← Chapters

တောပြင်သို့ အောင်မြင်စွာ ထွက်နိုင်ခဲ့ပြီ

Vol. 1 Ch. 9

တောပြင်သို့ အောင်မြင်စွာ ထွက်နိုင်ခဲ့ပြီ

Vol. 1 Ch. 9

တောတွင်း နွေနေ့ခင်းတစ်ခုတွင် ပုဇဉ်းရင်ကွဲများက တေးဆိုနေကြသည်။ ထိုအချိန်မှာ အပြင်လူတစ်ယောက်သာ နေရာမှာ ရှိလျှင် ဤကဲ့သို့ မြင်ကြပေမည်၊ လေဟုန်လို ရွေ့နေသာ လူတစ်ယောက်နှင့် ကျောပေါ်မှာ အထုပ်အပိုးကိုယ်စီနှင့် သူ့နောက်သို့ အပြေးလိုက်နေသော ဝံပုလွေနှစ်ကောင်၊ ပြီးတော့ ထိုလူ့ရင်ခွင်ထဲတွင် ဆံပင် ကျစ်ဆံမြီး အဝတ်ပုံပန်းမကျနှင့် မိန်းကလေးတစ်ယောက်။

"ရှင်... နားချင်သေးလားဟင်။" စုရွှေလျန် မော့ကြည့်မိသည့်အခါ လင်းစစ်ယောင်၏ နဖူးတွင် ချွေးစက်လေးများ စို့နေကြောင်း တွေ့ရသဖြင့် နူးညံ့စွာ မေးလိုက်သည်။

လင်းစစ်ယောင်သည် စုရွှေလျန်၏ အမေးကို ကြားသော်လည်း တစ်ချက်သာ ငုံ့ကြည့်လိုက်သည်။ ရပ်ဖို့ စိတ်ကူးမရှိသေးပေ။

စုရွှေလျန် နှုတ်ခမ်းကိုသာ ကိုက်မိသည်၊ သူ ဘာဆက်ပြောရမှန်း မသိတော့။ လင်းစစ်ယောင် အမြင်မှာတော့ သူသည် ကိုယ်ခံပညာမတတ်သော သာမန်မိန်းကလေးငယ်တစ်ယောက်သာ ဖြစ်သည်။ ပြီးတော့ လမ်းလျှောက်လျှင်ပင် သူ့လမ်းလျှောက်နှုန်းမှာ အခြားသူများထက် နှေးပေဦးမည်။ ဆိုတော့ သူသည် လင်းစစ်ယောင်အတွက် ဝန်ထုပ်ဝန်ပိုးလို ဖြစ်နေပြီလား။

စုရွှေလျန်၏ အမူအရာကို မြင်လိုက်ရပြီးနောက် လင်းစစ်ယောင် သက်ပြင်းငွေ့ငွေ့လေး ချမိသည်။ ပြန့်ပြန့်ပြူးပြူး ရှိသော နေရာလေးတစ်ခုကို ရွေးပြီးနောက် သစ်ပင်တစ်ပင်ဘေးက ကျောက်တုံးကြီးတစ်တုံးပေါ်တွင် စုရွှေလျန်ကို အသာအယာ ချပေးလိုက်သည်။ ပြီးတော့ "ရေရနိုင်မယ့်နေရာ ရှာလိုက်ဦးမယ်"ဟု ဆိုကာ လှည့်ထွက်သွားသည်။ တစ်စွေ့လောက် ခုန်လိုက်သည်နှင့် သူသည် စုရွှေလျန်၏ မြင်ကွင်းထဲမှ ပျောက်သွားလေတော့သည်။

သူ စိတ်များဆိုးသွားလား မသိဘူးတော့? စုရွှေလျန်သည် အနည်းငယ်ထုံနေသော လက်မောင်းလေးများကို ပွတ်ရင်း တွေးနေမိသည်။ လင်းစစ်ယောင်၏ အသံထဲတွင် တင်းမာမှုတစ်ခုကို သူ အသေအချာ ခံစားလိုက်ရသည် မဟုတ်ပါလော။ သို့ပေမယ့် လင်းစစ်ယောင်တစ်ယောက် ပင်ပန်းမှာ သူစိုးရိမ်မိသည်။ သူ့ခန္ဓာကိုယ်သည် ပေါ့ပေါ့လေး ဆိုသော်လည်း ဆယ့်ငါးနှစ်သမီးတစ်ယောက်၏ ခန္ဓာကိုယ် မဟုတ်လား။ သူ့ကို တစ်နာရီလောက် ဆက်တိုက် ချီလာရပြီး လင်းစစ်ယောင် မပင်ပန်းဘဲ နေနိုင်မလား။

ထုံကျင်နေသော ခြေထောက်လေးများကို နှိပ်နယ်နေရင်း စုရွှေလျန်တစ်ယောက် အတွေးထဲမှာ မျောသွားပြန်သည်။

ရုတ်တရက် ချက်ချင်းပင် တစ်စုံတစ်ခုကို တွေးမိပြီးနောက် စုရွှေလျန် သူ့ကိုယ်သူ မေ့ပစ်ရန် ကြိုးစားမိလေသည်။ နှိပ်နယ်နေသော လက်များလည်း နှိပ်ရင်းတန်းလန်းပင် တန့်သွားကြသည်။

ဘုရားဘုရား... ဒီခန္ဓာကိုယ်ကြီးက အသက်ဘယ်လောက် ရှိနေပြီလဲ။ ကြေးမှန်ထဲမှာ မှုန်မွဲမွဲထင်သည့် ပုံရိပ်ကို ကြည့်ပြီး အရပ်အနေအထားအရ သူ့ခန္ဓာကိုယ်မှာ ဆယ့်ငါးနှစ်အရွယ်ခန့်ဟု ယူဆခဲ့သည်၊ သို့သော် ယခု သုံးလတောင် ကြာခဲ့ပြီ။ ဘာလို့ တစ်ခါမှ ရာသီမလာရသေးတာလဲ။

စုရွှေလျန်သည် အထိတ်တလန့်ဖြစ်ပြီး သူ့ပါးစပ်သူ လက်ဖြင့် အုပ်မိလေတော့သည်။ ဤခန္ဓာကိုယ်သည်... ဆယ့်ငါးနှစ်သမီး၏ ခန္ဓာကိုယ်မှ ဟုတ်ပါရဲ့လား။ သူ့ပခုံးသားတွေ လျှောကျသွားပြီးနောက် စုရွှေလျန် ဒူးခေါင်းနှစ်လုံးကြား မျက်နှာဖွက်ထားလိုက်မိသည်။

သစ်ရွက်ကြီးတစ်ရွက်ထဲတွင် ရေကို ခပ်ယူ၍ ပြန်လာသည့် လင်းစစ်ယောင်မှာ စုရွှေလျန်၏ ပုံစံကို မြင်ပြီး မျက်ခုံးပင့်မိသည်။ အမှန်တော့ အလေးအပင်များသယ်၍ လာရသော ဝံပုလွေလေးနှစ်ကောင် သူတို့ကို လိုက်မီလာပြီဟု အသိပေးပြောပြမလို့ပင် ဖြစ်သည်။

"ရှောင်ချွမ်ရေ ရှောင်ရွှယ်ရေ" စုရွှေလျန်လည်း ဝံပုလွေသံများကို ကြားလိုက်မိပါသည်။ သူ့စိတ်ရှုပ်ထွေးမှုကြီးကို ခဏဖယ်ထားပြီး စုရွှေလျန်တစ်ယောက် အပြုံးလေးနှင့် ခေါင်းမော့လိုက်လေသည်။ ဝံပုလွေလေးနှစ်ကောင်ကို ချစ်ချစ်ခင်ခင် ယုယုယယ ပွတ်သပ်ပေးကာ ချီးမွမ်းပြောဆိုချော့မော့မည်ပြုနေစဉ် မီတာအနည်းငယ်အကွာရှိ လင်းစစ်ယောင် ကို မြင်လိုက်ရသည်။

ပင်စည်မှာ မှိုတွေပေါက်နေသော သစ်ပင်ကြီးတစ်ပင်အောက်တွင် ပိန်သွယ်၍ ရှာမှရှားအောင် ချောမောခံ့ညားသော ယောကျ်ားတစ်ယောက် ရပ်နေပေသည်။ အကယ်၍ တစ်စုံတစ်ယောက်ကများ သူနှင့်အတူ ယှဉ်ရပ်ရလျှင် နွေနေ့ခင်း၏ လေပူကြီးအစား ဆောင်းလေပြည်လေးကို ခံစားရသလို ရှိပေလိမ့်မည်။

"ရှင် ပြန်လာပြီလား။" စုရွှေလျန် သိမ်မွေ့စွာ ပြုံး၍ မေးလိုက်သည်။

လင်းစစ်ယောင်လည်း ရေခပ်လာသော သစ်ရွက်ကို စုရွှေလျန်ထံ ကမ်းပေး၍ ခေါင်းငြိမ့်ပြလိုက်သည်။ ရေခပ်ပြီး ခုန်ပျံလာခဲ့သော်လည်း သစ်ရွက်ထဲက ရေမှာ အောက်သို့ ဖိတ်ကျရန် မဆိုထားနှင့်၊ သစ်ရွက်အလယ်မှာသာ စုနေပြီး ဘေးဘက်များသို့ပင် ရေတစ်စက်တလေမှ ရောက်မနေပေ။

"ကျေးဇူးနော်" စုရွှေလျန်လည်း သစ်ရွက်ကို လှမ်းယူပြီး ရေတစ်ငုံလောက် သောက်လိုက်သည်။ ပြီးတော့ ရှောင်ချွမ်နှင့် ရှောင်ရွှယ်တို့ကိုပါ ရေသောက်မလားဟု မေးမည်ပြုနေစဉ် ဝံပုလွေလေးနှစ်ကောင်မှာ စမ်းချောင်းရှိရာသို့ သူတို့ဘာသာ သူတို့ လျှောက်သွားနေကြပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်နေမိသည်။ တကယ်တော့ စုရွှေလျန် ရေသောက်နေစဉ်အတွင်း ဝံပုလွေလေးများကို လင်းစစ်ယောင်က မျက်လုံးစိမ်းကြီးဖြင့် ခြောက်ထုတ်လိုက်ကြောင်း စုရွှေလျန် မသိလိုက်ပေ။

စုရွှေလျန်လည်း လင်းစစ်ယောင်ကို အူကြောင်ကြောင် ကြည့်နေမိသည်။ "ဟိုကလေးနှစ်ကောင် ဒီနေ့ ဘာဖြစ်နေတာလဲ မသိဘူး။ ဉာဏ်တွေပဲ ပိုပြီးတော့ ကောင်းလာကြသလားနော်။"

လင်းစစ်ယောင်လည်း မျက်ခုံးသာ တစ်ချက်ပင့်လိုက်ပြီး ဘာမှမတုန့်ပြန်မိပေ။ တိရစ္ဆာန်များကို လူလို ဉာဏ်ကောင်းသည်ဟုပင် ချီးမွမ်းသည်မှာ စုရွှေလျန်တစ်ယောက်သာ ရှိပေလိမ့်မည်။ ပြီးတော့ လင်းစစ်ယောင်သည် သစ်ပင်ကြီးတစ်ပင်တွင် ကျောမှီပြီး တင်ပလ္လင်ခွေ ထိုင်ချလိုက်လေသည်။ အခွင့်အရေးရတုန်းလေး နားရပေဦးမည်။

လင်းစစ်ယောင် တစ်ယောက် သူ့ဘာသာ အနားယူနေသည်ကို မြင်ရတော့ စုရွှေလျန်လည်း သူ့ကို ဘာမှထပ်မပြောတော့ပေ။ ပြီးတော့ ပတ်ဝန်းကျင်ကိုသာ တိတ်တိတ်ကလေး စူးစမ်းပြီး ပုဇဉ်းရင်ကွဲသံများကိုသာ နားထောင်နေမိတော့သည်။ တစ်ချက်တစ်ချက်တွင် ငှက်ရိုင်းများထံက သာယာချိုကြည်လှသော တေးသံများကိုလည်း ကြားရသေးသည်။ သစ်ငုတ်တိုတစ်ခုပေါ်တွင် နားနေရင်း စုရွှေလျန်တစ်ယောက် ဖြည်းဖြည်းချင်း အိပ်မောကျသွားလေတော့သည်။

အိပ်မက်ထဲတွင် စုရွှေလျန်တစ်ယောက် စုမိသားစု အိမ်တော်ဝင်းထဲသို့ ရောက်နေသည်။ သေးငယ်သော်လည်း လှပသည့် ဝင်းလေးထဲတွင် နေ့လယ်ခင်း နေရောင်အောက်မှာ စုရွှေလျန် နေပူစာ လှုံနေလေသည်။ ပြီးတော့ သူ့ဘေးမှာ ရှိသော အစေခံအမျိုးသမီးများကိုလည်း ရွှင်လန်းတက်ကြွစွာ စကားတွေ ပြောနေလိုက်သေးသည်။

ရုတ်တရက်ပင် အခင်းအကျင်းမှာ ပြောင်းလဲသွားသည်။ စုရွှေလျန်မှာ ချစ်ကြောက်ရိုသေရသော သခင်ကြီး၏ အခန်းထဲတွင် ရပ်လျက်၊ အပင်ပန်းခံ၍ အပြီးသတ်အောင် ထိုးခဲ့ရသော ချည်ပန်းထည်စကြီးကို ကိုင်လျက်။ "မြစ်ကမ်းဘေး လမ်းတစ်လျှောက်" အမည်ရှိ ချည်ပန်းထည်စကြီး ဖြစ်ပေသည်။ စုရွှေလျန် အကြာကြီး စောင့်နေမိသည်။ သို့သော် အခန်းထဲသို့ သခင်ကြီးလည်း ဝင်မလာ၊ အစ်ကိုကြီးလည်း ဝင်မလာပေ။ သူတို့အစား မိထွေးနှင့် ရွှေယန်တို့သာ ဝင်လာကြသည်။ သူတို့သည် စကားတစ်ခွန်းမှ မဆိုဘဲ စုရွှေလျန်လက်ထဲက ချည်ပန်းထည်စကြီးကို လုယူကြသည်။ ထိုမျှသာမကသေး စုရွှေလျန်ကို အကြမ်းပတမ်းပင် တွန်းထိုးလွှတ်ကြသည်။

ပြီးတော့ စုရွှေလျန်သည် မိထွေးက အေးစက်ခြောက်ကပ်စွာ ပြောလိုက်သံကို ဝေတေဝါးတား ကြားလိုက်ရသေးသည်။ "စုရွှေလျန်၊ စုမိသားစု ချည်ပန်းထိုးလုပ်ငန်းကြီးကို ညည်းတစ်ယောက်တည်း လှည့်စားချယ်လှယ်ခံနေမှာ မဟုတ်ဘူး။"

"ကျွန်မ ဘာမှမလုပ်ဘူး" စုရွှေလျန် ချက်ချင်းပင် တုန့်ပြန်အော်ပစ်ချင်လှသည်။ သို့သော် သူ့မှာ ဘာအားမှ မကျန်တော့သလို ခံစားရသည်။ ပြီးတော့ သူ့အမြင်အာရုံ အနံ့အာရုံတွေလည်း တဖြည်းဖြည်းချင်း ဝေဝါးပျောက်ကွယ်သွားလေတော့သည်။

စုရွှေလျန် နဖူးရေပါတွန့်သွားသည်ထိ ရှုံ့မဲ့မိသည်။ အေးလိုက်တာ။ ပြီးတော့ မသိစိတ်၏ ဦးဆောင်မှုနောက် ပါသွားပြီး သူ့ခန္ဓာကိုယ်အနီးရှိ အနွေးဓာတ်ရှိရာသို့ တိုးကပ် သိုင်းဖက်လိုက်မိသည်။

လင်းစစ်ယောင်ကတော့ သူ့ရင်ခွင်ထဲက မိန်းကလေးကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ သစ်ပင်တစ်ပင်ကနေတစ်ပင် ခုန်ကူးပြီး ခရီးသွားနေတုန်း ပွေ့ချီထားသော အနေအထားကို အရှိန်မလျှော့ဘဲ ဂရုစိုက်၍ ပြင်ပေးရသောကြောင့်ပင်။

အထုပ်ကိုယ်စီ သယ်လာကြသော ဝံပုလွေပေါက်လေးနှစ်ကောင်မှာ လင်းစစ်ယောင်၏ နောက်တွင် ထက်ကြပ်မကွာ လိုက်ပါလျက် ရှိသည်။ ခုနတစ်ခါ နားပြီးကတည်းက ထိုဝံပုလွေလေးနှစ်ကောင်သည် လင်းစစ်ယောင်တို့ကို တစ်စက်မှ မျက်ခြည်ပြတ်မခံရန် ဆုံးဖြတ်ထားသကဲ့သို့ အမီပြေးလိုက်နေကြသည်။ မလိုက်မိ၍ သူတို့သခင်မ ထိုလူ့နောက်ပါသွားမှ ခက်ပေမည် မဟုတ်လား။

စုရွှေလျန် နိုးလာသောအခါ သူ့ကိုယ်သူ လင်းစစ်ယောင်၏ ရင်ခွင်ထဲရောက်ပြီး လေပေါ်ပျံဝဲနေကြောင်း သိလိုက်ရသည်။

"အိုး..." သူရှက်သွားပြီး ခေါင်းလေးကို ဖွက်ထားလိုက်သည်။ ဖွက်လိုက်ပြီးမှပင် သူ့ကိုယ်သူ လင်းစစ်ယောင် ရင်ခွင်ထဲ ပို၍ တိုးဝင်မိသွားကြောင်း သတိထားမိတော့သည်။

စုရွှေလျန်သည် သူ့ကိုယ်သူပင် မသိလိုက်ဘဲ လင်းစစ်ယောင်ကို သိုင်းဖက်ထားမိကြောင်း သတိထားလိုက်မိပြီးနောက် လင်းစစ်ယောင်ကို တစ်ချက် ခိုးကြည့်လိုက်မိလေသည်။ သူ ရှက်နေကြောင်း လင်းစစ်ယောင် သတိမထားမိကြောင်း တွေ့ရမှပင် စုရွှေလျန် သက်ပြင်းချမိပေတော့သည်။ ပြီးတော့ သိုင်းဖက်ထားသောလက်များကို ဖြေလျှော့လိုက်ပြီး လင်းစစ်ယောင် ရင်ခွင်ထဲမှ အနည်းငယ် ခွာထွက်လိုက်လေသည်။

ဘေးဘီဝဲယာကို ကြည့်မိတော့မှပင် စုရွှေလျန်သည် သူနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော နေရာသို့ ရောက်နေကြောင်း သိလိုက်ရသည်။ နေလုံးကြီးက အနောက်အရပ်တွင် ဝင်လုဆဲဆဲ... သူ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ရပေမည်။

ရှက်လွန်း၍ ခေါင်းငုံ့ထားလိုက်ပြီး စုရွှေလျန်တစ်ယောက် ပါးတွေနားတွေ ရဲတက်မလာအောင် သူ့စိတ်သူ မနည်းထိန်းချုပ်ထားရလေသည်။

ထိုအချိန်ကျမှပင် သူ့ကိုယ်သူ အကြီးအကျယ် ပြန်လည်သုံးသပ်နေသော စုရွှေလျန်ကို လင်းစစ်ယောင်တစ်ယောက် ငုံ့ကြည့်မိပေတော့သည်။ သူ့ရင်ထဲတွင် အမျိုးအမည် မသိနိုင်သော ခံစားမှုတစ်ခု ရုတ်တရက် ထိုးထွက်လာလေသည်။ ပြီးတော့ သူ့နှလုံးသားတစ်ခုလုံးကို ထိုခံစားမှုက လွှမ်းခြုံသွားကြောင်း ခံစားလိုက်မိသည်။

"ကဲ နားရအောင်။ နောက်ထပ်တစ်နာရီအတွင်း ဒီတောထဲက ထွက်နိုင်လိမ့်မယ်။ ကျုပ် ရေသွားခပ်ချေဦးမယ်။" စိတ်ကြည်နေဟန်ရှိသော လင်းစစ်ယောင်သည် ပုံမှန်ပြောနေကျထက် စကားခပ်များများပြောမိသွားသည်။ စုရွှေလျန်၏ အံ့အားသင့်သော အကြည့်များအောက်တွင် လင်းစစ်ယောင် နေရထိုင်ရခက်သွားပြီးမှ ရေရှာသွားရန် လှည့်ထွက်ခဲ့ရလေသည်။

စုရွှေလျန်တစ်ယောက် လင်းစစ်ယောင်ကို ကြည့်ပြီး အတော်ပင် အံ့အားသင့်သွားသည်။ သို့သော် ဤပုံစံတိုင်းသာဆိုပါက အတော်ပင် ပြောလို့ဆိုလို့ ကောင်းပေလိမ့်မည်။

ဟောဟဲလိုက်လျက် သူ့နောက်သို့ မီလာသော ဝံပုလွေလေးနှစ်ကောင်ကို တွေ့လိုက်တော့ စုရွှေလျန်သည် ၎င်းတို့၏ ခေါင်းလေးများကို အသာအယာ ပွတ်သပ်ပေးပြီး သယ်လာသော ဝန်ထုပ်ဝန်ပိုးများကိုလည်း ချထားပေးလိုက်သည်။ ပြီးတော့ သစ်သီးခြင်းထဲက အရည်ရွှမ်းသော အသီးနှစ်လုံးကို ဝံပုလွေနှစ်ကောင်အား ကျွေးရန် ရည်ရွယ်၍ ထုတ်လိုက်သည်။

မကြာမီမှာပင် လင်းစစ်ယောင်တစ်ယောက် လက်ထဲတွင် ရေအပြည့်ခပ်ထားသော သစ်ရွက်ကြီးတစ်ရွက်ကိုင်လျက် ပြန်ရောက်လာလေတော့သည်။ လင်းစစ်ယောင် မျက်လုံးတစ်ချက် ဝေ့လိုက်သည်နှင့် ဝံပုလွေနှစ်ကောင်သည် ချက်ချင်းပင် နောက်သို့ဆုတ်သွားကြလေသည်၊ ဒါတင်မက လင်းစစ်ယောင်က စုရွှေလျန်ဘေးသို့ ကပ်မိချိန်တွင်မူ ဝံပုလွေလေးနှစ်ကောင်သည် ခုန်ပေါက်လျက် ထွက်သွားကြလေတော့သည်။

စုရွှေလျန်တစ်ယောက် လင်းစစ်ယောင် ကို မယုံနိုင်လောက်အောင် အံ့ဩသော အမူအရာဖြင့် တစ်ဒင်္ဂမျှ ကြည့်မိပြီးမှ အံ့အားတကြီး ရေရွတ်မိသည်။ "သူတို့တွေ ဒီလောက်တောင် ဉာဏ်ကောင်းကြတယ်ပေါ့လေ။ စကားလေးတစ်ခွန်းတောင် မပြောရဘဲ ရှောင်ချွမ်နဲ့ ရှောင်ရွှယ်က ဘာလုပ်ရမယ်ဆိုတာ သိနေပြီပဲ။ ကျွန်မနဲ့ ဒီလောက် အကြာကြီး နေလာပြီး အခုမှပဲ သူတို့ ဉာဏ်ကောင်းမှန်း သိရတော့တယ်။"

လင်းစစ်ယောင်ကတော့ စုရွှေလျန်၏ စကားများကို မကြားလိုက်သလို အမူအရာဖြင့် ထိုင်ချလိုက်သည်။ စုရွှေလျန်၏ လေသံက မသိလျှင် လင်းစစ်ယောင်ကပင် ဝံပုလွေတွေကို ယဉ်ပါးအောင် ကျင့်ပေးရသူ ဖြစ်နေသလိုပင်။

"ဪ ဟုတ်သားပဲ။ တောထဲက ထွက်ပြီးသွားရင် ရှင် ဘာဆက်လုပ်မလဲ။" စုရွှေလျန်က ရေအနည်းငယ် သောက်ပြီး မေးလိုက်သည်။ ရေသောက်ပြီး ပါးစပ်လေးစေ့ကာပင်ရှိသေး မနေနိုင်မထိုင်နိုင် စပ်စုပြီး မေးလိုက်ခြင်း ဖြစ်သည်။

ဤတွင် စုရွှေလျန် သတိမထားလိုက်မိသော်လည်း လင်းစစ်ယောင်မှာ တွ့န်ကနဲ တစ်ချက် ဖြစ်သွားသည်။ သို့သော် မျက်နှာမှာမူ အေးစက်တင်းမာနေဆဲပင်။ ဘာလဲ၊ သူက ငါ့ကို ခုကတည်းက မောင်းထုတ်ချင်တော့တာလား။ အေးပေါ့လေ၊ မဟုတ်လည်း တောပြင်ရောက်ရင် သူ အိမ်ပြန်ရမှာပဲ မဟုတ်လား။ လင်းစစ်ယောင် အတွက်ကတော့ ဘယ်အရပ်မှာနေနေ ဘဝဟာ မထူးခြားခဲ့၊ အမြဲတစေ အထီးကျန်နေခဲ့ရသည်ကိုး။

"ကျွန်မ အပြင်လောကက ကုန်ဈေးနှုန်းတွေနဲ့ အဆက်ပြတ်နေတာ။ ​ပြောကြည့်စမ်းပါ၊ အိမ်ပေါက်စလေးတစ်လုံးလောက်ဆိုရင် ဘယ်လောက်ဈေးပေါက်မလဲ။" စုရွှေလျန်ကတော့ မေးလေးထောက်ပြီး ပေါ့ပေါ့ပါးပါးပင် ဆက်ပြောနေလေသည်။ တကယ်တော့ စုရွှေလျန်၏ အမူအရာမှာ လင်းစစ်ယောင်ကို မေးနေသည့်တစ်ချိန်တည်းတွင် သူ့ကိုယ်သူလည်း ပြန်မေးခွန်းထုတ်နေသလို ရှိပေသည်။ ပိုက်ဆံအိတ်ထဲက ငွေတုံးငါးတုံးကို ပြန်တွေးကြည့်မိပြီး ဤပမာဏလောက်နှင့် သူ့ကိုယ်သူ ရပ်တည်နိုင်ပါ့မလား စဉ်းစားနေမိခြင်း ဖြစ်ပေသည်။

ထိုစကားကို ကြားတော့မှပင် စေ့နေအောင် မှိတ်ထားသော လင်းစစ်ယောင်၏ မျက်လုံးများ ဖျတ်ကနဲ ပွင့်လာသည်။ ဤတစ်ခါတော့ သူ့မျက်လုံးထဲတွင် နားမလည်နိုင်သော အရိပ်အယောင်များကို မြင်ရလေသည်။

"မင်း အိမ်မပြန်ဘူးလား။" လင်းစစ်ယောင် ချိုသာစွာ မေးလိုက်သည်။ စုရွှေလျန်၏ ပြောဆိုပြုမူပုံများမှာ ကျက်သရေရှိလှသည်၊ ထိုင်နေပုံလေးကပင် အရှိန်အဝါ ရှိနေသလိုပင်။ ဆိုတော့ စုရွှေလျန်သည်လည်း သူ့လိုပင် အိမ်မရှိ ရာမရှိ မိဘမဲ့တစ်ယောက်ဆိုတာ သူ ယုံနိုင်ဖို့ ခက်နေသည်။

"အိမ်တဲ့လား...ကျွန်မ ဒီတစ်သက် ပြန်ရောက်ပါ့မလားတောင် မသိတော့ပါဘူးရှင်။" စုရွှေလျန် မျက်နှာလေးကို ဖွက်လိုက်ပြီး ပြန်ပြောလိုက်လေသည်။ သူ့မျက်လုံးတွေမှာ ဝေသီလာပြီးနောက် သူ့လက်များက ပိုးသားဘောင်းဘီစများကို ခပ်တင်းတင်း ဆုပ်ကိုင်နေမိသည်။

လင်းစစ်ယောင် စုရွှေလျန်ဘက်သို့ လှည့်ကြည့်မိသည်။ သူ အိမ်မပြန်နိုင်ဘူးတဲ့လား။ ဘယ်လိုဖြစ်လို့ပါလိမ့်။ သည်လိုတွေးမိသော်လည်း လင်းစစ်ယောင်မှာ ခေါ်ရင်လာ ခိုင်းတာလုပ် ပြန်မမေးနဲ့ဆိုသော အကျင့်က စွဲနေခဲ့သဖြင့် စုရွှေလျန်ကို ဘာမှဆက်မမေးမိချေ။ လက်ဖဝါးနှစ်ဖက်ကို ပွတ်လျက် လင်းစစ်ယောင် အနည်းငယ်စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။ "မြို့ပေါ်မှာဆိုရင်တော့ အညံ့ဆုံးအိမ်ကို ငွေစငါးဆယ်လောက် ကျမယ်။ ဆင်ခြေဖုံးတွေ လယ်တောတွေဘက်မှာဆိုရင်တော့ မြေတစ်ကွက်ကို ငွေဆယ့်ငါးစလောက်နဲ့ ရနိုင်ပါတယ်။"

စုရွှေလျန်လည်း လင်းစစ်ယောင်ကို အလန့်တကြား ကြည့်လိုက်မိသည်။ ခုနကစကား သူ ငါ့ကို တကယ် ပြောလိုက်တာလား။

သူ့မှာ ရှိသမျှ ငွေလေးနှင့်တော့ မြို့ပေါ်မှာ နေ၍ မရမှန်း စုရွှေလျန် သဘောပေါက်လိုက်သည်။ ဟုတ်ပြီလေ။ ဒါဆိုလည်း တောဘက်မှာပဲ သင့်တော်ရာအိမ်လေး ရှာတော့မပေါ့။ လယ်လေးယာလေး အိမ်လေးနဲ့ အခြေချပြီး လယ်သူမပဲ လုပ်တော့မပေါ့။ သည်လိုတွေးမိပြီးမှပင် စုရွှေလျန်တစ်ယောက် ပြုံးနိုင်တော့သည်။

လင်းစစ်ယောင်ကတော့ စုရွှေလျန်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးမှ ဝင်လုဆဲဆဲ နေလုံးကြီးကို ကြည့်လိုက်လေသည်။ ပြီးတော့ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ "သွားကြစို့"

"နေဦးလေ...ရှောင်ချွမ်နဲ့ ရှောင်ရွှယ်တို့မှ..." ပြန်မရောက်သေးတာဟုပင် စုရွှေလျန် စကားဆုံးအောင် မပြောလိုက်ရ။ သစ်ပင်များနောက်မှ ထွက်လာသော ဝံပုလွေလေးနှစ်ကောင်ကို မြင်လိုက်ရသောကြောင့်ပင်။ ပြီးတော့ သူတို့လေးတွေသည် လင်းစစ်ယောင်က သူတို့ကျောတွေပေါ် ဝန်စည်စလည်များ လာတင်ပြီး ချည်နှောင်ပေးမည်ကိုပင် လိမ္မာစွာ စောင့်နေကြသေးပေသည်။

ဘယ်လိုတွေတောင် ဖြစ်နေကြတာလဲ။ ဝံပုလွေတွေက လူတွေကို အမြဲတမ်း ဒီလောက်တောင် နားလည်သိတတ်ကြတာလား။ စုရွှေလျန်တစ်ယောက် လင်းစစ်ယောင်ကို ကြည့်ပြီးနောက် အမြီးလေး တနန့်နန့် လုပ်နေသော ဝံပုလွေလေးနှစ်ကောင်ကို ကြည့်မိသည်။ သူ့မှာ ဘာပြောလို့ ပြောရမှန်းမသိ။

တကယ်တော့ လင်းစစ်ယောင်က အတွင်းအားသုံးပြီး ဝံပုလွေလေးနှစ်ကောင် သူပေးသမျှ အမိန့်တိုင်းကို နာခံလာအောင် ခြောက်ထားကြောင်း စုရွှေလျန်တစ်ယောက်မှာ မသိရှာ။ ခုတော့ ဝံပုလွေနှစ်ကောင်မှာ ငယ်လည်းငယ်သေး ပန်းလည်းပန်းနေသေးသဖြင့် လင်းစစ်ယောင် ပြုသမျှသာ နုရရှာလေသည်။ ကြည့်သေးတာပေါ့လေ၊ သူတို့လေးတွေသာ အရွယ်ရောက်လာရင်တော့ ဘယ်သူက ဆရာလဲ သိကြသေးတာပေါ့။

နောက်တစ်နာရီလောက် အကြာမှာတော့ စုရွှေလျန်တစ်ယောက် တောစပ်လေးကို မြင်လာရလေပြီ။ ပျော်လွန်းလှသဖြင့် သူ့ကိုယ်သူပင် မသိလိုက်ဘဲ လင်းစစ်ယောင် ကို တအားဖက်ထားလိုက်မိလေသည်။ နောက်ဆုံးတော့ သူ တောကြီးမျက်မည်းထဲမှာ သုံးလလောက် နေခဲ့ရကြောင်း မိုးနတ်မင်းကြီး သိသွားလေပြီ။ သစ်ပင်တွေသာမက ချုံပုတ်လေးတွေ မြောင်းငယ်လေးတွေ ချောင်းတွေပါ မြင်လာရလေပြီ။ မျက်စိပသာဒဖြစ်စရာတွေ မမြင်ခဲ့ရတာ ကြာခဲ့ပေါ့လေ။

ခုတော့ သူ့မှာ အသစ်လို ဖြစ်နေသော မြင်ကွင်းတစ်ခု မြင်ရ​လေပြီ၊ လယ်ကွင်းပြင်ကျယ်ကြီးတွေသာ ဖြစ်သော်လည်း သူ့အတွက် အသစ်အဆန်းလို ဖြစ်နေပြန်လေပြီ။ ခပ်လှမ်းလှမ်း မြေပြင်ပေါ်တွင် ရေအိုင်ကြီးတစ်အိုင်ဟု ထင်ရသော တစ်နေရာမှာ ကောင်းကင်မှ ကြယ်များ၏ အလင်းပြန်ပုံရိပ်များကိုပင် တွေ့ရလေသည်။ ဟိုးအဝေးကြီးတွင်တော့... အိုး... ရွာတွေပါလား။ မီးခိုးလေးတွေ တလူလူနဲ့ လူတွေ နေကြတဲ့ ရွာလေးတွေပါလား။ စုရွှေလျန်တစ်ယောက် အလွန့်အလွန် ကြည်နူးနှစ်သိမ့်နေမိလေသည်။

နောက်ဆုံးတော့...

သူ ဤတောကြီးထဲက ရအောင် ထွက်နိုင်ခဲ့လေပြီ။

***

All Chapters