဖျပ်ဖျပ် လက်လာသည်။ ပြီးတော့ ရေထဲသို့ လက်သန်းနှစ်ပြီး လျှာနှင့်တို့ကြည့်သည်။ အိုး...တကယ်ပဲ ဒါကိုး။ ဒါဆို သူ သေလုမျောပါးဖြစ်နေချိန် မိန်းကလေးက ဒါကို အသုံးပြု၍ ကယ်ခဲ့သည်ပေါ့။
စစ်လင် နောက်သို့ လှည့်လိုက်ပြီးနောက် မချိုမချဉ်ပြုံးပြနေသော မိန်းကလေးကို စေ့စေ့ကြည့်လိုက်သည်။
ဤမလိမ်မိုးမလိမ္မာမလေးသည် အင်မတန့်မှာ တွေ့နိုင်ခဲလှသော "ကျောက်စိမ်းအမြုတေနတ်ဆေးရည်"ကို သူလိုလူမျိုးအတွက် သုံးခဲ့သည်တဲ့လား။ ဤဆေးရည်ကို တစ်လတိတိ ဆက်တိုက်မှီဝဲခြင်းဖြင့် လူတစ်ယောက်၏ သက်တမ်းကိုပါ ဆွဲဆန့်နိုင်ကြောင်း၊ ပြီးတော့ ရောဂါဘယအားလုံး အဆိပ်အမျိုးမျိုးတို့အတွက် ကိုယ်ခံအားရလာကြောင်းကိုမှ မသိအောင် အတတ်ရန်ကော။
"ဘာပြောလိုက်တယ်။ ကျုပ်ကို သည်ဆေးနှစ်ဇွန်းသုံးပြီး ကုယူခဲ့ရတယ်။ ဟုတ်လား။" စစ်လင်တစ်ယောက် စုရွှေလျန်၏ ရိုးရိုးလေးပြောလိုက်သော်လည်း ထင်သလောက် မရိုးသော ဖြေရှင်းချက်ကို ကြားရပြီးနောက် သွေးတွေ ဆူဝေလာသည်။ အတွေးပေါင်းစုံ ပေါ်လာပြီး နောက်ဆုံးတော့ တစ်ခုတည်းသော ဘူတာကို ဆိုက်သွားသည်၊ မလိမ်မိုးမလိမ္မာမလေး။
"တစ်ဇွန်းကို ပါးစပ်ထဲ ခွံ့တယ်။ တစ်ဇွန်းကိုတော့ ကိုယ်ပေါ် လိမ်းပေးတယ်။" စုရွှေလျန်က ဆက်ရှင်းပြလိုက်သည်။ သို့သော် စုရွှေလျန်စိတ်ထဲတွင်တော့ သည်လူက သူ့ကို ဘာဆေးပေးလို့ ဘယ်လိုသက်သာရတယ်ဆိုတဲ့အကြောင်း ခုကျမှ ကောက်ကာငင်ကာ စိတ်ဝင်စားလာတာ ဘာကြောင့်ပါလိမ့်ဟု တွေးနေမိသည်။
"မင်းကိုယ်တိုင်ရော ဒီဆေးရည်ကို သုံးကြည့်ဖူးလား။" စစ်လင်သည် ဆေးရည်အိုင်ထဲသို့ ရေအနည်းငယ် လောင်းချပြီးနောက် ရေတကောင်းထဲသို့ ခပ်ယူရင်း မေးလိုက်သည်။
"သုံးဖူးတယ်လေ။ အစတုန်းကတော့ ဒါ ဘာမှန်း ကျွန်မလည်း မသိဘူး။ ဒါပေမယ့် အရသာ မြည်းကြည့်လိုက်တာနဲ့တင် ဆာတာတွေ အားလုံးပျောက်သွားတယ်။ ပြီးတော့ လက်ပေါ်က အနာတွေပေါ် လိမ်းကြည့်တဲ့အခါ အနာတွေ လုံးဝပျောက်သွားတယ်။" စုရွှေလျန်က ပြုံးရွှင်လျက် ပြန်ဖြေလေသည်။
စုရွှေလျန်တစ်ယောက် ဂူသို့ ရောက်လာလာချင်းတုန်းက ကျားသေကို အချိန်အကြာကြီး စိုက်ကြည့်လျက် မိန်းမောနေတတ်သည်။ အခုလည်း တစ်ခါတလေတော့ မိန်းမောသွားတတ်သေးသည်၊ သို့သော် ဟိုတုန်းကနှင့်စာလျှင် အများကြီး တိုးတက်ကောင်းမွန်လာလေသည်။
စစ်လင်သည် စုရွှေလျန်၏ စကားထဲတွင် "လက်ပေါ်က ဒဏ်ရာ"ဆိုသည်ကို ကြားလိုက်ရပြီးနောက် မျက်မှောင်ကျုံ့မိသွားသည်။ မှန်သည်။ မိန်းမသားတစ်ယောက်အနေဖြင့် တောကြီးမျက်မည်းထဲတွင် တစ်ယောက်တည်း အသက်ရှင်နိုင်ဖို့ ဘယ်လွယ်ခဲ့မလဲ။ သို့ပေမယ့် ဒီမိန်းကလေးကတော့ အသက်ရှင်အောင် နေနိုင်ခဲ့သည်၊ အသက်ရှင်သည်မှ စိတ်ကျဝေဒနာလောက်တောင် ခံစားမနေရသည့်အပြင် အပူအပင်ကင်းအောင် နေနေနိုင်ခဲ့ပေသည်။ စစ်လင်တစ်ယောက် အသေအချာ ထွင်းထုပြုလုပ်ထားသော ဇွန်းလေးကို ကြည့်ပြီး တစ်ယောက်တည်း တွေးနေမိသည်။
"အားလုံး အဆင်သင့်ပဲ။" စုရွှေလျန်သည် အိတ်ကို သေချာချည်နှောင်ပြီးနောက် ပြောလိုက်သည်။ သစ်သီးခြင်းကိုပါ သေချာဖုံးအုပ်ပြီးနောက် ခေါင်းမော့၍ စစ်လင်ကို ပြုံးပြလိုက်လေသည်။
စစ်လင်က အိတ်၊ သစ်သီးခြင်းနှင့် ကျားသားရေကိုပါ သယ်ယူလိုက်သည်။ စုရွှေလျန်က ဝံပုလွေပေါက်လေးနှစ်ကောင်ကို လှမ်းခေါ်လိုက်သည်။ သူတို့ ခရီးထွက်ဖို့ အဆင်သင့်ဖြစ်ကြပြီ။
"ဒါနဲ့ နေပါဦး။ ရှင့်နာမည် ဘယ်လိုခေါ်လဲ။ ကျွန်မနာမည်က စုရွှေလျန်။"
စုရွှေလျန်လည်း ယခုမှပင် ရှက်ကိုးရှက်ကန်းနှင့် မိတ်ဆက်ရတော့သည်။ သူတို့နှစ်ယောက် အတူနေလာတာသာ ကြာလှပေမယ့် ခုထိ တစ်ယောက်နာမည်တစ်ယောက် မသိကြသေးဘူး မဟုတ်လား။ သူတို့နှစ်ယောက်တည်းသာရှိသည့် တောထဲတွင်တော့ နာမည်မသိလည်း အဆင်ပြေသေးသည်။ သို့သော် အပြင်လောကသို့ ထွက်လိုက်သည်နှင့် တစ်ယောက်နာမည်တစ်ယောက် မသိပါက ဘယ်လိုခေါ်ရမှန်းပင် မသိဘဲ ရှက်စရာကြီး ဖြစ်နေပေမည်။
စုရွှေလျန်က ရှက်ပြီး မျက်နှာအောက်ချနေခိုက် စစ်လင်က အပေါ်စီးမှ ခေါင်းငုံ့ကြည့်လိုက်သည်။ စုရွှေလျန်၏ ဖြူဖွေးဝင်းမွတ်သော လည်ကုပ်သားလေးကို တစ်ချက်မြင်လိုက်တော့ သူ့မျက်လုံးကို ချက်ချင်း လွှဲဖယ်ပစ်လိုက်လေသည်။
"လင်းစစ်ယောင်လို့ ခေါ်ပါ" စစ်လင်က အေးတိအေးစက် ပြန်ဖြေလိုက်သည်။
ဖုန်းယောင် ရုံးတော်နှင့် ပတ်သက်ခဲ့သော စစ်လင်အဖို့ သူ့နာမည်တွေ အဆင့်အတန်းတွေ အားလုံးပါ ဖုန်းယောင်နှင့် ရောယှက်နေပေသည်။ ဖုန်းယောင် အဖွဲ့အစည်းနှင့် အဆက်ဖြတ်ပြီးသည့်နောက်တွင်တော့ နာမည်ဟောင်းကိုပါ ပြောင်းပစ်ရန် လိုပေလိမ့်မည်။
စုရွှေလျန်လည်း ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ စိတ်ထဲမှာတော့ နားစွန်နားဖျား ကြားမိသော နာမည်ကို ရမ်းမခေါ်ခဲ့မိ၍ တော်ပါသေးသည်ဟု အောက်မေ့နေမိသည်။
"ကဲ ဒါဖြင့် လင်း...စစ်ယောင် ကျွန်မတို့ တောထဲကထွက်ပြီးရင် အနီးဆုံးမြို့ထိ ဘယ်လောက်ဝေးဝေးသွားရဦးမလဲ ရှင်သိလား။" စုရွှေလျန်သည် လင်းစစ်ယောင်၏ နာမည်ကို ရှက်ကိုးရှက်ကန်းနှင့် ကြိုးစားပမ်းစား ခေါ်ပြီးသည့်နောက် သူ့စိတ်ထဲတွင် တစ်လျှောက်လုံး ရစ်ဝဲနေခဲ့သော ကိစ္စကို မေးလိုက်သည်။ ပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်က ပုံပျက်ပန်းပျက် အဝတ်အစားတွေကို ကြည့်ပြီး ဝတ်စုံသစ်လေးတစ်စုံလောက် ချုပ်ဖို့ရန်ပင် မစောင့်နိုင်တော့သလိုပင်။
စုရွှေလျန်က သူ့ကို သူကိုယ်တိုင် ဖန်တီးလိုက်သည့် နာမည်တုဖြင့်သာ ခေါ်ခြင်း ဖြစ်သော်လည်း လင်းစစ်ယောင် ရင်ထဲတွင် တဖျတ်ဖျတ် တလှပ်လှပ် ခုန်သွားသည်။ သူ့စိတ်သူ အတော့်ကိုငြိမ်အောင် ထိန်းယူပြီး ပြန်စဉ်းစားကြည့်မှ သည်တောအနီး တစ်နေရာတွင် တစ်ညတာ တည်းခိုခဲ့ဖူးကြောင်း အမှတ်ရတော့သည်။ ဖန်းလော့မြို့ဟု ခေါ်ကြောင်း ပြန်တွေးမိရင်း ခေါင်းတဆတ်ဆတ်ငြိမ့်၍ ပြန်ဖြေလိုက်သည်။ "နေ့တစ်ဝက်လောက်ပါပဲ။"
"ဒါဆို နီးနီးလေးပေါ့။" စုရွှေလျန်တစ်ယောက် အံ့ဩတကြီး အော်လိုက်မိသည်။ ပြီးတော့မှ နှုတ်ခမ်းစူ၍ ပွစိပွစိ ရေရွှတ်နေမိသည်။ "ဒီလိုမှန်းသိခဲ့ရင် ဒီထဲကနေ အစောကြီးကတည်းက ရအောင်ထွက်ခဲ့ပါတယ်။"
စုရွှေလျန် ယူလာသမျှသော အထုပ်အပိုးတွေအားလုံးကို ကြည့်ပြီး လင်းစစ်ယောင်တစ်ယောက် သက်ပြင်းမချဘဲ မနေနိုင်။
လင်းစစ်ယောင်သည် စုရွှေလျန်၏ ဗျစ်တောက်ဗျစ်တောက်စကားသံကို ကြားလိုက်သည်။ အကယ်၍ ဒီခရီးမှာ သူ့တစ်ယောက်တည်း ကိုယ်ဖော့ပညာသုံးပြီး သွားရလျှင် နေ့တစ်ဝက်လောက်သာ ကြာမည်ဖြစ်သော်လည်း စုရွှေလျန်၏ ခြေလှမ်းအတိုင်းဆိုလျှင်တော့ သွားလိုက်နားလိုက် သွားလိုက်နားလိုက်နှင့် အကြာကြီး ကြာပေလိမ့်မည်။ သည်လိုတွေးမိပြီး သူ လွှတ်ကနဲ ပြောလိုက်မိသည်။ "မင်းခြေလှမ်းနဲ့ဆိုရင်တော့ သုံးရက်လောက် ကြာလိမ့်မယ်။"
ထိုစကားကို ကြားလိုက်ရပြီးနောက် စုရွှေလျန်တစ်ယောက် တအံ့တဩနှင့် ရေရွတ်မိလေတော့သည်။ "ဘာရယ်" ဆိုတော့ သူပြောတာက သူ့ခြေလှမ်းနဲ့ဆို နေ့တစ်ဝက်၊ ငါ့ခြေလှမ်းနဲ့သာဆို သုံးရက်တဲ့၊ အဲလိုလား။
"ဒါမှမဟုတ်ရင်လည်း ကျုပ်က မင်းကို ခေါ်သွားလို့ ရပါတယ်။" လင်းစစ်ယောင် စက္ကန့်ပိုင်းလေးအတွင်း လွှတ်ကနဲ ထွက်မိပြန်လေပြီ။
စုရွှေလျန်လည်း လင်းစစ်ယောင်ကို အူကြောင်ကြောင် ကြည့်မိလေတော့သည်။ သူ ဘာပြောချင်တာလဲ။ ခေါ်ရအောင် ဘာကိုခေါ်မှာလဲ၊ အခုပဲ သူက ရှေ့ကနေ လမ်းပြပြီး ခေါ်သွားမှာ မဟုတ်ဘူးလား။
လင်းစစ်ယောင်ကတော့ အိတ်ကြီးကို သူ့ကျောပေါ်မှာ ချည်နှောင်လိုက်သည်၊ သစ်သီးခြင်းကို ရှောင်ချွမ့်ကို ပေးပြီး ကျားရေကို ရှောင်ရွှယ့်ကို ပေးလိုက်လေသည်။ ပြီးတော့ "သွားကြစို့ဟေ့" တစ်ခွန်းသာဆိုပြီးနောက် စုရွှေလျန်ကို ကောက်ပွေ့လိုက်ပြီး လျင်လျင်မြန်မြန် ခုန်ပျံကာ ခရီးစလေတော့သည်။
စုရွှေလျန်တစ်ယောက်ကမူ လင်းစစ်ယောင်၏ အပြုအမူကို အံ့ဩလျက် သူ့ကိုယ်သူပင် မသိလိုက်မီ လင်းစစ်ယောင်၏ လည်ပင်းကို ဖက်ထားမိလေတော့သည်။
လင်းစစ်ယောင်က တစ်ဆွေ့လောက် ခုန်လိုက်သည်နှင့် ဆယ်မီတာလောက် ခရီးပေါက်သွားကြောင်း မြင်ရပြီးနောက်တော့ စုရွှေလျန်၏ စိတ်ထဲက မွန်းကျပ်နေမှု ရှက်အမ်းအမ်းဖြစ်နေမှုတို့မှာ ကြည်နူးပျော်ရွှင်မှုနှင့် ကြည်ညိုလေးစားမှုအဖြစ်သို့ ပြောင်းလာလေတော့သည်။ ဪ ဒဏ္ဍာရီထဲက ကိုယ်ဖော့ပညာဆိုတာ ဒါမျိုးကိုး။
လင်းစစ်ယောင်၏ စိတ်ထဲတွင် စုရွှေလျန်က ကြောက်အားလန့်အားနှင့် အော်ဟစ်ငိုယိုပြီး ဆင်းများဆင်းချင်လေမလားဟု ကြောက်နေမိသည်။ တကယ်တော့ အပြင်လူတစ်ယောက်အနေဖြင့် ကြည့်လျှင် ဤကဲ့သို့ ပွေ့ချီထားခြင်းသည် လင်နှင့်မယားတို့သာ လုပ်လေ့လုပ်ထ ရှိကြသည် မဟုတ်ပါလား။
လင်နဲ့ မယားတဲ့လား...? သည်စကားလုံးများကြောင့် လင်းစစ်ယောင် ရင်ထဲ လှိုင်းထသွားလေသည်။ သို့သော် သူ့အတွေးကို အလျင်အမြန် ရပ်တန့်ပစ်လိုက်သည်။ ဤမိန်းကလေးကို သူ မျှော်လင့်လို့ မရနိုင်ဘူး မဟုတ်လား။
***