ခုနှစ်လပိုင်း၏ခုနှစ်ရက်မြောက်နေ့
Vol. 1 Ch. 11
"ဟား"
စုရွှေလျန်သည် သစ်သားရေချိုးဇလုံကို စိမ်ပြေနပြေမှီ၍အနားယူနေကာ စိတ်ကျေနပ်သည့်ညည်းတွားသံလေးထွက်ပေါ်လာသည်။
သုံးလခန့်ရေမချိုးသည့်နောက်တွင် ယခုအကြိမ်ရေစိမ်ခြင်းသည် အတိသုခပင်ဖြစ်သည်။
ရေနွေးနွေးအား သူမ၏နူးညံ့ကာကျောက်စိမ်းရောင်သမ်းနေသောပုခုံးများပေါ်သို့ လောင်းချလိုက်သည်။ စုရွှေလျန်သည် ခါးထိရှည်သောကျစ်ဆံမြီးအားဖြေချထားကာ ရေနွေးထဲတွင် သူမဘာသာ တစ်ဝက်မျှနစ်မြုပ်စေသည်။
သူမသည် တဲထဲတွင်နေနေသည်မှာ လပေါင်းများစွာကြာပြီဖြစ်သည်။ ရေပေါသော်လည်း ရေချိုးရန်အထိ နွေးနေခြင်းမဟုတ်ပေ။ ဆပ်ပြာနှင့်ခေါင်းလျှော်ရည်ကဲ့သို့သော် တစ်ကိုယ်ရေသုံးသန့်ရှင်းရေးပစ္စည်းများမရှိသည်မှာ ပျော်စရာပင်မလိုပါ။ ထိုအရာများသည် ရိုးရှင်းသောပစ္စည်းများဖြစ်သော်လည်း တစ်ခုမှမရှိပေ။ ထင်းမီးကိုကြည့်ကာ စုရွှေလျန်၏စိတ်က စတင်ခြေဦးတည်ရာမရှိသွားလာနေပေသည်။ သူမ၏ယခင်ဘဝ စုအိမ်တော်၏အကြီးဆုံးသမီးဖြစ်ခဲ့သည်မှာ လက်တွေ့ဆန်သောအိပ်မက်သာသာမျှသာဖြစ်သည်။ ယခုတွင် မိဘမဲ့မိန်းကလေးအဖြစ်နိုးထလာကာ သူမ၏အိမ်သည် မည့်သည့်အရပ်တွင်ရှိသည်ကိုပင် မသေချာပေ။
စုရွှေလျန် သက်ပြင်းချမိသည်။ ထားလိုက်ပါလေ။ အတိတ်သည် အတိတ်မျှသာဖြစ်သည်။ သူမသည် ယခုနေရာတွင် ရှိနေပြီးဖြစ်ကာ အမေနှင့်အစ်ကိုသည် သူမအကြောင်းစဉ်းစားမိရန်သာ ဆုတောင်းနိုင်ပေသည်။ ကူးပြောင်းလာပြီးဖြစ်သည့်အတွက် ယခုနေရာမှဘဝကိုနှစ်ခြိုက်ကာ ကောင်းကောင်းမွန်မွန်ရှင်သန်ရမည်ပင်။
စူးရှကာကြည်လင်သောတံခါးခေါက်သည် အခန်းအပြင်မှ ထွက်ပေါ်လာသည်။ တံခါးခေါက်သံနှင့်အတူ ရင်းနှီးနေသောအသံတစ်သံကိုလည်း ကြားလိုက်ရသည်။
"စားဖို့အချိန်ကျပြီ"
"ဪ ဪ ကျွန်မလာခဲ့ပါ့မယ်"
စုရွှေလျန်သည် သူမ၏အကြည့်ကို ရုပ်သိမ်းလိုက်ကာ ရေသည်ပင် အေးစက်သွားလေပြီ။ ထို့နောက် ရေထဲမှ လျင်မြန်စွာထလိုက်ပြီး ကုလားထိုင်နောက်တွင်တင်ထားသောပဝါကိုယူကာ ခန္ဓာကိုယ်တွင်ပတ်လိုက်သည်။ ရေတစ်စက်စက်ကျနေသော စိုစွတ်နေသည့်ဆံပင်များကိုလည်း သုတ်လိုက်သည်။
လင်းစစ်ယောင်သည် အလျင်လိုနေသောခြေလှမ်းများမှ အခန်းထဲမှ ရေစင်သံကို ကြားလိုက်ရသည်။ သူမသည် ရေဇလုံထဲမှထွက်လာကာ အလျင်လိုနေသည့်ပုံကို စိတ်ကူးယဉ်ကြည့်လိုက်သည်။ ထိုအတွေးက သူ၏ခန္ဓာကိုယ်အား တောင့်တင်းသွားစေသည်။ လှည့်ထွက်သွားကာ တံခါးလက်ရန်းဆီသို့ လျှောက်သွားလိုက်ပြီး တံခါးလက်ရန်းအနီးအနားရှိနံရံကိုမှီလိုက်သည်။ အောက်ထပ်လှေကားများကိုသာ အာရုံစိုက်နေသော်လည်း အခန်းထဲရှိနူးညံ့သိမ်မွေ့သောမိန်းကလေးဆီကိုသာ စိတ်ရောက်နေမိသည်။
စုရွှေလျန်တစ်ယောက် ရှုပ်ထွေးသောအဝတ်အစားများကိုဝတ်ဆင်ပြီးနောက်တွင် တံခါးဖွင့်လိုက်သောအခါ လှေကားများကိုကြည့်နေသည့် လင်းစစ်ယောင်၏နောက်ကျောပြင်အား တွေ့လိုက်ရသည်။
"ကျွန်မအဆင်သင့်ဖြစ်ပြီ"
သူမက ညင်သာစွာပြောလိုက်သည်။ လျပ်တစ်ပြက်အကြည့်တွင် အပြုံးလေးက အသက်ပါလှ၏။ တစ်ချိန်တည်းတွင်ပင် လင်းစစ်ယောင်လှည့်လာကာ သူမ၏စကားလုံးများကို ဖြတ်တောက်လိုက်သည်။
မှန်ပေသည်။ သူမရှေ့မှယောင်္ကျားသည် မှိုင်းပြပြအပြာရောင်အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ခါးစည်းကြိုးသည်လည်း တစ်ရောင်တည်းပင်ဖြစ်သည်။ အနက်ရောင်ဆံပင်ရှည်အား မီးခိုးရောင်နှင့်ဆင်သည့် ကျောက်စိမ်းဆံထိုးဖြင့် ချည်နှောင်ထားသည်။ ရေခဲတုံးတမျှအေးစက်လွန်းသောမျက်နှာကြောင့်သာမဟုတ်လျှင် လင်းစစ်ယောင်နှင့်ရုပ်ချင်းဆင်သည့် ညီအစ်ကိုဟု ထင်မိပေလိမ့်မည်။
သူမကို ကြည့်ကာ လင်းစစ်ယောင်မျက်ခုံးပင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူမကိုအခန်းထဲသို့ ဆွဲခေါ်သွားသည်။ စကားလုံးများကင်းမဲ့စွာဖြင့်ပင် ခြောက်သွေ့သောပဝါကိုကောက်ယူကာ စိုစွတ်နေသောသူမ၏ဆံကေသာများကို နူးညံ့စွာအခြောက်ခံသုတ်ပေးနေသည်။
စုရွှေလျန်၏မျက်နှာနီမြန်းသွားသည်။ သူမ၏ဆံပင်ကို မြန်မြန်သုတ်ခြင်းမှာ သူကြာမြင့်စွာစောင့်ဆိုင်းနေရမည်စိုးသောကြောင့်ဖြစ်သည်။ ဆံပင်ကို ခေတ္တမျှသာသုတ်လိုက်ပြီး လမ်းလျှောက်ထွက်လာသောအခါတွင် ရေကတစ်စက်စက်ကျလာပြန်သည်။ ဆံပင်ခြောက်အောင်ကူညီပေးရန် သူ့အားဒုက္ခပေးလိုက်ခြင်းသာဖြစ်သည်။
စုရွှေလျန်သည် နှုတ်ခမ်းများကိုကိုက်ကာ အသံခပ်နိမ့်နိမ့်ဖြင့်
"ကျွန်မဘာသာလုပ်မယ်ဆိုရင်ရော ဘယ်လိုလဲ"
"မလှုပ်နဲ့"
လင်းစစ်ယောင်သည် လက်တစ်ဖက်ကို သူမပုခုံးပေါ်တွင် သာယာစွာတင်လိုက်ပြီး ထိုင်ခုံပေါ်တွင်ထိုင်စေသည်။ အခြားလက်တစ်ဖက်က သူမ၏ ရေတစ်စက်စက်ကျနေသောဆံကေသာကို ခြောက်သွေ့စေရန် အတွင်းအားကူးပြောင်းပေးနေသည်။ တစ်ချိန်တည်းတွင်ပင် သူမ၏စိုစွတ်နေသောအဝတ်များကိုလည်း ခြောက်အောင်ကူညီပေးနေသည်။
"ကျေးဇူးတင်ပါတယ်"
စုရွှေလျန်သည် ခပ်တိုးတိုးပြောလိုက်လေ၏။ ကျောပြင်သည် စတင်နွေးလာသည်ကို ခံစားမိကာ အဝတ်အစားများသည်လည်း မကြာခင်ပင် ခြောက်သွေ့သွား၏။
ပဝါကိုချလိုက်ကာ လင်းစစ်ယောင်တစ်ယောက် အခန်းပြင်သို့လျှောက်သွားပြီး စုရွှေလျန်၏ဆံပင်အား ကူညီလုပ်ပေးရန် အမျိုးသမီးအစေခံတစ်ယောက်အား ခေါ်လိုက်သည်။
အမျိုးသမီးအစေခံ၏သွက်လက်သောလက်များက စုရွှေလျန်၏ဆံပင်အား ခပ်မြန်မြန်ဖြင့် လုပ်ပေးလိုက်သည်။ သူ၏ဆံပင်အား ဆံထုံးပုံထုံးဖွဲ့ပေးလိုက်ကာ ကျန်ရှိနေသောဆံပင်များကို နောက်ကျောပေါ်တွင်ချထားလိုက်သည်။ နဖူးစပ်မှဆံပင်နှစ်စအား နားနောက်တွင်သိမ်းလိုက်ပြီး ကျန်သည်ကို ရင်ဘတ်ပေါ်တွင်ချထားလိုက်သည်။ နူးညံ့သောလေပြေတွင် သူမသည် နတ်သမီးနှင့်အသွင်တူကာ အကြည့်များကို လွန်စွာကျေနပ်စေပေလိမ့်မည်။
"မိန်းကလေးက အရမ်းချစ်စရာကောင်းတာပဲ"
အစေခံမိန်းကလေးက ဟက်ဟက်ပက်ပက်ပြောလိုက်သည်။
စုရွှေလျန်၏နူးညံ့သောသွင်ပြင်သည် အစိမ်းနုရောင်အဝတ်အစား၊ ဆံထုံးပုံထုံးဖွဲ့ထားသောအနက်ရောင်ဆံကေသာဖြင့် အသားပေးဖော်ပြထားသည်။ သူမ၏ဆံပင်တွင် ဆံထိုးကဲ့သို့သော အဆင်တန်ဆာမျိုး မဆင်မြန်းထားသော်လည်း တစ်စုံတစ်ယောက်သည် သူမအားကြည့်မိလျှင် တစ်စက္ကန့်ထက်ပို၍အချိန်ယူရပေမည်။
စုရွှေလျန် ခပ်ရေးရေးလေးပြုံးလိုက်သည်။ သူမခန္ဓာကိုယ်သည် မည်သို့ကြည့်ကောင်းနေသည်ကို သေချာမသိပေ။ သူမရှေ့တွင် ကြေးမှန်ရှိသော်လည်း မပြတ်မသားပုံရိပ်ကို ဝိုးတိုးဝါးတားမျှသာမြင်ရပြီး သူမရုပ်မဆိုးကြောင်းသာ ပြောနိုင်ပေသည်။
လင်းစစ်ယောင်က စုရွှေလျန်အား တစ်ချက်ကြည့်လိုက်သည်။ သူအမှန်ပင်ကြောင်အမ်းသွားရသည်။ သူမ၏အသွင်အပြင်သည် စစ်ဘေးသင့်စေနိုင်သောအလှတရားမျိုးမဟုတ်သော်လည်း ကျက်သရေရှိကာ ကြော့ရှင်းသောအငွေ့အသက်ရှိသည်။ ထို့ထက်ပို၍ မျက်နှာချေမပါသောမျက်နှာနှင့် အဆင်တန်ဆာမပါသောဆံပင်သည် ပို၍ပင် နူးညံ့သိမ့်မွေ့ကာ မြင်သူအားနွေးထွေးသွားစေသည်။
တောင့်တောင့်တင်းတင်းဖြင့်လှည့်လိုက်ပြီး လင်းစစ်ယောင်က အသံခပ်တိုးတိုးဖြင့် ပြောလိုက်၏။
"လာ စားကြရအောင်။ ကြာပန်းမီးအိမ်ကိုမကြည့်ချင်တော့ဘူးလား"
စုရွှေလျန်၏မျက်လုံးများ တောက်ပသွားသည်။ သူမသည် အမျိုးသမီးအစေခံအား ကျေးဇူးတင်ကာ သူမတွင်ရှိသောငွေသားအချို့အား မု့န်ဖိုးပေးရန် သူမအား ထိုမိန်းကလေးမှပြန်လည်တိုက်တွန်းလိုက်သည်။ ရှက်ရွံ့စွာဖြင့်ပင် စားသောက်ရန်အတွက် သူမသည် လင်းစစ်ယောင်နောက်သို့ လိုက်သွားရသည်။ ပိုက်ဆံလိုအပ်သောနေရာများစွာရှိပေသည်။ အမျိုးသမီးအစေခံ၏ကောင်းမွန်သောလက်ရာအတွက် သူမစိတ်ထဲတွင် မှတ်ထားပေရပေမည်။
ဖန်းလော့မြို့၏၇လပိုင်းသည် ပွဲတော်များဖြင့်စည်းကားနေသည်။
အချိန်ကာလအား တွက်ချက်ကြည့်ပါလျှင် ၁၀နာရီဝန်းကျင်ရှိပြီဖြစ်ကာ လမ်းများတွင် လူများပြည့်နေကာ လှုပ်ရှားသွားလာနေကြဆဲဖြစ်သည်။
စုရွှေလျန်သည် လင်းစစ်ယောင်နောက်သို့ လိုက်လာကာ ၎င်းတို့နောက်မှာ ဝံပုလွေပေါက်စနှစ်ကောင်က အဆက်မပြတ်လိုက်ပါလာသည်။
ရိုးရိုးသားသားဆိုရပါလျှင် တည်းခိုခန်းပိုင်ရှင်သည် ထိုဝံပုလွေပေါက်စနှစ်ကောင်အပေါ်တွင် လွန်စွာကောင်းပေသည်။ အစားအသောက်များစွာပေးယုံသာမက ၎င်းတို့ကိုက်ရန်အတွက် အရိုးကြီးကြီးများကိုပင် ရှာပေသေးသည်။ လူများဆီမှကျန်သော စားကြွင်းစားကျန်များဖြစ်သောကြောင့် အရိုးတွင် အသားများများ မကျန်တော့ပေ။ သို့သော်လည်း တောင်ပေါ်တွင် ချက်ပြုတ်ခဲ့သောအစားအသောက်နှင့်နှိုင်းစာလျှင် တည်းခိုခန်းပိုင်ရှင်ပေးသောအစာများတွင် အရသာရှိသောဟင်းအနှစ်များပါရှိကာ ပို၍အရသာရှိပေသည္။
ဝံပုလွေနှစ်ကောင်သည် အရသာရှိသောအစားအသောက်အကြောင်းတွေးကာ ပေါ့ပေါ့ပါးပါးလျှောက်သွားနေကြသည်။ ၎င်းတို့၏ပါးစပ်များက သိသိသာသာပင် သွားရေများကျနေသည်။ ထိုမြင်ကွင်းက လမ်းသွားလမ်းလာများကို ရယ်မောစေပေသည်။
လင်းစစ်ယောင်သည် စုရွှေလျန်အား ကြာပန်းမီးအိမ်များရှိသောနေရာသို့ ခေါ်သွားသည်။ ဖန်းလော့မြို့၏အဓိကလမ်းမကြီးတွင်ရှိသော် အေးဆေးငြိမ်သက်သောကြာကန်ဘေးသို့ဖြစ်ကာ
"ဝိုး လှလိုက်တာ"
ရေဆီသို့လျှောက်သွားကာ သူမ၏မျက်စိရှေ့လက်ရာမြောက်သောမြင်ကွင်းအား ကြည့်နေမိသည်။ စုရွှေလျန်သည် ထိုမြင်ကွင်းအား မချီးကျူးဘဲမနေနိုင်ပေ။
ရေကန်ပေါ်တွင် တလက်လက်တောက်ပနေသော ကြာပန်းမီးအိမ်အရွယ်အစားစုံရှိသည်။ ကြည့်လိုက်လျှင် ညကောင်းကင်မှာ ကြွေကျလာသောကြယ်လေးများဖြင့်ပင် ဆင်တူသည်။
"အစ်ကိုကြီးနဲ့ မမလေးတို့ ကြာပန်းမီးအိမ်ဝယ်ပါဦးလား။ တစ်ခုကို ကြေးပြားဆယ်ပြားပါပဲ"
အသက်၁၁နှစ်ခန့်ရှိသောမိန်းကလေး၏လက်ထဲတွင် ကြာပန်းမီးအိမ်များစွာကို ကိုင်ထားသည်။ တစ်ချို့သည် ရိုးရာကြာပန်းမီးအိမ်များဖြစ်သည်။ တစ်ချို့သည် သေးငယ်ကာချစ်စရာကောင်းသောကျောက်စိမ်းယုန်မီးအိမ်လေးများဖြစ်သည်။ ဌက်ကျားပုံရေးဆွဲထားသောမီးအိမ်များပင် ရှိသေးသည်။ မီးအိမ်မျိုးစုံကို မြင်လိုက်ရသောအခါ စုရွှေလျန်၏မျက်လုံးများက အရောင်တောက်သွားသည်။ သူမက လင်းစစ်ယောင်ကိုကြည့်လိုက်ကာ မေးလိုက်သည်။
"ကျွန်မတို့လည်း ဘာလို့မီးအိမ်တစ်ခုလောက် မလွှတ်ရတာလဲ"
လင်းစစ်ယောင်၏ခန္ဓာကိုယ်တွန့်သွားသည်။ လူနှစ်ဦး မီးအိမ်အတူမျောလျှင် မည်သည့်အဓိပ္ပာယ်သက်ရောက်ကြောင်း သူမ မသိသည်လော။
ခုနှစ်လပိုင်း၏ခုနှစ်ရက်မြောက်နေ့သည် စုံတွဲများအတွက် ပွဲတော်ဖြစ်သည်ဟု ဆိုရပေမည်။ ယောင်္ကျားပျိုနှင့် မိန်းမပျိုသည် မီးအိမ်များကို ထိုနေ့တွင် အတူတူမျောပါက ၎င်းတို့သည် နောက်နှစ်ပေါင်းများစွာအထိ ရေစက်ပါသည့်သူများဟု ဆိုလိုခြင်းဖြစ်သည်။ မီးအိမ်မျောလိုက်သောအတွဲသည် ပျော်ရွှင်စွာလက်ထပ်နိုင်မည်ဖြစ်ကာ ဖြစ်ထွန်းစည်းပင်သောဇနီးမောင်နှံဖြစ်လာမည်ဟု ဆိုကြသည်။
သို့သော်လည်း စုရွှေလျန်၏မျက်လုံးထဲတွင် ကွက်ဝှက်ထားသောအကြောင်းရင်းများမရှိကြောင်း ပေါ်လွင်နေကာ လင်းစစ်ယောင်အား ခေါင်းညိတ်မိသွားစေသည်။ သူမသည် ထိုသို့သောဒဏ္ဍာရီအား မကြားဖူးခြင်းဖြစ်ပေမည်။ ထိုသို့မှမဟုတ်လျှင် ဒုတိယအတွေးမျိုးမရှိဘဲဖြင့် သူ့အားအဘယ့်ကြောင့်တောင်းဆိုရသနည်း။
စုရွှေလျန်သည် ချစ်စရာကောင်းသောအဖြူရောင်ကျောက်စိမ်းယုန်မီးအိမ်အား ဝယ်လိုက်ကာ သတိထားကိုင်တွယ်ပြီး ရေကန်ဘေးသို့ လျှောက်သွားသည်။ ပျော်ရွှင်စွာဖြင့်ပင် သူမဘေးတွင်ရပ်နေသောလင်းစစ်ယောင်ကိုမော့ကြည့်ကာ မေးလိုက်သည်။
"အရင်ကရော တစ်ယောက်ယောက်နဲ့လွှတ်ဖူးလား"
လင်းစစ်ယောင်၏ခန္ဓာကိုယ်သည် ဆန့်ဆန့်ကြီးဖြစ်သွားကာ ပြန်မဖြေတော့ချေ။ သူ၏နှလုံးသားသည် မကျေနပ်သည့်လက္ခဏာများ ဖြတ်သန်းသွားသည်။ သူမသည် အဓိပ္ပာယ်ကို မသိရှာပေ။ ထိုသို့ဆိုလျှင်လည်း ကောင်းပေသည်။ မရနိုင်သည့်အခွင့်အရေးကို တောင့်တမိနေသောအတွေးများကိုရပ်တန့်ရန် ထိုအခွင့်အရေးအား အသုံးချနိုင်ပေသည်။
"ဟိုဘက်ကိုသွားကြရအောင်"
စုရွှေလျန်သည် လူအုပ်စုနှင့်မဝေးလှသည့်နေရာသို့ ညွှန်ပြလိုက်သည်။ ထို့နောက် သူမကပြောလိုက်သည်။
"ရှောင်ရွှယ် နဲ့ ရှောင်ချွမ် အဲ့ကိုသွားကြရအောင်"
တစ်ချိန်တည်းတွင်ပင် သူမသည် ခြေလှမ်းခပ်သွက်သွက်ဖြင့် လျှောက်သွား၏။
ထူးခြားသောကျောက်စိမ်းယုန်မီးအိမ်လေးကိုကြည့်ကာ သူမမျက်လုံးများကိုမှိတ်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် အတူတကွတင်ထားလိုက်သည်။ စုအိမ်တော်၏အနီးဝန်းကျင်ရှိ ခရစ်ယာန်နိုင်ငံခြားသားများလုပ်သည်ကို အတုခိုးလိုက်ခြင်းဖြစ်ပြီး တိတ်တဆိတ်ဆုတောင်းလိုက်သည်။
လင်းစစ်ယောင်က သူမအား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ရေပြင်သည် သူ၏အစိမ်းနုရောင်အဝတ်အစာူ၊ နူးညံ့သိမ်မွေ့သောအငွေ့အသက်၊ အံ့ဩမှင်သက်ဖွယ်ကောင်းသောကျက်သရေရှိလှသည့်လှုပ်ရှားမှု၊ ခမ်းနားလှသောမီးရှုးမီးပန်းများဖြင့် ရောင်ပြန်ဟပ်နေကာ အခြားသူများ အဝေးသို့မကြည့်နိုင်အတိုင်းအတာတစ်ခုအထိ ငေးမောသွားရစေသည်။ လင်းစစ်ယောင်က သူမနောက်မှရပ်လိုက်ပြီး အခြားသောသူများ သူမအား ကြည့်နေခြင်းမှ ကာထားပေးလိုက်သည်။
စုရွှေလျန်သည် လူအုပ်ထဲသို့လျှောက်သွားကာ နတ်သမီးညလှည့်လည်ပွဲနှင့်ပက်သက်သည့်အရာအားလုံးအား စပ်စုချင်နေမိသည်။ နတ်သမီးညလှည့်လည်ပွဲသည် သူမဘေးမှဖြတ်သွားသောအခါမှသာ သဘောပေါက်သွားတော့သည်။ အစတွင် နတ်ဘုရားများဟုခေါ်ကြသည့် ကုလားမခြေထောက်နှင့်ညပိုင်းလှည့်လည်သူများမှာ ကျော်ကြားသည်။ သို့သော်လည်း ကုလားမခြေထောက်ဖြင့်လျှောက်နေကြသောသူများမှာ နတ်သမီးများအဖြစ်တင်စားထားသည့် အမျိုးသမီး၇ယောက်ပင်ဖြစ်သည်။
အားလုံးသည် တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားကြသည်။ ငယ်ရွယ်သောအမျိုးသမီးငယ်တို့သည် ကျွမ်းကျင်စွာဖြင့် ရှည်လျားသောခြေတံရှည်တို့ဖြင့် လျှောက်နေကြ၏။ တစ်ယောက်သည် ပုလွေမှုတ်နေကာ တစ်ယောက်သည် ကခုန်နေသည်။ အခြားတစ်ယောက်က ပန်းပွင့်ဖတ်များ ကြဲချနေသည်။ ထိုနတ်သမီးခုနှစ်ဖော်မှာ ကျက်သရေရှိစွာလှုပ်ရှားနေကြကာ ရင်သပ်ရှုမောဖွယ်မြင်ကွင်းပင်ဖြစ်၏။
အမျိုးသားနှင့်အမျိုးသမီးများ၏တီးတိုးဆိုသံများသည် သူမဘေးမှ ထွက်ပေါ်လာသည်။ အမျိုးသမီးအားလုံးသည် ဖန်းလော့မြို့၏ပါရမီရှိသော စာတင်ရသောမိန်းမချောလေးများဖြစ်ကြသည်။ ပါရမီရှိကြယုံမက အသွင်အပြင်မှာလည်း နူးညံ့သိမ်မွေ့ပေသည်။ တဖြည်းဖြည်းဖြင့် ယနေ့ခေတ် မိသားစုအသီးသီး၏မိန်းကလေးများကြားမှ ယှဉ်ပြိုင်မှုသည် သင့်လျော်သောလူပျိုလှည့်သူတစ်ယောက်ရှာရန်ဖြစ်လာသည်။
အမှန်တွင် ယနေ့ခေတ်ရိုးရာအားထည့်ပေါင်းရလျှင် ထိုအမျိုးသမီးများသည် လူအုပ်အလယ်ရှိ ထိုက်တန်သောအမျိုးသားဆီသို့ ပန်းတစ်ပွင့်ပစ်ပေးကြသည်။ ရှားပါးလှသော်လည်း ကံကောင်းသောအမျိုးသားသည် ချမ်းသာသောမိသားစုမှ အရည်အချင်းရှိသည့်ဇနီးသည်အား လက်ထပ်နိုင်ပေမည်။
စုရွှေလျန်တစ်ယောက် ထိုအကြောင်းကို ကြားမိသောအခါ လွန်စွာစိတ်ဝင်စားသွားသည်။ သို့သော်လည်း ပို၍ပို၍များသောအမျိုးသားများသည် ဖြတ်သန်းသွားသောနတ်သမီးများဆီသို့ သိက္ခာမဲ့စွာ လူပျို့လှည့်ရန် အပြေးအလွှားသွားကြသည်။ နတ်သမီးများရှေ့တွင် သူ့ထက်ငါအပြိုင်အဆိုင်ကြည့်ကောင်းနေရန် ကြိုးစားရယ်ပြနေကြကာ တိုးဝှေ့နေကြသည့်အမျိုးသားများကိုတွေ့လိုက်ရသောအခါတွင် သူမ၏အစပိုင်းအတွေးများကိုပင် ရှက်သွားမိသည်။
နောက်သို့ခြေလှမ်းလှမ်းလိုက်သောအခါတွင် အခြားလူတစ်ယောက်ဖြင့် ခလုတ်တိုက်သွားမိသည်။ ဟန်ချက်မညီဘဲ နောက်သို့ယိုင်ကျသွားကာ နောက်တွင်ရှိသော လင်းစစ်ယောင်၏လက်ထဲသို့ ချော်ကျသွားသည်။
"သတိထား"
လင်းစစ်ယောင်မျက်မှောင်ကြုတ်သွားမိသည်။ သူမအား ထွေးပွေ့ကာခေါ်ဆောင်သွားသည်။ သူမအား ကိုင်ထားစဉ်တွင်ပင် လမ်းအစွန်းပိုင်းသို့ ဦးတည်သွားသည်။ ဝံပုလွေပေါက်စနှစ်ကောင်သည်လည်း လူအုပ်ကြီးထဲမှ လွတ်မြောက်သွားပြီဖြစ်သောကြောင့် အသက်ရှုချောင်သွားပေ၏။
***