← Chapters

ဖန်းလော့မြို့တော်

Vol. 1 Ch. 10

ဖန်းလော့မြို့တော်

Vol. 1 Ch. 10

နေမထွက်သေးသည်ကို အားသာချက်အဖြစ် အသုံးချပြီး လင်းစစ်ယောင်သည် စုရွှေလျန်ကို ရင်ခွင်ထဲတွင် ပွေ့ချီလျက် သွက်သွက်ကြီး ခုန်ပျံလျက် ခရီးဆက်နေလေသည်။ ဒီလိုကိုယ်ဖော့ပညာနှင့် ခရီးသွားနေသော မြင်ကွင်းကို လယ်သမားတွေသာ မြင်ကြလျှင် ကြောက်လန့်ကုန်ကြပေမည်။ ဒါကြောင့် သူတို့တွေ အလုပ်သိမ်းလို့ အိမ်ပြန်ပြီးကြ၍ တော်သေးပေတော့သည်။ တကယ်တော့ လင်းစစ်ယောင်တို့ ခုန်ပျံပြီး ခရီးသွားနေကြသော မြင်ကွင်းသည် လူသားတစ်ယောက် ခြေကျင်လျှောက်သွားနေသော မြင်ကွင်းနှင့် တစ်စက်ကလေးမှ မတူဘဲ သရဲတစ်ကောင်က ခြေထောက်နှင့် မြေကြီးမထိဘဲ တရွေ့ရွေ့ သွားသည်နှင့်ပင် သွားတူနေလေသည်။ နောက်က ခြေလေးချောင်းနှင့် ဆွတ်ဆွတ်ဖြူနေသော မိစ္ဆာနှစ်ကောင်ပင် ထက်ကြပ်မကွာ လိုက်လာနေကြသကဲ့သို့ ထင်ရလေသည်။

တကယ်တော့ သူတို့နှစ်ယောက်လည်း ဘာမှမတတ်နိုင်ကြပေ။ လင်းစစ်ယောင်ကိုလည်း ကြည့်ပါဦး။ ဝတ်ထားမိသည်က အနက်ရောင်၊ ပွေ့ချီထားရသည်က အဝတ်အစားပုံပန်းမကျသည့် စုရွှေလျန်။ ဝံပုလွေလေးနှစ်ကောင်ကိုလည်း ကြည့်ပါဦး။ နဂိုကမှ ဆွတ်ဆွတ်ဖြူသည့်ထဲ ကျောပေါ်တွင် အဖြူရောင် အထုပ်အပိုးတွေ ကိုယ်စီသယ်နေရလေသည်၊ ဒါကြောင့်ပင် အဝေးကကြည့်လျှင် မကောင်းဆိုးဝါးလို ထင်ရခြင်း ဖြစ်နေပေသည်။

တကယ်တော့ ဒီကိစ္စတွင် အလုပ်တာဝန်ကို သေချာစီမံခန့်ခွဲမထားနိုင်သော ဆရာမကြီး စုရွှေလျန်တွင်သာ တာဝန်ရှိလေသည်။ လင်းစစ်ယောင်ကို ဆေးထည့်ပေးရန် ကြိုးစားစဉ်က သူ့အဝတ်အစားတွေကို ထင်သလို ဆွဲဖြဲမပစ်ခဲ့သင့်ပေ။ ပြီးတော့ အတွင်းဝတ်လေးတစ်စုံလောက် လိုသည်နှင့်ပင် အပြင်ဝတ်စုံအကောင်းတစ်ထည်ကို ထင်သလို ဖြတ်ညှပ်ကပ် လုပ်မပစ်ခဲ့သင့်ပေ။

ပြီးတော့ သူ၏ ချစ်လှစွာသော အချိုသီး အချဉ်သီးအမျိုးမျိုး၊ ပြီးတော့ နူးညံ့လှစွာသော ကျားသားရေချပ်၊ ပြီးတော့ သူ အချိန်ကုန်လူပင်ပန်းခံ၍ နွယ်ကြိုးဖြင့် ရက်လုပ်ထားခဲ့သော ခြင်းကြီး၊ ဒါတွေကို သယ်ချင်လွန်းလှသဖြင့် အခုမှပင် လူရည်လည်လာသော ဝံပုလွေပေါက်လေးနှစ်ကောင်ကိုသာ မှီခိုရခြင်း ဖြစ်ပေသည်။

"ကျွန်မ...ကိုယ့်ဘာသာ လျှောက်လိုက်ရမလား" လင်းစစ်ယောင်၏ မျက်နှာပေါ်တွင် ချွေးတစ်စက်စက် စီးကျနေသည်ကို မြင်ပြီး စုရွှေလျန် ပြောလိုက်သည်။ ဒီလူတစ်ယောက်တည်းကို နွေနေ့ခင်းတစ်နေ့လုံး လူကိုချီခိုင်း အိတ်ကိုသယ်ခိုင်း လုပ်လာရသည့်အတွက် စုရွှေလျန် အလွန်အားနာမိလေသည်။

လင်းစစ်ယောင်သည် စုရွှေလျန်ကို တစ်ချက်ငုံ့ကြည့်မိသည်။ တကယ်လို့ ခုနေသာ စုရွှေလျန်ကို ချပေးပြီး သူ့ဘာသာ လျှောက်ခိုင်းလျှင် လင်းစစ်ယောင်၏ ခုန်ပျံကျော်လွှားမှုကို ဘယ်တော့မှပင် မီလာနိုင်မည် မဟုတ်တော့ပေ။ သို့သော် ဤအတိုင်းကြီးသာ ပွေ့ချီပြီး ခုန်ပျံသွားနေဖို့ကလည်း လက်တွေ့မကျလှပေ။ ခုပင် ကျေးလက်ဒေသကို ရောက်နေပြီး မြို့နှင့် နီးသထက် နီးလာလေပြီ။ အကယ်၍ စုရွှေလျန်ကို သူက ပွေ့ချီထားကြောင်း ရွာသားတစ်ယောက်ယောက်ကသာ တွေ့မြင်သွားပါက နောင်တွင် သည်မိန်းကလေး၏ နာမည်ကို ထိခိုက်ပေလိမ့်မည်။

ဆုံးဖြတ်ရခက်လှသဖြင့် လင်းစစ်ယောင် မျက်မှောင်ကျုံ့မိလေသည်။ ထိုအချိန်မှာပင် မြင်းရထားတစ်စီး၏ အသံကို ကြားလိုက်ရလေသည်၊ သို့နှင့်ပင် လင်းစစ်ယောင်မှာ ခုန်ပျံနေရင်းတန်းလန်းကြီးပင် ကမန်းကတန်း ရပ်ပစ်လိုက်ရပြီး စုရွှေလျန်ကို ပွေ့ထားရာမှ မချလိုက်ခင် ဝိုင်းကြီးပတ်ပတ်လှည့်လိုက်လေသည်။

လင်းစစ်ယောင်၏ ဝိုင်းကြီးပတ်ပတ်လှည့်ခြင်းကြောင့် စုရွှေလျန်၏ ခန္ဓာကိုယ်လေးမှာ လှုပ်ရမ်းလျက် မူးဝေလာလေသည်။ စုရွှေလျန်တစ်ယောက် မြေကြီးပေါ် ပြုတ်ကျခါနီးလေးမှပင် လင်းစစ်ယောင်က ခပ်တင်းတင်းလေး ဖက်တွယ်၍ သူ့ရင်ခွင်ထဲသို့ ဟန်ပါပါ ထိထိမိမိ ဆွဲသွင်းလိုက်သည်။

"သတိထားနော်" လင်းစစ်ယောင်၏ အသံခပ်နိမ့်နိမ့်ကို စုရွှေလျန်၏ ခေါင်းအထက်နားဆီမှ ကြားလိုက်ရသည်။

စုရွှေလျန်တစ်ယောက် တစ်ချိန်တည်းမှာပင် ရှက်လည်းရှက်၍ ဒေါသလည်းထွက်၍ နေမိလေသည်။ ငါ့ကို ချထားဖို့အတွက်များ ဒီလောက်တောင် ဝိုင်းကြီးပတ်ပတ်လှည့်ဖို့ လိုလို့လား။ ဒီလောက်ထိ လှည့်နေမှတော့ လူက မမူးဘဲ ဘယ်နေမလဲ။ ပြီးတော့ ဘာတဲ့..."သတိထားနော်"တဲ့လေ ဟုတ်လား။ မသိရင် သူများအတွက် စိတ်ပူလို့ ပြောနေသလိုပဲ။ လူတစ်ကိုယ်လုံး သူ့ရင်ခွင်ထဲ ရောက်နေမှပဲ ငါက ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မလဲ။

ထိုသို့တွေးနေမိသော်လည်း နူးညံ့သိမ်မွေ့သော ပင်ကိုစရိုက်ရှိသည့် စုရွှေလျန်မှာ စိတ်ထဲကအတွေးများကို လေသံပင် မဟရဲပေ။ ပြီးတော့ တကယ်တမ်း လင်းစစ်ယောင်ကိုလည်း အပြစ်မဆိုသာပေ၊ စုရွှေလျန်ကိုယ်တိုင်ကပင် အားနွဲ့သူ ဖြစ်နေရခြင်းကြောင့်ပင်။ နှစ်ပတ်လောက် ဝိုင်းကြီးပတ်ပတ်လှည့်လိုက်သည်နှင့် စုရွှေလျန်မှာ အရှေ့ အနောက်ပင် မခွဲနိုင်တော့ပေ။

တစ်ဖက်က လင်းစစ်ယောင်မှာတော့ စုရွှေလျန်၏ ဒေါသရိပ်ဒေါသယောင်များကို အာရုံမထားအားပေ၊ သူတို့ဆီ တရွေ့ရွေ့ နီးကပ်လာနေသော မြင်းရထားသံကိုသာ ဂရုတစိုက် နားစွင့်နေလေသည်။

"ယွီး..." လမ်းဘေးတွင် လူရိပ်မြင်လိုက်သဖြင့် လှည်းသမားသည် လှည့်ကို တုန့်ကနဲ ရပ်ပစ်လိုက်သည်။ ဟင်း...သည်လူတွေ လှည်းကြုံစီးကြဦးမှာပဲ။ လမ်းတွင် လူတွေ့လိုက်တိုင်း လှည့်ကြုံလိုက်စီးကြသည်သာဖြစ်သည်၊ နေ့စဉ်နှင့်အမျှဆိုတော့လည်း ကြာလာသည့်နှင့်အမျှ ဤသို့အဖြစ်အပျက်တွေက ရေတွက်၍ပင် မနိုင်တော့ပေ။ နေဝင်နေပြီဆိုတော့လည်း လူတိုင်းသည် ခိုနားရာ လုံခြုံရာ နေရာတစ်ခုဆီသို့ အပြေးပြန်နေကြသည် မဟုတ်ပါလား။ ဒီဘက်နှစ်တွေမှာ နည်းနည်းလေး အေးချမ်းတည်ငြိမ်လာသည်နှင့်အမျှ သူခိုးသူဝှက်လည်း နည်းပါးလာသဖြင့် တံခါးစောင့် စစ်သား လူပျင်းတို့မှာ တံခါးများကိုပင် အသေအချာ သော့ခတ်စစ်ဆေးခြင်း မပြုကြပေ။ တကယ်တော့ မြို့လေးတွေတွင်လည်း လူပါတည်းခိုနိုင်သော ထမင်းဆိုင်လေးများမှာ ငါးဆိုင်ထက် မပိုပေ။ ညဘက်ဆို သည်နေရာများတွင် လူတွေပြည့်နေလေပြီ။ လှည်းသမားသည် သူ့မျက်စိရှေ့က အဝတ်အစား ပုံပန်းမကျ ထူးဆန်းလှသည့် သူငယ်နှင့် သူငယ်မတို့ကိုကြည့်ပြီး နယ်ခံမဟုတ်နိုင်ဟု ကောက်ချက်ဆွဲနေမိသည်။

ထိုသို့ တွေးတောနေမိပြီးတော့ လှည်းသမားသည် စိတ်ထဲတွင် ဆုံးဖြတ်ပြီး လေသံအမူအရာ ခပ်တင်းတင်းဖြင့် လှမ်းခေါ်လိုက်လေသည်။ "ဟေ့ သူငယ်နဲ့ သူငယ်မ လမ်းကြုံလိုက်ချင်ကြသလား။ ကြေးပြားသုံးဆယ်ပေးမှ ဟောဒီက အဘိုးကြီးက ခေါ်သွားနိုင်မယ်နော့..."

လင်းစစ်ယောင်၏ မျက်လုံးတွင် လက်ခနဲဖြစ်သွားသည်။ သူ့စိတ်ထဲတွင် လှည်းသမားကို ကန်ထုတ်၍ လှည်းကို လုယူရန် စိတ်ကူးနေဆဲပင် ရှိသေး စုရွှေလျန်၏ ဝမ်းသာအားရ စကားသံများက ကြားဖြတ်ဝင်သွားလေတော့သည်။ "ကြေးပြားသုံးဆယ်ပဲမလား။ ကျွန်မတို့မှာ ပါပါတယ်နော်။ ကောင်းလိုက်တာ။ တကယ့် ကွက်တိပါပဲ။ လာ​ဟေ့ တက်ကြစို့။ ရှောင်ချွမ်နဲ့ ရှောင်ရွှယ်တို့ရောဟေ့..."

လှည်းသမားမှာ ဖျတ်ကနဲ မျက်တောင်ခတ်မိသွားသည်။ ဘယ်လို ဘယ်လို၊ ဒီနှစ်ယောက်အပြင် နောက်ထပ် ပါသေးသလား။ ရုတ်တရက် ချက်ချင်းဆိုသလိုပင် သူ့မျက်စိအောက်တွင် အဖြူစလေးများ ဖျတ်ကနဲ ပေါ်လာကြသည်။ သေသေချာချာကြည့်လိုက်မှပင် ကျောပေါ်မှာ ဝန်စည်စလယ်ကိုယ်စီနှင့် နှင်းလိုဆွတ်ဆွတ်ဖြူနေသော ခွေးလေးနှစ်ကောင်။ အံ့ဩလို့ပင် မဆုံးသေး၊ ထိုနှစ်ကောင်မှာ လှည်းပေါ်သို့ ခပ်တည်တည်ပင် တက်ချလာသဖြင့် ပို၍ပင် အံ့ဩရလေတော့သည်။

စုရွှေလျန်မှာ လှည်းပေါ်သို့ မြူးထူးစွာ ခုန်တက်ရင်း လင်းစစ်ယောင်ကိုပင် ဝမ်းသာအားရ ဆွဲထားမိလေသည်။ ပြီးတော့ လင်းစစ်ယောင်၏ ကျောပေါ်က အထုပ်ကို ဖြည်ပြီးနောက် ပိုက်ဆံအိတ်ထဲက အသေးဆုံး ငွေဒင်္ဂါးပြားလေးကို ထုတ်ပြီး လှည်းသမားကို ပေးလိုက်လေသည်။

"ဒီလောက်ဆို ရတယ်မလား ဦးကြီး"

လှည်းသမားကြီးလည်း တစ်ချက် ကြည့်လိုက်သည်။ ငွေစ မဟုတ်ပါလား၊ ကြေးပြားတစ်ရာမကတန်သော ငွေစ မဟုတ်ပါလား။ ချက်ချင်းပင် ပျာပျာသလဲ ပြုံးပြလိုက်ပြီးနောက် ရွှင်မြူးစွာ ဆိုလိုက်သည်။ "ရတာပေါ့ဗျာ။ ရသမှ သိပ်ရ။ ကဲ သေချာထိုင်ကြနော် သူငယ်တို့ သူငယ်မတို့။ ဦးကြီး လှည်းစထွက်ပြီကွယ့်။"

လင်းစစ်ယောင်၏ ပုံစံအနေအထား အငွေ့အသက်ကို ကြည့်ရသည်မှာ အတော်ပင် ထိတ်စရာ လန့်စရာ ဖြစ်နေသည်။ သို့သော် သူ ထိုသို့ဖြစ်နေသည်မှာ စုရွှေလျန်က လှည်းသမားကို ငွေပေး၍ လှည်းကြုံစီးသည်ကို မကျေနပ်၍ မဟုတ်ပေ၊ ပြဿနာလေးတစ်ခုခု ရှာလိုက်ရမှ ကျေနပ်သည့် သူကိုယ်တိုင်၏ ဉာဉ်ဆိုးလေးကြောင့် ဖြစ်ပေသည်။

လူပေါင်းများစွာတို့၏ သွေးတွေ စွန်းပေခဲ့သော သူ့လက်များကို ငုံ့ကြည့်ရင်း လင်းစစ်ယောင် တစ်ယောက် သူ့အပြစ်တွေ ကျေအောင်မှ တိုက်ချွတ်ဆေးကြောနိုင်ပါ့မလားဟု တွေးနေမိသည်။ စုရွှေလျန်နှင့် သူမှာ မိုးနှင့်မြေ ဆီနှင့်ရေလို ကွာခြားလှပေသည်။ ထိုသို့တွေးလိုက်မိသည်နှင့် လင်းစစ်ယောင်၏ ကိုယ်မှ ကြက်သီးမွေးညင်းထစရာ အငွေ့အသက်တွေ ထုတ်လွှတ်လိုက်လိုက်သလို ဖြစ်လာသည်။ ခုနကမှ မြူးထူးဆော့ကစားလျက်ရှိသော ဝံပုလွေပေါက်လေးနှစ်ကောင်ပင် လင်းစစ်ယောင်ထံက အငွေ့အသက်ကြောင့် ငြိမ်ကုပ်သွားကြလေသည်။ လင်းစစ်ယောင်၏ ဘေးတွင်ပင် တုတ်တုတ်မျှ မလှုပ်ရဲအောင် ထိုင်နေကြလေသည်။ စုရွှေလျန်ရင်ခွင်ထဲတွင် နွဲ့ဆိုးဆိုးဖို့ စိတ်ပင်ကူးရဲကြတော့ဟန်မတူပေ။

"ရှင်...အဆင်ပြေရဲ့လား" စကားတစ်ခွန်းမဆိုဘဲ တုံဏှိဘာဝေလုပ်နေသော လင်းစစ်ယောင်ကို ကြည့်ပြီး စုရွှေလျန်တစ်ယောက် စိုးရိမ်စွာ မေးလိုက်သည်။ သူ့စိတ်ထဲတွင်တော့ လင်းစစ်ယောင်တစ်ယောက် သူ့ကို ချီပြီး အချိန်အကြာကြီး ခရီးသွားခဲ့ရသဖြင့် မောဟိုက်ပင်ပန်းသွားသည်ဟု ထင်နေမိသည်။ တကယ်တော့ လင်းစစ်ယောင်တစ်ယောက် နာလန်ထလာပြီးကတည်းက ပြင်းပြင်းထန်ထန် လှုပ်ရှားရသည့် ပထမဆုံးအခါလည်း ဖြစ်နေပေသည်။ လင်းစစ်ယောင်မှာ ဒဏ်ရာဟောင်းတွေများ ပြန်ပေါ်လာလေမလား၊ သို့မဟုတ် ကိုယ်ပူဖျားနာနေမလား စိတ်ပူမိသဖြင့် စုရွှေလျန်တစ်ယောက် ဘာမှ ရှည်ရှည်ဝေးဝေး မစဉ်းစားမိဘဲ လင်းစစ်ယောင်၏ နဖူးကို သွားစမ်းမိလေသည်။

လင်းစစ်ယောင်ကတော့ စုရွှေလျန်က ရုတ်တရက်စမ်းလိုက်သဖြင့် လန့်သွားဟန်တူပြီး ကိုယ်ချင်းပင် အနည်းငယ်ခွာလိုက်သေးပေသည်။ ပြီးမှ စုရွှေလျန်၏ လက်ကလေးကို အသာအယာ ဖယ်ချလိုက်ပြီးနောက် စိုးရိမ်ရိပ် ပူပန်ယောင်တွေ ပြည့်နေသည့် စုရွှေလျန်၏ မျက်လုံးများကို ကြည့်ပြီး လင်းစစ်ယောင် နူးညံ့သိမ်မွေ့စွာပင် တုန့်ပြန်လိုက်သည်။ "ငါ အဆင်ပြေပါတယ်။" သူ့လက်များသည် စုရွှေလျန့် လက်ကလေး၏ နူးညံ့ညင်သာမှုကို ခံစားလိုက်ရသောအခါ လင်းစစ်ယောင် တစ်ယောက် သူ့၏ လူသတ်သမား ကိုယ်ရောင်ကိုယ်ဝါ အငွေ့အသက်များကို အလိုလိုပင် ပြန်လည်ရုပ်သိမ်းလိုက်မိသည်။ စုရွှေလျန်တစ်ယောက် ကြောက်သွားရှာမည် မဟုတ်လား။

တကယ်လို့များ ဝံပုလွေလေးနှစ်ကောင်သာ လူတွေရဲ့ စိတ်ကို ဖတ်တတ်ကြလျှင်တော့ လင်းစစ်ယောင်၏ အတွေးကို ဤသို့ပင် အာပေါင်အာရင်းသန်သန် ချေပေနေကြပေလိမ့်မည်၊ "ဘယ့်နှယ်လဲ ဆရာကြီး ခင်ဗျားကြီးက ကျုပ်တို့ပေါ်သာ ဗိုလ်ကျနိုင်တာပါ။ သခင်မကတော့ ခင်ဗျားစရိုက် ဘယ်လောက်ဆိုးဆိုး ကိုယ်ခံအားရနေသလို အေးအေးဆေးဆေးပါပဲလား။"

သုံးနာရီခန့် ခရီးနှင်လာပြီးသည့်နောက်တော့ ရထားအရှိန်လျော့သွားသည်ကို စုရွှေလျန် ခံစားမိလိုက်သည်။ တင်းတိမ်ရံစများကို ဖယ်လိုက်ပြီးနောက် ရထား ပြတင်းမှနေ၍ ခေါင်းလေးကို ပြူတစ်ပြူတစ်လုပ်ပြီး စပ်စုနေမိလေသည်။

"အိုး...လှလိုက်တာရော..." စုရွှေလျန်၏ အတွေးတို့ စကားသံများအဖြစ် ပွင့်ကျလာသည်။ သူကိုယ်တိုင် ထိုးခဲ့သော "မြစ်ကြောင်းတစ်လျှောက်ဝယ်" ချည်ပန်းထိုးစပေါ်က ရှုခင်းအလှသည်ပင်လျှင် ယခု သူ့မျက်စိအောက်က ရှုခင်းနှင့် ဘာမှမယှဉ်သာအောင် ရှိနေပေတော့သည်။

စုရွှေလျန်၏ စကားကို ကြားလိုက်ရပြီးနောက် လင်းစစ်ယောင်တစ်ယောက် တိတ်တိတ်လေး မျက်မှောင်ကျုံ့မိသည်။ နယ်စွန်နယ်ဖျားက မြို့သိမ်မြို့ငယ်လေးကို သူ ဘာလို့ ဒီလောက် အံ့ဩတကြီး ချီးမွမ်းနေရတာလဲ။ စုရွှေလျန်၏ မိဘမျိုးရိုး မိသားစု နေထိုင်ခဲ့သော အရပ်ဒေသနှင့် ရှုခင်းမြင်ကွင်းတို့သည် တကယ်တော့ သည်မြို့သိမ်မြို့ငယ်လေးနှင့် ဘာမှယှဉ်စရာ အကြောင်းမရှိဘူး မဟုတ်လား။

စုရွှေလျန်တစ်ယောက်ကတော့ မြို့ထဲက အိမ်တိုင်းစေ့ ထွန်းညှိထား​ကြသော မီးပုံးလေးများကိုသာ မျက်စိကျနေလေတော့သည်။

စုရွှေလျန်၏ ဘဝဟောင်းက ပွဲခင်းများလို ရှင်သန်လှုပ်ရှားမှု လူသူတွေဆူညံရှုပ်ထွေးနေမှု မရှိလှသော်လည်း သည်နေရာလေးမှာ သူ့ကိုယ်ပိုင်အငွေ့အသက်တစ်ခု ရှိနေသလိုပင်၊ တိတိကျကျ ပြောရလျှင် ဤနေရာလေးက ပို၍ သဘာဝဆန်သလို ခံစားနေရပေသည်။ မှန်ပေသည်၊ စုရွှေလျန်၏ ဘဝဟောင်း (တရုတ်သမ္မတနိုင်ငံခေတ်)မှာ ပို၍ ဖွံ့ဖြိုးတိုးတက်နေခဲ့သောကြောင့် ဖြစ်သည်။ လူတချို့အတွက်ကတော့ လူနေမှုအဆင့်အတန်း ခေတ်နောက်ပြန်သွားခြင်းကို လက်ခံနိုင်စရာ ရှိကောင်းမှ ရှိပေလိမ့်မည်၊ သို့သော် တောကြီးမျက်မည်းထဲတွင် သုံးလတိုင် နေလာခဲ့ရသော စုရွှေလျန်အတွက်တော့ ဤသို့ ရှင်သန်လှုပ်ရှားမှုရှိသော ပတ်ဝန်းကျင်အငွေ့အသက်လေးသည်ပင် အင်မတန့် စိတ်လှုပ်ရှားစရာကြီး ဖြစ်နေပေတော့သည်။

စပ်စုနေရင်းမှပင် သူ့ကို လူတကာက အထူးအဆန်းထင်နေကြမည်ကို တွေးမိပြီး စုရွှေလျန်တစ်ယောက် တိတ်တခိုးလေး ရယ်လိုက်မိသည်။

"ဒီလမ်းက လော့မြို့ရဲ့ အစည်ကားဆုံးလမ်းပဲ။ ပြီးတော့ ဒီနေ့က ခုနစ်လပိုင်းရဲ့ ခုနစ်ရက်နေ့ဆိုတော့လည်း လမ်းတကာမှာ ပုံမှန်ထက် ပိုပြီးစည်ကားတာပေါ့။ ခဏနေကျရင် သူတို့တွေ နတ်ဒေဝတာညရဲ့ အဖွင့်အဖြစ် ကြာပွင့်ပုံ မီးပုံးလေးတွေပါ မျှောကြမယ်လေ။ ငါ့တူမတို့ကို ဒီနားလေးမှာပဲ ချပေးရမလား။ ဒါမှမဟုတ် ထမင်းဆိုင်တည်းခိုခန်းတစ်ခုခုမှာ ချပေးရမလား။" လှည်းသမားကြီးသည် လှည်းကို ဖြည်းဖြည်းချင်း အရှိန်သတ်လိုက်ပြီးမှ ပြောလိုက်လေသည်။ ရထားပြတင်းက တင်းတိမ်ရံခန်းဆီးစများကို သူကိုယ်တိုင်ပင် ဆွဲတင်ပေးလိုက်ပြီး စိတ်အားထက်သန်စွာ မေးလိုက်ခြင်း ဖြစ်ပေသည်။ ငွေလေးကလည်း ခပ်ရွှင်ရွှင် ရလိုက်လေတော့ ဤသို့ အထူးတလည် ဂရုစိုက်တာ သဘာဝလည်း ကျပါပေသည်။

စုရွှေလျန်ကတော့ လင်းစစ်ယောင်၏ မျက်နှာကိုသာ ပြေးကြည့်လိုက်မိလေသည်။ သူ့အနေဖြင့် ဤနေရာအကြောင်းမသိဘဲ ရွေးချယ်ဆုံးဖြတ်၍ သင့်တော်မည် မဟုတ်သောကြောင့်ပင်။

စုရွှေလျန်၏ အသံတိတ် အကူအညီတောင်းမှုကို လင်းစစ်ယောင်တစ်ယောက် သတိပြုမိသဖြင့် လှည်းသမားကြီးထံ ပိုင်ပိုင်နင်နင်ရှိသော လေသံဖြင့် အဖြေပေးလိုက်လေသည်။ "ထမင်းဆိုင်တည်းခိုခန်းကိုသာ တည့်တည်မောင်းပေးပါ။"

"ရတာပေါ့..." လှည်းသမားကြီးလည်း ချက်ချင်းဆိုသလိုပင် တုန့်ပြန်လိုက်လေသည်။ "ဟဲ့...သွား" မြင်းကို ကြိမ်တို့လိုက်သည်နှင့် သူတို့မြင်းရထားလေးသည် ဖန်းလော့မြို့၏ မင်းလမ်းမကြီးတစ်လျှောက် ခပ်ဖြည်းဖြည်းပင် ခရီးနှင်လာခဲ့လေသည်။

စုရွှေလျန်ကတော့ လမ်းဘေးဝဲယာ ဆိုင်တွေတွင် တည်ခင်းရောင်းချနေသော ပစ္စည်းအမျိုးမျိုးတို့ကို ရထားပြတင်းမှတစ်ဆင့် အားရပါးရကြီး ကြည့်နေလေတော့သည်။ ပြီးတော့မှပင် လှည်းသမားကြီး ပြောလိုက်သော စကားများကို ပြန်စဉ်းစားမိသဖြင့် စုရွှေလျန်သည် တစ်ရေးလောက်မှေးနေသော လင်းစစ်ယောင် ဘက်သို့ လှည့်ပြီး မေးလိုက်သည်။ "ခုနစ်လပိုင်းရဲ့ ခုနစ်ရက်တို့၊ ကြာပွင့်ပုံ မီးပုံးတို့၊ နတ်ဒေဝတာညတို့က ဘာတွေလဲ"

လင်းစစ်ယောင်တစ်ယောက် ဖျတ်ကနဲ မျက်စိအဖွင့်လိုက်တွင် စုရွှေလျန်၏ ကြည်လဲ့၍ တဖျတ်ဖျတ် တောက်ပနေသော မျက်ဝန်းအစုံတို့နှင့် ရင်ဆိုင်လိုက်ရလေသည်။ သူ ချက်ချင်းပင် အကြည့်တို့ကို လွှဲဖယ်လိုက်လေသည်။ သူ့ပါးတွေမှာပင် မသိမသာ ရဲတက်လာလေသည်။

"ခုနစ်လပိုင်း ခုနစ်ရက်ဆိုတော့ ခုနစ်(၂)လုံး ဆုံတဲ့ပွဲပေါ့" လင်းစစ်ယောင်က ရှင်းပြလိုက်သည်။

(နွားကျောင်းသားလေးနှင့် ရက်ကန်းသည်မလေးတို့ နှစ်စဉ်တွေ့ဆုံခွင့်ရသည့် အထိမ်းအမှတ် ကျင်းပသည့် တရုတ်ရိုးရာ ချစ်သူများနေ့ပင် ဖြစ်ပေသည်။)

စိတ်ဝင်စားသည့် အရိပ်အယောင်များ ပြည့်လျှမ်းနေသော စုရွှေလျန်၏ မျက်ဝန်းလေးများကို မြင်လိုက်ပြီးနောက် လင်းစစ်ယောင်တစ်ယောက် သူ့ကိုယ်သူပင် မသိလိုက်ဘဲ ပြောထွက်မိသွားသည်။ "မင်း သွားကြည့်ချင်လား"

"အင်း" စုရွှေလျန်က ခေါင်းငြိမ့်ပြသည်။ မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး လင်းစစ်ယောင်ကို ကြည့်ရင်း တိုးတိုးလေး မေးပြန်သေးသည်။ "ကျွန်မတို့ တကယ်သွားလို့ရလား။"

လင်းစစ်ယောင်လည်း အလိုလိုပင် ခေါင်းငြိမ့်ပြနေလျက်သား ဖြစ်လေတော့သည်။ ဪ ဤမိန်းကလေး၏ ဆန္ဒဆိုလျှင် သူ့မှာ ငြင်းပယ်ရန် မစွမ်းနိုင်ပါလား။

"ရေး...မိုက်တယ်ဟေ့" စုရွှေလျန်တစ်ယောက် လှလှပပ ဝင့်ဝင့်စားစား ပြုံးလျက် ဝမ်းသာအားရ ရေရွတ်မိလေသည်။ ပြီးတော့ သူ့ကိုယ်သူပင် သတိမထားမိဘဲ လင်းစစ်ယောင်၏ အင်္ကျီစကို ဆွဲ၍ ပြောမိသည်။ "ကျေးဇူးတင်ပါတယ်..."

သူ့အင်္ကျီအနားစတွေကို ဆွဲနေသော မိန်းကလေးကို ကြည့်ပြီး လင်းစစ်ယောင်တစ်ယောက် သူ့ခံစားချက်တွေကို ကြိုးစားမေ့ဖျောက်လိုက်ရပြန်လေသည်။

"အိပ်ခန်းနှစ်ခန်း၊ အမွှေးတိုင်တစ်ထုပ်၊ ချိုးဖို့ ရေနွေး၊ ထမင်းဟင်း ပူပူနွေးနွေး၊ ပြီးတော့ ကျားဝတ် မဝတ် တစ်စုံစီ" ထမင်းဆိုင်တည်းခိုခန်းထဲသို့ စုရွှေလျန်နှင့်အတူ လျှောက်၍ဝင်သွားပြီးနောက် လင်းစစ်ယောင်က သူတို့ကို ပြုံးပြကြိုဆိုနေသော ဆိုင်ရှင်ရှေ့တွင် မှာလိုသောအရာများ တန်းစီရွတ်ပြလိုက်ခြင်းဖြစ်သည်။

"ရပါတယ်ဗျာ။ အားလုံး အဆင်ပြေစေရမယ်။ အားဖုန်းရေ ဒီဧည့်သည်နှစ်ယောက်ကို အပေါ်ထပ်က သူတို့ တည်းရမယ့်အခန်းဆီ ခေါ်သွားပေးပါဦး။" လင်းစစ်ယောင်က စပေါ်ငွေတင်ရန် ပစ်ပေးလိုက်သော ငွေတုံးကို ဆိုင်ရှင်မှာ ဝမ်းသာအားရ ယူလိုက်လေသည်။ ရေနွေးရော ထမင်းဟင်းရော အဝတ်အစားရော အမွှေးတိုင်ပါ မှာတဲ့ ဧည့်သည်နှစ်ယောက်နဲ့တော့ဖြင့် ငါတော့ အတော်ကို ပွပေါက်တိုးရချေသေးရဲ့။

လင်းစစ်ယောင်ကတော့ ဆိုင်ရှင်ကို အာရုံပင်မရတော့ဘဲ စုရွှေလျန်ကိုသာ အပေါ်ထပ်သို့ ခေါ်လာခဲ့လေသည်။

"ဟို...လူကြီးမင်းတို့ ကျွန်တော်တို့ဆိုင်တွင်းကို ကြောင်၊ ခွေး အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်များကို ခေါ်ဆောင်လာခွင့် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ဒီကောင်လေးတွေကို နောက်ဖေးဘက်ကို ခေါ်သွားလို့ရနိုင်မလားခင်ဗျာ။" နောက်ဝင်လာသော ဧည့်သည်များကို ခရီးဦးကြိုပြုရန် ပျာပျာသလဲ လှည့်ကြည့်လိုက်ကာမှပင် ဆိုင်ရှင်သည် သစ်သီးခြင်းသယ်လာသော ဝံပုလွေပေါက်လေးနှစ်ကောင်ကို မြင်လိုက်ခြင်း ဖြစ်ပေသည်။ ဤအဖြစ်မျိုးမှာ ဖြစ်နေကျ မဟုတ်သော်လည်း ဆိုင်စည်းကမ်းကတော့ ဆိုင်စည်းကမ်းသာ ဖြစ်ပေသည်။ ဆိုင်ရှင်လည်း အပေါ်ထပ်တက်သွားကြသော လူနှစ်ယောက်ကို လှမ်းအော်ပြောလိုက်ပြီး အားနာပါးနာနှင့် ခေါင်းလေးသာ ငြိမ့်ပြလိုက်လေသည်။

စုရွှေလျန်ကတော့ နှုတ်ခမ်းကိုသာ ကိုက်ထားမိလေသည်။ ဝံပုလွေလေးနှစ်ကောင်ကို သူ့အခန်းထဲ ခေါ်ထားဖို့ မဖြစ်နိုင်မှန်း သူ သိသည်။ သူ ဘာဆက်လုပ်ရမလဲ မသိတော့။

"ဟုတ်ကဲ့။ ဆိုင်ရှင်ကြီး ကောင်းသလိုသာ စီစဉ်ပါ" လင်းစစ်ယောင်ကတော့ စုရွှေလျန်ကို အပေါ်ထပ်သို့သာ ဆွဲခေါ်သွားရင်း ဆိုင်ရှင်ကို လှမ်းပြောလိုက်လေသည်။ အပေါ်ထပ် ဆက်မတက်ခင်လေးတွင် လင်းစစ်ယောင် သည် ဝံပုလွေလေးနှစ်ကောင်ကို တစ်ချက် လှည့်ကြည့်လိုက်သေးသည်၊ သူကြည့်လိုက်သည်နှင့် ဝံပုလွေလေးနှစ်ကောင်မှာ ဆိုင်အလုပ်သမားနောက်သို့ တစ်ခါတည်း လိုက်သွားကြလေတော့သည်။ "အု...အု...အု သခင်မရေ ကြည့်ပါဦး။ ဒီလူကြီး ငါတို့ကို ဘယ်လိုဆက်ဆံလဲ။ ငါတို့လည်း သခင်မနဲ့ပဲ အိပ်ချင်တာပေါ့။ ဒါပေမယ့် ဒီလူကြီးက သိပ်ပြီး လက်စောင်းထက်နေတော့ သူ့ကို ငါတို့ မနိုင်နိုင်ဘူး။ အု...အု...အု"

"ကျွန်မနားထဲ ရှောင်ချွမ်နဲ့ ရှောင်ရွှယ်တို့ခေါ်သံ ကြားလိုက်သလားလို့" စုရွှေလျန်သည် အသေအချာ အာရုံစိုက် နားထောင်ပြီးမှ လင်းစစ်ယောင်ဘက်သို့ လှည့်၍ မေးလိုက်သည်။ "ရှင်ရော ကြားလိုက်လား"

"မကြားပါဘူး" လင်းစစ်ယောင်ကတော့ တစ်စက်ကလေးမှ တုန့်ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။ "မင်း နားကြားမှားတာ ဖြစ်မှာပါ။" ထိုသို့ပြောပြီးနောက် လှေကားပေါ်သို့သာ ဆက်တက်သွားလေတော့သည်။

သူတို့ လှေကားပေါ် ဆက်တက်လာကြသည်။ ဤတစ်ခါတွင်တော့ လမ်းတစ်ဝက်မှာ သူတို့ကို ဘယ်သူကမှ ထပ်ပြီး အော်မ​ခေါ်ကြတော့ပေ။

***

All Chapters