ရှင်ကလူသတ်သမားဆိုတာ ကျွန်မသိတယ်
Vol. 1 Ch. 13
"အဲ့လိုဆို ဒီမြို့ထဲကအိမ်တွေက ရောင်းကြမှာမဟုတ်ဘူးပေါ့"
လင်းစစ်ယောင်၏အတိုချုံးတင်ပြချက်ကို သူမကြားသောအခါ စုရွှေလျန် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုနေရာတွင် အိမ်တစ်အိမ်ဝယ်ရန်ပင် မတတ်နိုင်သည်ကို ယုံကြည်ရန်ခဲယဉ်းနေသည်။
ဤမြို့သည် ဝေးလံသောအရပ်တွင်ရှိသော်လည်း လင်းစစ်ယောင်၏စကားများမှတစ်ဆင့် ဖန်းလော့မြို့အား တဟွေ့တိုင်းပြည်၏ အဓိကခံတပ်မြို့ကြီးနှစ်ခုဖြင့် ဆက်သွယ်ထားကြောင်းသိရသည်။ ကုန်သည်များသည် အရှေ့မှ အနောက်အရပ်သို့ သွားလိုက်ပြန်လိုက် သွားနေကာ မြို့သည် တစ်နေ့ထက်တစ်နေ့ ဖြစ်ထွန်းစည်ပင်လာသည်။ ထို့အပြင် ထိုနေရာတွင်အခြေချနေသောလူဦးရေမှာလည်း တစ်ဆထက်တစ်ဆတိုးလာသည်။ အကျိုးဆက်အနေဖြင့် ဖန်းလော့မြို့၏အိမ်ဈေးနှုန်းသည်လည်း မြင့်တက်လာသည်။
"လမ်းမှာ ရွာလေးတစ်ရွာကိုဖြတ်လာတာမှတ်မိတယ်မလား"
စုရွှေလျန်သည် လှည်းထဲတွင်ရှိနေစဉ်က ရွာလေးအားပြန်ပြီးမြင်ယောင်ကြည့်နေသည်။ မြူများဖြင့် ရှင်းရှင်းလင်းလင်းမြင်ရန်ခက်ခဲနေသော်လည်း သေချာပေါက် ထိုရွာဖြစ်ပေမည်။
လူဦးရေထူထပ်သောမြို့တွင်နေထိုင်သည်မှာ အဆင်ပြေသော်လည်း သင့်လျော်သောအလုပ်တစ်ခုမရှိဘဲ အိမ်တစ်အိမ်ဝယ်ယူမည်ဆိုလျှင် ထိုနေရာ၌ အသက်ရှင်ရပ်တည်ရန် ခဲယဉ်းပေလိမ့်မည်။ သူမ၏ပန်းထိုးအလုပ်သည်လည်း ထိုမျှကုန်ကုစရိတ်အား ပေးချေနိုင်မည်ဟု အာမမခံပါ။ လင်းစစ်ယောင်သည်မူ သူမသည် အနက်ရောင်ဝတ်စုံဝတ်ထားသောလူ၏စကားလုံးများကို မှတ်မိနေဆဲဖြစ်သည်။ သူသည် လူသတ်သမားဖြစ်၏။ အခြားသူများသေမှရသောငွေပေါ်တွင် သူမ မမှီခိုချင်ပါ။ လယ်ကွက်တစ်ကွက်အား ငွေပေးချေဝယ်ယူကာ ရွာလေးအနီးအနားမှ အိမ်ဝယ်လျှင် ပို၍ကောင်းပေမည်။ ထိုသို့ဆိုလျှင် အခြားသောဝင်ငွေမရှိလျှင် ဆောင်းတွင်းတွင် မငတ်ရန်မှာ မခဲယဉ်းတော့ပေ။ ရွာငယ်လေးတွင် ဝံပုလွေနှစ်ကောင်အားပျိုးထောင်ပေးရန်မှာလည်း အခြားသူများက များစွာအာရုံစိုက်မိကြမည်မဟုတ်ပါ။
ထိုအတွေးဖြင့် ဖန်းလော့မြို့၏ရွာငယ်လေးတွင် အခြေချရန် စုရွှေလျန်တစ်ယောက် ပို၍ယုံကြည်ချက်ခိုင်မာလာသည်။
လင်းစစ်ယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ဖန်းဟွာမြို့ ဒီကနေ လမ်းဆယ်လမ်းစာလောက်ဝေးတယ်"
"ဆယ်လမ်း?"
သူမ၏ကိုယ်ကာပိုင်းဆိုင်ရာ သက်လုံခံနိုင်စွမ်းအား ပြောစရာပင်မလိုပါ။ ထိုနေရာသို့သာ လမ်းလျှောက်သွားလျှင် နေ့တစ်ဝက်မကကြာပေလိမ့်မည်။
"မင်းကိုခေါ်သွားပေးမယ်"
လင်းစစ်ယောင်က သူမ၏တုန်လှုပ်ခြောက်ခြားသွားသောအမူအရာအား ဖတ်မိသည့်ပုံပေါ်သည်။
စုရွှေလျန် ပြောစရာစကားမရှိပေ။ ရယ်ရမည်လား ငိုရမည်လားကို သေချာမသိပေ။ သူမခြေကျိုးလက်ကျိုးမဖြစ်ချင်ပါ။ သို့တိုင် သူသည် သူမအားသယ်သွားရန် လိုအပ်သည်လော။
နောက်တစ်နေ့ အာရုဏ်တက်ချိန်စောစောတွင် စုရွှေလျန်နှင့် လင်းစစ်ယောင်သည် တည်းခိုခန်း၏အောက်ထပ်သို့ ဆင်းလာကြသည်။ ဖန်းဟွာမြို့သို့အသွားလမ်းတွင် စားနိုင်သောစားနပ်ရိက္ခာများနှင့် ပေါက်စီများကို ပြင်ဆင်ခိုင်းလိုက်သည်။ ထိုနေရာတွင်အိမ်တစ်အိမ်ဝယ်ရန် ဆုံးဖြတ်ထားသောကြောင့် သင့်လျော်သောအိမ်အရောင်းများရှိလျှင် မြင်နိုင်ရန် စောစောသွားမည်ဟု ဆုံးဖြတ်ထားကြသည်။
ဝံပုလွေနှစ်ကောင်သည်လည်း နောက်မှလိုက်ပါလာကာ နာခံစွာဖြင့် ကျန်ရှိနေသောသစ်သီးခြင်နှင့်ကျားသားရေကို သယ်ဆောင်လာကြသည်။
သစ်သီးခြင်းများကိုမြင်သောအခါ ဝံပုလွေများကို အစာကျွေးသည့်ကလေးက သစ်သီးအချို့လိုချင်နေကာ မျက်လုံးရှေ့မှဝံပုလွေများအား ကြောက်လန့်နေမိသည်။ ထိုသို့သောသစ်သီးမျိုးရှာတွေ့ရန်မှာ ရှားပါးလွန်းပေသည်။ ဖန်းလော့မြို့သည် တောင်တန်းများဖြင့်ဝေးကာ ထိုသို့သောသစ်သီးသစ်ဥများအား အနီးအနားတွင် ရှာမတွေ့နိုင်ပေ။ ထို့ကြောင့် ရှားပါးကာလတ်ဆတ်သောသစ်သီးများကိုတွေ့သောအခါ ၁၆နှစ်သားကောင်လေးသည် ဟန်မဆောင်နိုင်ပေ။
စုရွှေလျန်က စကားတစ်ခွန်းမျှမဟဘဲ ခြင်းထဲမှသစ်သီးတစ်ဝက်ကို သူ့အားပေးလိုက်သည်။ ကျန်တစ်ဝက်အား သူမအား နေ့စဉ်ဆံပင်ပြင်ပေးနေသောအစေခံမိန်းကလေးအား ကောင်လေးကိုပေးခိုင်းလိုက်သည်။
ကောင်လေးသည် စုရွှေလျန်ထွက်သွားရာအရပ်သို့ ကျေးဇူးတင်နေသောအကြည့်မျိုးဖြင့်ကြည့်နေမိသည်။ ယနေ့ခေတ်တွင် လှပသောမိန်းကလေးများပေါများသော်လည်း ပျူဌာတတ်သောမိန်းကလေးမှာရှားပါးလှသည်။ ဖန်းလော့မြို့တွင် မာနကြီးသည့်ပုံသာပြတတ်သောနူးညံ့သည့်မိန်းကလေးများစွာရှိသည်။ သူသည်သာ သူမကဲ့သို့ မိန်းကလေးမျိုးအား လက်ထပ်ရမည်ဆိုပါလျှင် အမေဖြစ်သူက သေချာပေါက်သဘောကျမည်ဖြစ်သည်။
သို့သော်လည်း ကောင်လေးစိတ်ထဲရှိအတွေးသည် မိန်းကလေးဘေးတွင်အမြဲပါလာတတ်သောအမျိုးသားကြောင့် မြူနှင်းပမာပျောက်ကွယ်သွားရသည်။ ထိုလူငယ်လေး ကျောချမ်းသွား၏။ နဂါးမစင်ထဲတွင်ပွင့်လန်းလာသော ပန်းကလေးနင့်တူပေသည်။
ထိုအမျိုးသားသည် သူ့ထက် အရပ်ရှည်ကာ ပို၍ခံ့ညားသည်။ သို့သော်လည်း မိန်းကလေး၏ဆံထုံးပုံစံသည် ထိုအမျိုးသားသည် သူမအား လူပျို့မလှည့်ရသေးကြောင်း ပြောပြနိုင်ပေသည်။ ကောင်လေးကပြုံးလိုက်ကာဖြင့် သစ်သီးများစားရန် တည်းခိုခန်းထဲသို့ ပြန်ဝင်သွားသည်။
စုရွှေလျန်သည် လင်းစစ်ယောင်၏လှပသော လေပေါ်ပျံခြေလှမ်းများကို မျက်မြင်ကိုယ်တွေ့တွေ့လိုက်ရသည်။ သူမသည် သူ့အား မနာလိုဘဲမနေနိုင်ပေ။ သူမသည်လည်း ထိုပညာအား သင်နိုင်လျှင်ကောင်းပေမည်။ သူ့ကဲ့သို့ မျက်စိတစ်မှိတ်အတွင်းပင် ခြေဖျားလေးဖြင့် အမြင့်တစ်ခုသို့ ခုန်ပျံချင်မိသည်။ သစ်ရွက်တစ်ရွက် သို့မဟုတ် သစ်ကိုင်းတစ်ကိုင်းအား ကန်အားအဖြစ်သုံးကာ ခုန်ပျံနိုင်ပေသည်။
သို့သော်လည်း ထိုအရာမှာ ဆန္ဒရှိသောအတွေးမျှသာဖြစ်သည်။ လေပေါ်ခုန်ပျံခြင်း သို့မဟုတ် သိုင်းပညာတွင်ပါရမီရှိရန်မှာ ငယ်ရွယ်စဉ်ကလေးဘဝမှပင် စတင်သင်ယူမှာဖြစ်မည်ဟု ပြောကြသည်။ လူတစ်ယောက်သည် အသက်အရွယ်အပိုင်းအခြားတစ်ခုသို့ရောက်သွားသည်နှင့် ၎င်းတို့၏ကြွက်သားနှင့်အရိုးဖွဲ့စည်းပုံသည် အနေအထားကျပြီးဖြစ်ကာ ထိုအရာများကိုသင်ယူရန်မှာ မဖြစ်နိုင်တော့ပေ။ ကလေးမွေးသောအခါမှသာ ထိုကလေးအား တိုက်ခိုက်ရေးသမားကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမည်ဟု သူမစိတ်ကူးလိုက်သည်။
'ယား! ငါဘာတွေစဉ်းစားနေမိတာလဲ!"
သူမ၏ပူနွေးနေသောပါးနှစ်ဖက်ကိုကိုင်ကာ ခေါင်းကို ပြင်းပြင်းထန်ထန်ခါရမ်းလိုက်သည်။ လျင်လျင်မြန်မြန်ပင် နားလည်ရခက်သောအတွေးများကို ပြန်ချထားလိုက်သည်။ သူမစတင်ရူးသွပ်လာပြီဖြစ်၏။
လင်းစစ်ယောင်က စပ်စုသည့်အကြည့်မျိုးဖြင့် သူမအားကြည့်လိုက်သည်။ စိတ်ထဲတွင် သူမသည် နေ့ဘက်တွင်အိပ်မက်မက်နေပြီဖြစ်ကြောင်း သိပေသည်။
စုရွှေလျန်အား သယ်ထားသောလင်းစစ်ယောင်သည် မနက်ခင်းတွင်ပင် ဖန်းဟွာမြို့ဝင်ပေါက်သို့ရောက်သွားသည်။ သူမအား သက်တမ်းရာချီရှိပြီဖြစ်သော မက်မွန်ပင်အိုကြီးဘေးရှိကျောက်တုံးပေါ်သို့ ညင်သာစွာချပေးလိုက်သည်။ များမကြာမီတွင်ပင် ဝံပုလွေများသည် အမှီလိုက်လာကာ မောဟိုက်နေကြရှာသည်။
လင်းစစ်ယောင်မျက်ခုံးပင့်လိုက်သည်။ ၎င်းတို့၏အရှိန်နှုန်းသည် အတော်လေးတိုးတက်လာကြသည်။ နောင်တွင် ၎င်းတို့အား အိမ်စောင့်ခြင်းကဲ့သို့သောတာဝန်မျိုးပေးလျှင် မဆိုးလှဟု စဉ်းစားမိသည်။
ဝံပုလွေများသည် ကျောထဲတွင် ချမ်းစိမ့်သွားသည်ကိုခံစားမိသော်လည်း လင်းစစ်ယောင်၏စိတ်ထဲတွင် ၎င်းတို့အားစဉ်းစားနေကြောင်း မသိကြပေ။ ၎င်းတို့သည် စုရွှေလျန်ဆီသို့ ကောက်ကာငင်ကာပြေးလာကြကာ အမြီးမျာရမ်းပြလျက် အစာတောင်းခံနေသည်။
"ရော့"
သူမက လင်းစစ်ယောင်အားပေါက်စီတစ်လုံးပေးလိုက်ကာ သူမလည်း တစ်ကိုက်စားလိုက်သည်။
ပေါက်စီအား နောက်ဆုံးတစ်ကိုက်စားပြီးနောက်တွင် စုရွှေလျန်သည် သူမဘေးတွင် ဖန်းဟွာမြို့ရှိသည့်အရပ်သို့ငေးနေသော လင်းစစ်ယောင်အား ကြည့်လိုက်သည်။ သူမည်သည့်အကြောင်းများတွေးတောနေသည်ကို သူမ မသိပါ။
"ဒီနေရာနဲ့ ရင်းနှီးလို့လား"
သူမဖြေးဖြေးချင်းထလိုက်ကာ သူ့နားသို့ရောက်လာသည်။ အသက်ပြင်းပြင်းရှုလိုက်ပြီး မနက်စောစောတွင် ရတတ်သည့်ဆန်နံ့က သူမ၏စိတ်ဝိညာဉ်အား နိုးကြားသွားစေသည်။
သူမပြောသည်ကိုကြားပြီးနောက်တွင် လင်းစစ်ယောင်၏ခန္ဓာကိုယ် တွ့န်သွားသည်။ နှလုံးသားသည် ပို၍ခါးသက်လာသည်။ လွန်ခဲ့သောဆယ်နှစ်ခန့်က သူသည် လမ်းပေါ်ကသူတစ်ယောက်သာဖြစ်သည်။ ရှစ်နှစ်ကြာပြီးတွင် ဖုန်းယောင်တရားရုံး၏နံပါတ်တစ်လူသတ်သမားဖြစ်လာသည်။ ထိုနှစ်များတွင် လူပေါင်းများစွာ၏အသက်အား သတ်ဖြတ်ပြီးဖြစ်သည်။ ဖန်းလော့မြို့ကဲ့သို့ လူထပ်သောနေရာမဆိုထားနှင့်။ လူအရောက်အပေါက်နည်းနသောကန္တရမှ အသက်ရှင်ရန်ခက်ခဲသောနေရာများထိ သူသွားဖူးခဲ့၏။
"ရှင်မဖြေချင်ဘူးဆိုရင် မဖြေပါနဲ့။ ကျွန်မက ဒီတိုင်းမေးကြည့်လိုက်တာပါ။ အခြားအဓိပ္ပာယ်မရှိပါဘူး"
စုရွှေလျန်သည် လင်းစစ်ယောင်၏အမူအရာအား ချက်ချင်းသတိမထားမိလျှင် ထိုသို့ပြောဖြစ်မည်မဟုတ်ပေ။ အတိတ်ကသူ သူမည်သူမည်ဝါဖြစ်ကြောင်း ပြန်ပြောပြီးနောက်တွင် ပြောဆိုဆွေးနွေးရန် ခက်ခဲသောခေါင်းစဉ်များရှိကြောင်း သူမ သိသည်။ ထို့ကြောင့် ချက်ချင်းပင် အပြုံးတစ်ပွင့်ဖြင့် သူမ၏မေးခွန်းအား ရုပ်သိမ်းလိုက်သည်။
အမှန်တွင် သူသည် သူမ၏စကားလုံးများအား အမှန်အတိုင်းကြားလိုက်ခြင်းဖြစ်သည်။ သူသည် လှည့်လိုက်ကာ သူမအား တောက်ပကာကြည်လင်နေသောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ပါးစပ်မဟခင် အနည်းငယ်မျှစဉ်းစားလိုက်သည်။
"အရင်က ငါဘာလဲဆိုတာ မင်းသိလား"
ခေါင်းညိတ်မပြခင်ပင် စုရွှေလျန်တစ်ယောက် ခေတ္တမျှငေးနေမိသည်။ သူဆိုလိုသည်ကို သူမနားမလည်သော်လည်း ကြားခဲ့သည်မှာသေချာသည်။
ယခုအခေါက်တွင် အတွေးမဲ့သွားသောသူမှာ လင်းစစ်ယောင်ဖြစ်သည်။ သူမသည် သူ၏မူလမည်သူမည်ဝါဖြစ်ကြောင်းကို သတိမထားမိဟု အမြဲထင်နေမိသည်။ လူများစွာသည် သူ့ကဲ့သို့သူမျိုးအား ကြောက်လန့်တတ်ကြသည်။ သို့သော်ငြားလည်း သူမက ခေါင်းညိတ်ပြလိုက်၏။ မည်သို့ဆိုလိုသနည်း။ သူမသည် သွေးစွန်းသောလက်တစ်စုံဖြင့် သေခြင်းတရားအား ဆောင်ယူလာတတ်သောသူအား လက်ခံလိုက်ခြင်းပင်။
"မင်းမကြောက်ဘူးလား"
သူသည် စိတ်ထဲတွင်ရှိသည်မှာကြာပြီဖြစ်သောမေးခွန်းအား ထုတ်မေးလိုက်သည်။ သူမ၏မျက်နှာကိုကြည့်ကာ ကြောက်လန့်သောအမူအရာအား မျှော်လင့်ထားခဲ့သည်။
သူမကြက်သေသေသွားသည်။ ကြောက်ရမည်လား။ မှန်ပေသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ခံစားချက်တစ်စုံတစ်ရာမရှိဘဲ သတ်ပစ်ခြင်းဖြစ်သည်။ လူသတ်သမားများသည် အကြင်နာမဲ့သည်ဟု ထင်ကြသည်။ သို့သော်လည်း သူမရှေ့မှ အေးစက်တတ်သောထိုလူအား မျက်နှာထားဖြင့် ကြည့်လိုက်မိသည်။ လက်သီးများကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောသူ၏စိတ်အား မဖတ်နိုင်သော်လည်း ယခုအချိန်တွင် သူအဆင်မပြေခံစားနေရသည်ကို သူမသိသည်။ အမှန်တွင် ယခင်က သူမည်သို့ဖြစ်ခဲ့ခြင်းသည် ကိစ္စမရှိပေ။ သူနှင့်အတူတူ ကုန်ဆုံးခဲ့ရသောအချိန်များတွင် ကြောက်ရွှံ့ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းများ မခံစားဖူးပါ။ ဆန့်ကျင့်ဘက်အနေဖြင့် သူနှင့်အတူရှိလျှင် ငြိမ်းချမ်းပေသည်။ ထို့ကြောင့်ပင် သူ၏ယခင်ကပုံရိပ်အား အမှုမဲ့အမှတ်မဲ့ မေ့လျောနေခဲ့ခြင်းဖြစ်သည်။
စုရွှေလျန်က ခေါင်းရမ်းကာ ပြောလိုက်သည်။
"ရှင်က ဘယ်တော့မှ ကျွန်မကို နာကျင်စေဖို့ ရည်ရွယ်ချက်မရှိခဲ့ဖူးဘူး"
သူမသည် ထိုစကားအား လင်းစစ်ယောင်ကို ပုလဲကဲ့သို့ တလက်လက်တောက်ပနေသောမျက်လုံးလေးများဖြင့်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။ သူမသည် သတ္တိများစုစည်းကာ ပြောလိုက်လေသည်။
"လင်းစစ်ယောင်...ကျွန်မတို့ ဖန်းဟွာမြို့မှာ အတူတူနေရင် အရင်ကလုပ်ခဲ့သလိုမျိုးတွေ မလုပ်တော့ပါဘူးလို့ ကတိပေးပါ"
ရွာသားများက သူ့အား အကြောက်တရားဖြင့်ကြည့်သည်ကို သူမအလိုမရှိပေ။ သူမသည် သူ့အား ယခုမှစပြီး သာမန်အရပ်သားတစ်ယောက်ကဲ့သို့ ပျော်ပျော်ရွှင်ရွှင်နေထိုင်စေချင်သည်။
"ကောင်းပြီ"
လင်းစစ်ယောင်သည် တွန့်ဆုတ်ခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဖုန်းယောင်တရားရုံးသို့ ပြန်သွားရန်အစီအစဉ်မရှိတော့ပါ။ ပါးစပ်ထဲတွင် ဓားတစ်ချောင်းဖြင့် ပြေးလွှားနေရသောနေ့ရက်များသည် ပင်ပန်းလွန်းခဲ့ရရှာသည်။ သူမသည်သာ ဆန္ဒရှိလျှင် သူ၏ကျန်သောဘဝတစ်လျှောက်လုံးအား သူမဘေးတွင်နေသွားရန် မျှော်လင့်မိသည်။ တိတ်ဆိတ်အေးချမ်းသောရွာလေးတွင် သူမဘေး၌ တစ်သက်လုံးနေသွားရန်မှာ မရနိုင်သည်ကိုတောင့်တမိသောဆန္ဒများ ဖြစ်နေသည်လော။
"အဲ့လိုဆိုသွားကြမယ်"
စုရွှေလျန်က သူ၏အင်္ကျီလက်စကိုဆွဲကာ အရှေ့ရပ်မှထွက်လာသောနေကို ညွှန်ပြလိုက်သည်။
"ရွာသားတွေလည်းနိုးလောက်ပြီထင်တာပဲ။ ကျွန်မတို့ကံကောင်းပါစေလို့ပဲ ဆုတောင်းတယ်"
"အင်း"
လင်းစစ်ယောင်သည် သူမဘေးသို့ လိုက်ပါလာကာ မြို့လယ်သို့ ဦးတည်သွားကြသည်။ ဝံပုလွေနှစ်ကောင်သည်လည်း ဆော့ရသည်မှာ အားရသွားသည့်အတွက် ၎င်းတို့ဘေးမှလိုက်ပါလာသည်။ ပိုင်ရှင်များအခြေချနေသည့်ရွာထဲသို့ ၎င်းတို့သည် သွားရောက်စုံစမ်းကြတော့၏။
***